Chapter ( 42) - မျက်နှာစုံညီဖြေရှင်းခြင်း

953 71 0
                                    

Chapter ( 42) – မျက်နှာစုံညီဖြေရှင်းခြင်း



လက်ယာအမတ်ကြီးသည် စစ်ထူရှန့်ယွီ နှင့် မိဖုရားခေါင်ကြီးတို့အုပ်စု ပေါင်းမိမည်စိုးသဖြင့် ညတွင်းချင်း နန်းတော်ကိုဝင်ရန် ကြိုးစားသော်လည်း အိမ်ရှေ့စံ၏အမိန့်ဖြင့် ညအချိန် မည်သူမှ နန်းတော်ထဲမဝင်ရဟု ပိတ်ထားသောကြောင့် လက်ယာအမတ်ကြီး စိုးရိမ်စွာနှင့် နန်းတော်ရှေ့ တစ်ညလုံး စောင့်ဆိုင်းလို့နေသည်။

လက်ရှိအချိန် မင်းကြီးက သတိလစ်နေသောကြောင့် အိမ်ရှေ့မင်းသားသာလျှင် အာဏာအရှိဆုံးဖြစ်သည်။ လက်ယာအမတ်ကြီးနှင့် အပေါင်းအပါတစ်စုက မနက်လင်းသည်အထိ နန်းရင်ပြင်မှာစုဝေးကာ အရှင့်သားနှင့်တွေ့လျှင် မည်သို့မည်ပုံ သွေးထိုးရမည်ကို တွေးနေကြသည်။

နန်းဆောင်ထဲတွင် ချင်းရှီဟွမ် က မနက်မိုးလင်းခါနီးမှ သတိရလာခဲ့သည်။ မျက်လုံး ဖွင့်ကြည့်လိုက်သည်နှင့် အရင်ဆုံး မိမိလက်ကိုဆုပ်ကိုင်ရင်း နံဘေးရှိခုံတွင် ထိုင်လျက်အိပ်ပျော်နေသော စစ်ထူရှန့်ယွီကို  တွေ့လိုက်ရသည်။

၆လ လုံးလုံး မတွေ့ရသလောက်ပျောက်နေသည့်ချစ်သူ၏ ကြေးနီရောင်ထနေသည့် အသားအရေကိုကြည့်ပြီး လေ့ကျင့်ရေးမှာ သူ့ကိုယ်သူ ဘယ်လောက် အပင်ပန်းခံ နေသည်ကို သိလိုက်သည်။ အိပ်မောကျနေချန်တွင်ပင် သူ့မျက်မှောင်ရိုးက တွန့်ချိုး နေသဖြင့် ချင်းရှီဟွမ်  လက်နှင့်ထိကာ ဖြေလျော့ပေးချင်လာသဖြင့် ထရန်ကြိုးစားလိုက်ချိန် သူက ချက်ချင်း မျက်လုံးပွင့်လာသည်။

အအိပ်ဆတ်သည့် စစ်သည်တော်ကောင်း ပီသပါပေသည်ဟု တွေးနေစဉ် တောက်ပ သောသူ့မျက်ဝန်းက   နေမင်းအငယ်လေးပမာ စူးရှလာပြီး ဘာမှန်းမသိလိုက်ရသေးခင် သိမ်းကျုံးဖက်ကာ မျက်နှာပြင်အနှံ့ အနမ်းမိုးရွာခံလိုက်ရတော့သည်။

"အရှင့်သား.. သတိရလာပြီလား.. ကျွန်တော် အရှင့်သားနိုးလာမှာကို စောင့်နေတာ.."

သူက ပြောရင်း ဝမ်းသာစွာ ခပ်တိုးတိုးရယ်ကာ ပြင်းပြစွာနမ်းနေသဖြင့် ချင်းရှီဟွမ် ၏ စိုးရိမ်ပူပန်မှုအားလုံး လွင့်ပြယ်သွားပြီး သူ့ကိုပြန်ဖက်ထားကာ ကျောပြင်ကိုပုတ်ပြီး ပြောလိုက်သည်။

"အင်း.. သတိရလာပြီ.. ကိုယ်တော့်ကိုလွှတ်ပေးပါဦး.. ရေငတ်တယ်.."

စစ်ထူရှန့်ယွီ  ထိုအခါမှ သတိဝင်လာပြီး အရှင့်သားကိုထူပေးကာ ရေကို ကြင်နာစွာ တိုက်ပေးလိုက်သည်။ ချင်းရှီဟွမ် သည် ချစ်သူကိုယ်တိုင် တိုက်ကျွေးသောရေကြောင့် လည်ချောင်းခြောက် ပြေရုံသာမက နှလုံးသားထဲမှခြောက်သွေ့ခြင်းပင် ကင်းစင်သွားသလို ခံစားလိုက်ရသည်။ ဒီလူကို ဘယ်လောက်လွမ်းနေမိသည်ကို ကိုယ့်ဘာသာပင် မသိတော့ပေ။

"စစ်ထူရှန့်ယွီ .. ကိုယ်တော် ပြောစရာရှိတယ်.."

စစ်ထူရှန့်ယွီက  ရေခွက်ကိုပြန်ထားလိုက်ပြီး ပြုံးကြည်စွာစိုက်ကြည့်ကာ ပြောလိုက်သည်။

"အရှင့်သားပြောချင်တာ နောက်မှပြော. ကျွန်တော် ထိုင်နားထောင်ပေးမယ်.. လောလောဆယ် အရှင့်သား ဘာမှမစားရတာ ကြာနေပြီ.. ကိုယ်လက် သုတ်သင်ပြီး စားစရာ အရင်စားလိုက်ပါဦး......"

သူက ပြောပြီး အချက်ပြလိုက်သည်နှင့် အိပ်ဆောင်တံခါးပွင့်သွားပြီး ကိုယ်လက်သုတ် သင်ရန် ရေဇလုံယူလာပေးသည့် ရံရွေတော်များဝင်လာကြသည်။ စစ်ထူရှန့်ယွီက  ထိုရေဇလုံနှင့်အဝတ်များကို ချန်ထားစေပြီး အခြွေအရံမိန်းကလေးအားလုံး ပြန်လွှတ်ကာ စားစရာပူပူလေးကို ယူဆောင်လာစေသည်။

သူတို့ထွက်သွားမှ စစ်ထူရှန့်ယွီက  ရေဇလုံကို အရှင့်သားထံသယ်လာပေးပြီး မျက်နှာသစ်၊ ပါးလုတ်ကျင်းစေသည်။ ရေစိုအဝတ်နှင့် ကိုယ်လက်သန့်ရှင်းသည်ကို ကိုယ်တိုင်လုပ်ပေးဖို့ကြံနေသဖြင့် ချင်းရှီဟွမ် က တားလိုက်သည်။

"စစ်ထူရှန့်ယွီ .. ဘာကြောင့် ရံရွေတော်တွေလုပ်ရမှာကို ကိုယ်တိုင်လုပ်နေရတာလဲ.."

"ရှေ့ဆက် အရှင့်သားရဲ့ခန္ဓာကိုယ်ကို ကျွန်တော်ကလွဲပြီး ဘယ်သူမှ ကြည့်ခွင့်မရှိဘူး.. ကျွန်တော်ပဲ အားလုံးလုပ်ပေးမယ်.."

"မင်း ဘာကိုစိုးရိမ်နေတာလဲ.."

ချင်းရှီဟွမ် သည် သူ၏ပိုင်စိုးလိုစိတ် ပြင်းထန်လာခြင်းကြောင့် မေးလိုက်သည်။ မိမိ သတိမေ့နေသည့် ကာလအတွင်း စစ်ထူရှန့်ယွီ  ဘာကြောင့် ဒီလိုပြောင်းလဲသွားသည်ကို နားမလည်တော့ပေ။

ပြောင်းလဲသွားသည်ဆိုမှ စစ်ထူရှန့်ယွီက  မိမိ ရှိနေသည့် မယ်တော့်နန်းဆောင်မှ ရံရွေတော်များကို သြဇာလွှမ်းနေသည်ကို သတိရကာ သူ့ကို စူးစိုက်ကြည့်လိုက်သည်။

"ကျွန်တော် နန်းတော်ကို ထိန်းချုပ်ထားတယ်.."

စစ်ထူရှန့်ယွီက  ချင်းရှီဟွမ် ၏အကြည့်ကြောင့် ရေစိုအဝတ်ဖြင့် အရှင့်သားရဲ့ ရွှေသားအသွင် ဝင်းဝါသည့် ကိုယ်ကို စိတ်ရှည်စွာ သုတ်ပေးရင်း မထူးဆန်းသလို ပြောလိုက်သည်။

ချင်းရှီဟွမ်  အံ့အားသင့်သွားသော်လည်း ထူးထူးထွေထွေ ထိတ်လန့်သွားခြင်းတော့မရှိပေ။ သူ့ကို မိမိ နှလုံးသားတစ်ခုလုံးနဲ့ ရင်းပြီးယုံကြည်သည်။ မိမိကို အသည်းပေါက်ထွက်လု မတတ်ချစ်သည့် ဒီလူသားက ဘယ်တော့မှ မိမိအကျိုးယုတ်စေသည့် အလုပ်ကို လုပ်မည် မဟုတ်ပေ။

"အရှင့်သား.. ကျွန်တော်အာဏာသိမ်းမှာ မစိုးရိမ်ဘူးလား.."
စစ်ထူရှန့်ယွီက အရှင့်သားက မိမိစကားကို ကြားပေမယ့် တစ်ချက်မှ တွန့်မသွား၊ မျက်နှာအ မူယာပြောင်းမသွားသည်ကို တွေ့သော် ကျေနပ်သွားခဲ့သည်။ ထင်သည့်အတိုင်း အရှင့်သားက မိမိကို နားလည်ပေးသည်။ ပြီးတော့ မိမိကို ယုံကြည်ပေးသည်။ ဒီအချက်က စစ်ထူရှန့်ယွီ တကိုယ်လုံး ကြက်သွေးထိုးလိုက်သလို ပူနွေးကာ စိတ်တက်ကြွ လာစေသည်။

"  မစိုးရိမ်ဘူး.."

ချင်းရှီဟွမ်  ခပ်တိုတိုဖြေကာ အဝတ်အစားလဲရန် ချွတ်လိုက်သည်။ စစ်ထူရှန့်ယွီသည် ချင်းရှီဟွမ် ၏အဖြေကြောင့် မျက်ရည်ဝဲသည်အထိ ကြည်နူးသွားသည်။ ယောက်ျားနှစ်ယောက်ကြားတွင် စကားလုံးများစွာနှင့် ရစ်ပတ်နှောင်တွယ်စရာမလိုဘဲ ယုံကြည်မှုနှင့် ချည်နှောင်ထားသဖြင့် စကားတစ်လုံးကပင် စစ်ထူရှန့်ယွီကို  အရမ်းကို ပျော်ရွှင်သွားစေသည်။

"အရှင့်သားကို ကျွန်တော် အရမ်းချစ်တယ်.. ခုလိုယုံကြည်ပေးလို့လည်း ကျွန်တော် အရမ်းဝမ်းသာတယ်.."

ချင်းရှီဟွမ် သည် အနောက်ဘက်မှ သိုင်းဖက်ထားသော သူ့လက်ကို အသာပုတ်ကာ ပြုံးလိုက်မိသည်။

"ကိုယ်တော်တို့သားအဖကို မုန်းမသွားတာပဲ ကိုယ်တော်က ကျေးဇူးတင်နေမိတာ.."

စစ်ထူရှန့်ယွီက  ချင်းရှီဟွမ် ကို မျက်နှာချင်းဆိုင်ဆွဲလှည့်ကာ ပါးနှစ်ဖက်ကို လက်ဝါးကြီးနှင့်ညှပ်ပြီး မျက်လုံးချင်းဆိုင်ကြည့်ကာ လေးနက်စွာပြောလိုက်သည်။

"ဘယ်တုန်းကမှ မမုန်းဘူး.. ရှေ့ဆက် အရှင့်သားကို ကျွန်တော် ကာကွယ်ပေးသွားမယ်.. အရှင့်သားဖြစ်ချင်တာမှန်သမျှ ဖြည့်ဆည်းပေးမယ်.."

ချင်းရှီဟွမ်  ဘာစကားမှ ဆက်မပြောနိုင်တော့ဘဲ ချစ်စရာကောင်းအောင်ပြောနေသည့် စစ်ထူရှန့်ယွီ ၏လည်ပင်းကို သိုင်းဖက်ကာ နှုတ်ခမ်းက အနမ်းတစ်ခုပေး လိုက်မိတော့ သည်။

 ဒီစစ်သူကြီးက သူ့နှလုံးသားကို ပျော့ပြောင်းစေအောင် သူ့ကိုပိုချစ်လာစေအောင် အရမ်းပြောတတ်တာပဲ... သူ့ကို ချင်းရှီဟွမ် ဆုမချပဲ မနေနိုင်တော့ပေ။ ဒီလိုလူကို မချစ်အောင် မိမိ ဘယ်လို ထိန်းနိုင်ပါ့မလဲ...

စစ်ထူရှန့်ယွီသည် အရှင့်သားဘက်မှ စလိုက်သည့်အနမ်းကြောင့် ၆လကျော် ၇လနီးပါး ထိန်းထားရသည့် သွေးသားဆန္ဒနှင့် အချစ်စိတ်က ဟုန်းခနဲထလာတော့သည်။

စစ်ထူရှန့်ယွီ  အရှင့်သားကိုသိုင်းဖက်ပြီး အနမ်းကို ပိုနက်ရှိုင်းစေလိုက်ပြီး လျှာနှစ်ခု ရစ်ပတ်သွားကြသည်။ စစ်ထူရှန့်ယွီ ၏လက်များက အရှင့်သား၏ကိုယ်ကို မချင့်မရဲ ပွတ်သပ်ကာ တင်ပါးလေးကိုဆုပ်နယ်မိချိန်မှာတော့ ချင်းရှီဟွမ်  သတိဝင်လာပြီး သူ့ရင်ဘတ်ကိုတွန်းကာ ပြောလိုက်သည်။

"အချိန်ရသေးတယ်.. ဖြည်းဖြည်းပေါ့.. ကိုယ်တော် အရင် တစ်ခုခုစားပါရစေဦး.. ပြီးမှ မင်း သဘောရှိပေါ့.."

အရှင့်သားရဲ့ ခွင်ပြုသည့် စကားကြောင့် စစ်ထူရှန့်ယွီ  သက်ပြင်းချကာ အရှင့်သား၏ ကိုယ်လေးကို လွှတ်ပေးလိုက်သည်။

"အရှင့်သား ပိန်သွားတယ်.. များများစားရမယ်.."

ချင်းရှီဟွမ် က သူ့ကိုလွမ်းလို့ပိန်သွားတာ မပြောလိုက်တော့ပေ။ မဟုတ်လျှင် မိမိ ဘာမှ မစားရဘဲ သူစားတာခံရတော့မှာသေချာသည်။

"ပွဲတော်စာ ယူလာခဲ့တော့.."

ရံရွေတော်နှင့် အပါးတော်မြဲတို့ ထိုအခါမှ အရှင့်သားအိပ်ဆောင်တံခါးကိုဖွင့်ပြီး အထဲဝင်လာ ရဲတော့သည်။ အရှင့်သားကို အကောင်းပကတိ တွေ့လိုက်ရသောကြောင့် အားလုံး ဝမ်းသာသွားကြသည်။

စစ်ထူရှန့်ယွီက  ချင်းရှီဟွမ် ကို ယုယကြင်နာစွာဖြင့် ဟင်းထည့်ပေးလိုက်၊ ခွံ့ကျွေး လိုက်လုပ်နေပြီး ရံရွေတော်နှင့် အပါးတော်မြဲတို့က မျက်လွှာချကာ ငြိမ်သက်စွာ ခစားနေသည်ကိုမြင်မှ သူ နန်းတော်တစ်ခုလုံးကို ပိုင်နိုင်စွာထိန်းချုပ်နိုင်သည်ကို သဘောပေါက်သွားသည်။

"ခမည်းတော်ရဲ့အခြေအနေ ဘယ်လိုနေသေးလဲ.."

"သတိမရသေးပါဘူး အရှင့်သား.. သမားတော်အုပ်စုက မင်းကြီးရဲ့အဆောင်မှာ အနီးကပ် ကြီးကြပ်နေပါတယ်.."

သူက ခမည်းတော်ကို တကယ် ဂရုစိုက်မည်ကို သိလို့ ချင်းရှီဟွမ်  ဘာမှမပြောတော့ဘဲ စားစရာကို သေချာစားလိုက်သည်။ ချစ်သူနှင့်အတူစားရသောကြောင့် ပိုမြိန်သော ထမင်းတစ်နပ်ဖြစ်ခဲ့သည်။ စားသောက်ပြီးသောအခါမှ စစ်ထူရှန့်ယွီက  ရံရွေတော် အားလုံးကို မောင်းထုတ်လိုက်ပြီး အခြေအနေအကုန်ကို အကျဉ်းချုပ်ပြောပြလိုက်သည်။

ချင်းရှီဟွမ် က သလွန်ပေါ်မှာ နောက်မှီများနှင့် သက်တောင့်သက်သာမှီထိုင်ကာ စစ်ထူရှန့်ယွီကို  ငေးကြည့်လို့နေသည်။ ဒီလူ...၊ ကျိန်စာများကပြောထားချက်အရ ဒီလူက တထန်ပြည်  ထီးနန်းကို ပြတ်တောက်စေမည်ဆိုပေမယ့် အခု သူက မိမိကို ကာကွယ်ဖို့ ဦးတည်ပြီး အရာအားလုံးကို လုပ်ကိုင်ပေးနေသည်။
 
"ကိုယ်တော့်ခမည်းတော်ရဲ့ လုပ်ရပ်ကြောင့် မင်းကို ခက်ခဲစေခဲ့တာ တောင်းပန်ပါတယ်.."

စစ်ထူရှန့်ယွီက သလွန်ထက်ကို တက်ကာ ချင်းရှီဟွမ် ၏နှုတ်ခမ်းကို အနမ်းနှင့်ပိတ်လိုက်လျက် ခိုင်မာစွာပြောလိုက်သည်။

"ကျွန်တော်.. အရှင့်သားကို ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ဘူး.. မင်းကြီးကိုလည်း နားလည်ပေးနိုင်ပါတယ်.."

"ဒါပေမယ့် မင်းနဲ့အမတ်ချုပ်ကြီးအပေါ်ကို မတရားလုပ်ခဲ့မိတယ်.."

"ကျွန်တော် ဘာမှ မဖြစ်ဘူးလေ.. အရှင့်သားရဲ့အချစ်ကို ရရှိတဲ့အထိ ကျွန်တော်တို့ ကံတရားက ဆက်နွယ်နေပြီးသားပါ.. ကျွန်တော်ကတိပေးခဲ့တဲ့အတိုင်း အရှင့်သားကို စောင့်ရှောက်ပြီး အရှင့်သားဖြစ်ချင်တာအားလုံး ဆောင်ရွက်ပေးမယ်.."

"မင်း ဘာကြောင့် ဘုရင် မလုပ်ချင်တာလဲ.."

"ကျွန်တော် ဘုရင်နေရာကို မလိုချင်ဘူး.. ဘုရင်ဖြစ်မယ့်လူကိုပဲ လိုချင်တယ်.."

ဒီရိုးရှင်းသည့်စကားကြောင့် ချင်းရှီဟွမ် ၏မျက်ဝန်းထဲ စိုစွတ်လာခဲ့သည်။ ဒီလို ထီးနန်းစည်းစိမ်ကို စွန့်လွှတ်ကာ ချစ်နိုင်သည့် အချစ်မျိုးက မိတ်ဆွေ၊ ညီအစ်ကို အရင်းခေါက်ခေါက်မှာပင် မရှိလောက်ပေ။ ဒါပေမယ့် တထန်ပြည်ရဲ့ နတ်ဘီလူးစစ်သူကြီးလို့ နာမည်တွင်သည့် အင်အားကြီးမားသည့် တပ်တော်ကို အုပ်ချုပ်နေသည့် စစ်ထူရှန့်ယွီက ထီးနန်ကို တချက်လေးပင် စောင်းငဲ့မကြည့်ပဲ မိမိကိုပဲ ချစ်သည်တဲ့လား....

စစ်ထူရှန့်ယွီ ဆီက အချစ်ကို ရလိုက်တာက ကျိန်စာ ဘယ်ဟုတ်မလဲ။ ဒါက နတ်မင်းကြီး ပေးသနားတဲ့ ဆုလာဘ်လို့တောင် ပြောလို့ရတယ် မဟုတ်လား။  မိမိလိုမျိုး ကိုယ်ကျိုးမဖက်ပဲ အသက်ပေးချစ်တဲ့ ချစ်သူကို ဘယ်သူများ ပိုင်ဆိုင်ဖူးလို့လဲ....

စစ်ထူရှန့်ယွီက  ချင်းရှီဟွမ် ၏လက်ကို ဆုပ်ကိုင်ကာ ခိုင်မာစွာပြောလိုက်သည်။

"အရှင့်သားရဲ့ အမိန့်အတိုင်း ကျွန်တော်မျိုး လိုက်နာမှာပါ.. တစ်ခုတော့ရှိတယ်.. အရှင့်သားရဲ့ဘေးမှာ ကျွန်တော်ကလွဲပြီး ဘယ်သူမှမရှိရဘူး.. မဟုတ်ရင် ကျွန်တော့် စိတ်တွေ ပေါက်ကွဲထွက်သွားနိုင်တယ်.."

ချင်းရှီဟွမ် က ကျေနပ်စွာ ရယ်မောကာ စစ်ထူရှန့်ယွီ ၏လက်ကို ဆုပ်ကိုင်ကာ ကတိတစ်ခု ပြန်ပေးလိုက်သည်။

"ကိုယ်တော့်နံဘေးမှာ မင်းကလွဲပြီး ဘယ်သူမှ မရှိစေရဘူး.."

ဒီစကားကိုကြားလိုက်ရစဉ် စစ်ထူရှန့်ယွီ  ဘယ်လိုမှ ထိန်းမထားနိုင်တော့ဘဲ ချင်းရှီဟွမ် ကို တင်းကျပ်စွာသိုင်းဖက်လိုက်ကာ တုန်ယင်စွာပြောလိုက်သည်။

"ကျွန်တော် အရှင့်သားကိုချစ်တယ်.. အရှင့်သားသာ ဘေးမှာရှိမယ်ဆိုရင် ငရဲပြည်ကို တောင် သွားဝံ့ပါတယ်.. အရှင့်သား မရှိရင် တစ်လောကလုံးကို ငရဲပြည်ထက်ဆိုး အောင် လုပ်မိမှာသေချာတယ်.."

ဒီစကားက ချင်းရှီဟွမ် ကို လုံးဝ အရည်ပျော်သွားစေပြီး စစ်ထူရှန့်ယွီကို  သလွန်ပေါ် ဆွဲချလိုက်တော့သည်။ အိပ်ယာထက်တွင် နှစ်ဦးသားလွမ်းခဲ့ရသမျှ အတိုးချ လုံးထွေးပြီးနောက် ကျေနပ်သွားချိန်တွင် အပြင်ဘက်တွင် နေရောင်လည်း တောက်ပလို့နေလေပြီ။

စစ်ထူရှန့်ယွီသည် အရှင့်သား၏ကိုယ်ကို ပွေ့ချီကာ ရေချိုးကန်ထဲ ကိုယ်တိုင် တယုတယချိုးပေးကာ ဝတ်လဲတော်ကို လဲလှယ်ပေးသည်။ ဒီလိုလဲလှယ်ပြီးချိန်တွင် ချင်းရှီဟွမ် ၏ကိုယ်ခန္ဓာအနှံ့ စစ်ထူရှန့်ယွီ ပြုလုပ်ထားသည့် အမှတ်အသားများလည်း နီရဲလို့နေလေပြီ။

"အရှင့်သား ဘယ်သူနဲ့စတွေ့ချင်လဲ.."

စစ်ထူရှန့်ယွီက  ချင်းရှီဟွမ် ကို ခြေဆုံးခေါင်းဆုံး မြိုထားမတတ် စုန်ဆန်ကြည့်ကာ မေးလိုက်တော့ ချင်းရှီဟွမ် က အမတ်ကတော်စုန့်ချင်းလင် နှင့် အမတ်ချုပ်ကြီးကို အရင်တွေ့ချင်ကြောင်း ပြောလိုက်သည်။

"ဘာကြောင့်လဲ.. အရှင့်သား တောင်းပန်ဖို့ဆိုရင် တွေ့ဖို့မလိုပါဘူး... ခမည်းတော်နဲ့မယ်တော်က အရှင့်သားကို အပြစ်မတင်ကြပါဘူး.. မယ်မယ်ဆိုရင် မနေ့ကတည်းက အရှင့်သားကိုစောင့်နေတာ.. ညကျမှ ကျွန်တော် အတင်းပြန်လွှတ်လိုက်ရတယ်.."

"ကိုယ်တော် နို့ထိန်းမယ်တော်ကို ကျေးဇူးတင်စကားပြောချင်လို့ပါ.. ကိုယ်တော့်ကို နို့ချိုတိုက်ကျွေးခဲ့တဲ့ ကျေးဇူးမှ မထောက် ကိုယ်တော်က နို့ထိန်းမယ်တော်ရဲ့သားကို အပိုင်သိမ်းမိတဲ့အတွက် တောင်းပန်စကားလည်း ပြောရဦးမယ်.."

စစ်ထူရှန့်ယွီ ၏မျက်ဝန်းများက တောက်ပြောင်လာပြီး မချင့်မရဲဖြင့် အရှင့်သားကို ဖျစ်ညှစ်ကာ ပြောလိုက်သည်။

"မယ်မယ်တို့ သိပြီးသား.."

"ဘာ.. ဘယ်လိုသိသွားတာလဲ.. မင်း ပြောလိုက်တာလား.."

ချင်းရှီဟွမ်က သူ့စကားကြောင့် မျက်လုံးပြူးသွားခဲ့သည်။ ကောင်းရော...တကယ်ကြီး မိမိတို့ ချစ်နေတာကို အမတ်ချုပ်ကြီးတို့ လင်မယား သိနေခဲ့တာလား...

"အင်း.. ဟုတ်တယ်.. ချင်းကျယ်ထျန်း ကို လက်မထပ်ခင်ကတည်းက ခမည်းတော်တို့ကို ဖွင့်ပြောပြီးသား.."

"အာ.. ရှက်လိုက်တာ.. ဒါတောင် သူတို့သမီးနဲ့ ကိုယ်တော့်ကို လက်ဆက်ပေးသေးတယ်.."

စစ်ထူရှန့်ယွီသည် စစ်ထူဖေးယန် အကြောင်း ကြားလိုက်ရတော့ မျက်နှာသုန်မှုန်သွားပြီး အရှင့်သားမျက်နှာကို ငုံ့မိုးကာ တည်တင်းစွာပြောလိုက်သည်။

"အရှင့်သားကတိကို မမေ့နဲ့.. ကြင်ယာတော်တွေမှာ ရင်သွေးကိုယ်စီ လွယ်ထားရပြီ.. သူတို့နားမကပ်နဲ့တော့.."

"ကိုယ်တော် သိပါပြီ.. မင်းရဲ့ဆန္ဒအတိုင်း ဖြစ်စေရမယ်.. ကဲ.. အထိန်းတော်ကြီးကို ခေါ်ပေးပါတော့.."

စုန့်ချင်းလင်သည် အိမ်ရှေ့စံမင်းသားလေးထံမှ ဆင့်ခေါ်မှုကြောင့် ဝေါယာဉ်ဖြင့် ရောက်ရှိ လာခဲ့သည်။ နန်းတော်ရင်ပြင်တွင် လက်ယာအမတ်ကြီးတို့က အမတ်ကတော်ကြီး၏ ဝေါယာဉ် ဝင်သွားသည်ကိုတွေ့သော် ကျယ်လောင်စွာဟစ်ကြွေးကြသည်။

"အရှင့်သား.. ကျွန်တော်မျိုးတို့ကို တွေ့ခွင့်ပြုတော်မူပါ.."

"အရေးတကြီးလျှောက်တင်စရာရှိလို့ တွေ့ခွင့်ပြုတော်မူပါ အရှင့်သား.."

မကြာခင် အပါးတော်မြဲကြီးရောက်လာပြီး လက်ယာအမတ်တို့အုပ်စုကို ခေါ်ဆောင်သဖြင့် စိတ်လှုပ်ရှားစွာ လိုက်လာရင်း မေးလိုက်ကြသည်။

"အမတ်ချုပ်ကြီး နန်းတော်ထဲဝင်လာပြီလား.."

"မလာသေးပါဘူး လက်ယာအမတ်ကြီး.. ဒီအဆောင်မှာ ခဏစောင့်တော်မူပါ.. အရှင့်သား ခဏနေရင် ခေါ်တွေ့ပါလိမ့်မယ်.."

လက်ယာအမတ်ကြီးအုပ်စုက နန်းဆောင်တစ်ခုထဲ စောင့်ဆိုင်းနေစဉ် စိတ်ထဲ သရိုးသရီ ဖြစ်လာကြသည်။

နန်းတော်တစ်ခုလုံး ခါတိုင်းလို အေးဆေးငြိမ်သက်နေပြီး မင်းတရားကြီး သတိလစ် မေ့မျောနေသည့်တိုင် နန်းတွင်းမှအခြွေအရံများ စိတ်လှုပ်ရှားစွာပြောဆိုတာ မတွေ့ရ သဖြင့် အခြေအနေတစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။

ပုံမှန်ဆိုလျှင် မင်းတရားကြီး သတိလစ်နေချိန်ဆို မိဖုရားခေါင်ကြီးအုပ်စုနှင့် အိမ်ရှေ့မင်းသားအုပ်စုတို့ လွန်ဆွဲကာ အာဏာအတွက် အမတ်များကို အပြိုင်သိမ်းသွင်း နေရမည်ဖြစ်သည်။ ဒါပေမယ့် အခုအခြေအနေက နန်းတော်ကို စနစ်တကျ ထိန်းချုပ်ထားပြီးသည့်ပုံ ပေါက်နေသည်။ အိမ်ရှေ့စံ၏တပ်နှင့် အခြား တပ်များ၏ လှုပ်ရှားမှုကို မတွေ့ရသည့်အပြင် မိဖုရားကြီးက တစ်ညလုံး မိမိတို့ အိမ်ရှေ့စံ နန်းဆောင်ရှေ့ ရောက်တာကြောင့် လူလွှတ်ထားခြင်းမရှိသည်ကို သတိပြုလိုက်မိပြီး အဆောင်အပြင်ကိုထွက်ဖို့ တံခါးဖွင့်လိုက်တော့ တံခါးကို အပြင်မှ သော့ခတ်သွားသည်ကို သိလိုက်ရသည်။

"သွားပြီ.. ငါတို့ ထောင်ချောက်ထဲရောက်သွားပြီ.. အမြန် ပြတင်းပေါက်ကနေ အချက်ပြ မီးကျည် လွှတ်လိုက်.."

လက်ယာအမတ်ကြီး၏စကားကြောင့် နန်းတွင်းထဲ လျှို့ဝှက်ချထားသည့် မိမိတို့ အင်အားစုများကို အချက်ပေးမီးကျည်လွှတ်ရန် ပြတင်းတံခါးကိုဖွင့်သော်လည်း အပြင်မှ အသေပိတ်ထားသည်ကို တွေ့လိုက်ရသည်။

"ငါတို့အကြောင်း အိမ်ရှေ့စံ ဘယ်လိုသိသွားတာလဲ.. ညကမှ သူလျှိုတွေဆီက အခြေအနေအေးဆေးတဲ့သတင်း ရထားတာ.. အိမ်ရှေ့စံအဆောင်ကို စစ်ထူရှန့်ယွီ တောင် ဝင်ခွင့်မရတာ.. ဘာကြောင့် ငါတို့ကို အရှင့်သားက ဖမ်းထားရတာလဲ.."

"လက်ယာအမတ်ကြီး.. ဘယ်လိုလုပ်ကြမလဲ.. ကျွန်တော်တို့သူလျှိုတွေ သစ္စာဖောက်ပြီး သတင်းပေးလိုက်လို့များလား.."

"မဖြစ်နိုင်ဘူး.. သူလျှိုတွေက ငါတို့ကို သစ္စာမဖောက်ရဲကြဘူး.."

"ဒါဆိုရင် ဘာကြောင့် တစ်ညလုံး အခြေအနေအေးချမ်းတယ် ဆိုတဲ့သတင်းကို လာပေးနေတာလဲ.."

လက်ယာအမတ်ကြီးက ထိုစကားကိုကြားသော် မျက်နှာပျက်သွားပြီး ထိုအဆောင်ထဲမှာ ဖောက်ထွက်ဖို့ အမိန့်ပေးလိုက်သည်။

"မကောင်းတော့ဘူး.. ဒီကနေဖောက်ထွက်တော့.. ငါတို့အားလုံး စစ်ထူရှန့်ယွီ ထောင်ချောက်ထဲ ရောက်နေပြီ.."

အမတ်အားလုံး ထိုအခါမှ တုန်လှုပ်ကာ တံခါးကိုရိုက်ဖျက်ကြပေမယ့် တံခါးအပြင်သို့ ရောက်သော် ဓားလှံဖြင့်ချိန်ရွယ်ထားသည့် တပ်တော်သစ်မှ စစ်သည်များကို တွေ့လိုက်ရ သဖြင့် လက်ယာအမတ်ကြီး၏မျက်နှာ ဖြူရော်သွားတော့သည်။

========*===========

မုန်းမာန်ဖွဲ့ချစ်ခြင်း  (မုန်းမာန်ဖွဲ့ချစ်ခြင်း )Where stories live. Discover now