Chapter (9) - ရှောင်လွဲမရသည့် ကံတရား
ချင်းရှီဟွမ် မင်းသားသည် ရေချိုးပြီးထွက်လာစဉ် စစ်ထူဖုန်း အမည်ခံ စစ်ထူရှန့်ယွီက ကိုယ်ရံတော်ဝတ်စုံဝတ်ထားပြီး အဆင်သင့်စောင့်နေသည်ကို တွေ့လိုက်ရသဖြင့် ကျေနပ်သွားသည်။ တောင့်တင်းသော ရင်အုပ်ကြွက်သားများက အကောင်းစားချည်ချောဖြင့် ချုပ်ထားသည့် ကိုယ်ရံတော်ဝတ်စုံအောက်တွင် ရုန်းကြွနေပြီး သူ့ကိုယ်မှ အရှိန်အဝါတချို့ကို ထုတ်လွှတ်နေသလိုပင်။
"သွားကြစို့.."
ချင်းရှီဟွမ် သည် စစ်ထူရှန့်ယွီက အမိန့်ပေးပြီး မြင်းနားကိုကပ်လာစဉ် သူက အလိုက်သိစွာဖြင့် နံဘေးတွင် မြင်းကို ထိန်းပေးသည်။ ချင်းရှီဟွမ် က စစ်ထူရှန့်ယွီ၏ အလိုက်သိမှုကို ခေါင်းတစ်ချက်ဆတ်ကာ အသိအမှတ်ပြုလိုက်သည်။
ချင်းရှီဟွမ် မင်းသား၏ မြင်းထွက်သည်နှင့် စစ်ထူရှန့်ယွီက မိမိမြင်းပေါ် လွှားခနဲခုန်တက်ကာ နောက်မှ ကပ်ပါလာခဲ့သည်။ ရေချိုးပြီးကာစ မွှေးပျံ့သော မင်းသား၏ ကိုယ်သင်းရနံ့က လေနှင့်လွင့်လာပြီး စစ်ထူရှန့်ယွီ၏ရင်ကို တဒိန်းဒိန်းခုန်လာ အောင် ပြုစားနေတော့သည်။
စစ်ထူရှန့်ယွီသည် တံတွေးကိုမြိုချပြီး အိမ်ရှေ့မင်းသား၏နောက်ကို ထပ်ကြပ်မကွာလိုက်ပြီး မွှေးရနံ့ကို အဆုတ်နှင့်အပြည့် ရှိုက်သွင်းရင်း ကြည်နူးမှုတို့က တစ်ကိုယ်လုံးကို ပျံ့နှံ့လာတော့သည်။
မင်းကြီးသည် သားတော်လေးနှင့်အတူ အခစားဝင်လာသော စစ်ထူဖုန်းကိုကြည့်ကာ စိတ်သက်သာရာရသွားသည်။ မင်းဆရာအမတ်ကြီး၏သားငယ်ကို မိမိ လုပ်ကြံထားခဲ့သဖြင့် တတ်နိုင်သလောက် မျက်နှာသာပြန်ပေး၊ အလျော်ပြန်ပေးချင်သဖြင့် အမတ်ကြီး၏တူတော်ဖြစ်သူကို သားတော်၏ အနီးကပ်ကိုယ်ရံတော်အဖြစ် ခန့်အပ်ထားခြင်းဖြစ်သည်။
စစ်ထူဖုန်း၏ဖခင် ဗိုလ်ချုပ်စစ်ထူဟိန့်က မိမိကိုသစ္စာရှိသော နိုင်ငံ့ဂုဏ်ဆောင် စစ်သူကြီးဖြစ်သောကြောင့် စစ်ထူဖုန်းသည်လည်း ဖခင်၏ခြေရာနင်းကာ မိမိသားတော်ကို ကာကွယ်စောင့်ရှောက်ရင်း ထီးနန်းကိုပါ စောင့်ရှောက်နိုင်ဖို့ကို ရည်မှန်းထားခဲ့ခြင်းဖြစ်သည်။ စစ်ထုူဖုန်းကို သားတော် သဘောမကျဘဲ ငြင်းလိုက်မည်ကို မင်းကြီးက စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။ အစွဲအလန်းကြီးလှသော သားတော်က စစ်ထူဖုန်းကိုတွေ့လျှင် သူ၏ငယ်သူငယ်ချင်း စစ်ထူရှန့်ယွီကို သတိရလေမည်လားဟုတွေးကာ စိုးရိမ်နေခြင်းဖြစ်သည်။
ချင်းရှီဟွမ် သည် ခမည်းတော်၏ မျက်ဝန်းထဲမှတစ်ဆင့် စိုးရိမ်စိတ်ကို အကဲခတ်မိကာ ခပ်ယဲ့ယဲ့ပြုံးလိုက်မိသည်။ စစ်ထူရှန့်ယွီကို မိမိ တကယ်ကို လွမ်းဆွတ်ပါသည်။ ဒါကြောင့် စစ်ထူရှန့်ယွီနှင့် သွေးသားတော်စပ်သော စစ်ထူဖုန်း အနားမှာရှိလျှင် မိမိ ရင်နှင့်အမျှ လွမ်းနေသည့်ဝေဒနာ သက်သာသွားကြောင်း ခမည်းတော်ကို မတင်လျှောက်တော့ပေ။
တကယ်ဆိုရင် အလွမ်းပြေရုံသာမက စစ်ထူဖုန်း အနားမှာရှိလျှင် ချင်းရှီဟွမ်၏ စိတ်က ပိုတက်ကြွပျော်ရွှင်နေသည်။
ချင်းရှီဟွမ် သည် ခမည်းတော်နှင့် စကားစမြည်ပြောပြီးနောက် စစ်ထူဖုန်းကိုခေါ်ကာ တော်ဝင်စာကြည့်တိုက်ကို ထွက်လာခဲ့သည်။ နေ့ခင်းတွင် စစ်ရေးဗျူဟာ လေ့လာနေကျဖြစ်သောကြောင့် ပုံမှန်အတိုင်း ထွက်လာခဲ့သည်။ ချင်းရှီဟွမ် က စာကြည့်တိုက်ထဲ တိတ်ဆိတ်စွာစာဖတ်နေစဉ် မင်းကျော်စွာက နံဘေးမှ ငြိမ်သက်စွာရပ်ပြီး မင်းသားကို တိတ်တခိုး ငေးကြည့်နေမိသည်။
မင်းသားလေး၏ ရွှေအဆင်းလို ဝါဝင်းသည့်အသားအရေက နတ်သားလို တင့်တယ်လှပစေသည်။ ပိတုန်းရောင် မည်းနက်သည့်ဆံပင်၊ ကျစ်လျစ်သောကိုယ်ဟန်နှင့် စစ်ရေးဗျူဟာကျမ်းထဲ စိတ်အာရုံနှစ်ကာ ဖတ်ရှုနေဟန်က စစ်ထူရှန့်ယွီတွက် စွဲမက်ဖွယ်ကောင်းလှသည့် ပန်းချီကားတစ်ချပ်လို ပြည့်စုံလွန်းလှသည်။
ချင်းရှီဟွမ် သည် စာကို စိတ်ဝင်တစားဖတ်ရှုနေစဉ် မသိစိတ်နှိုးဆော်သဖြင့် ဖြတ်ခနဲ မော့ကြည့်လိုက်တော့ မိမိကို တောက်ပစွာငေးကြည့်နေသည့် စစ်ထူဖုန်းကိုတွေ့သော် ရင်ထဲ လှပ်ခနဲ ဖြစ်သွားသည်။ သို့သော် မသိသလိုနှင့် စစ်ရေးဗျူဟာကျမ်းကို ပြန်ငုံ့ကြည့်ရင်း လှမ်းပြောလိုက်သည်။
"ကိုယ်တော့်ကို ရေနွေးဆက်ဖို့ အပြင်ကို ပြောလိုက်ပါဦး.."
စစ်ထူရှန့်ယွီက မင်းသားအတွက် ရေနွေးကို ကိုယ်တိုင်ငှဲ့ကာ ယူဆောင်လာပေးသည်။ ဘာကြောင့်ရယ်မသိ မင်းသားလေးနားကို ဘယ်သူ့ကိုမှ မကပ်စေချင်သည့် ပိုင်စိုးပိုင်နင်းစိတ်က စစ်ထူရှန့်ယွီ၏ရင်မှာ တိတ်တခိုး ဖြစ်တည်လာတော့သည်။
"အပျိုတော်တွေကို လာဆက်ခိုင်းလည်း ရပါတယ် စစ်ထူဖုန်းရဲ့.. ဒီလို နိမ့်ကျတဲ့အလုပ်က စစ်ထူဖုန်းတို့လို သူရဲကောင်းတွေ လုပ်ရမယ့်အရာ မဟုတ်ပါဘူး.."
"ကျွန်တော်မျိုးက ပြုစုပေးချင်လို့ပါ အရှင့်သား.."
စစ်ထူဖုန်း၏အဖြေက ချင်းရှီဟွမ် ကို ကျေနပ်သွားစေသည်။ ချင်းရှီဟွမ် က ရေနွေးကိုမှုတ်သောက်ရင်း မေးလိုက်သည်။
"စစ်ထူဖုန်းက ရှေ့တန်းမှာချည်းနေခဲ့ရတော့ လက်တွေ့တိုက်ပွဲအတွေ့အကြုံ အရမ်းကျွမ်းကျင်မှာပဲ.. ကိုယ်တော်က စာတွေ့ပဲ ဖတ်ရှုနေရတယ်.. ဒါကြောင့် ကိုယ်တော်နဲ့ စာဆွေးနွေးဖော် လုပ်ပေးနိုင်မလား.."
ချင်းရှီဟွမ် မင်းသားလေး၏ ရေနွေးမှုတ်သောက်နေသည့် နှုတ်ခမ်းနီနီလေးကို ငေးကြည့်ရင်း အာခေါင်ခြောက်လာစဉ် မထင်မှတ်ထားသော အမေးကြောင့် စစ်ထူရှန့်ယွီ ထခုန်မတတ် ဝမ်းသာသွားတော့သည်။
"ကျွန်တော်မျိုးက စာပေတွေနဲ့ဝေးလို့ အမှားပါရင် ခွင့်လွှတ်ပေးပါ အရှင့်သား.."
"ကိစ္စမရှိဘူး.. လာ.. ဒီဟာကိုကြည့်.. ဒီစစ်ရေးဗျူဟာကို ဘယ်လိုထင်လဲ.."
စစ်ထူရှန့်ယွီ မင်းသားကမ်းပေးသော ပေလွှာကိုဖတ်ကာ ချက်ချင်း မိမိထင်မြင်ချက်ကို ပြောလိုက်သည်။
"ကျွန်တော်မျိုးအမြင်တော့ ဒီထဲကဖော်ပြချက်က နှစ်ချက်လိုနေတယ်လို့ ထင်ပါတယ်.. ဒီဗျူဟာက ပုံမှန်အရ မှန်တယ်ထင်ရပေမယ့် လက်တွေ့တိုက်ပွဲမှာ ပုံသေတွက်မရတဲ့ အချက်နှစ်ချက်ကို ထည့်သွင်းရေးမထားဘူး.. အဲ့ဒီနှစ်ချက်ကတော့...."
စစ်ထူရှန့်ယွီသည် တစ်သက်လုံး ရှေ့တန်းမှာ ကြီးပြင်းလာပြီး ကျော်ကြားလှသည့် စစ်သူကြီးဖခင်ထံမှ စာတွေ့ရော လက်တွေ့ပါ ဆည်းပူးခဲ့ရသူပီပီ ချက်ချင်းပင် အားနည်းချက်ကို လက်တန်းပြောကာ ရှင်းပြတော့သည်။
ချင်းရှီဟွမ် သည် မိမိကို တောက်ပစွာငေးကြည့်နေသော စစ်သူကြီးလူငယ်၏အကြည့်ထက် တစ်စုံတစ်ရာမှာ စိတ်အားထက်သန်ကာ ပျော်ဝင်ရင်း ရှင်းပြနေသည့် စစ်ထူဖုန်းကိုကြည့်ကာ မသိမသာပြုံးမိသည်။ မိမိ လူရွေးမမှားခဲ့ ဟူသည့်မှတ်ချက်ကို တိတ်တခိုးချလိုက်မိသည်။
ချင်းရှီဟွမ် သည် စစ်ထူဖုန်း နှင့် အပြန်အလှန် ဗျူဟာဆွေးနွေးနေစဉ် စာကြည့်တိုက်ကိုလာသည့် မင်းဆရာအမတ်ကြီးက တွေ့သွားသည်။ မြင်ရသည့်မြင်ကွင်းကိုကြည့်ရင်း သက်ပြင်းသာ ရှိုက်လိုက်မိတော့သည်။
"ကံကြမ္မာဆိုတာ ရှောင်လို့မရပါလား.."
မိမိနှင့်မင်းကြီးက ချင်းရှီဟွမ် မင်းသားနှင့် သားတော် စစ်ထူရှန့်ယွီကို ဘယ်လောက်ခွဲပါစေ၊ ကံတရားအရပြန်တွေ့ပြီး သူတို့နှစ်ဦးက အချင်းချင်း ညီအစ်ကိုရင်းလို နှစ်လိုသွားကြသည်။
"သားနဲ့ မင်းသားပါလား.. အထဲကိုဝင်ရအောင်လေ အစ်ကိုကြီး.."
"သူတို့ဘာသာ နေပါစေ.."
စစ်သူကြီးက ရိုးရိုးသားသားဖြင့် အထဲဝင်ရန် အစ်ကိုကို တိုက်တွန်းသော်လည်း မင်းတိုင်ပင်အမတ်ကြီးဖြစ်သူ နောင်တော်က တားကာ နောက်ပြန်လှည့်လာတော့သည်။
"မင်းသားလေး စစ်ရေးဗျူဟာဆွေးနွေးတာကို သွားမနှောင့်ယှက်နဲ့.. သူတို့ဘာသာ နေပါစေ.."
'သူတို့ဘာသာ နေပါစေ' ဆိုသည့်စကားကို ပြောမိရင်း အမတ်ကြီး၏နှုတ်ခမ်းမှ ထူးဆန်းသောအပြုံးတစ်ခု တွဲခိုလာသည်ကို စစ်သူကြီးက တွေ့လိုက်သော်လည်း ပညာရှိအစ်ကိုကြီး၏စိတ်ကို လုံးဝ လိုက်မမှီခဲ့ပေ။
မင်းတိုင်ပင်အမတ်ကြီး စစ်ထူချုံးမင်သည် အိမ်တော်ကိုပြန်ရောက်တော့ မင်းကတော်ကိုခေါ်ကာ တိုးတိုးတိတ်တိတ် ပြောပြလေသည်။
"အမတ်ကြီးဘုရား.. ကျွန်မတို့ ဘယ်လိုဆက်လုပ်ကြမလဲ.."
"ကံတရားအတိုင်း လက်ခံရုံပဲ မင်းကတော်ကြီး.. သားတော် ဘေးကင်းချိန် ရောက်ပါပြီ.."
"ဒါပေမယ့်.. မင်းသားလေး ဘေးကင်းပါ့မလား.."
မင်းကတော်ကြီးက နို့ချိုတိုက်လာသူပီပီ စိုးရိမ်စွာမေးလိုက်သည်။
" ချင်းရှီဟွမ် မင်းသားက ဘုန်းကံရှင်ပါ.. မင်းသားလေးနဲ့သားတော်တို့ တစ်ယောက်နဲ့တစ်ယောက် အမှီသဟဲနဲ့ နေသွားနိုင်လောက်ပါပြီ.. ဘာကြောင့်လဲဆိုတော့ သားတော်နဲ့အတူရှိပေမယ့် မင်းသားလေးအပေါ် ဘာကျိန်စာမှ မသက်ရောက်သလို ဘာမှလဲ မထူးခြားခဲ့ဘူး.."
ထိုစကားကိုကြားသော် မင်းကတော်ကြီး ဝမ်းသာသွားတော့သည်။ သို့ပေမယ့် စစ်ထူချုံးမင်ကတာ့ မင်းကတော်ကြီးနှင့်ခွဲကာ မိမိစာကြည့်ဆောင်ကို ထွက်လာစဉ် ထူးဆန်းစွာပြုံးနေခဲ့သည်။
•••••••••••••*•••••••••••••••••
ညနေစောင်းသောအခါစစ်ထူရှန့်ယွီက ကျေနပ်ပီတိဖြာပြီး အမတ်ကြီးအိမ်တော်ကို ပြန်လာခဲ့သည်။ မင်းသားလေးက အဆင်းသာမက အချင်းနှင့်ပါ ပြည့်စုံလွန်းလှသည်။ တကယ့်တိုက်ပွဲကို မဝင်ဖူးပေမယ့် စဉ်းစားဆင်ခြင်ဉာဏ်နှင့် ပကတိ ထိုးထွင်းမြင်နိုင်သည့်ဉာဏ်က အင်မတန်ကို ထက်မြက်လွန်းလှသည်။ မိမိကြီးပြင်းလာသည့်တလျှောက် ရွယ်တူတန်းတူထဲမှ မင်းသားလေးလို တော်ထက်သည့်လူကို မကြုံဖူးသဖြင့် ယခုလို စစ်ရေးဗျူဟာကို အားပါးတရ ဆွေးနွေးပြီးနောက် မင်းသားလေးအပေါ် ချစ်ခင်ကြည်ညိုစိတ်တို့ တိုးလို့ ဖြစ်ပေါ်လာတော့သည်။
စစ်ရေးဗျူဟာဆွေးနွေးနေရင်း ဘာကြောင့် တစ်ကိုယ်လုံး ကြက်သီးထထလာသည်ကို တွေးမရဖြစ်ရင်း ညစာစားပြီး ကျေနပ်စွာ အိပ်မောကျသွားတော့သည်။ သို့သော် မနက်နိုးလာသောအခါ မိမိမြင်လိုက်ရသည့် မြင်ကွင်းကြောင့် စစ်ထူရှန့်ယွီ မျက်နှာနီသွားတော့သည်။
==========*========
YOU ARE READING
Historical FictionBoth zawgyi and Unicode font Historical fiction