Chapter (72)_ ရှင်းလင်းရေး လုပ်ဆောင်ခြင်း

332 17 0
                                    

Chapter (72)_ ရှင်းလင်းရေး လုပ်ဆောင်ခြင်း


စစ်ထူရှန့်ယွီသည်  နန်းတော်ကို လျှို့ဝှက်ပြန်ရောက်ပြီး ၃ ရက်တာအတွင်း သက်သေအတော်များများကို စုဆောင်းနိုင်သည့်အပြင် နေပြည်တော်မှာ ချီထျန်းစူး နှင့် ဆက်သွယ်ထားသည့် လူတစ်ချို့ကိုလည်း ခြေရာခံထားနိုင်ခဲ့သည်။

တစ်ခု အံ့သြစရာကောင်းသည့်အချက်က ဒီယိုဂိုဆွာရတ်ဆိုသည့် ပေါ်တူဂီတပ်မှုးက ထိုအရာတွေနှင့် ကင်းရှင်းနေသည့် အချက်ဖြစ်သည်။

အခုလုပ်ကြံသည့် လူသတ်သမားများက ချီထျန်းစူး ၏လူတွေဖြစ်ပြီး နန်းတော်ထဲကနေ ခမည်းတော် ထွက်လာသည့် အချိန်နှင့် ထွက်သွားသည့် ဘက်ကို အတိအကျသတင်းပေးသူက ရှန့်ကွမ်းဝူကြည် ဖြစ်နေသည်။ ဒါပေမယ့် ချီထျန်းစူး ၏ လူများကို မြို့ထဲ သွင်းပေးသည့်လူက မိမိ ကြင်ယာတော် ချင်းကျယ်ထျန်း ဖြစ်နေသည်။ ချီထျန်းစူး ၏ လုပ်ကြံရေးသမားများက ချီပြည်ကို လက်မှုပညာသည်များ အဖြစ် ချင်းကျယ်ထျန်း ထံတွင် ဝင်ထွက်ဖူးသည့် မှတ်တမ်းရှိနေသည်။


" ချင်းကျယ်ထျန်း ...မင်းက မစားရတဲ့ အမဲကို သဲနဲ့ပက်ချင် တာလား...... "

စစ်ထူရှန့်ယွီက  အံကြိတ်လိုက်မိသည်။ ဒီမိန်းမက ဒီလောက် ယုတ်ကန်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မိမိက သူ့ကို မချစ်ဘူးဆိုပေမယ့် ကြင်ယာတော် တစ်ယောက်အဖြစ် နေရာပေးခဲ့သည်။ လုပ်ပိုင်ခွင့်ပေး ခဲ့သည်။ ဒါကို သူမက အသုံးချကာ နေပြည်တော် မှာ အတော်များများကို ခလောက်ဆန်ထားခဲ့လေပြီ။

ညီတော်မင်းကြီးက သူ့မိသားစုဝင်တွေကို အလေးထားသူဖြစ်သောကြောင့် ချင်းကျယ်ထျန်း ရဲ့လုပ်ရပ်ကို ဘယ်လို စီရင်မည်ကို မသိသေးသဖြင့် သက်သေများသာ စုဆောင်းကာ  ချင်းကျယ်ထျန်း ကို အသာလွှတ်ထားလိုက်သည်။
 
ချီပြည်ကိုတွေ လာတိုက်သည့် ဖြစ်ရပ်က ချင်းကျယ်ထျန်း ရဲ့ စနစ်တောင် ကင်းပါရဲ့လား.... တကယ်လို့ ချင်းကျယ်ထျန်း က တိုင်းတပါးက ရန်သူတွေနဲ့ပေါင်းတယ် ဆိုရင် ညီတော်မင်းကြီးက သေချာပေါက် အပြစ်ပေးလိမ့်မည်။


"အရှင်မင်းကြီးရဲ့ တပ်တော်ကြီး ဆိုက်ရောက်လာ ပါပြီ... အားလုံး မင်းကြီးကို ကြိုဆိုကြပါ...  "

နန်းမြို့တော်ထဲကို ချင်းရှီဟွမ် ၏တပ်တော်ကြီး ဝင်ရောက်လာတော့ လူတိုင်းက ပန်းမိုးတို့ဖြင့် ကြဲချကာ လှိုက်လှဲစွာ ကြိုဆိုကြသည်။

မင်းကြီး၏တပ်တော်က နောက် ၅ ရက်မှ ရောက်လာ မည် ထင်ထားရာမှ မထင်မှတ်ပဲ ချက်ချင်း ရောက်လာ သဖြင့် ရှန့်ကွမ်းဝူကြည် နှင့် ချင်းကျယ်ထျန်း တို့ ပျာသွားကြသည်။ အပါးတော်မြဲများ၏ လျှောက်တင်စကားကို ကြားတော့ ကပျာကယာ အလှပြင်ကာ မင်းကြီးကို ကြိုဆိုရင် နန်းရင်ပြင်ကို ထွက်လာကြသည်။

နန်းရင်ပြင်ကိုရောက်တော့ စစ်ထူဖေးယန် ၊ ရှန့်ကွမ်းဝူကြည် နှင့် အခြားမှုးမတ်များ အားလုံးရောက်နှင့်နေတာကို တွေ့လိုက်ရသည်။


"အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ...  "

"  အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ..."

" တထန်အင်ပါယာကြီး အဓွန့်ရှည်ပါစေ   "

  မြို့တော်ထဲကို မင်းကြီး၏တပ်တော်တွေ ဝင်လာပြီး ဆိုသည့် သတင်းကြောင့် မြို့သူ မြို့သားတွေ ဝမ်းပန်းတသာ အော်ဟစ်ကာ ကြိုဆိုကြသည်။

" အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ "

ချင်းရှီဟွမ် က ဆင်ပေါ်က ဆင်းသက်လာသည်နှင့် မိဖုရား၊ မှုးမတ်အားလုံး ဒူးထောက် အရိုသေပေးကာ ကြိုဆိုလိုက်သည်။

" ထကြပါ...  "

" ကျေးဇူးကြီးမားလှပါတယ် အရှင်မင်းကြီး "

ချင်းရှီဟွမ် က စစ်ထူဖေးယန် ၏ဘေးတွင်ရပ်နေသည့် သမီးတော်လေးကို ကြည့်ကာ ပြုံးပြီး လက်ကမ်းရင်း ခေါ်လိုက်သည်။

" သမီးတော်... "

" ခမည်းတော်ဘုရား... "

ပထမ အဆင့် မင်းသမီးလေး က ခမည်းတော်၏ ရင်ခွင်ထဲ ကို ပြေးဝင်လိုက်သည်။  
 
" ခမည်းတော်ရဲ့မင်းသမီးလေး တော်တော့်ကို ထွားလာပြီပဲ..ကြည့်စမ်းပါဦး။ ခမည်းတော် စစ်တိုက်ထွက်တဲ့ တစ်နှစ်အတွင်း အရပ်ကြီး ရှည်လာလိုက်တာ.... "

" ခမည်းတော်ကို သမီးတော်က လွမ်းနေတာ.... "

" ခမည်းတော်လည်း သမီးကို အများကြီး သတိရနေတာ...  "

ချင်းရှီဟွမ် က အသက် 10 နှစ်အရွယ်ပင်ရှိလာသည့် သမီးတော်လေးကို ကြည့်ကာ ပါးလေးကို အသာဖျစ်ညစ်လိုက်သည်။ ပြီးတော့ တော်ဝင်ကြင်ယာတော်ဝေ့ နားတွင် ရပ်ကာ ငေးနေသည့် သားတော်လည်း ချင်ဖန်အန်း ကို ကြည့်ကာ လက်ကမ်းပြီးေ ခါ်လိုက်သည်။

" သားတော်..လာ "

ထိုအခါမှ ချင်ဖန်အန်း က ခမည်းတော်မင်းကြီးဆီကို ပြေးလာခဲ့သည်။ ချင်ဖန်အန်း က ပထမမင်းသမီးထက် လပိုင်းငယ်သည့် မောင်တော် ဖြစ်သည်။ အနေအေးကာ စကားနည်းသူဖြစ်ပေမယ့် ခမည်းတော်ကို အရမ်းလေးစားကာ အရိပ်တကြည့်ကြည့်နေတတ်သည်။ အခုလည်း ခမည်းတော်ကို အဝေးကနေ မျက်လုံးတောက်တောက်လေးတွေနှင့်ကြည့်နေပေမယ့် ခမည်းတော် မခေါ်တော့ အနားကို လုံးဝ တိုးမသွားခဲ့ပေ။

" ခမည်းတော်ဘုရား .... စစ်နိုင်ပြီးပြန်လာတာ ဂုဏ်ပြု ပါတယ် "

ချင်းရှီဟွမ် က သားတော်လေး၏ လူကြီးစကားကြောင့် သဘောကျကာ ရယ်မောပြီး တချက်ဖက်ကာ ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။

" ဟား..ဟား...သားတော်လေးလည်း မင်းပျို မင်းလွင်လေးလို ဖြစ်လာပါပေါ့လား... ကောင်းတယ်..ကောင်းတယ်... "

မင်းကြီးက သားတော်နှင့် သမီးတော်ကို အရင်ပွေ့ဖက်နူတ်ဆက်ပြီးမှ လွှတ်ပေးပြီး မိဖုရားများထံကို လာကာ နုတ်ဆက်လိုက်သည်။

" ကွေ့ဖေးတို့...."

" မောင်တော်ဘုရားကို ကြိုဆိုပါတယ် "

" ထကြပါ... အားလုံးကျန်းကျန်းမာမာနဲ့တွေ့ရလို့ ဝမ်းသာတယ်။ ညနေကို မိသားစု စုံညီစားသောက်ဖို့ စစ်ထူဖေးယန်  ကြီးကြပ်ပြီး ပြင်ဆင်လိုက်ပါ....  "

" မှန်လှပါ... "

ချင်းရှီဟွမ် က မှုးမတ်များကို စူးရှစွာကြည့်ကာ ပြောလိုက်သည်။

" မှုးမတ်အားလုံး ညနေ စစ်ရေးညီလာခံ တက်ဖို့ အသင့်ပြင်ထားလိုက်... "

" မှန်လှပါ "

" အခု အားလုံး ပြန်ပြီး ပြင်ဆင်ထားလိုက်....  "

မင်းမှုးမတ်အားလုံး ဘာမှ မတင်လျှောက်ရသေးခင် ချင်းရှီဟွမ် က အမိန့်ပေးလိုက်သဖြင့် အားလုံး လူစုခွဲလိုက်ကြသည်။


" အမတ်ချုပ်ကြီး အကြောင်းကို မင်းကြီး မေးမသွားပါလား... အဲ့ဒါ ပုံမှန်မဟုတ်ဘူး "

"တကယ်ဆိုရင် အမတ်ချုပ်ကြီးကို မတွေ့တဲ့အကြောင်း မေးသင့်တာပေါ့။ အမတ်ချုပ်ကြီး လုပ်ကြံခံရလို့ ပျောက်နေတာကို မင်းကြီး သိသွားပြီးပုံပဲ...  "

" ဒါပေမယ့် မင်းကြီးက ချက်ချင်း အစည်းဝေးမခေါ်ပဲ ညနေ စစ်ရေးညီလာခံ တန်းခေါ်လိုက်တာ ထူးဆန်းတယ် "

ထိုစကားကိုပြောလိုက်ပြီး အမတ်အားလုံး ကြောက်လန့်တကြားဖြစ်ကုန်ပြီး နေအိမ်ကို အသီးသီးပြန်လာခဲ့ကြသည်။

အပြစ်မရှိသည့် မှုးမတ်များက တင်လျှောက်စရာကို စီစဉ်နေစဉ် အပြစ်ရှိသူများက ထွက်ပြေးရန် ပြင်လိုက်ပေမယ့် သူတို့ အိမ်ဝင်းအပြင်ကို လုံးဝထွက်ခွင့်မရတော့ပေ။

" မင်းတို့က ဘယ်သူတွေလဲ။ ငါလို အမတ်ကြီးကို ခြံဝင်းထဲ ချုပ်နှောင်ရဲသလား "

" မင်းတရား အမိန့်တော်...စစ်ရေးညီလာခံ မပြီးမချင်း ဘယ်သူမှ ခြံဝင်းအပြင်ကို ထွက်ခွင့်မရှိဘူး။ အမိန့်မနာခံရင် ချက်ချင်း ကွပ်မျက်ဖို့ အမိန့်ပေးထားတယ် "

အပြင်က တပ်မှုး၏ လက်ထဲက အမိန့်စာကိုမြင်တော့ မှုးမတ်အားလုံး အရုပ်ကြိုးပြတ်ဖြစ်ကုန်ကြသည်။ ဒါပေမယ့် အမတ်ချုပ်ကြီးနှင့် မင်းတရားကြီးအပေါ် သစ္စာရှိသူများက မင်းတရားကြီး၏ မြန်ဆန်လှသည့် တုန့်ပြန်မှုများကြောင့် အားရကျေနပ်လျက်ရှိသည်။

"မကြာခင် ရှင်းလင်းရေးလုပ်တော့မယ်....  "

သူတို့အားလုံး သိသွားပြီး မကြာခင် လော့ယန်က ချီပြည်ကိုတပ်များကို တိုက်ခိုက်ဖို့ စစ်ရေးဗျူဟာကို မင်းကြီးမေးလျှင်ဖြေနိုင်ရန် အကုန် စုစည်းကာ ညနေ စစ်ရေးညီလာခံကို တက်ကြွစွာ စောင့်ဆိုင်း နေကြသည်။



ချင်းရှီဟွမ် သည့် နန်းဆောင်ကိုရောက်ပြီးနောက် ချက်ချင်းပင် နောင်တော် အသင့်ပြင်ပေးထားသည့် ရေကန်ထဲကို ဝင်လိုက်ပြီး နောင်တော် အနောက်က အဝတ်ဖြင့် တိုက်ချွတ်ပေးနေသည်ကို ဇိမ်ခံရင်း နောင်တော် ပြောပြသည်ကို နားထောင်နေသည်။

ချင်းရှီဟွမ် က နောင်တော်၏ရင်ခွင်ကို မှီကာ ဝိုင်ကို သောက်ရင်း သက်ပြင်းချကာ ခပ်ညည်းညည်းပြော လိုက်သည်။

"တိုက်ပွဲ မစခင် ရှင်းလင်းရေး လုပ်ရဦးမယ်...ဒီတစ်ခါ အမတ်ဘယ်လောက် ပြုတ်ဦးမလဲ မသိဘူး...ဟင်း.... ဘယ်တော့မှများ ကျွန်တော်တို့လည်း အေးအေးချမ်းချမ်းနေရပါ့မလား မသိဘူး....   "

" အရမ်းမစဉ်းစားပါနဲ့.... လောကမှာ လူကောင်းနဲ့ လူဆိုးဆိုတာ အမြဲ ဒွန်တွဲနေတာပဲလေ။ ကိုယ်က ဘယ်လောက် ဖြည့်ဆည်းပေးပါစေ..လူ့အလို နတ်မလိုက်နိုင်ဆိုသလို တဖက်သားကို လုံးဝ ကျေနပ်အောင် ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး။ လူ့အကြိုက် 10 ခါလိုက်လည်း မလိုက်နိုင်တဲ့ တစ်ခါ ရှိလာရင် သူတို့က ရန်သူလို့ သတ်မှတ်ကြမှာပဲလေ... လူအများရဲ့ အေးချမ်းမှုအတွက် လူတချို့ကို ရှင်းလင်းတာတော့ အမြဲတမ်းလုပ်နေရဦးမှာလဲ...ဒါက ဘုရင်တစ်ပါးရဲ့ တာဝန်လိုဖြစ်နေပြီ "

" ညီတော် သိပါတယ်။ ဒါပေမယ့် လက်ကို သွေးစွန်း ရလွန်းလို့ ညီတော် ငြီးငွေ့လာပြီ။ ရန်သူကို လည်း တိုက်ရတယ်။ ကိုယ့်တိုင်းသူ ပြည်သားကိုလည်း ရှင်းလင်းရတယ်။ အခုဆိုရင်  မိသားစုဝင်ထဲက လူကိုလည်း ရှင်းပစ်ရတော့မယ်... နောင်မှာ ကိုယ့်သွေးသားရင်းကိုလည်း ရှင်းရဥိးမှာလား.. "

ချင်းရှီဟွမ် က စိတ်ညစ်ညူးစွာ သက်ပြင်းချ လိုက်မိသည်။ စစ်ထူရှန့်ယွီက  ချင်းရှီဟွမ် ၏နဖူးကို အသာနမ်းကာ ပြောလိုက်သည်။


"ညီတော်လက် သွေးမစွန်းရအောင် နောင်တော် နောက်ကို ကြိုတင် ရှင်းလင်းထားပါ့မယ်  "

" ဟင့်အင်း..ဒါဆို နောင်တော့်အပေါ် ဘယ်တရားမလဲ။   နောင်တော်က ပြည်ပရန်သူကိုလည်း တိုက်ခိုက်ရလို့ အရမ်းပင်ပန်းတယ်လေ။ ပြည်တွင်းရေးက ညီတော် ရှင်းရမှာပေါ့ "

" ပြည်ပရန်သူကိုတိုက်တဲ့အခါ ညီတော်လည်း ပါတာ ပဲလေ။ ပြည်တွင်းရေးကို နောင်တော် ကူလည်းရတာပဲ မဟုတ်လား။ "

" အင်း.... ပြည်ထဲက လူကိုရှင်းရတာ စိတ်ပင်ပန်း တယ်။ နောင်တော့်ကို ညီတော် စိတ်မပင်ပန်းစေ ချင်ဘူး။  "

ဟုတ်သည်။ ရန်သူဆိုတာ ကိုယ်မမြင်ဖူးသည့်လူတွေ မဟုတ်လား။ သူတို့ကို တိုက်ပွဲမှာ ရင်ဆိုင်တိုက်ခိုက်ချိန်မှာ ဓါးကိုဝင့်လို့ လှံကိုဝင့်လို့ သတ်ပစ်ရတာ စိတ်ထဲ သိပ်မခံစားရပေမယ့် ညီလာခံတွင် သက်သေနှင့်တကွ သစ္စာဖောက် ဆိုသူကို အပြစ်ပေးရသည့်အခါ အပြစ်သားတွေက ကိုယ်နှင့် အတူတူ တိုင်းပြည်ကို ထူထောင်လာသည့် လူတွေဖြစ်နေ နိုင်သလို ကိုယ့် ငယ်သူငယ်ချင်း၊ ဆွေမျိုးနီးစပ် တော်သူလည်းဖြစ်နေနိုင်သည်။


သူတို့က ကိုယ်နှင့်နိုင်ငံအပေါ် သစ္စာမစောင့်သိကာ လုပ်ကြံခဲ့ပေမယ့် အပြစ်ပေးခံရသည့်အခါ ကြောက်လန့်တကြား ငိုယိုတောင်းပန်နေသည့်အသံကို ချင်းရှီဟွမ်  နားထောင်ရတိုင်း ရင်နာသည်။.

သနားသည်ဆိုတာထက် မိမိတို့ ထူထောင်ထားသည့် တိုင်းပြည်ကို သူတို့က နောက်က လုပ်ကြံရက်သည် ဆိုသည့်စိတ်၊သူတို့ သားမယားများ၊ နောက်မျိုးဆက် အားလုံး သုတ်သင်ရှင်းလင်း ရလောက်အောင် အပြစ်ကြီးသူများပါလာရင် ပိုဆိုးသည်။  အဖေ၏အပြစ်ကို အပြစ်မဲ့ ကလေးများပါ ခံရသည်ကိုမြင်တိုင်း ချင်းရှီဟွမ်  ရင်ထဲ တဆစ်ဆစ်နာ ကျင်သည်။

" ညီတော်.... စိတ်ထဲရှိတာ နောင်တော့်ကို ဖွင့်ပြောလိုက်လေ... မဟုတ်ရင် မွန်းကြပ်နေမယ် "

စစ်ထူရှန့်ယွီက  ညီတော်မင်းကြီး၏ ပုခုံးကို အသာယာ ဆုပ်နယ်ရင်း တီးတိုးပြောလိုက်သည်။

ချင်းရှီဟွမ် က သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။

" အပြစ်ကြီးတဲ့လူတွေဆိုရင် သူတို့ သားစဉ်မြေးဆက်ကိုပါ သုတ်သင်ရတယ်။ အဲ့မိသားစုထဲက ကလေး တွေက ကျွန်တော့် သားတော်၊ သမီးတော် အရွယ်လေး တွေပါနေရင် တွေးမိပြီး ရင်ထဲ မကောင်းဘူး။ တကယ်ဆိုရင် လူကြီးတွေ လုပ်တာက ကလေးတွေနဲ့မဆိုင်ဘူးလေ။ ကလေးတွေကို မသတ်ရက်ဘူး။ မသတ်ပြန်ရင်လည်း ရန်ညှိုးရန်စကို ထားရာလည်း ရောက်တယ်။  "

စစ်ထူရှန့်ယွီက  စိတ်ထားနူးညံ့သော ညီတော်၏ နူတ်ခမ်းလေးကို အသာယာနမ်းကာ ပြောလိုက်သည်။

" အပြစ်ကြီးတဲ့လူဆိုတာ နောက်ခံလည်းတောင့်ပြီး ကြီးမားတဲ့ အရာကို ကျူးလွန်ခဲ့သူ တွေဖြစ်တယ်။ သူတို့ လက်အောက်ငယ်သားတွေက လက်တံရှည် တယ်။ တကယ်လို့ သူတို့ မျိုးဆက်ကို ချန်ထားရင် အဲ့ဒီမျိုးဆက်ကနေ ကိုယ့်ကို ထပ်ပြီး ပုန်ကန်မယ့် ရန်သူကို မွေးပြီးသားဖြစ်သွားနိုင်လို့ အရင်ဘုရင် တွေက အပြစ်ကြီးမားသူတွေကို မိသားစု မျိုးရိုးစဉ်ဆက် အကုန် သတ်ပစ်ဖို့ ဥပဒေပြဌာန်း ခဲ့တာပဲ.... "

" အင်း..ကျွန်တော် သိတယ်။  ဒါပေမယ့် ကလေးတွေကို မြင်ရင် သတ်မိန့်ပေးရတာကို ကျွန်တော် ရင်နာတယ်"

"ဒီဟာနဲ့ပတ်သတ်ပြီးနောင်တော် တခုခုလုပ်ဖို့ ကြံလိုက်ပါဦးမယ်  "

" ဟင့်အင်း... မလုပ်နဲ့ဦး။ လောလောဆယ်... ချီပြည်ကိုကို ပြန်တိုက်ရဦးမယ်။ နောက်ပိုင်း အခြေနေ အေးချမ်းမှ ကျွန်တော်တို့ စည်းမျဉ်းကိုပြန်ပြင်ကြ တာပေါ့ "

ချင်းရှီဟွမ် က ချက်ချင်း တားလိုက်ကာ စစ်ထူရှန့်ယွီ နှင့် မျက်နှာချင်းဆိုင်လိုက်ပြီး ပြောလိုက်သည်။

" နောင်တော် သဲလွန်စ အကုန်တွေ့ထားပြီး မဟုတ်လား။ နေ့လည်စာ စားပြီးရင် ဒီအကြောင်း တိုင်ပင်ကြမယ်။    "

" အင်း... "

စစ်ထူရှန့်ယွီက  ပြောလိုက်ပြီး ညီတော်မင်းကြီး၏ နူတ်ခမ်းကို ဖိနမ်းကာ စိတ်ပူပန်မှုကို လျှော့အောင် လုပ်ပေးလိုက်သည်။

မကြာခင် ရေချိုးဆောင်ထဲမှာ ယောက်ျား နှစ်ယောက် ၏ ပူလောင်ပြင်းပြသည့် အသက်ရှုသံပြင်းပြင်းနှင့် လှုတ်ခတ်နေသည့် ရေသံတို့ ထွက်ပေါ်လာ ခဲ့တော့သည်။


ချင်းရှီဟွမ် က ရေချိုးဆောင်ထဲက ထွက်တော့ မျက်နှာက သွေးရောင်လွှမ်းကာ မျက်လုံးတို့က အချစ်ရိပ်ဖြင့် တလက်လက်ဖြစ်နေသည်။ မင်းနှစ်ပါးက အိပ်ဆောင်ထဲမှာ ထပ်မံ နမ်းရှိုက်လိုက်ပြီး ဝတ်လဲတော် ဝတ်ဆင်မှု ပြီးတော့သည်။

လည်ပင်းက အနီမှတ်ကိုကြည့်ကာ ချင်းရှီဟွမ် က ပြုံးပြီး နောင်တော်ကိုကြည့်ကာ မေးလိုက်သည်။

" ဘာလဲ..နောင်တော့်အပိုင်ဖြစ်ကြောင်း မိဖုရားတွေကို အသိပေးချင်ပြန်ပြီလား "

" ဒါပေါ့..မဟုတ်ရင် ကိုယ့်ချစ်သူကို သူတို့အိပ်ယာထဲ သိမ်းသွင်းဖို့ ကြိုးစားဦးမယ်... "


" နောင်တော်က တကယ်ကို ပိုင်စိုးလိုက်စိတ်ကြီး လိုက်တာဗျာ... ဒီညီတော်က နောင်တော် တစ်ယောက်တည်း အပိုင်ဆိုတာ လူတိုင်းသိပြီးသားပါ.... "

" သိလည်း  ကိုယ်က စိတ်မချတာကိုး....  "

" ဒါဆိုရင် နောင်တော်ကို ကျွန်တော်က တော်ဝင်ကြင်ယာတော်အဖြစ် ကောက်လိုက်ရမလား.. ဟိုးအရင် ထန်မင်းဆက်က  အမျိုးသားကြင်ယာတော် ထားကြတယ်လို့ ကြားဖူးတယ် "

" ညီတော်က ကိုယ့်ကို ကြင်ယာတော်ကောက်ရင် ညီတော့် အစ်မတော်က နှလုံးအူပြတ် ငိုကြွေးနေပါဦး မယ်ကွာ... ဒါဆိုရင် ညီတော်ပဲ စိတ်ညစ်ရဦးမယ် "

စစ်ထူရှန့်ယွီက  ညီတော်မင်းကြိး၏ နားရွက်ဖျားလေးကို ခပ်ဖွဖွ ကိုက်ကာ တီးတိုးပြောလိုက် သည်။


" ဒါဆိုရင် နောင်တော်က ဘုရင်လုပ်လိုက်၊ ပြီးရင် ကျွန်တော့်ကို ကြင်ယာတော် ပြန်ကောက်လိုက်... အဲ့ဒါဆိုရင် အဆင်ပြေပြီ။ ညီတော့် မိဖုရားတွေကို ကွာရှင်းလိုက်မယ် "

စစ်ထူရှန့်ယွီက  ချင်းရှီဟွမ် ၏စကားကြောင့် အံ့သြကာ ပါးစပ်ကို အမြန်ပိတ်လိုက်ပြီး အလန့်တကြားပြောလိုက်သည်။

" အဲ့ဒီ စကား ဘယ်တော့မှ ထပ်မပြောနဲ့...ညီတော်က အမြဲတမ်း မင်းကြီးပဲဖြစ်ရမယ် "

ချင်းရှီဟွမ် က နောင်တော့် အပြောကြောင့် ရယ်လိုက်မိသည်။ တကယ်ဆိုရင် စိတ်ထားပြတ်သားပြီး တိုက်ပွဲမှာပျော်မွေ့သည့် နောင်တော်က ဘုရင်တစ်ပါးနှင့် ပိုတူသည် မဟုတ်လား။

"  မဟုတ်ဘူး...ဒီလက်နက်နိုင်ငံတော်မှာ နောင်တော်နဲ့ ကျွန်တော်က ပူးတွဲမင်းကြီးပဲ.... "

" အင်းပါကွာ.... "

စစ်ထူရှန့်ယွီက  ဆက်မပြောတော့ပဲ ညီတော်ကို အမြန် ပြင်ဆင်ပေးကာ အတွင်းဆောင်က ထွက်လာခဲ့သည်။

" နေ့လည်စာ အသင့်ဖြစ်ပါပြီ။ ကွေ့ဖေးမယ်မယ်တို့နဲ့ မင်းသမီးကြီးလည်း ရောက်နေကြပါပြီ အရှင် "

" ကောင်းပြီ။ ကိုယ်တော်တို့ သွားကြတာပေါ့ "

မကြာခင်တွင် စားတော်ဆောင်တွင် စောင့်နေသည့် မိဖုရားသုံးပါး၊ တော်ဝင်မင်းသမီးကြီးနှင့် သားတော်၊ တူတော်၊ သမီးတော်တို့က အပါးတော်မြဲ အသံကိုကြားလိုက်ရသည်။

" မင်းတရားကြီးနဲ့ စစ်ထူရှန့်ယွီ  ကိုယ်တော်ကြီး ကြွချီလာပါပြီ "

စစ်ထူဖေးယန် က မအံ့သြပေမယ့် ရှန့်ကွမ်းဝူကြည် နှင့် ချင်းကျယ်ထျန်း က မျက်နှာနည်းနည်း တင်းသွားသည်။ တော်ဝင်ကြင်ယာတော်ဝေ့ က မျက်နှာညိုးသွားခဲ့သည်။

မင်းနှစ်ပါးက တကယ်ကို လက်ချင်းတွဲကာ လာခဲ့တော့ အားလုံး အရိုသေပေးလိုက်ကြသည်။


****-***

နေ့လည်စာ မိသားစု စားပွဲတွင် ရှန့်ကွမ်းဝူကြည် နှင့် ချင်းကျယ်ထျန်း တို့က မှုးမတ်များ အချုပ်ခံထားသည်ကို လျှောက်တင်ဖို့ကြိုးစားပေမယ့် ချင်းရှီဟွမ် က နိုင်ငံရေးတွင် မိဖုရားနှင့် ကြင်ယာတော်မင်းသမီးတို့ ဝင်ပြောခွင့်မရှိဟု ပိတ်ပင်လိုက်သဖြင့် တိတ်သွားကြပေမယ့် သူတို့စိတ်ထဲ နိမိတ်မရှိသည့် အတွေးတို့လွှမ်းနေခဲ့သည်။

နေ့လည်စာ စားတော်ပွဲတွင် သားတော်၊ သမီးတော်နှင့် တူတော်တို့က မင်းကြီးနှင့် စကားပြောကာ ပျော်နေကြသည်။ စစ်ထူရှန့်ယွီက  ချင်းကျယ်ထျန်း ကို တချက်ကြည့်ကာ ဘာတခွန်းမှ မပြောပေ။ ချင်းကျယ်ထျန်း က ချင်းရှီဟွမ် ကို အရိပ်တကြည့်ကြည့်နှင့် ဟင်းထည့်ပေးနေသည့် စစ်ထူရှန့်ယွီက  မုန်းတီးစွာကြည့်နေသည်။


"ဒင်းက ငါ့ဘဝကို ဖျက်စီးခဲ့တယ်။ သူ .. သေသင့် တယ်....  "

ချင်းကျယ်ထျန်း ၏ မျက်ဝန်းထဲ့ အမုန်းတရားကို တွေ့တော့ ချင်းရှီဟွမ် က စိတ်ပျက်သွားခဲ့သည်။

မိမိကိုသာမက နောင်တော့်ကိုလည်း အစ်မတော်က မုန်းတီးနေတာက ထင်တာထက် ဆိုးတာပဲ။ အင်း.... မိသားစုထဲလည်း ရှင်းလင်းချိန်တန်ပြီ....

နေ့လည်စာစားပြီးတော့ ချင်းရှီဟွမ် က စစ်ထူဖေးယန် ကို လက်ဆောင်များ ပေးအပ်ကာ ကျန်ကြင်ယာတော်တွေ နှင့် အစ်မတော်ကို ခွဲဝေပေးဖို့ တာဝန်လွှဲပေးလိုက်သည်။ ပြီးတော့ စစ်ထူရှန့်ယွီ နှင့် အမတ်ချုပ်ကြီးလုပ်ကြံ ခံရသည့် အဖြစ်ကို ကိုင်တွယ်ရန် စာကြည့်ခန်းထဲ ဝင်သွားကြတော့သည်။


ညနေခင်း စစ်ရေးညီလာခံတက်ရောက်ချိန်တွင်...

အမတ်အားလုံး ရင်တထိတ်ထိတ်နှင့် ညီလာခံကို တက်ရောက်လာရသည်။ ထိုအထဲတွင် တော်ဝင်ကိုယ်လုပ်တော် ရှန့်ကွမ်းဝူကြည် ၏ဖခင်၊ ချင်းရှီဟွမ်  ငယ်စဉ်က အထိန်းတော်ကြီးဖြစ်ခဲ့သူ အမတ်ကြီး   ရှန့်ကွမ်းဝူတိ လည်း ပါဝင်သည်။


"ညီလာခံစတင်ပြီ  "

ထိုအသံနှင့်အတူ ညီလာခံတံခါးကြီးက ခိုင်ခံ့စွာ ပိတ်သွားခဲ့လေပြီ။

ချင်းရှီဟွမ် က ညီလာခံက မှုးမတ်အပေါင်းကို ကြည့်ကာ နိဒါန်းမပျိုးပဲ တိုက်ရိုက်ပြော လိုက်သည်။

" အမတ်ချုပ်ကြီးကို လုပ်ကြံရာမှာ ပါဝင်တဲ့သူတွေ ကိုယ့်အသိစိတ်နဲ့ ရှေ့ထွက်လာရင် မိသားစု အသက်ကို ချမ်းသာပေးပြီး တစ်ယောက်တည်း ကွပ်မျက်မယ်။ မဟုတ်ရင် မိသားစုလိုက် အကုန် ကွပ်မျက်မယ် "

မင်းကြီး၏ အမိန့်ကိုကြားတော့ အမတ်အကုန် တုန်လှုပ်ချောက်ခြားကာ မော့ကြည့်လာကြသည်။

" အရှင်မင်းကြီး...ကျွန်တော်မျိုးတို့ အရှင့်အပေါ်ကို သစ္စာစောင့်သိရိုသေကြောင်းပါ။ အမတ်ချုပ်ကြီးကို လုပ်ကြံသူများက ချီပြည်ကိုက လူသတ်သမားများ ဖြစ်ကြောင်းပါ... "

" ကျွန်တော်မျိုးတို့ အထင်လွဲမှားခံရကြောင်းပါ.. ဒီညီလာခံခန်းမထဲက လူအကုန်က အရှင့်အပေါ်ကို သစ္စာစောင့်သိသူများဖြစ်ကြောင်းပါ... "

"အရှင်မင်းကြီး...ကျွန်တော်မျိုးက ခြောက်ချခံရတာပါ။ ကျွန်တော်မျိုးရဲ့ အိမ်ခြံဝင်းကို စစ်သည်များနဲ့ စောင့်ကြပ်ခံနေရကြောင်းပါ။ တရားမျှတမှုကို ရှာပေးတော်မူပါဘုရား..."

"တရားမျှတမှုကိုရှာပေးတော်မူပါဘုရား..."

"တရားမျှတမှုကိုရှာပေးတော်မူပါဘုရား..."


အမတ်ချုပ်ကြီး၏ဘက်တော်သားများက မင်းကြီးရှေ့ အလုအယက်လျှောက်တင်နေကြသည့် အတိုက်ခံ အမတ်တစ်စုကို နူတ်ဆိတ်ကာ ကြည့်နေကြသည်။ မင်းကြီးနှင့် စစ်ထူရှန့်ယွီ ၏ တည်ငြိမ်သောမျက်နှာ ကိုကြည့်ကာ သက်သေအကုန်ရထားလောက်ပြီဆိုတာ သိလိုက်သည်။

ချင်းရှီဟွမ် က အချိန်အတော်ကြာ စောင့်ပေမယ့် ဝန်ခံသူ မရှိသောကြောင့် ပြုံးလိုက်သည်။ နတ်သားတစ်မျှ ချောမောလှသည့် ချင်းရှီဟွမ် မင်းကြီး၏ အပြုံးက နွေးထွေးခြင်းကင်းမဲ့ကာ ရက်စက်သည့်ဘက်ကို ပိုနေသည်။ ထိုအပြုံးကိုတွေ့တော့ သစ္စာဖောက်ထားသည့် အမတ်များက ဒူးတုန်လာကြပေမယ့် မိမိတို့ဘူးခံနေသရွေ့ မင်းကြီးက သက်သေမရနိုင်ဟု တွေးကာ ငြိမ်နေကြသည်။


"ကောင်းပြီ။ ငါကိုယ်တော်နဲ့ စစ်ထူရှန့်ယွီက  ရှေ့တန်းကို သွားပြီးတိုင်းပြည်ကို တိုးချဲ့နေချိန်မှာ ငါ့ ချစ်လှစွာသော မှုးကြီးမတ်ရာတွေက ဒီလို သစ္စာဖောက်နေမယ်လို့ ငါကိုယ်တော် မထင်ခဲ့ရိုးအမှန်ပဲ.... ငါကိုယ်တော်လက်အောက်မှာ တချိန်က တာဝန်ထမ်းဆောင်ခဲ့တာကို ထောက်ငဲ့ပြီး မိသားစုကိုတော့ ချမ်းသာပေးလိုက်မယ်လို့ တွေးခဲ့ပေမယ့်လည်း မောင်မင်းတို့က မလိုချင်ဘူးဆိုတော့လည်း..... မောင်မင်းတို့ ရွေးချယ်မှုကို ငါကိုယ်တော် လက်ခံရမှာပေါ့.....  "


" အရှင်မင်းကြီး.... "

  ရှန့်ကွမ်းဝူတိ က လျှောက်တင်ရန် ကြံပေမယ့် ချင်းရှီဟွမ် က လက်ကာပြကာ စစ်ထူရှန့်ယွီက  တချက်ကြည့်ပြီး မိန့်လိုက်သည်။

" နောင်တော်...သက်သေများနဲ့တကွ... လူစာရင်းကိုသာ ကြေငြာလိုက်ပါတော့.... "

" အမိန့်တိုင်းပါ ညီတော်မင်းကြီး.... "

စစ်ထူရှန့်ယွီက  အရိုသေပေးပြီးနောက် အချက်ပြလိုက်သည်နှင့် အထူးလက်ရွေးစင် ကိုယ်ရံတော်များက သက်သေများကို သယ်လာကြသည်။ ထိုသက်သေများအပြင် လူတချို့ကို ဖမ်းဆီးခေါ်ဆောင်ကာ ညီလာခံ ခန်းမထဲကို ဝင်လာသည်နှင့် တချို့အမတ်များက ဇောချွေးပြန်ကာ အရှေ့ကို တိုးခံလိုက်ကြသည်။

" ကျွန်တော်မျိုး ဝန်ခံပါ့မယ် အရှင်မင်းကြိး။ ကျွန်တော်မျိုးရဲ့မိသားစုကို ချမ်းသာပေးတော်မူပါ.... "

ဒါပေမယ့် အချိန်နှောင်းသွားခဲ့လေပြီ။ ချင်းရှီဟွမ် က ထိုအမတ်ကို လူသေတစ်ယောက်ကဲ့သို့ ခံစားချက် ကင်းမဲ့စွာ ကြည့်ရုံသာ ကြည့်နေတော့သည်။

" တိတ်စမ်း....  "

စစ်ထူရှန့်ယွီ ၏ အောင်မြင်သည့် အသံကြောင့် ဆူညံလာသည့် ညီလာခံခန်းမကြီးက ချက်ချင်းတိတ်သွားခဲ့သည်။

ညီလာခံခန်းမထဲတွင် တလက်လက်တောက်ပနေသည့် ဓါးများကို ကိုင်ထားသည့် အထူးလက်ရွေးစင်တပ်သား များ ဝင်လာပြီး အမတ်အားလုံးကို ဝိုင်းထားလိုက်သည်။


" အရှင်မင်းကြီး.....  "

  ရှန့်ကွမ်းဝူတိ က ကြောက်လန့်တကြား ခေါ်လိုက်ပေမယ့် ချင်းရှီဟွမ် က လှည့်မကြည့် တော့ပေ။ စစ်ထူရှန့်ယွီက  စာ ချွန်တော်ကို ထုတ်ကာ စတင်ကြေငြာတော့သည်။

" လယ်ယာစိုက်ပျိုးရေးဌာနက ဒုတိယ အမတ်ကြီး  ဟော်စန်း

သဘင်ဌာနက တတိယအမတ်ကြီး  လိန်ကျီး

ပြည်ထဲရေးဌာနက ဒုတိယ အမတ်ကြီး  လီလင်းဖူ "

စစ်ထူရှန့်ယွီ ၏ နူတ်က နာမည်ခေါ်သံကိုကြားသည်နှင့် အထူးစစ်သည်တော်များက ထိုအမတ်ကြီးကို ဝင်ရောက်ဆွဲထုတ်ကာ အပြင်ကို တရွတ်တိုက် ခေါ်သွားခဲ့သည်။


"အရှင်မင်းကြီး..ချမ်းသာပေးတော်မူပါ... ချမ်းသာပေးတော်မူပါ...အရှင်မင်းကြီး  "

စစ်ထူရှန့်ယွီ ၏ ကြေငြာသံက ထိုအော်သံကိုဖုံးလွှမ်း စွာဖြင့် ဆက်လက်ထွက်ပေါ်လာ ခဲ့သည်။ စစ်ရေး ညီလာခံက စဖွင့်သည်နှင့် ပထမဆုံး  ရှင်းလင်းရေးကို လုပ်ခဲ့မည်ဟု   ရှန့်ကွမ်းဝူတိ က လုံးဝမထင်ခဲ့လို့ အငိုက်မိကာ သူ့လူအကုန် ဆွဲထုတ်ခံလိုက်ရသည်။


  ရှန့်ကွမ်းဝူတိ က စစ်ထူရှန့်ယွီက  သူ့ကို ဖမ်းရဲမည်ဟု မထင်ထားပေမယ့် ချင်းရှီဟွမ် မင်းကြီး၏ အေးစက်သော မျက်ဝန်းကြောင့် အတွင်းစိတ်ထဲက တခုခုမှားနေပြီဆိုတာ သိလာခဲ့သည်။

" မင်းကြီးက သူ့ကို ရှင်းပစ်တော့မှာလား.... "

အမတ်ချုပ်ကြီးကို မိမိ လုပ်ကြံခဲ့တာ မဟုတ်လို့ မိမိကို သူ ရှင်းပစ်လို့ရမည်မဟုတ်ဟု တွေးကာ စိတ်အားပြန်တက်လာခဲ့သည်။ ဒါပေမယ့် စစ်ထူရှန့်ယွီ ၏ ကြေငြာချက်ထဲတွင် မထင်မှတ်ပဲ မိမိ သမီး တော်ဝင်ကိုယ်လုပ်တော် ရှန့်ကွမ်းဝူကြည် ၏ အမည်ပါဝင်လာခဲ့သည်။

" အမတ်ချုပ်ကြီး နန်းတော်က ထွက်ခွာသည့်အချိန်ကို ရန်သူကို သတင်းပို့ခဲ့သည့် တော်ဝင်ကိုယ်လုပ်တော် ရှန့်ကွမ်းဝူကြည် ....ကို ဖမ်းဆီးကို တော်ဝင် အကျဉ်းထောင်ကိုပို့ဆောင်စေ... "

" အရှင်မင်းကြီး..မိဖုရားရှန့်ကွမ်းဝူကြည် က  ချောက်ချခံရ တာပါ.... "

" လူသက်သေ အကုန် ရထားပြီး အမတ်ကြီး... အမတ်ကြီးက သမီးဖြစ်သူ ကိုယ်စား အပြစ်ဒဏ်ကို ခံယူချင်တာလား...... "

ချင်းရှီဟွမ် က   ရှန့်ကွမ်းဝူတိ အမတ်ကြီးကို စူးရှစွာကြည့်ကာ မေးလိုက်သဖြင့် အမတ်ကြီးက ဆွံ့အသွားခဲ့သည်။

" အရှင်မင်းကြီး.... ကျွန်တော်မျိုး... "

  ရှန့်ကွမ်းဝူတိ  စကားမဆုံးလိုက်ရသေးခင် ချင်းရှီဟွမ် ထံက အမိန့်ကို ကြားလိုက်ရသည်

"   ရှန့်ကွမ်းဝူတိ  အမတ်ကြီးကို အမတ်ရာထူးမှ ချကာ နေအိမ်အကျယ်ချုပ်ထားစေ။ အမတ်ချုပ်ကြီးရဲ့ လုပ်ကြံမှုမှာ မပါပေမယ့်  တိုင်းပြည်အရေးကြီးနေချိန် ကာကွယ်ရေးကို အနှောက်ယှက်ပြုခဲ့သည့်အတွက် လွှတ်တော်တင်ကာ စွဲချက်တင် အပြစ်ပေးမည်"


"အရှင်မင်းကြီး.. အရှင်မင်းကြီး.. မတရား ခံရကြောင်းပါဘုရား...  "

  ရှန့်ကွမ်းဝူတိ က အသည်းအသန်အော်ဟစ်ရင်း ရဲမတ်များဆွဲခေါ်သွားသည်ကို ခံလိုက်ရသည်။

ညီလာခံထဲက လူ သုံးတစ်ပုံခန့်လျှော့သွားခဲ့ပေမယ့် ချင်းရှီဟွမ်  အမှုမထားပေ။  

" သစ္စာဖောက်များကို မိသားစုလိုက် မနက်ဖြန် မနက်မှာ ခေါင်းဖြတ်သတ်စေ.... "

ထိုအမိန့်ကိုကြားတော့ ကျန်ရစ်သူများက တုန်လှုပ်ကုန်ကြသည်။


" ချီပြည်ကိုတိုက်စစ်ကို တန်ပြန်ဖို့ စစ်ရေးညီလာခံ စတင်မယ်။ စစ်သူကြီး လုမင်  တိုက်ပွဲအခြေနေကို လျှောက်တင်စေ.... "

စစ်သူကြီးများနှင့် အမတ်များက မိမိတို့ ယခင်က ကြိုတင်စုဆောင်းထားသည့် သတင်းအချက်လက်များ ကို အသိးသီးလျှောက် တင်ကာ ည 10 နာရီထိုးချိန်တွင် ထိုက်ကျုံးအရှင်ထံမှ စစ်ရေးဗျူဟာတို့ ထွက်လာပြီး အသီးသီး တာဝန်ကို ထမ်းဆောင်ရန် ထွက်သွားကြ တော့ သည်။ သုံးရက်အတွင်း စစ်ထွက်မည်ဖြစ်လို့ မိမိတို့ တညလုံး အိပ်ချိန်ရှိတော့မည် မဟုတ်ပေမယ့် လော့ယန်မြို့ကို ပြန်သိမ်းယူနိုင်တော့မည်ဖြစ်လို့ အားလုံး တက်ကြွနေကြသည်။


 "  ချီပြည်ကိုနဲ့တိုက်ပွဲကို နောင်တော့်ကို အကုန ်အာဏာအပ်နှင်းလိုက်ပြီ။ နောင်တော် လုပ်ချင်သမျှ အကုန် လုပ်ပါ။ နောက်ပိုင်းကနေ ညီတော်က လက်နက်ခဲယမ်းကို ထောက်ပံ့ပေးဖို့ လုပ်ဆောင် မယ်။ "

ချီပြည်ကိုက ခေတ်မှီလက်နက်ခဲယမ်းများကို တပ်ဆင်ထားသည့် တပ်များရှိသောကြောင့် ချင်းရှီဟွမ် က ဒီယိုဂိုဆွာရတ်မှတဆင့် ပေါ်တူဂီလက်နက်ကုန်သည်များနှင့် ချိတ်ဆက်ကာ လက်နက်ကို တောင့်တင်းအောင် လုပ်ဖို့ စီစဉ်ထားသည်။

ပြီးတော့ နောင်တော်ပြောသလို အခု တိုင်းပြည်ရေးကို နှစ်ပိုင်းခွဲပြီး စီမံကြတာ နောင်မှာ သစ္စာဖောက်တွေ ထပ်မံပေါ်လာမယ့် အရေးကို တားဆီးပြီးဖြစ်သွား လိမ့်မည်။

တိုက်ပွဲတွေကို နောင်တော်က ဦးဆောင်ပြီး တိုင်းပြည်တွင်း တည်ငြိမ်ရေး၊ အေးချမ်းရေးကို မိမိက စီမံမည်။ ဒါဆိုရင် အခြေခိုင်သည့် နိုင်ငံတော်ကို ထူထောင်နိုင်လိမ့်မည်။

***-***

မုန်းမာန်ဖွဲ့ချစ်ခြင်း  (မုန်းမာန်ဖွဲ့ချစ်ခြင်း )Where stories live. Discover now