Chapter (58) -သူရဲကောင်း ၂ ဦးကြားက အချစ် - 1 (Z+U)

493 28 0
                                    

 Chapter (58) –သူရဲကောင်း ၂ ဦးကြားက အချစ် - 1 (Z+U)


" ကျင်းပြည်ကို အောင်မြင်တော်မူပြီ.... အရှင် ချင်းရှီဟွမ် ရဲ့ ဘုန်းတန်ခိုးတော်ကြောင့် ကျင်းပြည်ဘုရင်က အရှုံးပေးပြီး တပ်နှင့် မြို့ကိုစွန့်ခွာပြေးလေပြီ "

နန်းတော်ထဲကို ဝင်လာပြီးကြေငြာသည့် အထောက်တော်၏ အသံကြောင့် တော်ဝင်မင်းသမီး ချင်းကျယ်ထျန်း လည်း သားတော်လေးကို ဆွဲကာ ယောက်ခမ တော်စပ်သူ မြို့ကို ယာယီအပ်နှင်းထားသည့် ကျန်းနန်ဘုရင်ခံ နှင့် အမတ်ချုပ်ကြီးထံသို့ အမြန် လာခဲ့သည်။ အဆောင်တော်ထဲတွင် ချင်းရှီဟွမ် ၏ တော်ဝင်ကြင်ယာတော်နှင့် ကိုယ်လုပ်တော်တို့လည်း ရောက်နှင့်နေသည်။

" ဘုရင်ခံကြီး... ဒီသတင်း အသေးစိတ်က ဘာတဲ့လဲ။ အရှင်မင်းကြီး နဲ့ မောင်မောင် ဘေးကင်းရဲ့လား။  "

" အရှင်မင်းသမီးကို အရိုသေပြုပါတယ် "

စစ်ထူချုံးမင်က  ကျန်မှုးမတ်များ၊ တော်ဝင်ကြင်ယာတော်များနှင့် စကားပြောနေစဉ် တော်ဝင်မင်းသမီး ချင်းကျယ်ထျန်း  ဝင်လာသောကြောင့် အရိုသေပေးလိုက်သည်။

" ထုံးတမ်းစဉ်လာတွေ မလုပ်နဲ့တော့။ ကျွန်မမေးတာပဲ အသေးစိတ်ပြော ပေးပါ "

ထုံးတမ်းစဉ်လာများကို လုပ်ခိုင်းတာ သူမ မဟုတ်သလို တော်ဝင်မင်းသမီး ချင်းကျယ်ထျန်း က ပြောလိုက်သဖြင့် ကျန် မှုးမတ်များက မဲ့လိုက်ချင်ပေမယ့် ဘုရင်မင်းမြတ်၏ အစ်မတော်ကို မထီမဲ့မြင် မပြုလိုသောကြောင့် ခေါင်းငုံ့ထားလိုက်သည်။ တော်ဝင်မင်းသမီး ချင်းကျယ်ထျန်း က သူ့ယောက်ခမ ဖြစ်သူ စစ်ထူချုံးမင်ကိုပင် ဘုရင်ခံကြီးဟု ခေါ်တာပဲကြည့်ပေတော့။ ဒါတောင် ရှန်ဝမ် က တထန်ပြည်မှ အင်အားထွားပြီး သမီးဖြစ်သူ စစ်ထူဖေးယန် က ဘုရင့်မိဖုရားငယ်ဖြစ်သည့်တိုင်း တော်ဝင်မင်းသမီး ချင်းကျယ်ထျန်း က စစ်ထူချုံးမင် ကို  ရိုသေလေးစားမှု လုံးဝမရှိပဲ လက်အောက်ခံ ကျွန်ယုံတော်ကြီးလိုသာ ဆက်ဆံနေသည်။

" မှန်လှပါ။ အရှင်မင်းကြီးနဲ့ စစ်သေနာပတိချုပ်က ဒဏ်ရာမရကြပဲ ဘုန်းတော်ကြောင့် ကျင်းပြည်ကီးကို အောင်နိုင်သွားပါပြီ ဘုရား။ ပြီးတော့ ချင်းရှီဟွမ် ဘုရင်မင်းမြတ် က ကျွန်တော်မျိုးကို အရေးတကြီးဆင့်ခေါ် လိုက်လို့ ဒီည ချက်ချင်းထွက်ရပါတော့မယ် "

" ဟင်...ဒီ တထန်ပြည်ရဲ့လုံခြုံရေးက ဘယ်လိုလုပ်မလဲ။ ခုလို ပစ်ထားလို့ မရဘူးလေ။ မောင်တော် ဘုရင်မင်းမြတ်ရဲ့အမိန့်စာလွှာ ဘယ်မှာလဲ "

တော်ဝင်မင်းသမီး ချင်းကျယ်ထျန်း က ဘယ်သူမှ မရှိခိုက် တထန်ပြည်ကို ရန်သူများ အလစ်ဝင်သိမ်းပိုက်ကာ မိမိတို့ စစ်သုံ့ပန်းဖြစ်ရမည်ကိုကြောက်ကာ မေးလိုက်သည်။ မယုံသင်္ကာဖြင့် မောင်တော်၏ အမိန့်စာကိုပင် တောင်းကြည့်လိုက်သေးသည်။

စစ်ထူချုံးမင်က တော်ဝင်မင်းသမီး ချင်းကျယ်ထျန်း ၏ မောက်မာမှုကို အကျင့်ရနေသူပီပီ စာချွန်လွှာကို ထုတ်ပေးလိုက်သည်။

" အင်း...စစ်သူကြီးကုန်းစွန်းယဲ့ကို နန်းစောင့်ထားခဲ့မယ်ဆိုရင် တော်ပါသေးတယ်။ စစ်သူကြီးရောက်လာပြီလား "

" နောက်နာရီတစ်မောင်းဆိုရင် ရောက်လာပါပြီ အရှင့်သမီးတော်ဘုရား "

" ကောင်းတယ်...ဒါဆို ကျွန်မရဲ့ စာလွှာကို ဘုရင်ခံကြီးနဲ့ထည့်ပေး လိုက်မယ်။  ဘုရင်ခံကြီးလည်း လိုအပ်တာ ပြင်ဆင်လိုက်ပါတော့။  ကျန်တဲ့ ယောက်မတော်တွေလည်း စာလွှာပါးချင်ရင် သွားပြင်လိုက်တော့။ ဘုရင်ခံကြီးကို နှောင့်နှေးအောင် မလုပ်ကြနဲ့"

တော်ဝင်မင်းသမီး ချင်းကျယ်ထျန်း က ထရပ်ကာ မိဖုရားငယ်များကိုလည်း ပြောလိုက်သည်။ တစ်လက်စတည်း ရှန့်ကွမ်းဝူကြည်ကိုပါ မျက်ဝန်းနှင့် အချက်ပြလိုက်သည်။

ရှန့်ကွမ်းဝူကြည်၊  တော်ဝင်ကြင်ယာတော်ဝေ့နှင့်  တော်ဝင်မင်းသမီး ချင်းကျယ်ထျန်း တို့ထွက်သွားပြီးနောက် စစ်ထူဖေးယန် က ခမည်းတော်ဘုရင်ခံကြီးကို အမှာစကားသာ ပါးလိုက်သည်။ မောင်တော်ဘုရင်မင်းမြတ်ကို စာလွှာပါးလျှင်ပင် စစ်ရေးက မပြီးပြတ်သေးသဖြင့် မိမိတို့စာလွှာကို ဖတ်ချိန်ရမည် မဟုတ်သည့်အတူတူ စာလွှာမပါးတော့ပဲ ခမည်းတော်ကို မောင်တော် ဘုရင်မင်းမြတ်ကို အတတ်နိုင်ဆုံး ကာကွယ်ပေးဖို့ အစ်ကိုတော်ကိုသာ စကားပါးလိုက်သည်။ အစ်ကိုတော်က ဘုရင်မင်းမြတ်နှင့် အနီးစပ်ဆုံးမှာ နေမည်ဖြစ်သောကြောင့် အကိုတော်ဆီ မှာခြင်းက ဘုရင်မင်းမြတ်ကို တိုက်ရိုက် အကျိုးရှိစေသည် မဟုတ်လား။

တော်ဝင်မင်းသမီး ချင်းကျယ်ထျန်း က မောင်မောင်ကို မိမိနှစ်သက်သည့် ကျင်းပြည်နန်းတွင်းမှ လက်ဝတ်ရတနာ ဒီဇိုင်းအဆန်းများကို မှာကြားကာ ကျန်းမာရွှင်လန်း အောင်ပန်းဆင်ပြီး ပြန်လာစေဖို့ စာလွှာပါးလိုက်ပြီး တန်ဖိုးကြီး ရှားပါး ဆေးဝါးများကို ထည့်ပေးလိုက်သည်။

ရှန့်ကွမ်းဝူကြည်က မောင်တော် ဘုရင်မင်းမြတ်ကို အောင်ပွဲအလီလီရစေကြောင်း ဆုတောင်းရင်း အလွမ်းများဖြင့် မျှော်နေကြောင့် စာလွှာပို့လွှတ်လိုက်သည်။

စစ်ထူချုံးမင်က စာလွှာများကို ယူဆောင်ကာ မင်းမိန့်အတိုင်း ခရီးပြင်းနှင်ကာ ကျင်းပြည်နေပြည်တော်ကို ရောက်ရှိလာသည်။ ကျင်းပြည်မြို့တော်ထဲကို ဝင်လိုက်သည်နှင့် နေရာတိုင်း တထန် စစ်သည်တော်များ တပ်စွဲကာ မြို့ပတ်လည်တွင်လည်း တပ်မကြီး ဝန်းရံလျက်ရှိသည်။ ပြီးတော့ ဟိုယခင်ကတည်းက ရခဲ့သည့် ပုသိမ်၊ မြောင်းမြ မြို့စားများ၏ တပ်တော်များလည်း ရောက်ရှိလျက်ရှိကြ သည်။ ကြည့်ရတာ သားတော်နှင့်မင်းတရာက မိမိကို ဒီ ကျင်းပြည်ကို အခြေခိုင်အောင် ကွပ်ကဲစေပြီး သူတို့က ကျင်းပြည်ဘုရင်နောက်ကို လိုက်ချေမှုန်းမည်ဖြစ်ကြောင့် ပညာရှိပီပီ တန်းသိလိုက်သည်။

" တထန်ဘုရင်ခံ စစ်ထူချုံးမင် သက်တော်ရှည်အမတ်ကြီး ဆိုက်ရောက်လာပါပြီ "

" ဝင်ခွင့်ပြုစေ "

စစ်ရေးညီလာခံကျင်းပနေသည့် အတွင်းပိုင်းမှ ချင်းရှီဟွမ် ဘုရင်မင်းမြတ် ၏ အောင်မြင်သော အသံသာသာကို ကြားလိုက်ရပြီး ချက်ချင်း စစ်ထူချုံးမင် အခစားဝင်လိုက်သည်။

" အကြီးတော်ဘုရား.... ဒီကိုလာပါ... "

ချင်းရှီဟွမ် က စစ်ထူချုံးမင် ကို  သူ့အနားက ခုံတွင် ချက်ချင်း လာထိုင်စေသည်။ မင်းတရား၏ ဘယ်ဘက်တွင် စစ်ထူချုံးမင်က ထိုင်ပြီး ညာဘက်ခုံတွင် ရှန်ဝမ် က ထိုင်နေသဖြင့် အခြား အကြီးတော်ဖြစ်သူ ရှန့်ကွမ်းဝူတိ က မနာလိုဖြစ်စွာ ကြည့်လိုက်သည်။ တထန်နန်းတော်ထဲတွင်သာမက ကျင်းပြည်နန်းတော်တွင်လည်း ဒီ သားအဖ၏ လွှမ်းမိုးမှုက မလွှတ်မြောက်သေးပါလားဟု တွေးနေသည်။

" အကြီးတော်...ကိုယ်တော်တို့ ကျင်းပြည်မင်းကြီးနောက်ကို ဆက်လိုက်ပြီး ချေမှုန်းဖို့ စစ်ရေးညီလာခံခေါ်ပြီး ဆွေးနွေးနေတာ။ ရှန့်ကွမ်းဝူတိ က ကျင်းပြည်ရဲ့ အသန်မာဆုံး လက်ကျန် အင်အားစုဖြစ်တဲ့ ကျိုးလုနယ် ကို အရင်တိုက်ချင်နေတယ်။ ရှန်ဝမ် က ကျူးကော်လျန့် နောက်ကို အရင်လိုက်ချေမှုန်းချင်နေတယ်။ အကြီးတော်ရဲ့ အထင်က ဘယ်လိုလဲ။ ပြောကြည့်ပါဦး "

ချင်းရှီဟွမ် ဘုရင်မင်းမြတ် က ပွင့်လင်းစွာ တဲ့တိုးမေးမြန်းလိုက်သည်။ စစ်ထူချုံးမင်က စစ်ရေးမြေပုံ ပုံစံငယ်များကို တချက်စိုက်ကြည့်ကာ မင်းကြီးကို ရိုသေစွာလျှောက်တင်လိုက် သည်။ ဒီအကြောင်းကို ကျင်းပြည်ကိုလာသည့်မြင်းရထားပေါ်တွင် သူ တစ်ခါတည်း စဉ်းစားပြီးဖြစ်လို့ ခက်ခဲခြင်းမရှိ ဖြစ်လာနိုင်ချေတွေကို တစ်ခါတည်း တွက်ချက်ကာ တင်ပြလိုက်သည်။

" ကျိုးလုနယ်စားက အင်အားကြီးမားတယ်ဆိုပေမယ့် သူ့တောင်ဘက်မှ ပင်လယ်ပြင်ပဲ ရှိတော့လို့ အခြားသော မဟာမိတ်များနှင့် ပူးပေါင်းနိုင်ချေနည်းပါးပါတယ် အရှင်မင်းကြီး။ ကျူးကော်လျန့် က  ရှီအန်းပြည်နယ်က ယောက်ဖတော် နယ်စားမင်း ဝမ်ကျန့်ထံ ပြေးသွားတာဖြစ်လို့ သူတို့ နှစ်ပါး ဆုံမိသွားရင် အင်အားကြီးထွားသွားနိုင်ပါတယ်။ ပြီးတော့ သူတို့နဲ့ မဟာမိတ်ပြုထားတဲ့  ရှင်းကျန်း လူမျိုးစုခေါင်းဆောင်များကို အကူညီတောင်းခံနိုင်သလို ပိန်ကော်ဘုရင် ပိုင်ချီကျန်း ကိုလည်း လှမ်းပြီး မဟာမိတ်ပြုကာ စစ်ကူတောင်းနိုင်ပါတယ်။ တကယ်လို့ မြောက်ဘက်က ပိန်ကော်၊ အနောက်မြောက်ဘက် ရှင်းကျန်းလူမျိုးစုခေါင်းဆောင်တွေ ပူးပေါင်းမိသွားလျှင် သူတို့အင်အားစုများက တထန်ကို ကျူးကျော်တိုက်ခိုက်ဖို့ ပြန်လည်ချီတက်လာနိုင်ကြောင်းပါ။ ဒါကြောင့် ပိုင်ချီကျန်း နဲ့  ရှင်းကျန်း လူမျိုးစုခေါင်းဆောင်များနှင့် ပူးပေါင်းခြင်းမပြုသေးခင် ကျူးကော်လျန့်တို့ စစ်တပ်ကို လိုက်လံချေမှုန်းသင့်ကြောင်းပါ အရှင်"

ချင်းရှီဟွမ် ဘုရင်မင်းမြတ် ၏ မျက်နှာတော်က ပြုံးရွှင်သွားပြီး ကျေနပ်စွာ ပြောလိုက်သည်။

" ရှန်ဝမ် လည်း ခုလို တွေးတယ်။ ငါကိုယ်တော်လည်း ကျုးကော်လျန့် အနောက်ကို လိုက်တိုက်ဖို့ စိတ်ပိုပြင်းပြတော်မူတယ် အမတ်ကြီး၊ စစ်သူကြီးတို့...သံကို ပူတုန်းထုတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ် "

ရှန့်ကွမ်းဝူတိ က လက်မလျှော့သေးပဲ ထပ်မံလျှောက်ထားလိုက်သေးသည်။

" အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ကျိုးလုနယ်ကိုသာရရင် ကျွန်တော်မျိုးတို့ ရှီအန်းပြည်နယ်ကို တက်ပြီးလုပ်ကြံရာတွင် စစ်အင်အား ပိုသာပါ့မယ် ဘုရား။ မဟုတ်ရင် ကျွန်တော်မျိုးတို့ စစ်သည်တော်များ သေကြေပျက်စီးမှု များနိုင်ကြောင်းပါ။ ကျွန်တော်မျိုးက ငါးကြင်းဆီနဲ့ငါးကြင်းပြန်ကြော်စေချင်ကြောင်းပါ။ ကျွန်တော်မျိုးတို့ကို စစ်ကူလာပေးတဲ့ နယ်စားတွေရဲ့ တပ်က ကျိုးလုနယ်စားပိုင်တဲ့ အင်အားရဲ့ သုံးပုံတစ်ပုံမျှသာ ရှိကြောင်းပါ"

ချင်းရှီဟွမ် က ခေါင်းယမ်းကာ ရှန့်ကွမ်းဝူတိ ကို  ပြန်ဖြေလိုက်သည်။

" ကိုယ်တော်တို့ဘက်က မစွန့်စား အနာမခံချင်ပဲ သူ့လက်အောက်က လူတွေချည်းသုံးပြီး ကျူးကော်လျန့်ကို အနိုင်တိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျိုးလုနယ်စားက ခုထိ အခိုင်မာ မြို့ကိုပိတ်ဆို့ပြီး အာခံနေတယ်ဆိုကတည်းက သူက စိတ်ဓါတ်ခိုင်မာလို့သာ ဖြစ်တယ်။ အဲ့နေရာမှာ ကိုယ်တော်တို့ရဲ့ လက်နက်နဲ့စစ်အင်အားကို မဖြုန်းတီးနိုင်ဘူး။ ဒါကြောင့် အားလုံး ကျူးကော်လျန့်ရဲ့ အနောက်ကို လိုက်ပြီး ချေမှုန်းဖို့ ကိုယ်တော် ဆုံးဖြတ်လိုက်ပြီ။ အားလုံး အမိန့်တော် ထုတ်ပြန်စေ... မနက်ဖြန် မှာ ကျူးကော်လျန့် နောက်ကို လိုက်လံချေမှုန်းမယ်။ ရှေ့တန်းကို သွားရမည့် စစ်တပ်နှင့် လမ်းကြောင်းကို ညသန်းခေါင်ထုတ်ပြန်မယ်။ အားလုံး အသင့်ပြင်ထားစေ  "

" အမိန့်တော်အတိုင်းပါ   "

စစ်ရေးညီလာခံစဲသွားပြီးနောက် ချင်းရှီဟွမ် ဘုရင်မင်းမြတ် နှင့် စစ်ထူချုံးမင်၊ ရှန်ဝမ် ၊ ရှန့်ကွမ်းဝူတိ တို့က ဆက်လက်နေရစ်ခဲ့ပြီး တပ်တော်များကိုခွဲဝေမှုကို တိုင်ပင်ကြသည်။

" အရှင်..ကျွန်တော်မျိုးကို ရှေ့ဆုံးတပ်ကနေ ချီတက်ခွင့်ပြုတော်မူပါ ဘုရား "

" စစ်တိုက်ဖို့ အစောင့်နိုင်ဖြစ်နေပြီလား ရှန်ဝမ် ရဲ့..စိတ်ချပါ။ ကိုယ်တော် မင်းကို တပ်ဦးအဖြစ် သံမဏိတပ်ကို ဦးစီးခိုင်းမှာပါ "

" ကျေးဇူးတင်ပါတယ် အရှင် "

"  အကြီးတော်တို့ ကိုယ်တော်တို့ ရေကြောင်း ကြည်းကြောင်း နှစ်မျိုးနဲ့ ချီတက်လုပ်ကြံမယ်။ ဘယ်လို အကြံပေးချင်ပါသလဲ"

" အရှင့်ကိုလျှောက်တင်ပါတယ်။ ရေကြောင်းက ချီတက်ဖို့ ကျွန်တော်မျိုးတို့မှာ တိုက်လှေ မလုံလောက်ကြောင်းပါဘုရား။ စစ်ကူပေးတဲ့နယ်စားတွေရဲ့တပ်ကလည်း ခြေလျင်တပ်တွေသာ ဖြစ်ကြောင်းပါ။  "

ရှန့်ကွမ်းဝူတိ က လျှောက်တင်လိုက်သည်။ ရှန်ဝမ် က ဝင်ရောက်လျှောက်တင်ကာ တိုက်လှေပြသနာကို ရှင်းပေးလိုက်သည်။

" ကျူးကော်လျန့်ရဲ့ ရေတပ်မှာ တိုက်လှေ အားလုံး ပါ မသွားလောက်ကြောင်းပါ။ ဝှက်ထားတဲ့ တိုက်လှေတွေကို လိုက်လံပြနိုင်သူနဲ့ ခြေတော်ရင်းမှာ လှေများ ပံပိုးပေးသူများကို ဆုလာဘ်ချီးမြှင့်ဖို့ကြေငြာလိုက်ရင် ကျွန်တေ်ာမျိုးတို့ လိုအပ်တဲ့လှေကို ရနိုင်ကြောင်းပါ "

" ကောင်းတယ်။ အခု ဒီအမိန့်ကိုထုတ်ပြန်စေ။ ကျူးကော်လျန့် ဝှက်ထားတဲ့ တိုက်လှေကို ညွှန်ပြ ပေးအပ်နိုင်သူကို ရွှေစင်တစ်ထောင်ဆုချစေ။ ကိုယ်ပိုင်လှေများကို လာရောက်ဆက်သသူများကိုလည်း ဆုချီးမြှင့်သည့် အပြင် အထူး ခံစားခွင့်များပေးစေ "

နံဘေးမှ စာလွှတ်မှတ် အမှုထမ်းက ချက်ချင်းရေးသားကာ မင်းတရားကြီးက တံဆိပ်တုံးထုကာ ချက်ချင်း ကျင်းပြည်မြို့ထဲ ကြေငြာစေသည်။

" ကြည်းကြောင်းကို ဆက်စဉ်းစားမယ်။ ကြည်းတပ် 4 တပ် ချီတက်စေဖို့ ကိုယ်တော် ဆုံးဖြတ်ထားတယ်။ ဘယ်သူတွေကို ဦးဆောင်စေမလဲ။ ရှန်ဝမ် က တပ်ဦးက ချီတက်ပြီး နောက်ကနေ လိုက်ပါမယ့် စစ်သူကြီးများက ဘယ်သူတွေဖြစ်သင့်လဲ "

"  ဟုန်ကျီးနဲ့ ဝမ်ရဲ့တို့က  သင့်လျှော်ကြောင်းပါဘုရား "

ရှန့်ကွမ်းဝူတိက လျှောက်တင်လိုက်သည်။ ထိုလက်ရွေးစင်စစ်သူကြီး များက ကြည်းတပ်တိုက်ခိုက်ရေးများတွင် အကျော်ဇေယျများဖြစ်လို့ ချင်းရှီဟွမ် လက်ခံလိုက်သည်။

" နောက်ထပ် ထပ်ထည့်ချင်တဲ့ စစ်သူကြီးများရှိသေးလား ရှန်ဝမ်  "

" ဘိုင်ချီနဲ့ ဝမ့်ရိ တို့ကို ထပ်ထည့်ချင်ကြောင်းပါ။ သူတို့က ဒီနယ်ခံများဖြစ်လို့ ရေမြေအနေထားကို ပိုကျွမ်းကျင်ကြောင်းပါ။ ပြီးတော့ ကျူးကော်လျန့် တို့ကြည်းတပ်များ ချထားမယ့် ထောင်ချောက်များကိုလည်း သူတို့ ပိုနားလည်နိုင်ကြောင်းပါ "

" ကောင်းပြီ။ ကြည်းတပ်မှာ စစ်သူကြီး 6 ဦးနဲ့ တပ်တော် 4 ခု ကို ရှန်ဝမ်  ဦးစီးစေ။  ကြည်းတပ်အတွက် ဆင် 100 ၊မြင်း 800  နဲ့ စစ်သည်တော် 350000 ကို ဦးဆောင်စေ။  ရေတပ်ကိုတော့ ငါကိုယ်တော် ကိုယ်တိုင် ဦးစီးတော်မူမယ်။ အကြီးတော် ရှန့်ကွမ်းဝူတိ နဲ့ ဒုတိယ စစ်သေနာပတိ သုံးဦးက ငါကိုယ်တော်နဲ့ အတူ လိုက်ပါစေ။  ရေကြောင်းအတွက် တိုက်ဆင် 70 ၊မြင်း 300 ၊ စစ်သည်တော် 350000  အသင့်ပြင်ဆင်စေ။ ကျင်းမြို့တော်ကို စောင့်ကြပ်ဖို့အတွက် အကြီးတော် စစ်ထူချုံးမင် လက်အောက်မှာ စစ်သည်တော် 10000 ကျန်ရစ်စေ"

" အမိန့်အတိုင်းပါ အရှင် "

အားလုံး ကိုယ့်လက်အောက်မှ တပ်များကို ညွှန်ကြားရန်၊ ပြင်ဆင်ရန် ထွက်ခွာသွားကြသည်။

ချင်းရှီဟွမ် နှင့် အကြီးတော် စစ်ထူချုံးမင် သာ ကျန်ရစ်ပြီး စစ်ရေးဗျူဟာကို တိုင်ပင်နေသည်။   စစ်ထူချုံးမင် က တထန်ပြည်မှ ပါးလိုက်သော စာလွှာများကို ပေးအပ်ပေမယ့် မင်းတရားက အပါးတော်မြဲလက်ထဲသာ ထည့်စေပြီး စစ်ရေးကိုသာ ဆက်လက်ဆွေးနွေးနေသည်။ နောက်ဆုံးမှ သားတော်နှင့် သမီးတော်အကြောင်း နည်းနည်းမေးကာ စစ်ထူချုံးမင်  နှင့် နေ့လည်စာ အတူစားပြီး မြို့စောင့်တပ်ကို ပြင်ဆင်ဖို့ သွားခွင့်ပြုလိုက်သည်။

===========*==========

မုန်းမာန်ဖွဲ့ချစ်ခြင်း  (မုန်းမာန်ဖွဲ့ချစ်ခြင်း )Opowieści tętniące życiem. Odkryj je teraz