Chapter (35) - သူစိမ်းအသွင်

1K 83 3
                                    

Chapter (35) - သူစိမ်းအသွင်


ချင်းရှီဟွမ်သည် လက်ထပ်ပြီး 10 ရက်ခန့် နန်းတော်နှင့် အိမ်တော်သာ ကူးနေပြီး ကြင်ယာတော်များကို လျစ်လျူရှုမိသလိုဖြစ်နေသောကြောင့် လေညှင်းခံထွက်ရန် ခေါ်ဆောင်လာခဲ့သည်။ လာခဲ့သည့် နေရာကား ဆင်ကျုံးတည်ဆောက်သည့် မြို့တောင်ဘက်ဖျား နေရာဖြစ်သည်။ ထိုနေရာကိုရောက်ရန် စည်ကားသည့် မြို့လည်ကို ကျော်ဖြတ်ကာ လာခဲ့ရသည်။

ထိုနေရာကို တာဝန်ယူရသည့် အမတ်မင်းက အိမ်ရှေ့မင်းသားနှင့် ကြင်ယာတော်နှစ်ပါးပါဝင်သည့် ရထားလုံး ရောက်လာသောအခါ အရိုသေပေးရင်း နူတ်ဆက်လိုက်သည်။

" အရှင့်သားတို့ လေညှင်းခံထွက်တော်မူလာတာလား ဘုရား... "

" ဟုတ်တယ် အမတ်မင်းတို့။ ကိုယ်တော့် ကြင်ယာတော်တွေကို ရှုခင်းတွေ လှည့်လည်ပြသရင်း ပြည်သူတွေရဲ့ ဘဝကို လက်တွေ့သိမြင်အောင် ပြသပေးနေတာ... "

"  ကြင်ယာတော် နှစ်ပါးကို အရိုသေပြုပါတယ်... "

" ထတော်မူပါ ဘဘတို့... "
 
အမတ်ကြီးနှင့် လက်ထောက်များက ကြင်ယာတော်နှစ်ပါး ကို အရိုသေပေး လိုက်ကြသည်။ ကြင်ယာတော်များက ဖခင်အရွယ် အမတ်ကြီးများကို ထူမပေးကာ ပြောလိုက်သည်။ တကယ်ဆိုလျှင် အိမ်ရှေ့စံ၏ကြင်ယာတော်အနေဖြင့် ထိုအထိ လုပ်လေ့မရှိသော်လည်း အိမ်ရှေ့စံက ဝင့်ဝါသည့် အနေအထိုင်ကို မနှစ်သက် သည်ကို သိထားသောကြောင့် သူမတို့က ယခုလို ထူမပေးနေ ကြခြင်းဖြစ်သည်။

" သခင်မတို့ နှစ်ပါးကို အဖော်ပြုဖို့ ကျွန်တော်မျိုးရဲ့သမီးကို လွှတ်ပေးပါရစေ.... အရှင့်သား ခွင့်ပြုပေးတော်မူပါ... "

တာဝန်ကျ အမတ်ကြီးက သမီးချောကို ပွဲထုတ်ရန် အိမ်ရှေ့စံကို ခွင့်တောင်း လိုက်သည်။ ချင်းရှီဟွမ်သည်လည်း အခြားအရေးများ တိုင်ပင်လိုသောကြောင့် ကြင်ယာတော် နှစ်ပါးကို အမတ်ကြီးသမီးက ကြိုတင်ရောက်ကာ အဖော်ပြုပေးမည် ဆိုတော့ လက်ခံလိုက်သည်။


" ကောင်းပြီ.. "

"  သမီးရေ...အိမ်ရှေ့စံ ကြင်ယာတော် သခင်မ နှစ်ပါးကို အရိုသေပေးလိုက်ပါဦး။ ပြီးရင် သခင်မတို့ကို ဒီနားတဝိုက်အကြောင်း ရှင်းပြရင်း လှည့်လည်ပြသပေး ပါဦးကွယ် "

" မှန်လှပါ ဖေဖုရား... "

သွက်လက်သော မိန်းမလှလေး တစ်ဦးက ထွက်လာပြီး အရိုသေပေးကာ နူတ်ဆက်လိုက်သည်။ အမတ်ကြီးသမီး၏မျက်ဝန်းအကြည့်များက အရှင့်သား ထံတွင်သာ ဝဲနေသည်ကို ကြင်ယာတော်နှစ်ပါး မြင်သော်လည်း ဘာမှ ပြောခွင့်မ ရှိပေ။ အိမ်ရှေ့စံက နောက်ထပ် ကြင်ယာအများကြီး လက်ထပ်နိုင်သေးသည်ကို မိမိတို့ ကြိုတင်တွက်ထားကြသည်။ ယခု အမတ်ကြီးသမီးက မိမိတို့ မောင်းမေ ဆာင်ထဲ ဝင်လာကောင်း ဝင်ရောက်လာနိုင်သည်။

"အရှင့်သားနဲ့ သခင်မတို့ကို ကျွန်တော်မျိုးမ ရှန့်ကွမ်းဝူကြည် အရိုသေပေးပါတယ် "

" အမတ်ကြီးရဲ့သမီးက မိန်းမချောလေးပေပဲ... ထပါ..ထပါ... နန်းပြင်ဘက်မှာ ပုံမှန်ပဲနေပါ၊ အစဉ်လာအတိုင်း အရိုသေ မပေးပါနဲ့... "

ချင်းရှီဟွမ်က ထိုမိန်းကလေးကို ဖော်ရွေစွာနူတ်ဆက်ကာ ပြောလိုက်သည်။ ချောမောလှပလွန်းသည့် အရှင့်သားကို အနီးကပ်မြင်လိုက်မိစဉ် ရှန့်ကွမ်းဝူကြည်၏ မျက်နှာက ရှက်သွေးဖြန်းလို့ သွားသည်။ အရှင့်သား၏ ကြင်ယာတော်ဖြစ်ရလျှင် သေပျော်ပြီဟု တွေးနေမိသည်။ ဒါပေမယ့် အရှင့်သားက လက်ဟန်ပြကာ သွားခွင့်ပေးလိုက်သောကြောင့် မတတ်သာပဲ ကြင်ယာတော်နှစ်ပါးကို လမ်းပြကာ ဟိုဟိုသည်သည်လိုက်ပြရင်း အဖော်ပြုပေးရသည်။

ကြင်ယာတော်နှစ်ပါးကို ကြည့်ရတာ လန်းဆန်းနေပြီး သင့်မြတ်ပုံလည်း ရသဖြင့် အရှင့်သားက ညီတူမျှတူ အခွင့်ရေးပေးမည်ဟု တွက်လိုက်သည်။ သူမတို့ကို သေချာအကဲခတ်ကြည့်သော ချစ်အရိပ်ယောင်များကို မတွေ့ရသဖြင့် အားတက်သွားသည်။ အရှင့်သားက နိုင်ငံရေးအရ လက်ထပ်ထားသဖြင့် ထိုကြင်ယာတော်နှစ်ပါးကို ချစ်မည့်ပုံ မပေါ်ဟုတွက်ကာ တစ်ယောက်တည်း တွေးကာ ပျော်နေမိသည်။

ရှန့်ကွမ်းဝူကြည် ဘာတွေတွေးနေသလဲဆိုတာ ချင်းရှီဟွမ် မသိတော့ပေ။ သူက အမတ်ကြီးနှင့် လတ်တလောထူးခြားသည့် သတင်းများကို သေချာအောင် မေးလိုက်သည်။

" ဒီတစ်လော ဘာတွေထူးခြားမှု ရှိသလဲ အမတ်ကြီး...  "

" မင်းတရားကြီးက ဆင်ကျုံးကို မြို့ထဲကို ထားရှိတဲ့အတွက် ပြည်သူတွေ မကျေမနပ်ဖြစ်နေကြောင်းပါ။ 'အ'မင်္ဂလာဖြစ်တယ်လို့ အယူသည်းတဲ့လူတွေ ရှိနေပါတယ်... ပြီးတော့ မြို့ရိုးတလျှောက် ပျိုနီပင် စိုက်ထားတာနဲ့ပတ်သတ်ပြီး ပျိုနီပွင့်ချိန် ပြည်ပျက်ချိန်ဆိုပြီး တဘောင်စကားလည်း လူတွေကြား ပျံ့နှံ့လို့ လူတွေ အထိတ်တလန့်ဖြစ် နေပါတယ် အရှင့်သား... "

"  ဒီသတင်းကို ဘယ်သူလွှင့်တယ်ဆိုတာ စုံစမ်းပါ...လက်သည်ကို တွေ့ရင် မဖမ်းပဲ အသာလေး နောက်က လိုက်ကြည့်ပါ။ တရားခံ စစ်စစ်ကို တွေ့တဲ့အထိ လိုက်ပါ..."

" မှန်လှပါ....အရှင့်သား... "

အမတ်ကြီးသည့် လက်ထပ်ပြီး ဆယ်ရက်လုံးလုံးညီလာခံတက်ပြီး တိုင်းပြည်ရေးကို ဆောင်ရွက်နေသည့် မင်းသားကို ကြည့်ကာ သူ့ကြင်ယာတော်များ အစား ရင်လေး သွားမိသည်။ ရှန့်ကွမ်းဝူကြည် ကို အရှင့်သား တစ်ချက်လေးတောင် ငဲ့စောင်းမကြည့်သဖြင့်နောက်တခါ ပိုလှသည့် သမီးငယ်ကို ခေါ်လာမည်ဟု တေးထားလိုက်သည်။

ချင်းရှီဟွမ်သည် အမတ်ကြီးများနှင့် စကားပြောပြီး ဟိုဟိုသည်သည် လှည့်လည်စစ်ဆေးကာ ကြင်ယာတော်နှစ်ပါးနှင့် အတူပြန်လာခဲ့သည်။ အပြန်တွင် ကြင်ယာတော်နှစ်ပါးကို မေးမြန်းလိုက်သည်။

" ကြင်ယာတော်နှစ်ပါးတို့ ခုလို အပြင်ကို လေ့လာရေးထွက်ရတာ သဘောကျ ရဲ့လား...  "

" သဘောကျပါတယ် အရှင်... ကျွန်တော်မျိုးမတို့ သာမန်ပြည်သူတွေရဲ့ နေ့စဉ် လှုပ်ရှားမှုကို သိရှိရပြီး သူတို့အမြင် အတွေးကို ခံစားနားလည်ဖို့ ပိုလွယ်လာ ပါတယ်... "

ဝေ့ပြည်မင်းသမီးက  လျှောက်တင်လိုက်သဖြင့် ချင်းရှီဟွမ် အကြံရကာ သူမတို့ကို မေးလိုက်သည်။

" ကောင်းပြီ။ ဒါဆို နှမတော်ဝေ့ရှောင်ချိန် အရင်ပြောကြည့်ပါဦး။ ကနေ့ မြင်ရကြားရသမျှထဲက ကြင်ယာတော် တစ်ပါး အနေနဲ့ ပြည်သူတွေအတွက် အကျိုးရှိအောင် ဘာတွေ လုပ်ပေးသင့်တယ်ထင်သလဲ... "

" မှန်လှပါ အရှင့်သား... ကျွန်တော်မျိုးမ မြင်တွေ့ရသလောက် ဆိုရင် မြို့တော်ထဲက ပြည်သူတွေအတွက် အမှိုက်စွန့်ပြစ်ခြင်းစနစ်က အားနည်း နေပါတယ်။ လမ်းမကြီးတလျှောက်က အိမ်တော်တွေက သန့်ရှင်းသပ်ရပ်ပေမယ့် လမ်းသွယ်တွေနဲ့ မြို့ရိုးဘက်တဝိုက်က အိမ်တွေက အမှိုက်သရိုက်တို့နဲ့ ရှုပ်လို့နေပါတယ်။ ဒီအမှိုက်တွေကို စနစ်တကျ တစ်နေရာမှာ စုပုံထားပြီးရင် လယ်ယာတွေမှာ မြေသြဇာအဖြစ် ပြန်သုံးလို့ရပါတယ်။ ကျွန်တော်မတို့ ဝေ့ပြည်မှာ အမှိုက်ကနေ လယ်ယာအတွက် မြေဆီဖြစ်အောင် လုပ်ပြီး သီးနှံအထွက်တိုး အောင် လုပ်လေ့ရှိပါတယ် အရှင်.... "

ထင်မှတ်မထားမိအောင်ကို ဝေ့ရှောင်ချိန်ထံမှ အမှိုက်ပြသနာကို ဖြေရှင်းနည်းရ လိုက်လို့ ချင်းရှီဟွမ်ကျေနပ်သွားပြီး စစ်ထူဖေးယန်ကို မေးလိုက်ပြန်သည်။ သူမကို တွေ့တိုင်း သူမအကိုကို သတိရနေမိသဖြင့် ချင်းရှီဟွမ် သက်ပြင်းကို ခိုးချလိုက်မိသည်။

မိမိနှင့် စကားများပြီးကတည်းက တိတိကျကျပြောလျှင် ကြင်ယာတော်နှစ်ပါးနှင့် အိပ်ဆောင်ဝင်ပြီးကတည်းက သူက မိမိကို လုံးဝရှောင်နေတော့သည်။ မိမိလည်း ခမည်းတော်ကို ကျေးဇူးဆပ်ရန်ရှိသေးသဖြင့် သူ့ကို လျစ်လျူရှုထား လိုက်ရတော့သည်။

"  ကောင်းတယ်။ ကြင်ယာတော်ဝေ့ ရဲ့အကြံက သင့်မြတ်ပါပေတယ်။ စစ်ထူဖေးယန်က ဘာတွေကို သတိပြုမိပြီး အကြံပေးချင်သေးလဲ... "

" ကျွန်တော်မျိုးမက လက်တလောက ကြားသိရတဲ့ ပြည်သူတွေရဲ့ အကြောက်တရားကို အခြေခံတဲ့ ကောလဟာလနဲ့ပတ်သတ်ပြီး တန်ပြန် လှည့်ကွက်လေး တစ်ခုလုပ်ချင်ပါတယ်... "

" စစ်ထူဖေးယန်လည်း ဒီကောလဟာလကို ကြားခဲ့တာလား...  ကဲ ပြောပါဦး။ ကောလဟာလကို ဘာကြောင့် ပျောက်အောင် လုပ်ချင်တာလဲ..."

" တိုင်းပြည်တစ်ခုမှာ ကောလဟာလဆိုတာ အလကား သက်သက်ပေါ် မလာ ပါဘူး။ လူတစ်ယောက်က တမင်ရည်ရွယ်ပြီး ဖြန့်လို့တဲ့အခါ၊ ပညာရှိတဦးရဲ့ နူတ်ထွက်စကား အတိတ်တဘောင်ဆိုတာ ပေါ်လာပါတယ်။ ဒါက ပြည်သူ အကြားမှာ သတင်းတစ်ခုအနေနဲ့ ပျံ့နှံ့လာပါတယ်။ ဒီလို ကောလဟာလ မှာ ကောင်းကျိုးလည်း ရှိသလို ဆိုးကျိုးလည်းရှိပါတယ်။ ကျွန်တော်မရဲ့ ဖခမည်းတော် ပြောစကားအရ... လူတွေရဲ့ အကြောက်တရားကို နှိုးဆွပြီး ဖြန့်လိုက်တဲ့ သတင်းက စည်းလုံးမှုကို ပျက်ပြားစေတဲ့ အဓိက အချက်တွေလို့ ကြားဖူးပါတယ်။ ဒါကြောင့် ခု သတင်းထွက်နေတဲ့ ပျိုနီပင် တဘောင်နဲ့ပတ်သတ်ပြီး ဒီစကားကို ပျောက်စေမယ့် အချက်ကို တွေးမိပါတယ်... "

အမတ်ချုပ်ကြီး သမီး ပီသပါပေသည်ဟု တွေးကာ ချင်းရှီဟွမ် ဆက်ပြောခွင့်ပေး လိုက်သည်။

"  အင်း...ပြောပါဦး...ကြင်ယာတော်စစ်ထူ ပြောတာ စိတ်ဝင်စားဖို့ ကောင်းလှတယ်... "

" နန်းမြို့တော်မှာ ပျိုနီနဲ့ပတ်သတ်တဲ့ ပြိုင်ပွဲကို လုပ်ဆောင်ပြီး ဆုတော်ငွေချရင် လူတွေရဲ့အကြောက်တရားက အာရုံလွဲသွားပါလိမ့်မယ်... "

" ပြိုင်ပွဲ..ဟုတ်လား... ဘယ်လိုပွဲမျိုးလဲ ...  "

" ပထမ ပျိုနီပွင့်၊ ပျိုနီပင် အလှအကြောင်းဖွဲ့နွဲ့တဲ့ ကဗျာပြိုင်ပွဲပါ။ ဒုတိယက ပျိုနီနဲ့ ပတ်သတ်ပြီး ဆေးဖက်ဝင်မှုတင်ပြခြင်းနဲ့ ပျိုနီနဲ့ဆက်စပ်တဲ့ ဟင်းချက်ပြိုင်ပွဲကို လုပ်ဆောင်သင့်ပါတယ်။ ဒီလိုလုပ်ရင် ပျိုနီပင်နဲ့ပတ်သတ်ပြီး လူတွေရဲ့ အကြောက် တရားက လျော့ပါးသွားမှာဖြစ်ပြီး ကောလဟာလတွေ သိသိသာသာ လျော့နည်းသွားနိုင်ပါတယ် အရှင့်သား... "

"  ကြင်ယာတော်နှစ်ဦးရဲ့အကြံတွေက သင့်လျော်ပါပေတယ်။ ကိုယ်တော် မနက်ဖြန်ညီလာခံမှာ ခမည်းတော်ဘုရားကို တင်ပြလိုက်ပါ့မယ်... ကဲ... ကိုယ်တော်တို့ အိမ်တော်ကို ပြန်ကြစို့... "

နောက်တနေ့ ညီလာခံတွင် ထိုအကြံကို တင်ပြလိုက်တော့ ခမည်းတော်ထံမှ ချီးကျူးစကားကို ချက်ချင်း ရလိုက်သည်။

"  သားတော်တင်ပြတဲ့ အကြံစည်က တကယ်ကောင်းမွန်တဲ့ အကြံတွေပါပဲ... ဒီအရာတွေကို ဘယ်လိုများ တွေးမိတာလဲ... သားတော်"

" ကြင်ယာတော်နှစ်ပါးဆီက အကြံတွေပါ ခမည်းတော်ဘုရား...  "

ချင်းရှီဟွမ်က ကြင်ယာတော်များအကြောင်းကို တင်လျှောက်တော့ ဆုလာဘ်ချီးမြှင့်ခြင်း ခံလိုက်ရသည်။

" သားတော်ရဲ့ကြင်ယာတော်နှစ်ပါးကို ဆုလာဘ်ချီးမြှင့်စေ။ ပြီးတော့ဒီ ပြိုင်ပွဲကို တာဝန်ယူ ကြီးကြပ်စေ... "

ထိုသတင်းက ညီလာခံတစ်ခုလုံး လှုပ်ခါသွားစေပေမယ့် တစ်ဦးတည်းသောသူကို ကျောက်ရုပ်လိုဖြစ်သွားစေသည်။ သူ့မျက်ဝန်းအကြည့်များက ကြင်ယာတော်များ အကြောင်း တင်လျှောက်နသည့် အရှင့်သားကို ငေးစိုက်ကြည့်ကာ မျက်ဝန်းထဲမှာ လျှို့ဝှက်မီးတောင် ရှိနေသလို ပူပြင်းသည့် အကြည့်များက လူတစ်ယောက်ကို ပြာချပစ်လို့ရသည်။ ချင်းရှီဟွမ်က တမင်ပင် သူရှိရာကို လှည့်မကြည့်ပဲ ညီလာခံစဲ တော့ ထွက်သွားတော့သည်။

ထိုသတင်းကို ကြားတော့ ချင်းကျယ်ထျန်းက မနာလို ဝန်တိုစိတ်တို့ လျှံတက်ကာ မအောင့်နိုင်ပဲ နူတ်မှ ဖွင့်ဟပြောလိုက်မိသည်။

" ဟွန့်... ကလေးက ကလေးနေရာ မနေကြဘူး။ ခမည်းတော် ဘုရားရှေ့မှာ နာမည်ကောင်းဝင်ယူနေကြတယ်။ မောင်မောင့် ညီမတော်က မခေပါလား။   "

သူက ဘာမှမပြောချင်သောကြောင့် ချင်းကျယ်ထျန်းကို အလိုက်သင့်သာ ပြန်ဖြေလိုက်သည်။ စကားလည်းမများချင်ပါ။ သဘောထားသေးသည့် မင်းသမီး ပြောသည်ကို ခွန်းတုန့်ပြန်မည့်အစား ညီလာခံတွင် တွေ့ခဲ့ရသည့် အရှင့်သားကို ပြန်မြင်ယောင်နေချင်သည်။

" ချီးကျူးတာ ကျေးဇူးတင်ပါတယ် ထျန်းထျန်း... "

ချစ်လင်၏ စကားကြောင့် ချင်းကျယ်ထျန်းသတိဝင်လာပြီး စကားသံကိုလျော့ကာ ချိုသာစွာပြောလိုက်သည်။

" မောင်မောင်က ရွဲ့တာလား။ ဒီမင်းသမီးက စစ်ထူဖေးယန်ကို ညီမရင်းလို ချစ်လို့ ပြောတာပါ။ ရွှေနန်းတော်ဆိုတာ ဆင်သိုက်ကျားသိုက်ထက် ဆိုးပါတယ်။ တတ်နိုင်သလောက် သိုသိုဝှက်ဝှက်နေတာ ပိုကောင်းပါတယ်။ ဒါကြောင့် ဒီမင်းသမီးက ပြောမိတာပါ။  "

" မင်းသမိးရဲ့ စေတနာကို မောင်မောင်နားလည်ပါတယ်ကွယ်။ ကဲ..လာ.. မောင်မောင် ထျန်းထျန်းကို ဥယျာဉ်တော်မှာ လေညှင်းခံဖို့ ခေါ်သွားပေးမယ်.. "

သူက ချင်းကျယ်ထျန်းဆက်ပြောမည့်စကားများကို နားမထောင်ချင် သောကြောင့် စကားလွှဲလိုက်သည်။ ထင်သည့်အတိုင်း ချင်းကျယ်ထျန်းက ချက်ချင်း လိုက်ပါ လာတော့သည်။ တိုက်တိုက်ဆိုင်ဆိုင် အိမ်ရှေ့စံနှင့် အမတ်တစ်စုကို ချက်ချင်း တွေ့လိုက်ရလို့ သူ့ရင်ထဲ ငလျင်သေးသေးလေး လှုပ်ခါသွားတော့သည်။


" တိုက်တိုက်ဆိုင်ဆိုင် မောင်တော်အိမ်ရှေ့စံတို့ပါလား။ မောင်မောင် သွားနူတ်ဆက်ရအောင်...  "

ချင်းကျယ်ထျန်းက သူ့ကို ဆွဲခေါ်ကာ နူတ်ဆက်လိုက်သည်။ သူလည်း မလွဲသာပဲ အရိုသေပေးကာ နူတ်ဆက်လိုက်သည်။

" မောင်တော် အိမ်ရှေ့စံ ကျန်းခန့်သာလို့ မာပါစ...  "

" ကျန်းမာပါတယ် အစ်မတော်ဘုရား။ မတွေ့ရတာ ကြာနေပြီပဲ။ အစ်မတော် ခုရက် အဆောင်တော်ချည်းအောင်းနေတာ နေမကောင်းလို့များလားလို့ တွေးနေမိတာ... "

" မောင်မောင်ပေါ့ကွယ်။ သူက အစ်မတော်ရဲ့ကိုယ်ဝန်ကို စိတ်ပူပြီး အပြင်ကို အထွက်မခံပဲ အဆောင်တော်မှာပဲ နားခိုင်းနေတာ... ဟင်း..ဟင်း... မောင်တော်လေး လူလိုနေသေးလား။ မေင်မောင့်ကို လွှတ်ပေးပါ့မယ်။ "

" ရပါတယ် အစ်မတော်။ ယောက်ဖတော်လည်း စစ်ပွဲကြောင့် ပင်ပန်းတာများပြီ။ အစ်မတော်ဘေး ရှားရှားပါးပါး နေခွင့်ရချိန်လေး မနှောက်ယှက်တော့ပါဘူး။ အစ်မတော်တို့ အေးအေးဆေးဆေး နားတော်မူပါဦး။ ခမည်းတော် ဘုရားကို တွေ့စရာရှိလို့ သွားလိုက်ပါဦးမယ်  "

ချင်းရှီဟွမ် က ဘာမှမဖြစ်သလို နူတ်ဆက်စကားဆိုရင်း ထွက်ခွာသွားသည်ကို တွေ့တော့ သူ့ရင်ထဲ မခံချင်စိတ်တို့က ရုန်းကြွလို့လာခဲ့သည်။ အိမ်ထောင်ပြုလိုက်သည်နှင့် မိမိကို ဒီလို သူစိမ်း လို ဆက်ဆံလိုက်သည့် အရှင့်သားပုံစံက သူ့ထိန်းချုပ်နိုင်စွမ်းကို ကျီစယ်နေသလို ခံစားလိုက်ရသည်။


"အရှင့်သား ဘာကြောင့် ဒီလို သူစိမ်းလို ဆက်ဆံရတာလဲ....  "

ဒီစကားက သူ့ရင်ထဲ ပဲ့တင်ထပ်လို့နေတော့သည်။

ကြင်ယာတော်တွေရဲ့ တီတီတာတာ  စကားသံတွေနဲ့ နူးညံ့တဲ့ အထိတွေ့တွေကြောင့် ကျွန်တော်မျိုးကို မေ့ပစ်လိုက်ပြီလား အရှင့်သား.....

========*========

မုန်းမာန်ဖွဲ့ချစ်ခြင်း  (မုန်းမာန်ဖွဲ့ချစ်ခြင်း )Onde histórias criam vida. Descubra agora