Chapter (62) – လက်နက်နိုင်ငံတော်ကို ချဲ့ထွင်ခြင်း
တထန်မင်းဆက် သက္ကရာဇ် 102 ခုနှစ်တွင် ကျုံးလုနယ်စားက ချင်းရှီဟွမ် မင်းကြီးလက်အောက်ကို ခိုဝင်ခြင်းမရှိဘဲ ထောင်ထားခြားနားတော့သည်။ ကျင်းပိုင်နယ် သုံးပုံ နှစ်ပုံက တထန်မင်းလက်အောက် ကျရောက်သည့်တိုင် ကျုံးလုနယ်စားမင်းက မာန်မာနကြီးမားသည့်အပြင် နိုင်ငံခြားသားကုန်သည်များ၏ သင်္ဘောဆိုက်ကပ်ရာ ဆိပ်ကမ်းမြို့ကိုပိုင်ဆိုင်သဖြင့် ခေတ်မှီလက်နက်၊ စိန်ပြောင်း၊ အမြှောက်များ လက်ဝယ်ပိုင်ဆိုင်ထားသူဖြစ်သည်။
ကျုံးလုနယ်စား လန်ချင်း က ကျင်းဘုရင်ဟောင်း ကျူးကော်လျန့်၏ နှမတော်နှင့် လက်ထပ်ထားသည့်အပြင် ကိုင်ရှားနယ်စား ကွေ့တိ နှင့်လည်း ယောက်ဖတော်စပ်သောကြောင့် လန်ချင်း က ချင်းရှီဟွမ် မင်းကြီးလက်အောက်ကို ခိုလှုံခြင်းမရှိဘဲ တရားဝင်ပုန်ကန်ကာ သီးသန့်မြို့ရွာ တည်ထောင်ကာနေသည်။ လန်ချင်း က ခေတ်မှီသောအတွေးရှိသည့်အပြင် နိုင်ငံခြားသား ကြေးစား စစ်သားများကိုလည်း ခန့်အပ်ထားရှိသဖြင့် ချင်းရှီဟွမ် မင်းကြီးကို ကြောက်ရွံ့ခြင်းကင်းကာ စင်ပြိုင်မင်းပြုနေခဲ့သည်။
ကျုံးလုကိုသာရလျှင် တောင်ပိုင်းပြည်နယ်တခုလုံးကို လွှမ်းမိုးနိုင်ပြီဖြစ်သောကြောင့် ကျုံးလုကိုတိုက်ဖို့ ချင်းရှီဟွမ် မင်းကြီး ဆန္ဒရှိနေသည်။ ဒါကြောင့် အနုနည်းဖြင့်စမ်းရန် စာလွှာပေးအပ်ကာ အသာတကြည်လက်အောက်ကို ခိုလှုံစေခဲ့သည်။
"တထန်ပြည်၊ ကျင်းပြည်ကို အစိုးရသော ဘဝရှင်မင်းတရားက မိန့်ဆိုအပ်သည်မှာ.. ယခုအချိန်တွင် ကျင်းဘုရင်ဟောင်းက နတ်ရွာစံကာ ကျင်းလည်း ငါကိုယ်တော် လက်အောက်သို့ ရောက်ရှိသွားလေပြီ.. ကျူးကော်လျန့်သည် ပိန်ကော်ဘုရင်၊ ပြည်ဘုရင်နှင့်ပေါင်းကာ ငါကိုယ်တော်ကို အကြိမ်ကြိမ်စစ်ထိုးသော်လည်း အောင်မြင်ခြင်းမရှိ၊ ယခု ငါကိုယ်တော်၏ အုပ်ချုပ်မှုအောက်တွင် နှစ်ပြည်ထောင် စည်ပင်ဝပြောကာ အေးချမ်းနေလေပြီ။ အသင်ကျုံးလုနယ်စားမင်းသည် ဆင်မြင်းဗိုလ်ပါအားကိုးနှင့် ငါကိုယ်တော်ကို ဆန့်ကျင်ခြင်းက မဖြစ်ထိုက်။ ကျုံးလုမြို့သည် နိုင်ငံခြားသင်္ဘောများ ဆိုက်ရောက်သဖြင့် တိုင်းတစ်ပါးသားပေါများသည်ကို အားမကိုးလေနှင့်။ ယခင်က ကျင်းပြည်မှာ တိုင်းတစ်ပါးသားများရှိပေမယ့် အမှန်တကယ်စစ်ဖြစ်တော့ ဘယ်သူက ဝင်ရောက်တိုက်ပေးခဲ့ပါသလဲ။ ဒါကြောင့် ကျုံးလုနယ်စားမင်း စဉ်းစားရန်မှာ.. တောင်ပိုင်းနယ်တစ်ရပ်လုံး စည်းလုံးစေဖို့ ငါကိုယ်တော် လက်အောက်သို့ ခိုလှုံပါက ရှိရင်းစွဲစည်းစိမ်ရာထူးဖြင့် နေထိုင်ခွင့်ပေးမည်။ ငါကိုယ်တော်သည် ပြည်သူများသေကြေသည့်စစ်ပွဲကို ထပ်မနွှဲချင်တော့သဖြင့် ကျုံးလုနယ်စားကို အသာတကြည် လက်အောက်ခံဖို့ စာလွှာပါးလိုက်ခြင်း ဖြစ်သည်။"
YOU ARE READING
Historical FictionBoth zawgyi and Unicode font Historical fiction