Chapter ( 41 ) – အမြစ်ဖြုတ်ခြင်း
ချင်းရှီဟွမ် ၏ စာကြည့်ဆောင်ထဲမှ တွေ့လိုက်ရသည့်စာလွှာများကြောင့် စစ်ထူရှန့်ယွီ လူသတ်ချင်စိတ် တိုးလာခဲ့သည်။ မိမိ သိပြီးသားကိစ္စများဖြစ်ပေမယ့် အရှင့်သားက ယခုမှ အမှန်တရားကိုသိပြီး မခံစားနိုင်ဖြစ်သွားပုံရသည်။
ပထမ စစ်ထူရှန့်ယွီက လက်ယာအမတ်ကြီးကိုဖမ်းပြီး သတ်ရန်ကြံလိုက်သော်လည်း ဒီအချက်အလက်ကို စုဆောင်းပေးကာ ဒီလိုဖြစ်အောင်လုပ်သူက လက်ယာအမတ်ကြီး တစ်ဦးတည်း မဖြစ်နိုင်ပေ။ သူတို့တစ်အုပ်တစ်မကြီးကို ထောင်ဖမ်းရန်ကြံပြီး ထိုစာလွှာများကို သိမ်းဆည်းကာ အိမ်တော်ကိုပြန်လာလိုက်သည်။
ချင်းကျယ်ထျန်း သည် ခမည်းတော်သတိလစ်ကာ မျောနေသည်ဆိုသည့်သတင်းကို ကြားပြီးနောက် လက်ယာအမတ်မင်းထံမှ အိမ်ရှေ့စံကို ဒီအကြောင်း လျှောက်တင် ပြီးကြောင်းကိုသိသော် မကြာခင် တင်းမာလာမည့်အခြေအနေကို စိတ်ချလက်ချဖြင့် ထိုင်ကြည့်နေသည်။
အိမ်ရှေ့စံက ဒီအကြောင်းကိုသိလျှင် မောင်မောင့်ကို ဒီအတိုင်းကြည့်နေမည်မဟုတ်ပေ။ လက်တစ်ကမ်းသို့ရောက်နေသည့် ထီးနန်းအတွက် မောင်မောင့်ကို သေချာပေါက်ရှင်းပစ်ဖို့ ကြံစည်လိမ့်မည်။ တကယ်လို့ မောင်တော်အိမ်ရှေ့စံက တွေဝေနေသည်ဆိုလျှင်လည်း မိမိတို့က လောင်စာဆီလောင်းပေးရန် အသင့်ဖြစ်သည်။
ချင်းကျယ်ထျန်း သည် မွေးဖွားလုဆဲဆဲဝမ်းဗိုက်ကို လက်နှင့်အသာအယာပွတ်သပ်ကာ ရင်သွေးလေးကို ချော့မြူနေသည်။
"သားတော်လေးရေ.. ခဏတော့သည်းခံပါကွယ်.. .သားတော်လေးအတွက် ဟိုးအမြင့်ဆုံးက ထိုင်ခုံကို မယ်မယ် ပြင်ဆင်ထားပြီးပါပြီ သိရဲ့လာ.. သားရဲ့ခမည်းတော်က ရန်သူအားလုံးကို ချေမှုန်းပြီး သားတော်အတွက် အင်ပါယာကြီးကို ထူထောင်ပေးနေပြီ.. မယ်မယ့်သားလေး.. တထန်ပြည် မင်းဆက်ကို ကြီးကျယ်အောင် လုပ်ဆောင်နိုင်မယ့် သားတော်လေး..မင်းရဲ့ ဘဝခရီးလမ်းက ပန်းခင်းထားသလို အရာအားလုံး အဆင်သင့် ဖြစ်နေစေရမယ်....."
ချင်းကျယ်ထျန်းက သူမ ရဲ့သား ဘဝ ပန်းခင်းလမ်းကို လျှောက်နိုင်ဖို့အရေး သွေးဖြင့် ထိုလမ်းကို အရင်ခင်းဖို့ ဝန်မလေးပေ။ သားတော်လေးသာ ထီးနန်းရမယ်ဆိုရင် ခမည်းတော် ဖြစ်စေ၊ မောင်ငယ်ဖြစ်စေ ဘယ်သူ့ကိုမဆို စတေးရဲသည်။ တော်ဝင်မိသားစုဝင် တစ်ယောက်ဖြစ်လာပြီဆိုရင် သံယောဇဉ်ဆိုတာ မရှိတော့ပေ။ လောဘ၊ အာဏာ၊ စည်းစိမ်တို့သာ အဓိက ဖြစ်သွားလေပြီ။
ချင်းကျယ်ထျန်း တစ်ယောက် စိတ်ကူးနှင့် ကြီးကျယ်သည့်အင်ပါယာကြီး၏ အရှင်သခင်မအဖြစ် ပျော်ရွှင်နေရာမှ ကြင်ယာတော်ပြန်လာကြောင်း ရံရွေတော်၏ သတင်းပို့မှုကြောင့် ချင်းကျယ်ထျန်း သူ့ကို မိမိအဆောင်ကို ခေါ်လာစေသည်။
"မောင်မောင်.. ခမည်းတော်ရဲ့အခြေအနေ ဘယ်လိုနေသေးလဲ.. ထျန်းထျန်း သွားကြည့်ချင်တယ်.. မောင်မောင် ထျန်းထျန်းကို ခမည်းတော်ဆီ လိုက်ပို့ပေးပါ.."
"ခမည်းတော် သတိမရသေးဘူး ထျန်းထျန်း .. ပြီးတော့ ထျန်းထျန်းက ကိုယ်ဝန်အရင့်အမာကြီးနဲ့၊ ခမည်းတော်သတိရလာမှ နန်းတော်ထဲကိုဝင်ကြရအောင်.. ဒီနေ့ နေရထိုင်ရတာ ဘယ်လိုနေလဲ.. သားတော်လေးက ထျန်းထျန်းကို အထဲကနေ ကန်သေးလား.."
ချင်းကျယ်ထျန်း က မိမိ ဝမ်းဗိုက်ကိုစမ်းရင်း ပြောလာသည့်ခင်ပွန်းသည်၏လက်ကို အုပ်မိုးကိုင်ကာ မျက်နှာညှိုးငယ်စွာဖြင့် တီးတိုးပြောလိုက်သည်။
"ဟင့်အင်း..သားတော်လေး လိမ်မာပါတယ်။ သူက ထျန်းထျန်း စိတ်အနှောက်ယှက် ဖြစ်အောင် ဘာမှ မလုပ်ပါဘူး။ မောင်မောင်.. ထျန်းထျန်း အခုရက် အိပ်မက်မကောင်းဘူး။ နန်းတော်ထဲသွားတာ သတိနဲ့သွားပါ.. ခမည်းတော်ဘုရားလည်း သတိမေ့နေ ချိန်ဆိုတော့..."
ချင်းကျယ်ထျန်း က သောကရောက်နေဟန်ဖြင့် ကတုန်ကယင်ပြောရင်း စကားကို တစ်ဝက်နှင့်ရပ်လိုက်သည်။ တခါတရံ စကားကို တန်းလန်းရပ်ပေးလိုက်တာက အဓိပ္ပါယ်ကို တွေးချင်သလို တွေးသွားစေနိုင်သည်။
စစ်ထူရှန့်ယွီက ချင်းကျယ်ထျန်း ၏ပုခုံးကို ခပ်တင်းတင်းဖက်ကာ ရင်ခွင်ထဲဆွဲသွင်းပြီး အားပေးစကားပြောလိုက်သည်။
"စိတ်မပူပါနဲ့ ထျန်းထျန်းရယ်.. ခမည်းတော် သတိမေ့နေပေမယ့် ယောက်ဖတော် အိမ်ရှေ့စံ တစ်ယောက်လုံး ရှိပါသေးတယ်.. သူက မောင်မောင်တို့ကို ကာကွယ်ပေးထားမှာပါ.."
စစ်ထူရှန့်ယွီ ၏စကားကြောင့် ချင်းကျယ်ထျန်း မျက်မှောင်တွန့်သွားပြီး သူ့ရင်ခွင်မှရုန်းထွက်ကာ မျက်နှာလေးတွင် မျက်ရည်စလေးညစ်ထုတ်ပြီး ပြောလိုက်သည်။
"ဟင့်အင်း.. ထျန်းထျန်း ကြောက်တယ် မောင်မောင်.. ရာဇပလ္လင်ဆိုတာ ဆွေမျိုုးသားချင်းရဲ့ လည်ချောင်းသွေးနဲ့ ခြေဆေးပြီး တက်ရတဲ့နေရာ.. မောင်မောင်က သစ္စာတရားကြီးမားလှပေမယ့် မလိုသူတွေကုန်းချောရင် အို.. မဖြစ်ဘူး.. မောင်မောင်ရဲ့တပ်တော်သစ်ကို ဆင့်ခေါ်ပြီး ထျန်းထျန်း တို့သားအမိကို ကာကွယ်ပေးပါ မောင်မောင်ရယ်.. နော်.."
ချင်းကျယ်ထျန်း ၏စကားများက အပေါ်ယံကြည့်လျှင် အပြစ်ကင်းလှသည်။ နေ့စေ့လစေ့ မွေးဖွားခါနီးအချိန် နန်းတွင်းထဲ မင်းတရားကြီးသတိလစ်နေပြီး အခြေအနေ ရုတ်ရုတ်သည်းသည်းဖြစ်နေသောကြောင့် သူမတို့ သားအမိကို ကာကွယ်ပေးဖို့ ခင်ပွန်းသည်ကိုတောင်းဆိုနေပုံက ဘယ်လိုမှသံသယဝင်စရာမရှိပေ။
ဒါပေမယ့် တပ်တော်သစ်ကို ကိုယ်ကျိုးအတွက် ဆင့်ခေါ်ပြီး နန်းတော်ထဲသွင်းလိုက်ခြင်းက အဓိပ္ပါယ်တစ်မျိုးတည်းသာ ဖြစ်စေသည်။ ဒါကတော့ 'မင်းတရားကြီး သတိလစ်နေခိုက် နန်းသိမ်းရန်ကြံပြီး စစ်တပ်ကို နန်းတော်ထဲသွင်းခြင်း' တစ်နည်းအားဖြင့်ပြောလျှင် 'နန်းလုခြင်း'။
ဒီလိုဖြစ်အောင် စကားလုံးနည်းနည်းလေးဖြင့် ပေါ့ပါးစွာပြောဆိုနိုင်သည့် ချင်းကျယ်ထျန်း၏ မွေးရာပါ အရည်ချင်းကိုကြည့်ကာ စစ်ထူရှန့်ယွီ သက်ပြင်းချလိုက်သည်။
"ထျန်းထျန်း .. စိတ်အေးအေးထားပါ.. မောင်မောင့်အသက်နဲ့လဲပြီး ထျန်းထျန်းတို့ သားအမိကို ကာကွယ်ပေးပါ့မယ်.. ဘာမှမဖြစ်စေရဘူး... မောင်မောင်က တပ်တော်သစ်ကို အုပ်ချုပ်နေတာမှန်ပေမယ့် ကိုယ့်ဆန္ဒနဲ့ကိုယ် နန်းတော်ထဲခေါ်သွင်းလာလို့ မရဘူးလေကွယ်.. ဒီဟာ ဘာအဓိပ္ပါယ်လဲဆိုတာ..."
"ဟင့်အင်း.."
ချင်းကျယ်ထျန်းက မယားနဲ့ သားထက် နွားကျကျဖြင့် သတိလစ်နေသည့် ခမည်းတော်နဲ့ မောင်ငယ် အိမ်ရှေ့စံကို ပိုပြီး ရိုကျိုးနေသည့် ခင်ပွန်းသည်ကြောင့် ဒေါသထွက်ပြ လိုက်တော့သည်။
"ဝုန်း.."
"ခွမ်း.."
"ထျန်းထျန်း .. ဘယ်လိုလုပ်လိုက်တာလဲ.."
ချင်းကျယ်ထျန်း က စစ်ထူရှန့်ယွီ ၏စကားကို ဆုံးအောင်နားမထောင်ဘဲ နံဘေးရှိခုံပေါ်က ပန်းအိုးကို တွန်းချလိုက်သဖြင့် စစ်ထူရှန့်ယွီ ၏မျက်နှာပျက်သွားပြီး ကပျာကယာမေး လိုက်သည်။
"မောင်မောင်.. ထျန်းထျန်းတို့သားအမိကို တကယ်ချစ်သလား.. မချစ်ဘူးလား.. ပြော.."
"ချစ်တာပေါ့ကွာ.. ဘယ်လိုမေးလိုက်တာလဲ.."
ချင်းကျယ်ထျန်း က ဒေါသနှင့်မေးလိုက်သည်။
စစ်ထူရှန့်ယွီက ဇနီးသည်မင်းသမီး ဒေါသထွက်သဖြင့် စိုးရိမ်သွားဟန်ဖမ်းကာ ပြောလိုက်သော်လည်း ရင်ထဲတွင် ကောက်ကျစ်သည့်မြေခွေးမဟု တိတ်တဆိတ် ရေရွတ်နေလိုက်သည်။
"ဟင့်.. ဟင့်.. ထျန်းထျန်း ကိုမချစ်ရင်တောင် ထျန်းထျန်းဝမ်းဗိုက်ထဲက သားတော်လေးမျ က်နှာကိုထောက်ပြီး ထျန်းထျန်း စကားကို ဒီတစ်ခါ နားထောင်ပေးပါနော်.. ထျန်းတို့ သားအမိကိုကာကွယ်ဖို့ တပ်တော်ကို ဆင့်ခေါ်ပေးပါ.. ဒီဟာကိုမလုပ်ပေးရင် မောင်မောင်က ထျန်းတို့သားအမိကို တကယ်မချစ်လို့ပဲ.. ဒါဆို ထျန်းထျန်း ဒီနန်းဆောင်မှာမနေဘူး.. မြို့ပြင်ကိုထွက်သွားတော့မယ်.."
"ထျန်းရယ်.. မောင်မောင်ဒီလိုလုပ်လိုက်ရင် ယောက်ဖတော်က အထင်လွဲသွားမှာပေါ့.. ထျန်းထျန်း ကြောက်ရင် မောင်မောင် ဒီမှာ ဓားထမ်းစောင့်ပေးပါ့မယ်ကွယ်.. နော်.."
"ဟင့်အင်း.. တပ်တော်က စစ်သည်တော်တချို့ကို လာစောင့်ခိုင်းတာက နိုင်ငံတော်ပုန်ကန်မှုလည်း မဟုတ်ဘူး.. ခမည်းတော်နိုးလာရင် ထျန်းထျန်း ကိုယ်တိုင် ခမည်းတော်ကိုလျှောက်တင်ပြီး တောင်းပန်ပေးမှာပါ.. မောင်မောင့်ကို အပြစ်မဖြစ်စေရဘူး.. နော်.. နော်.."
စစ်ထူရှန့်ယွီသည် တမင်သက်သက် ပုန်ကန်သူဖြစ်စေရန် သွေးဆောင်နေသည့် ဇနီးသည်ကိုကြည့်ကာ မေးလိုက်သည်။
"တကယ်လို့ ယောက်ဖတော်သိသွားလို့ အထင်လွဲပြီး မောင်မောင်တို့ကိုလာဖမ်းရင် ဘယ်လိုလုပ်မလဲ.. ဆွေစဉ်မျိုးဆက် ကွပ်မျက်ခံရမှာ.."
"မောင်မောင့်မှာ ခြေလက်တွေ နောက်ခံတွေ မရှိဘူးလား.. မောင်မောင့်ခမည်းတော်က အမတ်ချုပ်ကြီးပါ.. မောင်မောင်ကိုယ်တိုင်က တပ်တော်သစ်ရဲ့ စစ်သေနာပတိပါ.. မောင်တော်အိမ်ရှေ့စံ စိတ်ထင်တိုင်းလုပ်တာ ငြိမ်ခံစရာမလိုပါဘူး.. သူက ဘုရင့်သားတော်ဖြစ်သလို ထျန်းထျန်းလည်း ဘုရင့်သမီးတော်ပါ မောင်မောင်.. ထျန်းထျန်းမှာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့် ရှိပါသေးတယ်.."
ချင်းကျယ်ထျန်း ၏စကားလုံးများထဲမှ အားလုံးကိုသိလိုက်ရပြီဖြစ်သောကြောင့် စစ်ထူရှန့်ယွီ ကတိပေးလိုက်သည်။
"ကောင်းပြီ.. မောင်မောင် တပ်တော်သစ်ကိုဆင့်ခေါ်လိုက်မယ်.. မယ်တော်မိဖုရားကြီးကိုလည်း ဒီကိုခေါ်ထားရင်ကောင်းမယ်ထင်တယ်.. ဒါမှ ယောက်ဖတော ်အထင်လွဲပြီး မယ်တော့်ကို တစ်စုံတစ်ခု ရန်မပြုနိုင်မှာ.."
ချင်းကျယ်ထျန်း သည် စစ်ထူရှန့်ယွီ ၏စကားကြောင့် မျက်နှာဝင်းသွားပြီး အားတက်သရောပြောလိုက်သည်။
"ကောင်းတယ်.. မောင်မောင့်တပ်တော်ကိုသာ ဆင့်ခေါ်လိုက်ပါ.. ထျန်းထျန်း မယ်မယ်နဲ့ ဦးရီးတော်တချို့ကို ဒီမှာလာနေဖို့ စာလွှာပါးလိုက်မယ်.."
စစ်ထူရှန့်ယွီက အမိန့်စာရေးပြီး တံဆိပ်တုံးထုကာ တပ်တော်သစ်မှတပ်မှူးဆီ ပေးခိုင်းတော့မှ ချင်းကျယ်ထျန်း က သူမ၏မယ်တော်နှင့် ဦးရီးတော်များကိုစာပို့ကာ ချက်ချင်းလာရောက်စုစည်းခိုင်းသည်။
စစ်ထူရှန့်ယွီသည် စိတ်ကျေနပ်သွားပြီး ရင်ခွင်ထဲမှီကာ ချိုသာစွာချော့မော့နေသည့် ချင်းကျယ်ထျန်း ကို အလိုက်အထိုက်ပြောရင်း မိဖုရားခေါင်ကြီးနှင့် ဝန်ကြီးတစ်စု ရောက်လာသည်ကို စောင့်နေလိုက်သည်။
"မယ်တော်မိဖုရားခေါင်ကြီးကို သားမက်တော် အရိုအသေပေးပါတယ်.."
"ထပါ သားမက်တော်.. သမီးတော်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလို့ ဝမ်းသာတယ်ကွယ်.. ကဲ.. မင်းရဲ့တပ်တော်တွေ မရောက်လာသေးဘူးလား.."
"ရောက်လာပါတော့မယ် မယ်တော်ဘုရား.."
ထိုစဉ် တပ်မှူးတစ်ဦး ဦးဆောင်သည့် တပ်တော်သစ်မှ တပ်စိတ်တစ်စိတ်ရောက်လာပြီး အရိုအသေပြုတော့သည်။
"ကျွန်တော်မျိုးတို့ ရောက်လာပါပြီ အရှင်.."
"ကောင်းတယ်.. မင်း အခုကစပြီး ဒီအိမ်တော်ကို လုံခြုံရေးတင်းကျပ်စွာ စောင့်ကြပ်ရမယ်.. ဘယ်သူမှ အိမ်တော်နား မချဉ်းကပ်လာစေနဲ့.. ချဉ်းကပ်လာသူတိုင်း တစ်ခါတည်း ကွပ်မျက်စေ.."
"နေပါဦး တူတော်မောင်ရဲ့.. ဦးရီးတော်တို့လူတွေတော့ ဝင်ထွက်ခွင့်ပြုမှပေါ့.."
မိဖုရားခေါင်ကြီး၏မောင်ဖြစ်သူ ဝန်ကြီးတစ်ဦးက ဝင်ပြောပေမယ့် စစ်ထူရှန့်ယွီက အေးစက်စက်စိုက်ကြည့်ကာ ပြောလိုက်သည်။
"ခုချိန်က ထျန်းထျန်းနဲ့ မွေးလုဆဲဆဲ ရင်သွေးတော်ရဲ့ လုံခြုံရေးက အရေးကြီးနေလို့ ဦးရီးတော်တို့လူတွေကို အဝင်အထွက်မလုပ်ခိုင်းတာ အကောင်းဆုံးပါ.. အိမ်ရှေ့မင်းသားရဲ့လူတွေသိသွားရင် ကျွန်တော်တို့တွေ ပုန်ကန်မှုနဲ့တရားစွဲပြီး ကွပ်မျက်ခံနေရလိမ့်မယ်.."
စစ်ထူရှန့်ယွီက ပြတ်သားစွာပြောပြီး ချင်းကျယ်ထျန်း ကိုစိုက်ကြည့်ကာ ပြောလိုက်သည်။
"ထျန်းထျန်း .. မောင်မောင်ပြန်လာတဲ့အထိ စိတ်အေးအေးစောင့်ပေးနော်.. မောင်မောင် နန်းတော်ထဲ စနည်းနာဖို့သွားလိုက်ဦးမယ်.. မယ်မယ်လည်း ရောက်လာပြီ၊ ဦးရီးတော်တို့လည်း ရှိတယ်ဆိုတော့ မကြောက်နဲ့တော့နော်.."
ချင်းကျယ်ထျန်း က ခင်ပွန်းသည်ကို အောင်မြင်စွာဖြင့် ပုန်ကန်သူဖြစ်အောင် လုပ်ဆောင်နိုင်ပြီဖြစ်လို့ ကျေနပ်စွာခေါင်းညိတ်ကာ ကျန်ရစ်ခဲ့သည်။
စစ်ထူရှန့်ယွီက စံအိမ်မှထွက်သည်နှင့် တပ်တော်သစ်က ဓားလှံများနှင့် စံအိမ်ဘက်ကိုချိန်ရွယ်ကာ တင်းကျပ်စွာစောင့်ကြပ်နေတော့သည်။
အထဲမှဝန်ကြီးတစ်ဦးက စစ်သည်တော်များ၏ပုံစံကို သဘောမတွေ့သဖြင့် အောက်ကိုဆင်းသွားစဉ် လေးမြားဖြင့်ချိန်ရွယ်ကာ နန်းဆောင်ထဲပြန်ဝင်ခိုင်းခြင်းခံရတော့မှ မိမိတို့အားလုံး အဖမ်းခံလိုက်ရသည်ကို သိလိုက်တော့သည်။
"ဒါ ဘယ်လိုဖြစ်တာလဲ သမီးတော်.. စစ်ထူရှန့်ယွီက ဘယ်လိုကြောင့် မယ်မယ်တို့ကို ဖမ်းချုပ်ထားရတာလဲ.."
ချင်းကျယ်ထျန်း လည်း ထိုအခါမှ အထိတ်တလန့်နှင့် အပြင်ထွက်ကြည့်ကာ အမိန့်လှမ်းပေးလိုက်သည်။
"မင်းတို့ လမ်းဖယ်ကြစမ်း.. ဒီမင်းသမီးက နန်းတော်ထဲကြွချီမယ်.."
စစ်သည်တော်များက မတုန်မလှုပ် မြားဖြင့်ဆက်ချိန်ထားသဖြင့် ချင်းကျယ်ထျန်း အပြင်ကိုခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် မြားတစ်စင်းက ရှေ့တည့်တည့်မြေပြင်ကို စိုက်ကျလာပြီး တပ်မှူးကြီး၏ အေးစက်စက်အသံကို ကြားလိုက်ရသည်။
"ရှေ့တစ်လှမ်းတိုးတာနဲ့ မြားက ကိုယ်ထဲစိုက်ဝင်သွားမယ် မင်းသမီး.."
ရိုသေခြင်းကင်းမဲ့သည့်စကားသံက ကိုယ်ဝန်သည်လည်းမရှောင် သတ်ဖြတ်မည့် ပုံပေါ်သဖြင့် ချင်းကျယ်ထျန်း ဒေါသနှင့် လက်သီးဆုပ်ကာ မိမိသက်တော်စောင့်များကို အမိန့်ပေးလိုက်သည်။
"ဒီတပ်မှူးရဲ့ခေါင်းကို သွားဖြတ်ခဲ့စမ်း.."
သက်တော်စောင့်များက ယုံကြည်မှုအပြည့်ဖြင့် ဓားကိုဝင့်ကာ အပြင်ကိုထွက်လိုက်သည်နှင့် မြားဆယ်စင်းလောက်လွင့်လာပြီး ကိုယ်ရံတော် ၁၀ ယောက်၏လည်မြိုကို ထိုးဖောက်သွားတော့သည်။ ပစ်ချက်များက တစ်ချက်မှ လွဲချော်ခြင်းမရှိကြပေ။
"အား.."
သက်တော်စောင့်များ အသံတစ်ချက်မထွက်နိုင်ဘဲ မြားတံများက လည်ချောင်းကိုဖောက်ကာ မြေပြင်ကိုစိုက်ဝင်သွားသဖြင့် ချင်းကျယ်ထျန်း ခြောက်ခြားစွာအော်ဟစ်ရင်း လဲကျသွားတော့သည်။
"ဒါ ဘာသဘောလဲ.. မင်းတို့ ပုန်ကန်တာလား.."
"စစ်သေနာပတိချုပ်အမိန့်.. ပုန်ကန်ရန်ကြိုးစားသည့် မိဖုရားခေါင်ကြီးနှင့် နောက်တော်ပါတစ်စု.. ဒီအဆောင်က ခြေတစ်လှမ်းထွက်တာနဲ့ ကွပ်မျက်စေ.."
တပ်မှူးကြီးက အမိန့်စာကိုအော်ဖတ်ပြပြီးနောက် ချင်းကျယ်ထျန်း နှင့် မိဖုရားခေါင်ကြီးက မိမိတို့ စစ်ထူရှန့်ယွီ ၏ထောင်ချောက်ထဲ ကျသွားသည်ကို သိလိုက်ရပြီး ကျိတ်မနိုင်ခဲမရ ဖြစ်ကုန်ကြသည်။
ချင်းကျယ်ထျန်း မှာ ဒေါသထွက်လွန်ပြီး သတိလစ်လဲကျသွားသဖြင့် မိဖုရားကြီးနှင့် အခြွေအရံတစ်စု ကပျာကယာပွေ့ချီကာ ချင်းကျယ်ထျန်း ကို သလွန်ပေါ်တင်လိုက်ကြသည်။
ထိုအကျိုးဆက်ကြောင့် ချင်းကျယ်ထျန်း ၏ နေ့စေ့လစေ့ဝမ်းဗိုက်မှ ရက်ပိုင်းစောကာ ကလေးမွေးဖို့ ဖြစ်လာတော့သည်။ ကံကောင်းသည့် အချက်က ချင်းကျယ်ထျန်း ၏အိမ်တော်ထဲတွင် သားဖွားလက်သည်များနှင့် လိုအပ်သည့်သူများကို အဆင်သင့် ခစားထားစေခြင်းဖြစ်သောကြောင့် ချင်းကျယ်ထျန်း က သားတော်လေးကို အဆင်ပြေစွာမွေးဖွားလိုက်နိုင်သည်။
မိဖုရားခေါင်ကြီးက အပြင်မှအစောင့်များကို စစ်ထူရှန့်ယွီထံ ရင်သွေးတော်လေး မွေးကြောင်း သတင်းပို့ခိုင်းသော်လည်း ကြောက်စရာကောင်းလှသည့် တပ်တော်သစ်က နားမပါသည့်နှယ် လက်နက်များဖြင့်သာ ချိန်ရွယ်ထားသဖြင့် မိဖုရားခေါင်ကြီးဒေါသကို မမြိုသိပ်နိုင်တော့ပဲ မူးဝေသွားတော့သည်။
အိမ်တော်တွင် အဓိက လက်သည်တရားခံများကို ချုပ်ကိုင်ထားပြီးနောက် စစ်ထူရှန့်ယွီသည် နန်းတော်ထဲဝင်ပြီး လက်ယာအမတ်ကြီးကို စောင့်ဆိုင်းနေတော့သည်။ ထိုလူကို ရှင်းပြီးသည်နှင့် ချစ်သောအရှင့်သားအတွက် ဆူးငြောင့်များလည်း ကုန်သလောက်ရှိပြီမို့ စစ်ထူရှန့်ယွီလည်း စိတ်သက်သာရာရသွားသည်။ အရှင့်သား၏ အိမ်တော်မှ ကြင်ယာတော်နှစ်ဦး၏ လုံခြုံရေးအတွက် လျှို့ဝှက်စစ်သည်တော်များကို ပို့လွှတ်ကာ သေချာစောင့်ရှောက်ထားစေသည်။ မလုပ်ချင်ပေမယ့် အရှင့်သား၏ ရင်သွေးတော်များကိုလွယ်ထားသဖြင့် အရှင့်သားနိုးလာလျှင် ကျေနပ်လောက်မည် ထင်ပါသည်။
စစ်ထူရှန့်ယွီသည် ခမည်းတော်နှင့် တိုင်ပင်ကာ ရှေ့ဆက်လုပ်ရမည့် အရာအားလုံးကို အကွက်ချရင်း လက်ယာအမတ်ကြီးကို သွေးအေးစွာ စောင့်ဆိုင်းနေလိုက်သည်။ အမတ်ကြီးထွက်လာစေရန် သူ့လူ တချို့ထံ ချင်းကျယ်ထျန်း အိမ်တော်သို့ မိဖုရားခေါင်ကြီးတို့ အုပ်စု လာရောက်စုစည်းကြကြောင်း သတင်းပို့စေပြီးနောက် လက်ယာအမတ်ကြီးက သူ မသိပဲ တိတ်တဆိတ် တိုင်ပင်သည်ဟု တွေးကာ သူ့ကို အသုံးချပြီး ဖယ်ရှားမည်ကို စိုးရိမ်မှာသေချာသည်။ ဒါဆိုလျှင် အိမ်ရှေ့စံမင်းသားလေးကို ယုံကြည်အောင် လာရောက်ပြောဆို တိုင်တန်းပေလိမ့်မည်။
လောဘနှင့် ဒေါသကို ဆွပေးထားသဖြင့် နန်းတော်ထဲမှ အခြေနေနှင့် အစောင့်ပြောင်းလဲသွားသည်ကို လက်ယာအမတ်ကြီး သတိမထားမိပဲ နန်းတော်ကို ဝင်လာလိမ့်မည်။ ထိုအခါမှ သူ့မျက်နှာဖုံးကို ဆွဲခွာပြီး လက်ရဖမ်းဆီးလိုက်မည်။
အမတ်ချုပ်ကြီး မင်းကြီးဆွေသည် သွေးအေးအေးနှင့် အဓိကရုန်းမဖြစ်စေပဲ နန်းတော်တစ်ခုလုံးကို ထိန်းချုပ်ကာ အကွက်ချနေ သည် သားတော်ကိုကြည့်ကာ လေးနက်စွာမေးလိုက်သည်။
" ဒီအခြေနေအားလုံးကို ထိန်းချုပ်ထားတာ အရှင့်သားအတွက်ပဲလား သားတော်"
" ဟုတ်ပါတယ် ခမည်းတော်။ အရှင့်သားကသာ တထန်ပြည် ထီးနန်းကို ဆက်ခံရမယ် "
" တကယ်လို့ အရှင့်သားက သားတော်ကို အထင်မြင်လွဲမှားပြီး သေမိန့်ပေးခဲ့မယ်ဆိုရင်ကော.... "
" သူ ...သားတော်ရဲ့ စေတနာကို နားလည်မှာပါ... "
" လက်ယာအမတ်ကြီးရဲ့လျှောက်တင်လွှာတွေကို ဘယ်လိုပြောမလဲ။ အရှင့်သားက မင်းကြီးရဲ့လုပ်ရပ်ကို မှန်တယ်ထင်ပြီး သားတော်ကို ရှင်းပစ်မယ်။ ခမည်းတော်တို့ အားလုံးကို ရှင်းပစ်မယ်ဆိုရင်ကော.... "
စစ်ထူရှန့်ယွီ တုံ့ဆိုင်းခြင်းမရှိပဲ ခမည်းတော်ကို အေးဆေးစွာဖြေကြားလိုက်သည်။။
" သားတော် ခမည်းတော်တို့ အားလုံးကို ဘေးကင်းတဲ့နေရာပို့ဖို့ စီစဉ်ထားပြီးသားပါ။ စိတ်မပူပါနဲ့ ခမည်းတေ်ာဘုရား။ အရှင့်သားက စဉ်းစားဉာဏ်ရှိပါတယ်။ မယ်တော်လည်း အရှင့်သားကို ကူညီပြီး ရှင်းပြပါလိမ့်မယ်။ အရှင့်သားက မယ်တော့်ကို တွေ့ချင်တယ်ဆို ကတည်းက သူ သားတော်တို့ကို ကြောက်ရွံ့မနေပါဘူး။ အားလုံးအဆင်ပြေသွားမှာပါ ခမည်းတော်ဘုရား"
အမတ်ချုပ်ကြီးသည် ခေါင်းမာပြီး ယုံကြည်မှုပြင်းထန်လွန်းသည့်သားတော်ကို ကြည့်ကာ လက်ခံရုံကလွဲပြီး ဘာမှ မတတ်နိုင်တော့ပေ။
=========*========
ESTÁS LEYENDO
Ficción históricaBoth zawgyi and Unicode font Historical fiction