Chapter ( 14 ) – မင်းသမီး၏ ပထမ ခြေလှမ်း
ချင်းကျယ်ထျန်းမင်းသမီးသည် စစ်ထူရှန့်ယွီ နှင့် တွေ့ဆုံပြီး မိမိကိုယ်ခန္ဓာကို ကြည့်သည်ကိုမြင်ပြီး ရှက်သွေးဖြန်းရင်း ထိုစစ်သူကြီးငယ်အပေါ် တပ်မက်စိတ်တို့ ပိုတိုးလာခဲ့သည်။ ထို့ကြောင့် အိမ်ရှေ့စံမင်းသား၏အိမ်တော်သို့ အကြောင်းပြချက် ပေါင်းစုံနှင့် ဝင်ထွက်တော့သည်။ အခြားမိဖုရားမှ မွေးလာသော မောင်တော်ကို ချစ်လှသောကြောင့် မဟုတ်ဘဲ မောင်တော်နှင့်ကပ်လျက် မခွဲမခွာရှိနေသည့် မိမိ ချစ်သည့် သူရဲကောင်းလူငယ်လေးကို မြင်ချင်သော ကြောင့်ဖြစ်သည်။
ချင်းကျယ်ထျန်းသည် မိမိ၏ကိုယ်ကာယကို ပိုမို လှပစေရန် အနေအထိုင်၊ အစားအသောက်ကို ဆင်ခြင်သည်။ သမားတော်ကိုဆင့်ခေါ်ပြီး အသားအရေလှပစေရန် ဆေးဖော်စပ်စေသည်။ ပြီးတော့ မယ်မယ်မိဖုရားကြီးကို ကပ်ချွဲကာ ယောက်ျားတစ်ယောက်၏စိတ်ကို ရယူရန် မည်သို့ပြုမူရမည်ကို မေးမြန်းသည်။ နန်းတွင်းအပ်ချုပ်တော်နှင့် ပန်းတိမ်ဆရာများကိုဆင့်ခေါ်ပြီး နောက်ဆုံးပေါ်ဒီဇိုင်းအဝတ်အထည်များကို ချုပ်လုပ်စေသည်။ လက်ဝတ်ရတနာနှင့် ပတ်သက်ပြီး ရိုးရှင်းကာ မဟာဆန်သည့်ပုံကို ပြုလုပ်စေသည်။ လည်တိုင်တွင် ရွှေဆွဲကြိုးမျှင်မျှင်နှင့် ပတ္တမြားဆွဲသီးကို လုပ်စေပြီး ဆံထုံးတွင် လှပသော ဆံထိုးများဖြင့် အလှဆင်ရန် ကိုယ်တိုင်တွေးတောကြံဆကာ ဒီဇိုင်းဆွဲထားသည်။ မိန်းမသားတစ်ယောက်၏ အသေးစိတ်ကျသော အပြင်အဆင်၊နှင့်အလှအပတို့က ယောကျာ်းတစ်ယောက်ရဲ့နှလုံးသားကို ဆွဲဆောင်နိုင်မည်ဆိုတာ ချင်းကျယ်ထျန်းတစ်ယောက် သေချာပေါက်ယုံကြည်သည်။ ဒီအရာတွေက ယောကျာ်း တယောက်ကို ဆွဲဆောင်ဖို့ လုပ်နေရုံသက်သက်မဟုတ်ပဲ နောင်တချိန် တထန်ပြည်၏ဧကရီမိဖုရားခေါင်ဖြစ်ဖို့ လမ်းကို စနစ်တကျစတင်ပြင်ဆင်ခြင်းဖြစ်သည်။
တထန်ပြည်ထီးနန်းကို ချင်းရှီဟွမ်လက်ထဲ အသာတကြည်ထည့်ကာ ရပ်ကြည့်နေရအောင် မိမိက သဘောထားမကြီးနိုင်ပေ။ ခမည်းတော်၏သွေးစီးဆင်းနေသူပီပီ ဒီတထန်ထီးနန်းကို မိမိလည်း သက်ဆိုင်သည်။ မယ်တော်၏အိမ်တော်ဘက် အင်အားစုနှင့် စစ်ထူရှန့်ယွီ၏အိမ်တော်ဘက်က အင်အားစုကို ပေါင်းလိုက်လျှင် ချင်းရှီဟွမ်လက်ထဲက ထီးနန်းကို အသာလေး ပြန်ယူနိုင်လိမ့်မည်။ ပြီးတော့ ချင်းရှီဟွမ်က တိုင်းပြည်ကို အမြဲချဲ့ထွင်ချင်နေသူဆိုတော့ ရှေ့တန်းထွက်ချိန် အသက်ကိုလုပ်ကြံဖို့က လွယ်ကူလှသည်။ ဒါကြောင့် ချင်းရှီဟွမ်ကို ခမည်းတော်က ထီးနန်းပေးသည်ကို ချင်းကျယ်ထျန်းက မတုန်လှုပ်ပေ။ တထန်ပြည်က ဒီထက်ကျယ်ပြန့်လာချိန်ရောက်မှ တထန်ပြည်ထီးနန်းကိုယူလိုက်လျှင်လည်း နောက်မကျသေးပေ။
စစ်ထူရှန့်ယွီနှင့် မိမိလက်ထပ်ပြီးအကြင်လင်မယားဖြစ်လာပါက ညစဉ်အိပ်ယာထဲမှာ သူ့ကို စည်းရုံးလျှင် မိမိ လိုချင်သည့်အစီစဉ်ကို သူက သေချာပေါက် အကောင်ထည်ဖော်ပေးနိုင်လိမ့်မည်။ ထို့ကြောင့် စစ်ထူရှန့်ယွီ၏ နှလုံးသားထဲ မိမိကို ပိုနက်ရှိုင်းစွာ မြတ်နိုးလာစေဖို့ ယခုကတည်းက လုပ်ဆောင်နေခြင်းဖြစ်သည်။
ချင်းကျယ်ထျန်းသည် မိမိ၏နောက်တော်ပါ အပျိုတော်များဘက်ကို တစ်ချက်ကြည့်ကာ အဝတ်အစားသစ်ကို ချုပ်စေသည်။ အပျိုတော်များက မင်းသမီးချီးမြှင့်သည့် အဝတ်သစ်ကြောင့် ပျော်ရွှင်နေကြသည်။ သို့သော် ထိုပိုးထည်သစ်၏အရောင်က ရင့်မှိုင်းကာ သူမတို့ရုပ်ရည်ကို ညှိုးမှိန်စေကြောင်းကိုတော့ သူမတို့ သတိမထားမိကြပေ။
ချင်းကျယ်ထျန်းက ချင်းရှီဟွမ်ကဲ့သို့ပင် ဉာဏ်ရည်ထက်ကာ ရည်မှန်းချက်ကြီးသည်။ မိန်းမသားဖြစ်သောကြောင့် တထန်နန်းတော်မှာ ဘယ်လောက်ပင် အရည်အချင်းပြသချင်ပေမယ့် မထမအဆင့် မင်းသမီးဘွဲ့နှင့် လှောင်ချိုင့်ထဲက အလှမွေးငှက်လို နေရသည်ကို ဘယ်လိုမှ မကျေနပ်နိုင်ပေ။ ဒါကြောင့် မိမိကိုယ်တိုင် ဘုရင် မဖြစ်သည့်တိုင် ဘုရင်မတစ်ဦးလို သြဇာကြီးသည့် ဧကရီမိဖုရားဖြစ်စေရန်အတွက် အရည်အချင်းရှိသည့် လူငယ်သူရဲကောင်းကို မျက်စိဒေါက်ထောက်ကြည့်ကာ ရွေးချယ်နေစဉ် မိမိထက် ငယ်နုသော်လည်း အရည်ချင်းရှိသည့်အပြင် မျိုးရိုးကောင်းသည့် စစ်ထူရှန့်ယွီ စိတ်တိုင်းကျ ရွေးချယ်လိုက်ခြင်းဖြစ်သည်။ စစ်ထူရှန့်ယွီ လည်း ဟိုးယခင် တထန်မင်းမျိုးမင်းနွယ်၏ အဆက်အနွယ်ဖြစ်လို့ မိမိနှင့် ထိုက်တန်သည်ဟု ယူဆပြီး ဒီလူကို အပိုင်ရရန် ချင်းကျယ်ထျန်းက အစွမ်းကုန်ကြိုးစားတော့သည်။
စေ့စပ်ပွဲမတိုင်မှီ ချင်းကျယ်ထျန်းက စစ်ထူရှန့်ယွီ ထံသို့ မှန်မှန်သွားတွေ့သကဲ့သို့ စစ်ထူရှန့်ယွီ ၏ညီမငယ် စစ်ထူဖေးယန်နှင့် လက်ဖက်ရည်အတူသောက်ရင်း ရင်းနှီးအောင်နေသည်။ မိမိမောင် အိမ်ရှေ့စံမင်းသားက ဘာကိုကြိုက်တတ်သည်၊ ဘာကို မကြိုက်တတ်သည်ကို ပြောပြကာ ယုံကြည်မှုရရန် လုပ်ထားသည်။ ထို့ပြင် နန်းတွင်းအပ်ချုပ်တော်ကိုခေါ်ကာ ရှင်ဘုန်းစိုးအတွက် ဝတ်စုံကို ချုပ်လုပ်စေသည်။
"အရှင့်သမီးတော်.. ကျွန်တော်မျိုးမမှာ ပြည့်စုံပါတယ်.."
စစ်ထူဖေးယန်က အားတုံ့အားနာနှင့်ပြောသော်လည်း သူမက ရယ်မောကာ စစ်ထူဖေးယန်၏လက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။
" စစ်ထူရှန့်ယွီ ရဲ့ ညီမလေးက စစ်ထူရှန့်ယွီ ပတိုင်းပဲ ရိုးသားလိုက်တာ.. အစ်မတော်က မကြာခင် စစ်ထူဖေးယန်ရဲ့ ယောင်းမတော် ဖြစ်လာတော့မှာမို့ အရှင့်သမီးတော်လို့ မခေါ်ပါနဲ့.. အစ်မတော်လို့ပဲခေါ်လေ.. နော်.. ပြီးတော့.. အခုကစပြီး ဖေးယန်နဲ့အစ်မတော်က မိသားစုဝင်တွေဖြစ်လာပြီ.. နောင်လိုတာရှိရင် အစ်မတော်ကို ပြောပါ.."
စစ်ထူဖေးယန်သည် အမတ်ချုပ်ကြီး၏သမီးတော်ဖြစ်သော်လည်း ကိုယ်လုပ်တော်မှမွေးသော သမီးဖြစ်သောကြောင့် စံအိမ်တော်မှာ ဝံ့ကြွားခြင်းမရှိဘဲ သေဝပ်စွာ နေထိုင်ခဲ့ရသည်။ ဖခင်ဖြစ်သူ အမတ်ကြီးက မိမိအစ်ကိုဖြစ်သူ စစ်ထူရှန့်ယွီ ကိုသာ ဦးစားပေးပြီး အစ်ကိုဖြစ်သူ အသတ်ခံရပြီးနောက် စကားနည်းကာ နှုတ်ဆိတ်သွားသဖြင့် စစ်ထူဖေးယန်က ဖခင်အနီး မကပ်ဝံ့ဘဲ ခပ်လှမ်းလှမ်းမှသာ ခစားနေရသည်။ ယခုလို နတ်သားတမျှ ချောမောခန့်ညားကာ အရည်ချင်းရှိသည့် တထန်ပြည်၏ အိမ်ရှေ့စံမင်းသား ချင်းရှီဟွမ်၏ ကြင်ယာတော်ဖြစ်လာလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပေ။
မင်းကြီး၏အမိန့်တော် ထွက်လာသောအခါမှ မိမိကို ဖခင်ကလည်း ခေါ်ယူကာ ဆုံးမစကား ပြောသင့်တာပြောပြီး တရားဝင်ဇနီးသည် မင်းကတော်ကြီးမှလည်း အိမ်ထောင်ထိန်းသိမ်းမှု၊ နန်းတွင်းစည်းကမ်းများနှင့်ပတ်သက်ပြီး သေချာသင်ကြားပေးသည်။ မိမိ၏မိခင် ကိုယ်လုပ်တော်မုလည်း ယခုမှ အမတ်ချုပ်ကြီးအိမ်တော်မှာ မျက်နှာပွင့်လန်းတော့သည်။
ငယ်စဉ်ကတည်းက ခပ်အေးအေးနေလာသော စစ်ထူဖေးယန်က မင်းသမီး ချင်းကျယ်ထျန်း၏ တရင်းတနှီး စကားများကြောင့် ရှက်သွေးဖြန်းကာ မျက်နှာပင်မဖော်ဝံ့အောင်ဖြစ်နေမိသည်။ ဒါပေမယ့် ကြင်နာတတ်သော မင်းသမီး ချင်းကျယ်ထျန်းက သူမကို ယခုလို နွေးထွေးစွာဆက်ဆံသဖြင့် စစ်ထူဖေးယန်က ကြောက်စိတ်တွေလျော့ပါးကာ ကြည်ညိုလေးစားစွာ မော့ကြည့်မိသည်။
တကယ်တမ်းပြောရလျှင် ရွှေလင်ဗန်းနှင့်အချင်းဆေးကာ မွေးလာသည့် ချင်းကျယ်ထျန်းက ဘုရင့်သမီးတော်ဖြစ်သူပီပီ မင်းမှုထမ်း အမတ်ကြီး၏ကိုယ်လုပ်တော်က မွေးလာသည့် မိမိလို ရှုသမီးကို တန်းတူသဘောထားကာ ဆက်ဆံမည် ဟု လုံးဝမမျှော်လင့်ထားမိပေ။ ဆန့်ကျင်ဘက်အားဖြင့် ပထမအဆင့်မင်းသမီးတစ်ပါးက ကိုယ်လုပ်တော်ဖွား သမီးတစ်ယောက်ကို ညီအစ်မလို သဘောထားကာ ပြောဆိုဆက်ဆံခံရသည့်အခါ စစ်ထူဖေးယန်၏ စိတ်နှလုံးက နူးညံ့ပျော့ပြောင်းလာကာ မျက်ရည်လည်လာသည်အထိ ဝမ်းသာသွားခဲ့သည်။
စစ်ထူဖေးယန်အတွက် ချင်းကျယ်ထျန်းက နန်းတွင်းအပ်ချုပ်သည်များဖြင့် အဝတ်သစ်ကို ချုပ်လုပ်စေသလို မိမိ မလိုချင်တော့သည့် လက်ဝတ်လက်စားတချို့ကို လက်ဆောင်ပေးလိုက်သည်။ အမတ်ချုပ်ကြီးက အကွက်မြင်ကာ ပါးနပ်သလောက် ကိုယ်လုပ်တော်သမီးဖြစ်သည့် စစ်ထူဖေးယန်က ရိုးအလွန်းလှသည်။ အဝတ်အစားနည်းနည်းနှင့် လက်ဝတ်လက်စားတချို့၊ စကားလုံးချိုချိုအနည်းငယ် ပြောပေးလိုက်သည်နှင့် စစ်ထူဖေးယန်က မိမိလူ ဖြစ်သွားလေပြီ။ စစ်ထူဖေးယန်က အိမ်ရှေ့စံမင်းသား၏ ကြင်ယာတော် ဖြစ်လာမည့်သူဖြစ်သောကြောင့် သူမကို အပိုင်သိမ်းသွင်းထားလျှင် အိမ်ရှေ့စံ၏ အတွင်းသတင်းများကို အချိန်နဲ့အမျှ ရရှိနေနိုင်ပေမည်။ ပြီးတော့ မိမိ ချစ်လင်၏ တိုးတက်မှုကို ကြံဆောင်ပေးနိုင်လိမ့်မည်။
ချင်ကျယ်ထျန်းသည် စစ်ထူဖေးယန်ကိုခေါ်ကာ အိမ်ရှေ့စံနှင့် စစ်သူကြီးရှိသည့် လေ့ကျင့်ကွင်းကို လာခဲ့သည်။ ရထားလုံးထဲမှနေပြီး စစ်သည်တော်များ လေ့ကျင့်နေသည့်မြင်ကွင်းကိုတွေ့သော် စစ်ထူဖေးယန်မှာ ထိတ်လန့်ခြင်းတစ်ဝက်၊ လှိုက်ဖိုခြင်းတစ်ဝက် ဖြစ်လာသည်။ တကယ်တမ်းပြောရလျှင် အပေါ်ပိုင်းဗလာနှင့် တောင့်တင်းခိုင်မာသည့် ယောက်ျားမျိုးများ တစ်စုတစ်ဝေးကြီး လေ့ကျင့်နေသည့်မြင်ကွင်းကို ရှင်ဘုန်းစိုး မမြင်ဖူးပေ။ ဆယ်ကျော်သက်မလေး တစ်ယောက်အတွက် ယောက်ျားပျိုထုကြီးမှ လွင့်ပျံလာသည့် ယောက်ျားဟော်မုန်းကို ရရှိလိုက်သည်နှင့် တစ်ကိုယ်လုံး ဖြိုးဖြိုးဖြန်းဖြန်းဖြစ်ကာ မျက်နှာက ရှက်သွေးတို့ တက်လာတော့သည်။
ချင်းကျယ်ထျန်းက ယုန်မလေးလို ရှက်ရွံ့နေသော စစ်ထူဖေးယန်ကိုကြည့်ကာ လှောင်သလို ပြုံးလိုက်မိပြီးနောက် သူမ အကြောက်ပေစေရန် စကားစမြည် ပြောပေးနေလိုက်သည်။ အစဉ်အဆက်အားဖြင့် အင်အားကြီးလှသည့် စစ်သူကြီးမျိုးရိုး ဖြစ်သည့် စစ်ထူအိမ်တော်က ဆင်းသက်လာသည့်တိုင် ယခု ကိုယ်လုပ်တော်ဖွား သမီး စစ်ထူဖေးယန်က အပေါ်ပိုင်း ဗလာနှင့် လေ့ကျင့်နေသည့် စစ်သည်တော်များကို မြင်လိုက်စဉ် ရင်ဖိုတုန်လှုပ်သွားသည်ကို ကြည့်လိုက်ကတည်းက အမတ်ချုပ်ကြီးက သူ့သမီးတွေကို ဘယ်လောက်တောင် အနောက်ဘက် ခြံဝင်းထဲမှာ ယောကျာ်းတွေနဲ့ မထိတွေ့အောင် ထားသလဲဆိုတာ ပေါ်လွင်တာပဲ။
မကြာခင် ရထားလုံးက တဲနန်းရှိရာကို ဆိုက်ရောက်လာတော့ ချင်းကျယ်ထျန်းက စစ်ထူဖေးယန်၏ လက်ကို ဆုပ်ကိုင်ပြီး တဲနန်းပေါ်တက်လာခဲ့သည်။ တဲနန်းပေါ်တွင် အိမ်ရှေ့စံမင်းသားနှင့် စစ်ထူရှန့်ယွီက အကြောင်းအရာတစ်ခုကို ပြောဆိုပြီး ရယ်မောနေသည်ကို တွေ့လိုက်ရသည်။
ခါတိုင်းတွင် အိန္ဒြေကြီးတစ်ခွဲသားနှင့် တည်ကြည်သော စစ်ထူရှန့်ယွီက ချင်းရှီဟွမ်မင်းသား ၏စကားကို နားထောင်ပြီး သဘောကျစွာ ပြုံးရယ်နေသည်ကိုတွေ့သော် ချင်းကျယ်ထျန်း၏ရင်ထဲ ဒိန်းခနဲဖြစ်ကာ သွေးတို့ဆောင့်တိုးလာသလို ခံစားလိုက်ရသည်။ စစ်ထူရှန့်ယွီ ၏မျက်ဝန်းများက သောက်ရှူးကြယ်လိုတောက်ပပြီး အတိုင်းအဆမရှိ ခွန်အားတို့ ဖြာထွက်နေသည်။ သူ့ရှေ့မှာရှိနေသည့် အိမ်ရှေ့စံအတွက် အသက်ကိုပင်ပေးအပ်ထားသည့်၊ သစ္စာရှိကာ အလုံးစံ ပေးအပ်ထားပုံပေါ်သည့် မျက်ဝန်းများကိုတွေ့သော် မောင်နှမချင်းပေမယ့် ချင်းကျယ်ထျန်း၏ရင်ထဲ သဝန်တိုးစိတ်တို့ ထိန်းမနိုင်တားမရ ပေါ်လာခဲ့သည်။
"မဖြစ်ဘူး.. ချင်းရှီဟွမ်အပေါ် သူ အရမ်း သစ္စာရှိသွားလို့မရဘူး.. ကောက်ရိုးပုံစောင့်တဲ့ခွေးလို ထီးနန်းကို စောင့်ရှောက်ချင်နေရင် ငါက ဘယ်တော့မှ တိုင်းပြည်ရဲ့မိခင် မဖြစ်နိုင်တော့ဘူး.."
ချင်းကျယ်ထျန်းက စစ်ထူရှန့်ယွီ ၏ ရင်ထဲက အတွေးကို ပြောင်းလဲပေးဖို့ ဦးစားပေးလုပ်ရမည်ဟု ခိုင်မာစွာဆုံးဖြတ်လိုက်ပြီး အပြုံးမျက်နှာကိုဆင်မြန်းကာ ခပ်ရွှင်ရွှင် လှမ်းနှုတ်ဆက်လိုက်သည်။
"မောင်တော်အိမ်ရှေ့စံ . ဟောဒီမှာ ဘယ်သူပါလာသလဲ ကြည့်စမ်း.."
ချင်းရှီဟွမ်မင်းသားက ချင်းကျယ်ထျန်းကို ပြုံးကြည်စွာကြည့်ပြီး အနောက်မှ လိုက်ပါလာသည့် မိန်းမငယ်လေးကိုကြည့်ကာ မေးလိုက်သည်။
"စစ်ထူဖေးယန်... ထင်ပါရဲ့.."
"မောင်တော်အိမ်ရှေ့စံက သိနေတာလား.. အစ်မတော်က မောင်တော်အိမ်ရှေ့စံကို အံ့သြအောင်လုပ်မလို့ဟာ.."
ချင်းကျယ်ထျန်းက နှုတ်ခမ်းလေးစူသယောင်လုပ်ကာ ပြောလိုက်သည်။ သူမ၏အမူအယာက ကလက်သည်လည်းမမြည်။ အင်မတန်ချစ်သည့် မောင်ဖြစ်သူကို မူနွဲ့စွာပြောနေသည့် အချစ်ကြီးသည့် အစ်မကြီး၏အမူအယာမျိုးပင်။ ဒါက မြင်မြင်သမျှ ယောက်ျားသားများကို သေချာပေါက် ငေးသွားအောင် လုပ်နိုင်မှာသေချာသည်။ ဒါပေမ စစ်ထူရှန့်ယွီ က ချင်းကျယ်ထျန်းကို မိမိညီမ စစ်ထူဖေးယန်ကိုသာ စိုက်ကြည့်ကာ မျက်ဝန်းထဲမှာ မကျေနပ်မှုတို့ သိသိသာသာ ပေါ်နေသည်။
ချင်းရှီဟွမ်မင်းသားက စစ်ထူရှန့်ယွီ ၏မျက်ဝန်းထဲမှ သဝန်တိုသည့် အကြည့်တချို့ကို သေချာသိလိုက်သောကြောင့် ရယ်ရွှင်ရိပ်ကိုထိန်းကာ အစ်မတော်ကို ပြုံးချိုစွာပြန်ဖြေရင်း စစ်ထူဖေးယန်ကို ထကြိုလိုက်သည်။
"မဟုတ်ပါဘူး.. စစ်ထူဖေးယန်က စစ်ထူရှန့်ယွီရဲ့ နှမပဲ.. သူတို့နှစ်ယောက်မှာ ဆင်တူတဲ့မျက်နှာကျတချို့ရှိလို့ ကျွန်တော် ခန့်မှန်းလိုက်တာပါ.. အထူးသဖြင့် လောလောဆယ် အစ်မတော် မျက်နှာသာပေးလောက်မယ့် မိန်းကလေးက စစ်ထူဖေးယန်ပဲ ဖြစ်သင့်တယ်မဟုတ်လား.. လာ.. ဖေးယန်.. ကိုယ်တော်တို့ တစ်ခါမှ မဆုံဖူးကြသေးဘူး.. မင်းက ကြားထားတာထက် ပိုချစ်စရာကောင်းတာပဲ.."
ချင်းရှီဟွမ်က ချင်းကျယ်ထျန်း၏အပြုမူကို သိသောကြောင့် ပေါ့ပါးစွာရှင်းပြကာ စစ်ထူဖေးယန်ကို ပြုံးပြီး နူတ်ဆက်လိုက် သည်။ အိမ်ရှေ့စံ၏အပြုံးကို ရရှိလိုက်စဉ်တခဏ စစ်ထူဖေးယန် တကိုယ်လုံး လေထဲ ပျံဝဲသွားသလို ခံစားလိုက်ရကာ မျက်နှာရဲရဲလေးနှင့် အရိုသေပေးလိုက်သည်။ တထန်ပြည်ကြီး၏ ပျိုတိုင်းကြိုက်နှင်းဆီခိုင် အရှင့်သားက မိမိကို ဖော်ရွေစွာနှုတ်ဆက်ရုံသာမက မိမိကို ဦးတည်ပြီး အပြုံးပေးလိုက်သဖြင့် ခြေလက်တို့ပျော့ခွေမတတ်ဖြစ်ကာ ပါးပြင်သာမက နားရွက်နှင့်လည်ပင်းများပါ နီရဲသွားတော့သည်။
"အို.. မောင်တော်အိမ်ရှေ့စံက စနောက်တာ.. ညီမလေး ရှက်နေပြီ.. တော်ပါတော့.."
ချင်းကျယ်ထျန်းက စစ်ထူဖေးယန်ကိုကာကွယ်ပေးသလိုနှင့် ပြောကာ ဒူးထောက်အရိုသေပေးရာမှ ဆွဲထူပေးစဉ် မျက်လုံးဝေ့ကာ စစ်ထူရှန့်ယွီ ဘက်ကိုကြည့်လိုက်တော့ နှုတ်ခမ်းကပြုံးနေသော်လည်း မျက်ဝန်းက အဓိပ္ပါယ်ဖော်ရခက်သည့်အကြည့်နှင့် စစ်ထူဖေးယန်ကို ကြည့်နေသည်ကိုတွေ့သော် သူ့ညီမကို ဒီခေါ်လာတာ ကြိုက်ပုံမရဟု ချင်းကျယ်ထျန်း ကောက်ချက်ချလိုက်သည်။
" ဒီလောက်ချစ်ဖို့ကောင်းတဲ့ ညီမရှိတာ ရှန့်ယွီက ကိုယ်တော့်ကို တစ်ခါမှ မပြောဖူးဘူး.. ကိုယ်တော့်လက်ကနေ လုံအောင် ဝှက်ထားတယ် ထင်ပါရဲ့.."
"အရှင်မင်းသားလို ဘုန်းကံရှင်ကို ကျွန်တော်မျိုးတို့မိသားစုရဲ့ သိမ်နုတ်တဲ့အကြောင်းအရာကို ပြောပြဖို့ မဝံ့ရဲလို့ပါ အရှင့်သား.."
ချင်းရှီဟွမ်၏ စနောက်သည့်စကားကို ကြားတော့ စစ်ထူရှန့်ယွီက အရှင်မင်းသား၏ မျက်ဝန်းတည့်တည့်စိုက်ကြည့်ကာ ကျိုးနွံစွာဖြေလိုက်သည်။ အသံနှင့်မျက်နှာထားက ကျိုးနွံပေမယ့် မိမိ ညီမကို ပြုံးရယ်ကာစနောက်နေသည့် အိမ်ရှေ့စံ၏ အမူအယာကို သဝန်တိုခြင်းတို့ ရောယှက်နေသည့် နက်မှောင်တောက်ပသော အကြည့်တို့က နှစ်ယောက်တည်းရှိနေလျှင် အရှင့်သားကို ဘာလုပ်မိမည်ပင် မိမိဘာသာ မသိတော့ပေ။ သေချာတာတစ်ခုကတော့ အရှင့်သား၏ အကြည့်နှင့်အပြုံးကို မည်သူ့ဆီမှ မရောက်အောင် မိမိအပိုင် သိမ်းထားမှာသေချာသည်။
စစ်ထူရှန့်ယွီ ၏အမူအယာနှင့် လေသံအသုံးအနှုန်းကိုတွေ့သော် သူ့၏ရင်ထဲ ဘာဖြစ်နေသည်ကို သိသောကြောင့် ချင်းရှီဟွမ်၏ ရယ်ချင်ရိပ်တို့ မျက်ဝန်းထဲ လက်ခနဲဖြစ်သွားပြီး နှုတ်ခမ်းများက ကျေနပ်မှုကြောင့် အထက်ကို အနည်းငယ် ကော့တက်သွားတော့သည်။
ဒီအပြုံးကိုမြင်တော့ စစ်ထူရှန့်ယွီ ၏တစ်ကိုယ်လုံး ပူလောင်လာပြီး တံတွေးမြိုချလိုက်မိသည်။
ချင်းကျယ်ထျန်းသည် စစ်ထူရှန့်ယွီ ၏ ကျိုးနွံသောစကားကြောင့် မိမိ အစီအစဉ်ကို အမြန် အကောင်အထည် ဖော်ရမည်ဟုတွေးကာ သူတို့နှစ်ဦးကြားထဲ စကားဝင်ဖြတ်လိုက်သည်။
"မောင်တော်အိမ်ရှေ့စံကို အစ်မတော် ခွင့်တောင်းချင်လို့.."
"ဘာများလဲ အစ်မတော်.. ပြောပါ.."
ချင်းရှီဟွမ်က အကြည့်ကို ချင်းကျယ်ထျန်းဘက်ကို ပြောင်းပြီးမေးလိုက်သည်။ ဒီရည်မှန်းချက်ကြီးသည့် အစ်မတော်က ဘယ်လို ကစားကွက်ကို ခင်းချင်နေပါလိမ့်။ သူမ မျက်ဝန်းထဲကနေ တထန်ပြည်ကို လိုချင်တပ်မက်ကြောင်း တစွန်းတစ ပေါ်နေသည်ကို သူမ ဖာသာ မသိလေရော့သလား။ ချင်းရှီဟွမ်က သူမနှင့်အတူ လိုက်ပါကစားဖို့ ဆုံးဖြတ်ကာ လိုက်လိုက်လျောလျောမေးလိုက်သည်။
" စစ်ထူဖေးယန်လည်း ပါလာတာဆိုတော့ အစ်မတော်တို့ လေ့ကျင့်ရေးစခန်း နဲ့သိပ်မဝေးတဲ့နေရာက ရေတံခွန်မှာ ရေသွားကစားချင်လို့ မောင်တော်တို့နှစ်ယောက် လိုက်ပို့ပေးပါလား.."
"သွားကြတာပေါ့.. စစ်ထူရှန့်ယွီ.. လက်ရှိအစီအစဉ်တွေကို မနက်ဖြန်ကိုရွှေ့လိုက်ဖို့ အမိန့်ပေးပြီး ရေတံခွန်ဘက်ကိုသွားဖို့ လိုအပ်တာစီစဉ်လိုက်ပါ.."
"အမိန့်တိုင်းပါ အရှင့်သား.."
စစ်ထူရှန့်ယွီ ထွက်သွားသည့်ဘက်ကို ကြည့်ပြီး ချင်းကျယ်ထျန်း၏ရင်ထဲ နာကျင်သွားသည်။ မိမိနှင့်စေ့စပ်ထားသည့် စစ်သူကြီးကို အစေခံတစ်ယောက်လို ခိုင်းစေနေသည်ကိုတွေ့ရတော့ ခင်ခင်ကြီး ဒေါသထွက်လာသည်။
"အစ်မတော်.. ဘယ်လိုစိတ်ကူးရပြီး စစ်ထူဖေးယန်ကို ဒီစစ်စခန်းကို ခေါ်လာတာပါလိမ့်.. စစ်ထူရှန့်ယွီက သူ့ညီမကို ဒီလိုနေရာမျိုးခေါ်လာတာ မကြိုက်ဘူး.."
အိမ်ရှေ့စံ၏ ညင်သာသော သတိပေးစကားကြောင့် ချင်းကျယ်ထျန်း ရင်ထိတ်ခနဲဖြစ်သွားသည်။ စစ်ထူဖေးယန်ကိုတွေ့သည်နှင့် စစ်ထူရှန့်ယွီ ၏မျက်နှာထား တမျိုးဖြစ်နေတာ ဒါကြေင့်ကိုးဟုသိကာ မိမိ အကွက်ရွှေ့မှားသွားပြီဟု တွေးလိုက်မိသည်။
"အစ်မတော်က ညီမလေးနဲ့ မောင်တော်အိမ်ရှေ့စံကို တွေ့စေချင်လို့ပါ.."
ချင်းရှီဟွမ်က ရယ်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော်က ညနေ စစ်ထူရှန့်ယွီ တို့အိမ်ကို သွားလည်ဖို့ စီစဉ်ထားပြီးပြီ.. အခု အတော်ပဲ.. ညနေအပြန် တစ်ခါတည်း လိုက်ပို့ရင်း သွားလည်ကြတာပေါ့.."
ချင်းကျယ်ထျန်းက မောင်တော်အိမ်ရှေ့စံ၏စကားကြောင့် သက်ပြင်းရှိုက်လိုက်သည်။
"စစ်ထူဖေးယန်က အိမ်ထဲမှာချည်းနေရလို့ ဒီလို လူကြောက်နေတာကိုး.. မဖြစ်ဘူး.. နောင်တစ်ချိန် တိုင်းပြည်ရဲ့မိခင်ဖြစ်လာမှာဆိုတော့ အစ်မတော် တာဝန်ယူပြီး သင်ကြားပြသပေးပါ့မယ်.."
"ဒါဆို အစ်မတော်ကိုပဲ အလုပ်ရှုပ်အောင် လုပ်ရတော့မယ်.. စစ်ထူဖေးယန်က အမတ်ချုပ်ကြီးရဲ့သမီးပဲ.. ဉာဏ်ရည်ထက်မြက်မှာ သေချာပါတယ်.."
စစ်ထူဖေးယန်က အိမ်ရှေ့စံမင်းသားလေး၏ ချီးကျူးစကားကြောင့် မျက်ဝန်းအစုံက တောက်ပသွားပြီး တိုးညှင်းစွာ ဖြေကြားလိုက်သည်။
"ကျွန်တော်မျိုးမက ညံ့ဖျင်းပါတယ် အရှင့်သား.. ဒါပေမယ့် ကျွန်တော်မျိုးမ အစွမ်းကုန် ကြိုးစားသင်ယူပါ့မယ်.."
"ဒီလိုပဲဖြစ်ရမှာပေါ့.. ကိုယ်တော့်ဘေးက လူတိုင်းက ထက်မြက်နေမှ သဘောကျတာ.."
ထိုအချိန်တွင် စစ်ထူရှန့်ယွီ ဝင်လာပြီး သွားရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောလေသည်။
"ကဲ.. သွားကြစို့.. ရေတံခွန်မှာ အစ်မတော်ကို ကျွန်တော်ကိုယ်တိုင် အမဲလိုက်လို့ရတာ ကင်ကျွေးမယ်.."
ချင်းရှီဟွမ်က ဦးဆောင်ပြီးထွက်သွားတော့ စစ်ထူရှန့်ယွီက မင်းသမီးကို အရိုအသေပေးကာ အရင်လျှောက်သွားရန် စောင့်နေလိုက်သည်။ ချင်းကျယ်ထျန်းက စစ်ထူရှန့်ယွီ ၏ရှေ့မှ ဖြတ်လျှောက်ရင်း သူ့ကို ဖြတ်ခနဲကြည့်လိုက်တော့ မျက်လွှာချထားသဖြင့် မျက်မှောင်တွန့်သွားမိသည်။ သို့သော် ရေတံခွန်မှာ ရေကစားရင်း သူ့အာရုံကို ရအောင်ယူမည်ဟု တွေးလိုက်သည်။
ချင်းရှီဟွမ်က ရထားလုံးရှေ့မှနေပြီး မြင်းနှင်လာစဉ် မိမိဘေးကိုရောက်လာသည့် စစ်ထူရှန့်ယွီ ၏မြင်းကြောင့် ငဲ့စောင်းကြည့်ကာ ကျီစယ်လိုက်သည်။
"မင်းရဲ့ ညီမလေးကို အဲ့လောက် မတင်းကျပ်ပါနဲ့.. သူက မင်းကို ကြောက်နေပြီ.."
စစ်ထူရှန့်ယွီက အံကြိတ်ကာ ဘာမှပြန်မပြောပေ။ ဒါပေမယ့် အရှင့်သားတစ်ကိုယ်လုံးကို မြိုချထားမတတ် ပူပြင်းသည့် အကြည့်နှင့်ကြည့်ကာ မျက်နှာလွှဲသွားလိုက်သည်။ ကြာကြာကြည့်မိလျှင် အရှင့်သားကို ဒီထက်ပစ်မှားမိနေမှာ သေချာသည်။
ချင်းရှီဟွမ်က စစ်ထူရှန့်ယွီ ဘာဖြစ်နေသလဲဆိုတာ သိလို့ အသံထွက်အောင်ရယ်လိုက်မိသည်။ စစ်ထူရှန့်ယွီက အိမ်ရှေ့စံ၏ရယ်သံကြောင့် လှည့်လာပြီး တီးတိုးပြောလိုက်သည်။
"အရှင့်သား.. ဖေးယန်ကို အဲ့ဒီလောက် ဂရုမစိုက်ပါနဲ့.."
"ဘာဖြစ်လို့လဲ .."
ချင်းရှီဟွမ်က နူတ်ခမ်းလေးကို တွန့်ကာ ရယ်ချင်စိတ်ကို ထိန်းပြီးမေးလိုက်သည်။
"ကျွန်တော်မျိုးရင်ကိုခွဲပြီး ဆားနဲ့ပက်နေသလို ခံစားရလို့ပါ.."
ထိုအဖြေကြောင့် ချင်းရှီဟွမ်က သူ့ကို မချိုမချဉ်ကြည့်ကာ ပြောလိုက်သည်။
"ရေတံခွန်က ရေစီးသန်တယ်.. ရေတံခွန်နောက်မှာ လှိုဏ်ဂူလေးဖြစ်နေတယ်.."
ထိုစကားကိုကြားသော် စစ်ထူရှန့်ယွီ ၏ မကျေနပ်စိတ်တို့ လေတိုက်ခံရသည့် မီးခိုးလုံးများနှယ် ချက်ချင်းလွင့်ပြယ်သွားပြီး အောက်မှ အငယ်ကောင်က ချက်ချင်းနိုးလာတော့သည်။
စစ်ထူရှန့်ယွီ ၏ပုံစံကိုကြည့်ကာ ချင်းရှီဟွမ် ကျေနပ်စွာ ရယ်လိုက်မိသည်။ ဒီလူကို အစ်မတော် ဘယ်လောက် ဆွယ်ဖို့ကြိုးစားကြိုးစား မိမိဘေးက ထွက်သွားမည်မဟုတ်သည်ကို သေချာသိနေသဖြင့် ကျေနပ်သွားတော့သည်။
========================
BẠN ĐANG ĐỌC
Tiểu thuyết Lịch sửBoth zawgyi and Unicode font Historical fiction