Chapter ( 39 ) – မင်းပြောင်းမင်းလွှဲဖြစ်ရန် ကြံစည်ခြင်း
"နောင်တော်.. တစ်ခုခုဖြစ်ခဲ့တာလား.. နောင်တော့်မျက်နှာ ဖြူဖျော့နေတာပဲ.."
" ဘာမှမဖြစ်ပါဘူး။ နောင်တော် ခုရက် အလုပ်ပင်ပန်းလို့ပါ .."
ချင်းရှီဟွမ်က ရင်ထဲက တဆစ်ဆစ်နာကျင်နေသည့် ဝေဒနာကို မြိုသိပ်ကာ ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ချီဘုရင်ငယ်လေးကို ဖြေလိုက်ပေမယ့် ပါးနပ်သည့် ချီဘုရင်ငယ်လေးက ချင်းရှီဟွမ်ကို တည်ကြည်စွာကြည့်ကာ ထပ်ပြောခဲ့သည်။ ဒီလူငယ်လေးက ငယ်ရွယ်ပေမယ့် အရွယ်နှင့်မမျှ ကြမ်းတမ်းသည့် လောကဓံကို ကြုံခဲ့သည်မို့ မျက်နှာရိပ်မျက်နှာကဲ ခတ်တာ တော်လွန်းသည့်အပြင် ထိုးထွင်းဉာဏ်လည်း ကောင်းလွန်းလှသည်။
ကြည့်ရတာ မိမိ နှင့် စစ်ထူရှန့်ယွီကြားက တင်းမာမှုကို သူ ရိပ်မိနေပြီထင်သည်။
"ကျွန်တော့်ကိစ္စကြောင့် အရမ်းစိတ်ပင်ပန်းမခံပါနဲ့ နောင်တော်.. နောက်ဆိုရင် ကျွန်တော့်လုံခြုံရေးကို ကျွန်တော် သေချာအာရုံစိုက်ပါ့မယ်..နောင်တော် စိတ်အေးအေး ထားတော်မူပါ။ နောင်တော်က တထန်ပြည်ကြီးရဲ့ အဓိက ထောက်တိုင်ပါ။ နောင်တော် ကျန်းမာမှ တထန်ပြည်အပါအဝင် ကျန်မဟာမိတ်နိုင်ငံအားလုံးက အေးချမ်းမှုရမှာပါ"
ချီထျန်းစူး ၏စကားကြောင့် ချင်းရှီဟွမ် ပြုံးကာ လိမ်မာလှသော သွေးသောက်ညီငယ် လေးကို ကတိပေးလိုက်သည်။
"နောင်တော့်အရိပ်အောက်မှာ ဘယ်သူမှ နောင်တော့်ညီကို မွေးညှင်းတစ်ပင်တောင် မထိစေရဘူး.."
ချီထျန်းစူးသည် နောင်တော်၏စကားကြောင့် ရင်ထဲနွေးဆင်းသွားပြီး အေးချမ်းသွား တော့သည်။ တထန်ပြည် အိမ်ရှေ့စံနောင်တော်က မိမိအသက်ဘေးမှ ကာကွယ်ပြီး ထီးနန်းကိုပေးခဲ့သည်။ ဒီနောင်တော်က မိမိစိတ်ဓာတ်ကြံ့ခိုင်အောင် သင်ကြားပေးခဲ့သည်။ ဒီနောင်တော်ကြောင့် လူတွေကိုကူညီခွင့်ရတာ ဘယ်လောက်ပီတိဖြစ်တယ်ဆိုတာ သိခွင့်ရခဲ့သည်။ ဒါကြောင့် မိမိအသက်နှင့် စည်းစိမ်ကို ချရင်းရမည်ဆိုလျှင်ပင် နောင်တော်စိတ်ချမ်းသာအောင် လုပ်ဆောင်ပေးဖို့ အသင့်ဖြစ်သည်ဟု ချီထျန်းစူး စိတ်ထဲမှ ခိုင်မာစွာ ဆုံးဖြတ်လိုက်သည်။
ချီထျန်းစူးသည် ချီတိုင်းပြည်ကိုမပြန်ခင် နောင်တော့်ဘေးတွင် တောက်လျှောက်ကပ်ပြီး လိုအပ်တာမှန်သမျှ လိုက်လုပ်ပေးရင်း ပျော်ရွှင်နေသည်။ သို့သော် ယောက်ဖတော် စစ်ထူရှန့်ယွီက ချီထျန်းစူးကို တွေ့တိုင်း အေးစက်စက်နှင့် လူသတ်ရိပ်တို့လွှတ်နေပေမယ့် ချီထျန်းစူး မဖြုံပါ။ မိမိအတွက် နောင်တော့်အပြုံးကို မြင်ခွင့်ရလျှင် ဘယ်သူတွေက မျက်မုန်းကျိုးပါစေ ထိုက်တန်ပါသည်။
စစ်ထူရှန့်ယွီ ၏ နှလုံးသားတစ်ခုလုံးက အေးခဲသွားကာ အသက်ဝိဉာဉ်ကင်းမဲ့သွားခဲ့သည်။ အရှင့်သားကို မိမိ ပြတ်သားစွာပြောဆိုပြီးကတည်းက ဘာမှ မလှုပ်ရှားတော့ပေ။ လူရွေးပွဲကို ဆက်လက်ဆောင်ရွက်ပြီး လူသစ်များကို စခန်းသွင်းလေ့ကျင့်ဖို့သာ စိုင်းပြင်း တော့သည်။ ချီထျန်းစူး နှင့် အရှင့်သား တပူးပူးတတွဲတွဲ သွားလာနေသည်ကိုမြင်တိုင်း လူသတ်ချင်စိတ်တို့ ထွက်ပေါ်လာသဖြင့် စစ်ထူရှန့်ယွီ လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်ပြီး လေ့ကျင့်ရေး စခန်းတွင်သာ နေထိုင်ကာ တပ်သားသစ်များကို ကိုယ်တိုင် လေ့ကျင့်ပေးနေတော့သည်။
ဒီကြားထဲ ကြင်ယာတော် ဝေ့ထံ ကိုယ်ဝန်လွယ်ထားရပြီဆိုသည့် သတင်းရောက်လာတော့ စစ်ထူရှန့်ယွီ ထိုနေ့တစ်နေ့လုံး ပြိုလဲကျလုနီးပါးထိ ပြင်းထန်သည့်လေ့ကျင့်မှုကို လေ့ကျင့်ကွင်းထဲတွင် ကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
"ကြင်ယာတော်နှစ်ဦး၊ ရင်သွေးတော်နှစ်ဦးဆိုတော့ အရှင့်သား ပျော်နေပြီလား..."
တစ်လပြီးတစ်လ ကုန်ဆုံးသွားခဲ့သည်နှင့် စစ်သည်တော်သစ်များ၏ စွမ်းရည်က တရိပ်ရိပ်တက်လာခဲ့သည်။ ပြင်းထန်သည့်လေ့ကျင့်မှုစသည့် ပထမသုံးလတွင် ထွက်ပြေးချင်သူများ ရှိခဲ့ပေမယ့် စစ်ထူရှန့်ယွီ ၏ တင်းကျပ်သော လုံခြုံရေးစနစ်ကြောင့် အားလုံးကို ပြန်မိကာ သေလုမျောပါး ငရဲတွင်နှိပ်စက်ခံရသလို ဆက်လက် လေ့ကျင့်ရသည်။
ပထမ ငရဲခံရသည့် ၃ လကို လွန်မြောက်လာတော့ စစ်သည်တော်သစ်များ၏ စိတ်အာရုံ တစ်ခုလုံး လေ့ကျင့်မှုကလွဲပြီး ဘာမှ မကျန်ရှိတော့ပေ။ ချစ်သူ၊ ဆွေမျိုး၊ မိဘ၊ ဇာတိ အားလုံးကို မေ့လျော့ကာ ဓားခုတ်၊ လှံထိုး၊ မြင်းစီး၊ နပန်းသတ် စသည့်ပညာများကြား တစ်နေ့တနေ့ အိပ်ချိန်မှလွဲပြီး လေ့ကျင့်နေသည်ကို ကျင့်သားရလာသည်။ ငါး လ ပြည့်ပြီးချိန်တွင် စစ်ရေးပညာဆိုလို့ ဘာမှမသိသည့်လူငယ်များသည် တိုက်ခိုက်ခြင်း ပညာကို စာတွေ့ရော လက်တွေ့ပါ ကျွမ်းကျင်လို့နေပြီ။ သူတို့၏စိတ်ဓာတ်များမှာ မီးဖုတ်ပြီး အကြိမ်ကြိမ်ထုနှက်ခံရသည့် ဓားတစ်စင်းလို ထက်မြိကာ တိုက်ပွဲကို ဆာလောင်လို့နေပြီ။
ဒီစစ်သည်တော်များ၏ခေါင်းဆောင် စစ်ထူရှန့်ယွီကတော့ နတ်ဘီလူးကြီးနှယ် အသားတို့နေလောင်ကာ ကြေးနီရောင်တောက်ပြီး ကိုယ်ခန္ဓာလည်း ပိုမိုကြံ့ခိုင်ပြီး သံမဏိလူသားလို ဖြစ်လာခဲ့လေပြီ။
စစ်ထူရှန့်ယွီက တထန်မင်းကြီးထံအခစားဝင်ပြီး ဒီစစ်တပ်ကို ကိုယ်တိုင်ကြီးကြပ်ဖို့ ခွင့်တောင်းပြီး လေ့ကျင့်ရေးစခန်းတွင်သာနေသဖြင့် ကြင်ယာတော်မင်းသမီး ချင်းကျယ်ထျန်း က ပထမ မကျေနပ်သော်လည်း ထိုကြောက်စရာ စစ်သည်တော်အုပ်စုကို မိမိ ခင်ပွန်းက အုပ်ချုပ်ခွင့်ရလျှင် တထန်ပြည် ၏ အရေးပါသည့်နေရာကို ရမည်ဟု ဦးရီးတော်များက နားချသဖြင့် နောက်ပိုင်း ကြည်ဖြူစွာခွင့်ပြုထားလိုက်သည်။
မိမိတို့မျိုးရိုးကို အလုပ်ကျွေးပြုမည့် နွားက ကောင်းကောင်းရုန်းကာ လေ့ကျင့်နေသည်ဟု တွေးကာ တနေ့တခြား ပူလာသည့် ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ကျေနပ်စွာ ပြုံးနေမိသည်။
စစ်ထူရှန့်ယွီ ၏ လူသစ်ဖြင့် ဖွဲ့စည်းထားသော တထန် တပ်တော်ကြီး ခြောက်လ တင်းတင်းပြည့်သည်နှင့် လေ့ကျင့်ရေးစခန်းမှထွက်ကာ မင်းကြီးရှေ့တွင် စစ်ရေးပြကာ အရိုအသေ ပြုကြရသည်။ တထန်မင်းကြီး နှင့် အိမ်ရှေ့စံမင်းသား ချင်းရှီဟွမ် က စင်မြင့်ထက်မှနေပြီး စစ်ထူရှန့်ယွီ ဦးဆောင်သည့် တပ်တော်ကြီး၏ စွမ်းရည်ပြပွဲကို ကြည့်ကာ အားရကျေနပ်လို့နေသည်။
ထိုတပ်သားသစ်များ၏စွမ်းရည်က ၆လတာ လေ့ကျင့်ထားသူလို့ မထင်ရလောက်အောင် ကြံ့ခိုင်ကာ တိုက်ရည်ခိုက်ရည်ကောင်းလှသဖြင့် ထိုပွဲပြီးသည်နှင့် တချို့အမတ်ကြီးများက စိုးရိမ်လာပြီး အိမ်ရှေ့စံ လက်အောက်တွင် ထိုတပ်တော်ကိုလွှဲယူဖို့ လျှောက်တင်ကြသည်။
"စစ်ထူရှန့်ယွီက ကိုယ်တော့်ရဲ့သားမက်တော်ဖြစ်ပြီး သက်တော်ရှည်အမတ်ချုပ်ကြီး စစ်ထူချုံးမင်ရဲ့ သားတော်ဖြစ်တယ်.. အမတ်ကြီးတို့ ဘာကို စိုးရိမ်ကြောင့်ကြနေ ကြတာတုန်း.."
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်.. လူရဲ့စိတ်က အာဏာနဲ့တွေ့ရင် ပြောင်းလဲသွားနိုင်လို့ ကျွန်တော်မျိုးရဲ့အကြံပြုချက်ကို လက်ခံတော်မူပါဘုရား.. စစ်ထူရှန့်ယွီကသာ လောဘတက်လာပြီး အရှင့်သားရဲ့နေရာကို ရချင်လာရင် ပြည်တွင်းစစ်မီး ဖြစ်ရမှာ စိုးရွံ့မိကြောင်းပါဘုရား.."
"တော်တော့... လက်ယာအမတ်ကြီး.. မောင်မင်းက ကိုယ်တော့်ရဲ့ညီတော်မဟုတ်ရင် ကိုယ်တော် မောင်မင်းရဲ့တင်လျှောက်မှုကြောင့် အပြစ်ဒဏ်ချပြီးလောက်ပြီ.. ကိုယ့်မိသားစုကိုတောင် မယုံကြည်ဘူးဆိုရင် ဘယ်သူ့ကို သွားယုံကြည်ရမှာလဲ.. တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု မရှိတဲ့ တိုင်းပြည်က ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။ အမတ်ချုပ်ကြီးက ကိုယ်တော့်ပေါ်ကို အကြွင်းမဲ့သစ္စာရှိခဲ့တာပဲ.. ဒီစကားကို ဒီမှာ တင်ရပ်တော့.."
မင်းကြီးကို လျှောက်တင်လို့မရတော့ လက်ယာအမတ်ကြီးက နောက်ဆုံး မိမိ ရထားသည့် အတွင်း သတင်းကို တင်လျှောက်လိုက်တော့သည်။
"အရှင်မင်းကြီးကို လျှောက်တင်ပါရစေ.. စစ်ထူရှန့်ယွီက အမတ်ချုပ်ကြီး စစ်ထူချုံးမင်ရဲ့တူတော်မောင် မဟုတ်ဘဲ.. လွန်ခဲ့တဲ့ရှစ်နှစ်က လုပ်ကြံမှုကနေ လွတ်ထွက်သွားတဲ့ ကလေး ဖြစ်ကြောင်းပါ.."
ထိုစကားကြောင့် တထန်မင်းကြီး၏မျက်နှာ ဖြူရော်သွားပြီး နံဘေးက သလွန်ကိုဆုပ်ကိုင်ရင်း နဖူးမှသွေးကြောများ ထောင်ထလာခဲ့သည်။
"မောင်မင်း... ဘာပြောလိုက်တယ်.. ဟိုကလေးက ပွဲချင်းပြီး သေသွားတယ် မဟုတ်ဘူးလား.."
"ကျွန်တော်မျိုးကို ခွင့်လွှတ်တော်မူပါ အရှင်.. ကျွန်တော်မျိုးက ဒီလူငယ်လေးကို စစ်ထူရှန့်ယွီ ဆိုတဲ့နာမည် ပြန်ပေးကတည်းက သံသယဝင်လို့ သူ မွေးဖွား ကြီးပြင်းလာတဲ့နေရာအထိ အချိန်ယူပြီး စုံစမ်းခဲ့ကြောင်းပါ.. ကံကောင်းထောက်မပြီး စစ်ထူရှန့်ယွီကို ငယ်စဉ်ကတည်းက နို့ထိန်းလုပ်ခဲ့တဲ့မိန်းမကို ဖမ်းဆီးရမိပြီး အကြောင်းစုံ သိခဲ့ရကြောင်းပါ.. ဒီအကြောင်းအရာအစုံကို မှတ်တမ်းတင်ထားတဲ့ စာလွှာတွေပါ.."
လက်ယာအမတ်ကြီးက သက်သေအပြည့်အစုံနှင့် စစ်ထူရှန့်ယွီ အကြောင်း စုံစမ်းရသမျှကို မင်းကြီးထံ တင်ပြလိုက်တော့သည်။
"ဒါ.. မဖြစ်နိုင်ဘူး.."
"ဒီဟာက အမှန်တရားတွေပါ အရှင်မင်းကြီး.. အမတ်ချုပ်ကြီးက သူ့သားအရင်းကို အခြားကလေးနဲ့ လူစားထိုးပြီး လှည့်စားခဲ့ကြောင်းပါ.."
"မဖြစ်နိုင်ဘူး.. အမတ်ချုပ်ကြီးက ဒီအကြောင်းတွေသိလျက်နဲ့ ငြိမ်နေနိုင်ပါ့မလား.. ကိုယ်တော်က သူ့သားတော်လေးကို လုပ်ကြံဖို့ကြိုးစားတာသိရင် သူ.. ကိုယ်တော်တို့ကို ပုန်ကန်ဖို့ကြိုးစားမှာပေါ့.."
တထန် မင်းကြီးက ပြောရင်း မျက်နှာပျက်သွားခဲ့သည်။ သူ့ကို တောက်လျှောက် အမှုထမ်းခဲ့သည့် လူယုံတော် အမတ်ချုပ်ကြီးရဲ့ သားကိုပင် သူက လုပ်ကြံခဲ့မိသည်ကိုး... ဒါကို သူတို့သာ သိလျှင်... အခု စစ်ထူရှန့်ယွီ ရဲ့ လက်ထဲ အင်အားကြီးသည့် စစ်တပ် အာဏာကို ပိုင်ဆိုင်ထားပုံနှင့်ဆိုလျှင် တထန်ပြည်က သေချာပေါက် သူတို့လက်ထဲ အလွယ်တကူ သက်ဆင်းသွားရလိမ့်မည်။ ဒါဆိုရင် မိမိ သေချာစောင့်ရှောက်ကာကွယ် ပေးခဲ့သည့် သားတော် ချင်းရှီဟွမ်က ဘာဖြစ်သွားမလဲ...
"အမတ်ချုပ်ကြီးက ဟိုးအရင်ကတည်းက ကြိုတင်ပြင်ဆင်ထားတာပဲ။ သူက ကလေးကို ငယ်ငယ်လေးကတည်းက လူစားထိုးထားတယ်။ ဒါကြောင့် အယောင်ဆောင်ကလေး အသတ်ခံရတော့ သူ ဘယ်လိုမှအမူအယာမပျက်တာကိုး.. ဒါပေမယ့် သူ့သားအရင်းကို နန်းတော်ထဲသွင်းပြီး သားတော်လေးနားကို စနစ်တကျ ထားရှိခဲ့တယ်.. ဒါဆို နတ်မင်းကြီးကျိန်စာက သားတော်အပေါ်ကို ပိုသက်ရောက်လာမှာပေါ့.. ကျိန်စာအကြောင်း... အမတ်ကြီး သိနေပြီးသားဖြစ်လို့ သူ့သားအရင်းကို အစားထိုးခဲ့တာပဲ.."
တထန်မင်းကြီးက ထိုအကြောင်း တစ်စစီတွေးရင်း နောက်ဆုံး အမတ်ချုပ်ကြီး လုပ်ထားသည့် အစီစဉ်ကို ရိပ်စားမိကာ သားတော်ရဲ့ အသက်ဘေးအတွက် စိုးရိမ်သည့်စိတ်တို့ ဒီရေလို မြင့်တက်လာကာ တုန်ယင်စွာ ထရပ်လိုက်သည်။
"သားတော်.. သားတော်ကို.. ခေါ်.. စေ.."
တထန်မင်းကြီး၏ကျန်းမာရေးက ပိုမိုအားနည်းလာသည့်အထဲ စိတ်လှုပ်ရှားမှုကြောင့် စကားမဆုံးခင် လဲကျသွားတော့သည်။
"မင်းကြီး.. အရှင်မင်းကြီး.."
"အရှင်မင်းကြီး သတိမေ့သွားလို့ အပါးတော်မြဲကြီး.. သမားတော် အမြန်ခေါ်ကြ.."
မင်းတရား၏နန်းတော်ထဲ ရှုပ်ယှက်ခတ်နေခိုက် လက်ယာအမတ်ကြီးက လူလွှတ်ကာ ချင်းကျယ်ထျန်း နှင့် မိဖုရားခေါင်ကြီးထံ သတင်းပို့လိုက်သည်။
"အကြံအစည် အောင်မြင်ပြီ.. မင်းတရားကြီး အားလုံးသိသွားပြီ.."
ချင်းကျယ်ထျန်း သည် နေ့စေ့လစေ့ကိုယ်ဝန်ကို လက်နှင့်အသာထိန်းကာ စာကိုဖတ်ပြီး မီးရှို့လိုက်သည်။
"မယ်မယ်.. ခမည်းတော်ရဲ့အဆောင်ကို သွားလိုက်ပါ.. အခြေအနေကို ထိန်းဖို့လိုတယ်.. တကယ်လို့ ခမည်းတော်သတိရလာရင် မောင်မောင့်ကို စိတ်လိုက်မာန်ပါ တစ်ခုခုလုပ်မှာ စိုးရတယ်.."
"သမီးတော်ရဲ့ခမည်းတော် သတိရလာရင်တောင် နလန်ထူဖို့ မလွယ်တော့ပါဘူး.. ဘာကြောင့်လဲဆိုတော့ သူက မီးစာကုန် ဆီခန်းနေပြီ.."
မိဖုရားကြီးက ခပ်အေးအေးပြောကာ မင်းကြီး၏အဆောင်ကို ရံရွှေတော်များနှင့် ကြွချီလာခဲ့သည်။
"မိဖုရားခေါင်ကြီး ကြွချီလာပါပြီ.."
အပါးတော်မြဲ၏ ကြေငြာသံအဆုံး လူစုကြီးက ရှဲသွားသည်။
"မောင်တော် ဘာကြောင့် မူးလဲသွားတာလဲ သမားတော်ကြီး..မောင်မင်းတို့ မောင်တော်မင်းကြီးရဲ့ ကျန်းမာရေးကို သေချာမစောင့်ရှောက်ဘူးလား။ ဇက်ကောင်းလို့ ဓါးတောင်းနေကြတာလား..."
မိဖုရားခေါင်ကြီးက အမျက်ပြင်းစွာ ထွက်ဟန်ဖြင့် သမားတော်အုပ်စုကို ဆူပူကြိမ်းမောင်းကာ အာဏာပြတော့သည်။
"မင်းတရားကြီးက ခွန်အားယုတ်လျော့လွန်းနေချိန် စစ်ရေးပြပွဲနဲ့ ကန်တော့ခံ အခမ်းအနားကို တက်ရောက်ခဲ့လို့ ခံနိုင်ရည်မရှိတော့တာပါ.. ကျွန်တော်မျိုး မင်းတရားကြီးကို ခွန်အားဖြည့်ဆေး တိုက်ထားပြီးပါပြီ အရှင်မိဖုရားခေါင် သခင်မ ဘုရား.."
မိဖုရားခေါင်ကြီးက ဟန်ဆောင် မျက်ရည်ကို ညစ်ထုတ်ကာ မင်းကြီး၏နံဘေးထိုင်ရင်း ကြင်နာစွာဖြင့် လက်များကိုဆုပ်နယ်နေသည်ကိုတွေ့တော့ နန်းတွင်းအမှုထမ်းများက မိဖုရားကြီးနှင့်မင်းကြီးတို့ သိပ်ချစ်ကြသည်ဟု တွေးနေကြစဉ် အပါးတော်မြဲကြီးသာ မိဖုရားခေါင်ကြီး ဟန်ဆောင်နေသည်ကိုသိပြီး ရင်ထဲမှ ကဲ့ရဲ့လိုက်သည်။
"အိမ်ရှေ့စံကိုယ်တော်လေး ကြွချီလာပါပြီ.."
"ခမည်းတော်အခြေအနေ ဘယ်လိုလဲ သမားတော်ကြီး.."
ချင်းရှီဟွမ် က မိဖုရားခေါင်ကို အရိုအသေပေးကာ သမားတော်ကြီးကို တိုက်ရိုက်မေး လိုက်သည်။ သမားတော်ကြီး၏စကားကို ကြားပြီးနောက် အိမ်ရှေ့စံက အပါးတော်မြဲနှင့် တီးတိုးစကားပြောပြီး လက်ယာတော်အမတ်ကြီးကိုခေါ်၍ စာကြည့်ဆောင်ဘက် ထွက်လာခဲ့သည်။
"ဦးရီးတော် အမတ်ကြီး.. ခမည်းတော်ကို ဘာသတင်းတွေ လျှောက်တင်လိုက်လို့ ခမည်းတော် ခုလို သတိလစ်လဲကျသွားရတာလဲ.."
"ဒီအကြောင်းအရာတွေကို မင်းတရားကြီး သိရှိသွားလို့ပါ အရှင့်သား.."
လက်ယာတော်အမတ်ကြီးက စာလွှာများကို ထုတ်ပြလိုက်သည်။ ချင်းရှီဟွမ် က ထိုစာလွှာများကိုဖတ်ပြီး မျက်နှာအမူအယာ ပြောင်းလဲသွားခဲ့သည်။
"ဘာကြောင့် ကျွန်တော့်ကိုအရင်မပြဘဲ ခမည်းတော်ကို တိုက်ရိုက်တင်ပြလိုက်ရတာလဲ ဦးရီးတော်.."
ချင်းရှီဟွမ် က စာလွှာကိုချကာ လိုရင်းကိုမေးလိုက်သည်။ ဒီစာလွှာထဲက အကြောင်း အရာက ခမည်းတော်မူးမေ့သွားသည်အထိ ပြင်းထန်ပုံအရ မိမိ မသိသေးသည့် အကြောင်းအရာနှင့် ပတ်သက်နေပုံရသည်။
"ကျွန်တော်မျိုးလည်း ဒီတပ်တော်ကြီးကို စစ်ထူရှန့်ယွီ လက်အောက်မှာ ထားရတာ စိတ်မချလို့ လျှောက်တင်ရင်း တလက်စတည်း ဒီစာလွှာကို တင်ပြမိတာပါ.. အရှင်မင်းကြီး ခုလို ဖြစ်သွားမယ်လို့ မထင်ထားလို့ပါ အရှင့်သား.. ကျွန်တော်မျိုးကို ခွင့်လွှတ်တော်မူပါ.."
ချင်းရှီဟွမ် သည် ဒူးထောက်ကာတောင်းပန်နေသည့် ဦးရီးတော်ကိုစိုက်ကြည့်ကာ အတွေးနက်နေမိသည်။ နန်းတွင်းထဲကကိစ္စက အပေါ်ယံကြည့်လို့ မရသလို ဘယ်သူက ကိုယ့်လူဆိုတာ ပြောရခက်လှသည်။ လက်ယာတော်အမတ်ကြီးက မိမိဦးရီးတော် တော်စပ်သော်လည်း မိဖုရားခေါင်ကြီးနှင့် တရင်းတနှီးရှိသူဖြစ်ကြောင်း လျှို့ဝှက် အထောက်တော် တွေဆီက သတင်းရထားသည်။
ဒါဆို ခမည်းတော်ရဲ့ကျန်းမာရေးအခြေအနေကို သိလျက်နှင့် တမင်ဒီအကြောင်းအရာကို တင်လျှောက်ရခြင်းက တစ်စုံတစ်ဦး၏ ညွှန်ကြားချက်ကြောင့် ဖြစ်ရမည်ဆိုတာ ထင်ရှားနေ သည်။
'မင်းပြောင်းမင်းလွှဲ' မှ အမတ်ကြီးက အကျိုးအမြတ်ရယူဖို့ ကြိုးစားနေပုံရသည်။
"ကျွန်တော်မျိုးက အရှင်မင်းကြီးနဲ့ တူတော်မင်းသားဆီမှာ သစ္စာခံယူထားပြီးသားပါ.. တစ်ချိန်က ထွက်ပြေးလွတ်မြောက်သွားတဲ့ မီးကြွင်းမီးကျန်က တထန်ပြည် ထီးနန်းကို အတွင်းမှလောင်မြိုက်မှာကို စိုးရိမ်လို့ ကျွန်တော်မျိုး စိတ်လောကြီးပြီး တင်လျှောက်လိုက်မိ ကြောင်းပါ.. အရှင့်သား ဂရုဏာထားပြီး ခွင့်လွှတ်ပေးတော်မူပါ.."
လက်ယာတော်အမတ်ကြီးက ကြမ်းပြင်ပေါ် နဖူးနှင့်တိုက်ကာ အကျိုးသင့်အကြောင်းသင့် လျှောက်ထားကာ တောင်းပန်လျက်ရှိသည်။
ချင်းရှီဟွမ် သည် အကြံစည်ကြီးမားလှသည့် ဦးရီးတော် လက်ယာအမတ်ကြီးကို စိုက်ကြည့်ကာ ငြင်သာစွာပြောလိုက်သည်။
=============*==============
YOU ARE READING
Historical FictionBoth zawgyi and Unicode font Historical fiction