Chapter (20) – ချီပြည်ကို သိမ်းပိုက်နိုင်ခြင်း
ချီထျန်းစူးသည် မိမိဘက်ကိုခိုလှုံလာသည့် ပြည်သူနှင့် စစ်သည်တော်အင်အားကိုတွေ့သော် ပထမဆုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာခဲ့သည်။ ဘဝတလျှောက်လုံး နောင်တော်ချီကျင့်ရုံ ၏ ရည်ရွယ်ချက်ရှိရှိ စိတ်ဓာတ်ကို ရိုက်ချိုးထားသည့်အောက်ဝယ် ရှင်သန်လာခဲ့သည်မို့ ဒီတစ်သက် နောင်တော့်ကို မယှဉ်နိုင်ဟု ယုံကြည်ခဲ့ရာမှ တထန်ပြည်မှ အိမ်ရှေ့စံ အရှင့်သား၏အစွမ်းကြောင့် မိမိဘက်တော်သားများကို ရရှိခဲ့သည်။
"သူတို့တွေ မင်းအပေါ် သက်ဝင်ယုံကြည်လာအောင် မင်းဘက်က မေတ္တာစေတနာနဲ့ သူတို့ဘဝကောင်းကျိုးကို ရှေ့တန်းတင် လုပ်ပေးရမယ်ဆိုတာ စိတ်ထဲ နက်နက်နဲနဲ မှတ်ထားရမယ်.. မင်းရဲ့ပြည်သူတွေကို မင်းက စေတနာထားနိုင်မှ မင်းအပေါ် သူတို့ရဲ့စေတနာက ရောင်ပြန်ဟပ်လာပြီး စစ်မှန်တဲ့ချစ်ခြင်းကို ရရှိလိမ့်မယ်.."
ချင်းရှီဟွမ်က ချီထျန်းစူးနှင့်အတူ နေ့လည်စာစားရင်း လူတွေရဲ့ နှလုံးသားကို ဖမ်းဆုပ်နိုင်ဖို့ အဓိကအချက်ကို သင်ကြားပေးနေသည်။ ချီတိုင်းပြည်၏ နောက်တက်မယ့် ဘုရင်ဖြစ်သူ ချီထျန်းစူးက မင်းကောင်းမင်းမြတ်ဖြစ်မှ ချီတိုင်းပြည်က အေးချမ်းလိမ့်မည်။ ချီတိုင်းပြည် အေးချမ်းမှ ပြည်သူတွေ သာယာဝပြောကာ မိမိတို့ကို အခွန်တွေ လိုလိုလားလားပေးဆပ်လိမ့်မည်။ ဒါ့အပြင် မိမိ၏ လက်အောက်ခံ မင်းသားလေးက မျှတသည့် လူတော်လူကောင်းလေး ဖြစ်စေချင်တာက ချင်းရှီဟွမ်၏ တကယ့်စိတ်ရင်းဖြစ်သည်။
ချီထျန်းစူးသည် သွေးသားရင်း နောင်တော်များထက်ပင် မိမိကို စေတနာထားကာ ရေရှည်အတွက် သင်ကြားပြသပေးသည့် အရှင့်သားချင်းရှီဟွမ်၏နှုတ်မှ တန်ဖိုးရှိသည့်စကားကို အလေးအနက်ခံယူပြီး မေးလိုက်သည်။
"ဒါဆိုရင် အခု ခိုဝင်လာတဲ့သူတွေက ကျွန်တော့်အပေါ် တကယ်ချစ်ခင်မှု မရှိသေးဘူးပေါ့.."
"မင်းရဲ့နောက်မှာ ကိုယ်တော်တို့ရှိတာကြောင့် သူတို့ကို ပိုကောင်းတဲ့ဘ၀ ယူဆောင်လာပေးနိုင်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ မင်းဆီကို ခိုဝင်လာကြတာဆိုတာ မမေ့နဲ့.. ဒါက သဘာဝကျပါတယ်.. မင်းကို တကယ်သက်ဝင်ယုံကြည်ပြီး သူတို့နှလုံးသားထဲက ချစ်ခင်မှုရအောင် ဘာမှလုပ်မပေးရသေးဘူးလေ.. ကဲ.. ကိုယ်တော် မင်းကိုမေးမယ်.. မင်းကရော ဒီလူတွေကို မင်းရင်ထဲကနေ နှစ်နှစ်ကာကာချစ်ခင်ပြီး ကာကွယ်ပေးချင်တဲ့စိတ်ကော ရှိနေလို့လား.."
ထိုစကားကြောင့် ချီထျန်းစူး၏စိတ်ထဲ ပိတ်ဆို့နေသည်တို့ ပွင့်သွားတော့သည်။ မိမိစိတ်ထဲမှာ ပြည်သူတွေအပေါ် တကယ်စစ်မှန်တဲ့ချစ်ခြင်း မရှိသလို သူတို့ဘက်က မရှိတာလည်း ဖြစ်သင့်သည်ဟု လက်ခံလိုက်သည်။
ချင်းရှီဟွမ်သည် ငယ်နုသော ချီထျန်းစူးမင်းသားလေးကို ပြုံးကာ ဆက်ပြောလိုက်သည်။ ဒီမင်းသားလေးရဲ့စိတ်ရင်းက ဖြူစင်သည်။ နန်းတော်ထဲက အညစ်အကြေးတို့ မစွန်းထင်းမီ သူ့ကို အခြေခိုင်အောင်လုပ်ပေးထားလျှင် ချီပြည်၏ ဘုရင်ကောင်းတစ်ပါး ဖြစ်လာနိုင်သည်။ ပြီးတော့ မိမိအပေါ် သစ္စာရှိမည့် ဘုရင်တစ်ပါး ပေါ်လာစေလိမ့်မည်။ ဒါကြောင့် ချင်းရှီဟွမ်က မင်းသားငယ်လေးနှင့်အတူ နေ့လည်စားစားတိုင်း၊ ရှေ့တန်းမှာကွပ်ကဲတိုင်း သိသင့်သည်ကို လက်တွေ့နှင့်ယှဉ်ကာ သင်ကြားပေးသည်။
တထန်နှင့် ချီတိုင်းပြည် စစ်ဖြစ်သည့် တစ်လတာကာလအတွင်း ချီထျန်းစူးသည် တစ်နေ့ထက်တစ်နေ့ သူ့ကို သင်ကြားပြသပေးခဲ့သည့် အရှင့်သား ချင်းရှီဟွမ်ကို ပိုမိုလေးစားလာခဲ့သည်။ မိမိထက် နှစ်နှစ်မျှသာကြီးပေမယ့် ကြီးမြတ်သည့် ဉာဏ်ပညာနှင့် ကြင်နာတတ်မှု၊ ရှေ့ရေးကိုကြိုတင်မျှော်တွေးနိုင်မှု၊ အမျှော်အမြင်ကြီးမှု၊ စစ်ရေးကျွမ်းကျင်မှု၊ ငယ်သားများကို စည်းရုံးနိုင်မှု စသည့် အရည်အချင်းများက လူငယ်လေး၏ စိတ်နှလုံးကို သိမ်းကြုံးယူငင်သွားတော့သည်။
ချီထျန်းစူးသည် ချင်းရှီဟွမ်မင်းသားလေး အပေါ် လေးစားသက်ဝင်ရာမှ နေ့စဉ် အရှင့်သားမျက်နှာကို မတွေ့ရလျှင် စိတ်မလုံခြုံသလို ခံစားလာရသည်။ အရှင့်သားမျက်နှာကို မြင်မိသည်နှင့် တစ်ကိုယ်လုံး နတ်ရေကန်ထဲစိမ်လိုက်ရသလို ခွန်အားပြည့်လာခဲ့သည်။ ထို့ကြောင့် မိမိအပေါ် အရှင့်မျှော်လင့်ချက်တို့ မပျက်စေရန် တိုက်ပွဲဝင်ခြင်း၊ ပြည်သူများကိုစည်းရုံးခြင်းတို့ကို လှိုက်လှဲစွာ လုပ်ဆောင်တော့သည်။
ချီထျန်းစူးသည် တစ်နေ့တစ်ခြား မိမိထံခိုလှုံလာသူများကို မိမိတည်ထောင်မည့် ယိုးဒယားပြည်သစ်အတွက် အခြေခံ ကောင်းများဖြစ်ရန် စည်းကမ်းများ ချပေးသည်။ ပြီးတော့ မိမိတို့ပြည်သူကို ကာကွယ်ရန်၊ မိမိတို့လူမျိုး တိုးတက်အောင် လုပ်ဆောင်ရန် စသည်တို့ကို နေ့စဉ်မိန့်ခွန်းပြောကြားကာ သူတို့စိတ်ကို မိမိဘက်ပါအောင် စည်းရုံးသည်။
ချီထျန်းစူး မင်းသားလေးသည် မိမိလူများ၏ ချစ်ခင်လေးစားမှုကို ပိုမိုရရှိပြီး ချီတိုင်းပြည်ထဲကို ထိုးဖောက်ဝင်ရောက်လာ တော့သည်။ ချီထျန်းစူး မင်းသား၏ ဂုဏ်သတင်းကြောင့် ချီတိုင်းပြည်၏မြို့တော်ကို ချီတက်ရာ ခရီးလမ်းတွင် တိုင်းပြည်၏စစ်သည်တော် တစ်ဝက်ခန့်က ချီထျန်းစူး၏ဘက်သို့ လာရောက်ပူးပေါင်းကြသည်။
ချီကျင့်ရုံက နေပြည်တော်ရှိ အမတ်ကြီး၊ ဝန်ကြီးနှင့် နယ်စားမိသားစုများကို ဓားစာခံထားပြီး ချီထျန်းစူးကို အသေသတ်ရန် အမိန့်ထုတ်လိုက်စဉ် ချီထျန်းစူးက ချင်းရှီဟွမ်၏ညွှန်ကြားချက်ဖြင့် လက်ရှိ ညီလာခံထဲမှ မင်းတိုင်ပင်ခံ အမတ်ကြီးက ချီကျင့်ရုံ ၏ ဦးခေါင်းနှင့်အတူ မိမိထံ ဝင်ရောက်လာတော့မည်ဖြစ်၍ စစ်ရေးကို ရှေ့မတိုးဘဲ ခရီးတစ်ဝက်မှာ တပ်စွဲထားကာ စောင့်နေကြောင်း သတင်းကို လွှင့်လိုက်သည်။ ဒီလိုနဲ့ နေပြည်တော်သို့ ထိုသတင်းက တစိမ့်စိမ့် ပျံ့နှံ့သွားတော့သည်။
ချီကျင့်ရုံ၏ သူလျှိုများက ထိုသတင်းကို မင်းကြီးထံတင်ပြသောအခါ ကြောက်စိတ်မွှန်နေသောဘုရင်က မင်းတိုင်ပင်ခံ အမတ်များ၏အိမ်ကို ဝိုင်းပြီး အရှာလွှတ်တော့ အိမ်တော်ထဲကခုတင်အောက်မှာ ရတနာသေတ္တာများ၊ ရွှေငွေတံစိုးလက်ဆောင်များနှင့် ချီထျန်းစူး၏လက်ရေးစာလွှာကိုတွေ့သော် မင်းတိုင်ပင်အမတ်၏ ဖြေရှင်းစကားကို နားမထောင်ဘဲ ချီကျင့်ရုံ ကိုယ်တိုင် ဓားနှင့်ထပိုင်းတော့သည်။
"အရှင်မင်းကြီး ကျွန်တော်မျိုးမရဲ့ ဖခင်က အကောက်ကြံခံရတာပါ။ ကျွန်တော်မျိုးမရဲ့ဖခင်က အရှင့်သစ္စာကို သွေဖည်မည့်သူမဟုတ်ပါဘူး.."
မင်းတိုင်ပင်ခံ အမတ်ကြီး၏ သမီးဖြစ်သူ ချီကျင့်ရုံ၏ မိဖုရားကြီးက ငိုယိုကာ မင်းကြီးကိုတင်လျှောက်သောအခါ ချီကျင့်ရုံက သူမကို ရွံရှာစွာကြည့်ပြီး ပြောလိုက်သည်။
"မင်းကို ဟိုကောင်ရဲ့မိဖုရားအဖြစ် ထားရှိဖို့ကတိနဲ့ မင်းအဖေက နောက်ကျောကနေ ဓားနဲ့ထိုးနေတာ မင်း သိတယ်မဟုတ်လား.. အေး.. ငါ့လက်ထဲကနေ မင်းကို ဟိုတိရစ္ဆာန်ကောင်ရဲ့မိဖုရား ဖြစ်စေချင်နေတာ.. သူ့ဆန္ဒ မပြည့်စေရဘူး.."
ချီကျင့်ရုံက ငိုယိုနေသည့် မိဖုရားကိုကြည့်ကာ ရူးသွပ်စွာရယ်မောလိုက်ပြီး အချက်ပြလိုက်သည်နှင့် မိန်းမစိုးအဖွဲ့က အဆိပ်ခွက်ကိုယူကာ မိဖုရားကိုချုပ်ပြီး တိုက်လိုက်တော့သည်။
ညီလာခံတစ်ခုလုံး မိဖုရားခေါင်၏သေခြင်းတရားနှင့် အမတ်ချုပ်ကြီး၏ အသတ်ခံရမှုကိုတွေ့သော် သွေးပျက်ချောက်ချား ကုန်ကြသည်။
"မင်းတို့တွေ ငါကိုယ်တော်ကို သစ္စာဖောက်ဖို့ကြံရင် ဒီလိုပဲဖြစ်မယ်ဆိုတာ မှတ်ထားကြ.."
နေပြည်တော်တစ်ခုလုံး ထိုအဖြစ်အပျက်ကို ကြားသိရပြီးနောက် နန်းတော်အပြင်ဘက်မှ သူဌေးသူကြွယ်နှင့် ကုန်သည်ကြီးများက မိမိတို့ဘက်ကို မြားဦးလှည့်လာမည်စိုးသဖြင့် မိမိတို့မိသားစုနှင့်တကွ ရွှေငွေစည်းစိမ်ကိုသယ်ကာ ချီထျန်းစူး မင်းသားလေးထံကို ခိုလှုံကြတော့သည်။
ထိုသတင်းကိုကြားသိရသော် ချီကျင့်ရုံက စစ်တပ်စေလွှတ်ကာ ထိုကုန်သည် သူဌေးမိသားစုကို သတ်ဖြတ်ပြီး စည်းစိမ်ကို သိမ်းယူစေသည်။ သွေးရူးသွေးတန်းဖြင့် ကိုယ့်လူကိုယ်ပြန်သတ်နေသည့် သတင်းကြောင့် နေပြည်တော်ပတ်လည်မှ ပြည်သူများအားလုံး ကြောက်လန့်ကာ ချီထျန်းစူး လက်အောက်ကို ခိုဝင်သူ များလာခဲ့သည်။
နန်းတော်ထဲရှိမိသားစုကို ဓားစာခံလုပ်ခံထားရသည့် အမတ်အုပ်စုက သေနေ့ကိုစောင့်နေရသည်ကို သည်းမခံနိုင် အောင်ဖြစ်နေပြီး နောက်ဆုံး အားလုံးသဘောတူ ဆုံးဖြတ်ချက်ချကာ ချီထျန်းစူး မင်းသားထံကို လျှို့ဝှက်စာပို့ကာ သဘောတူညီချက်တောင်းတော့သည်။
"အရှင့်သား.. ကျွန်တော် လုပ်နိုင်ပြီ.. အရှင့်သားဖြစ်စေချင်သလို ဖြစ်လာခဲ့ပြီ.. နေပြည်တော်က အမတ်ကြီးတွေက ချီကျင့်ရုံရဲ့ဦးခေါင်းကိုဆက်သပြီး မြို့ရိုးတံခါးကိုဖွင့်ပေးမယ်၊ ကျွန်တော့်ကိုလည်း သစ္စာခံပါ့မယ်၊ သူတို့အသက်နဲ့စည်းစိမ်ကို ချမ်းသာပေးပါလို့ စာလွှာပို့ဆက်ခဲ့တယ်.."
ချင်းရှီဟွမ်က ဝမ်းသာပီတိဖြစ်နေသော ချီထျန်းစူး မင်းသားလေးကို စိုက်ကြည့်ကာ အမိန့်ပေးလိုက်သည်။
"မင်းရဲ့လူတွေကိုစုစည်းပြီး နေပြည်တော်ကို ချီတက်တော့.. ငါကိုယ်တော်တို့တပ်က မင်းရဲ့နောက်က ချီတက်မယ်.. အခု ချက်ချင်းထွက်မယ်.."
ထိုအမိန့်နှင့်အတူ ချီထျန်းစူး၏ တပ်တော်က နေပြည်တော်ကို ချီတက်လာတော့သည်။ လမ်းတလျှောက်မှ ပြည်သူများက ချီထျန်းစူး အရှင့်သား၏တပ်တော်ကို ကြိုဆိုသကဲ့သို့ တားဆီးရမည့် စစ်သည်တော်များကလည်း ချီထျန်းစူး၏တပ်နှင့် ပူးပေါင်းလိုက်ကာ နေပြည်တော်ကို ဆက်လက်ချီတက်လာခဲ့သည်။
ချီကျင့်ရုံက ထိုသတင်းကိုကြားသော် ဓားစာခံများကိုခေါ်ကာ ထွက်ပြေးရန်ပြင်စဉ် အနီးကပ်စောင့်ကြပ်နေသည့် ကိုယ်ရံတော်တစ်ဦးက ဘုရင်ကို ဓားနှင့်ထိုးသတ်လိုက်သည်။ ထိုကိုယ်ရံတော်ကို ကျန်သက်တော်စောင့်များက သတ်မည်အပြု အမတ်ကြီးဦးဆောင်သည့်တပ်ဖွဲ့က သက်တော်စောင့်များကို ရှင်းလင်းကာ မင်းဆိုး မင်းယုတ် ချီကျင့်ရုံ၏ခေါင်းကိုဖြတ်ပြီး ချီထျန်းစူး အိမ်ရှေ့စံမင်းသားကို ကြိုဆိုရန် ပြင်ဆင်လိုက်သည်။
ချီထျန်းစူးနှင့် ချင်းရှီဟွမ်တို့က နေပြည်တော်ကိုရောက်တော့ လူအပေါင်းနှင့်အမတ်များက မင်းလောင်းကိုကြိုသလို စောင့်ကြိုနေကြတော့သည်။
"အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ.."
"အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ.."
ပန်းမိုးရွာသွန်းကာ ကြဲချ ကြိုဆိုမှုအောက်မှာ ချီထျန်းစူးတို့ နန်းတော်ထဲကို ဝင်ခဲ့ကြသည်။ ချင်းရှီဟွမ် နှင့် စစ်ထူရှန့်ယွီတို့က ချီထျန်းစူး နှင့်အတူ နန်းတော်ညီလာခံခန်းမထဲကို ဝင်လာခဲ့စဉ် အားလုံး ဒူးထောက်ခစားကာ ရာဇပလ္လင်နှင့် ချီကျင့်ရုံ၏ဦးခေါင်းကို ဆက်သကြသည်။
ရာဇပလ္လင်ကိုတွေ့သော် ချီထျန်းစူးက မထိုင်ဘဲ ချင်းရှီဟွမ် အရှင့်သားဘက်ကို လှည့်ကာ အရိုအသေပေးပြီး ပြောလိုက်သည်။
"ကျွန်တော့် အသက်ကိုကယ်ပြီး ရှေ့ဆက်လျှောက်ရမယ့်လမ်းကို သွန်သင်ဆုံးမလို့ လမ်းမှန်ပေါ်တင်ပေးတဲ့ အသက်သခင် တထန်အိမ်ရှေ့စံ အရှင်မင်းသား ချင်းရှီဟွမ်ကို ဒီရာဇပလ္လင်နဲ့ ကျေးဇူးဆပ်ပါရစေ.. ကျွန်တော့်တိုင်းပြည်၊ ကျွန်တော့်အသက်က အရှင့်သားရဲ့အပိုင်ပါပဲ.."
မင်းမှူးမတ်များအားလုံး မကျေနပ်သော်လည်း ဘာမှမပြောဝံ့ဘဲ စောင့်ကြည့်နေကြသည်။ ချင်းရှီဟွမ်က ချီမင်းသားလေး၏ သိတတ်မှုကြောင့် ကျေနပ်သွားပြီး မင်းသားလေး၏လက်ကို ကိုင်ဆွဲကာ ရာဇပလ္လင်ပေါ်ထိုင်စေပြီး ပုရောဟိတ် နတ်ဆရာကြီးလက်မှ သရဖူကိုယူကာ ဆောင်းပေးလိုက်ပြီး ပြောလိုက်သည်။
"ချီတိုင်းပြည်ရဲ့ ထီးနန်းကို အမှန်တကယ် ထိုက်တန်သူလက်ထဲ အပ်နှင်းနိုင်ဖို့က အဓိကပါ.. မင်းရဲ့ သိတတ်တဲ့စိတ်လေးနဲ့ ကိုယ်တော့်စကားကို လိုက်နာဆောင်ရွက်ခြင်းသာလျှင် တကယ်ကျေးဇူးဆပ်ခြင်းပါ.. ကိုယ်တော့်ကို ကတိပေးထားသလို မင်းရဲ့ပြည်သူတွေရဲ့ ကောင်းကျိုးချမ်းသာကို ဦးတည်ဆောင်ရွက်ရင်း ဘုရင်ကောင်းတစ်ပါးဖြစ်အောင် နေပေးပါ.. ဒါဆိုရင် မင်းကို ကိုယ်တော် ကူညီရကျိုးနပ်ပါပြီ.."
ထိုစကားကိုကြားသော် ချီထျန်းစူး၏မျက်ဝန်းထဲမှ မျက်ရည်တို့စီးကျလာပြီး အရှင့်သား၏လက်ကို ဆုပ်ကိုင်နမ်းရှုပ်ကာ ငိုကြွေးမိတော့သည်။
"အရှင်မင်းသားကို ကျေးဇူးတင်ပါတယ်.."
အမတ်အားလုံးက ချင်းရှီဟွမ် မင်းသား၏ စကားကိုကြားသော် အားလုံးကျေးဇူးတင်စွာဖြင့် ဝိုင်းကာ အရိုသေပေး လိုက်တော့သည်။ မိမိတို့ ချီတိုင်းပြည် ထီးနန်းကို မိမိတို့မင်းသားလေးထံသို့သာ ပြန်မပေးဘူးဆိုလျှင် လည်း တထန် တပ်တော်ကြီး၏အင်အားကို မိမိတို့လည်း မယှဉ်နိုင်ပေ။ ယခုတော့ ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ဘုရင်နှင့် နေခွင့်ရသောကြောင့် တထန်ပြည်ကိုသစ္စာခံဖို့ အားလုံး ကြည်ကြည်ဖြူဖြူ လက်ခံလိုက်တော့သည်။
နန်းသိမ်းပွဲပြီးသည်နှင့် ချင်းရှီဟွမ်နှင့် စစ်ထူရှန့်ယွီက အကောင်းဆုံးနန်းဆောင်မှာ နားနေရတော့သည်။ စစ်ထူရှန့်ယွီ သည် အဆောင်ထဲရောက်သော် အရှင့်သားကို စားမလိုဝါးမလို စိုက်ကြည့်စဉ် ချင်းရှီဟွမ်က မျက်ခုံးပင့်ကာ မေးလိုက်သည်။
"အခုက ဘာဖြစ်ရပြန်တာလဲ.."
"သဝန်တိုနေတာ.. အရှင့်သားလက်ကို ဒင်းက ဆွဲကိုင်ပြီး ငိုရှိုက်နေတာ.. ကျွန်တော် ဘယ်လောက် စိတ်ထိန်း ထားရတယ်ထင်သလဲ.."
ချင်းရှီဟွမ်က သူ့ထံကို တရွေ့ရွေ့တိုးသွားကာ ပါးပြင်ကို လက်နှင့်အသာပွတ်ရင်း ပြောလိုက်သည်။
"ဒီကြင်နာမှုသေးသေးလေးက ချီတိုင်းပြည်တစ်ခွင်လုံးကို သိမ်းသွင်းနိုင်မယ်ဆိုရင် ထိုက်တန်ပါစေ။ ကိုယ်တော့်ကို ပိုင်ဆိုင်ထားတဲ့ စစ်ထူရှန့်ယွီက ဒီလောက်တော့ သဘောထားကြီးပေးလိုက်ပေါ့.."
"မကြီးနိုင်ဘူး.. ကျွန်တော်က အရှင်နဲ့ပတ်သက်လာရင် ကမ္ဘာပေါ်မှာ သဘောထားအသေးဆုံးလူသား၊ လောဘအကြီးဆုံးလူသား.. ပြီးတော့ သဝန်အတိုတတ်ဆုံးယောက်ျားပဲ.."
စစ်ထူရှန့်ယွီက ပြောပြီး အရှင့်သား၏ကိုယ်ကို ဖမ်းချုပ်ကာ ဖက်ထားပြီး နှုတ်ခမ်းကိုဖိနမ်းရင်း ပြောလိုက်သည်။
"ကျွန်တော်ရသင့်တဲ့ဆုလာဘ်ကို ယူလို့ရပြီလား အရှင့်သား.."
"အခုမှ နန်းသိမ်းတာလေ.. ချီတိုင်းပြည် တစ်ပြည်လုံး မရသေးဘူး.."
"အရှင့်သားက ဒါသက်သက်ကတ်တွက်တာပဲ.. မရဘူး.. ဒီနေပြည်တော်ကိုရလိုက်တာက ချီတိုင်းပြည်ကို ရလိုက်တာပဲ.. ကျွန်တော်ရသင့်တာကို ကနေ့ယူတော့မယ်.."
ချင်းရှီဟွမ်က ပင့်သက်ရှိုက်ကာ သူ့ကို ဖျောင်းဖျလိုက်သည်။
"မဖြစ်သေးဘူး.. နောက်ဆုံးရက် နန်းတက်ပွဲလုပ်ပြီးမှ.."
"ဘာထူးမှာလဲဗျာ.. ခုညပဲ ဆုချီးမြှင့်ပါတော့.."
"ထူးတာပေါ့.. ခုရက်ပိုင်း ကိုယ်တော်တို့နန်းတော်နဲ့ ဒီပြည်တစ်ဝိုက် ခိုင်မာအောင်လုပ်ပြီး တရားဝင်နန်းတက်ပွဲလုပ်ပြီးမှ ချီထျန်းစူးရဲ့ နေရာ ခိုင်မြဲမယ်.. ပြီးတော့ မင်းက ဘယ်လောက် သောင်းကျန်းမယ်မသိဘူး.. ကိုယ်တော် အိပ်ယာထဲကမထနိုင်ရင် ခုထိကြိုးစားထားသမျှ အလကားဖြစ်ကုန်မယ်.."
ထိုစကားကြောင့် စစ်ထူရှန့်ယွီ က စိတ်ပြေသွားပြီး ပြုံးစေ့စေ့နှင့် ချင်းရှီဟွမ် အရှင့်သား၏ နှာသီးဖျားကို ဖွဖွကိုက်ကာ ပြောလိုက်သည်။
"ကျွန်တော် သောင်းကျန်းမယ်ဆိုတာ ကိုယ်တော်လေးသိပြီး လက်ခံတယ်ဆိုလို့ ကျွန်တော် အရမ်းဝမ်းသာတယ်.."
ချင်းရှီဟွမ်က သူ့စကားကြောင့် နှုတ်ခမ်းက ကျေနပ်စွာ ပြုံးလိုက်မိတော့သည်။
=====================*====================
YOU ARE READING
Historical FictionBoth zawgyi and Unicode font Historical fiction