Chapter-10

38 8 0
                                    

Zawgyi

ရန်ဖြစ်ပြီးကတည်းက Hansel နှင့် Jeremiah တို့စကားမပြောဖြစ်ကြပေ။တစ်ခန်းထဲအတူတူနေတာကြောင့် မမြင်ချင်ယောင်ဆောင်ဖို့ဆိုတာ ခက်ခဲပေမယ့်လည်း Hansel သူ့ကိုလျစ်လျူသာရှုထားမိသည်။ဒီတစ်ခေါက်ပြဿနာမှာ လွန်သည့်သူက Jeremiah မို့လို့သူ့ဘက်ကတော့ စကားမစချင်ပါဘူးလေ။

"ဒါဆိုငါ့ကြောင့်နဲ့ မင်းတို့ရန်ဖြစ်ကြတာပေါ့"

အတန်းချိန်ပြီးသွားတာကြောင့် ကျောင်းသားတွေမရှိသည့် စာသင်ခန်းအလွတ်၏ကြမ်းပြင်မှာထိုင်ရင်း နှစ်ယောက်သားစကားပြောနေကြသည်။Jeremiah နှင့်ရန်ဖြစ်သည့်အကြောင်းအရင်းကိုပြောပြလိုက်တော့ Theron ကအနည်းငယ်စိတ်ကသိကအောက်ဖြစ်သွားပုံရသည်။Hansel ခပ်ဖွဖွရယ်လိုက်ပြီးနောက် ခေါင်းခါပြလိုက်သည်။

"မင်းနဲ့ဘာမှမဆိုင်ပါဘူး။သူကိုယ်တိုင်ကိုက ငါ့ကိုသိပ်ပြီးထိန်းချုပ်ချင်နေတာလေ"

"သူကဘာလို့မင်းကို ထိန်းချုပ်ချင်နေရတာလဲ။ဘယ်လောက်ရင်းနှီးတဲ့သူငယ်ချင်းတွေပဲဖြစ်ပါစေဦး၊အခုလိုကြီးကျတော့ မဟုတ်သေးဘူး"

"ငါတို့အကြောင်းမသိဘဲနဲ့ မပြောပါနဲ့ကွာ"

ရယ်သံစွက်ကာပြောရင်း စားပွဲကိုမှီလိုက်သည့်သူ့ကိုကြည့်ကာ Theron သက်ပြင်းချလိုက်သည်။ဟုတ်တော့လည်းဟုတ်တာပဲ၊သူတို့နှစ်ယောက်က ဟိုးအရင်ကတည်းက သိခဲ့ကြတဲ့သူတွေမို့လို့ သူတို့ကြားက ဆက်ဆံရေးကဘာလဲဆိုတာ Theron လည်းရေရေရာရာမသိဘူးလေ။ဒါပေမဲ့ သူငယ်ချင်းဆက်ဆံရေးမဟုတ်လောက်ဘူးဆိုတာကိုတော့ ခန့်မှန်းမိသည်။

"နောက်အတန်းချိန်တောင် ရောက်တော့မှာပဲ။အတန်းသွားတက်ကြရအောင်"

"ဟင့်အင်း၊ငါလုပ်ချင်တာတစ်ခုရှိလို့"

"ဘာလုပ်ချင်တာလဲ"

"အတန်းလစ်ကြမယ်လေ"

သူ့လက်ကိုကိုင်ဆွဲရင်း တက်ကြွစွာပြောလာတာကြောင့် Theron တစ်ခဏမျှကြောင်သွားကာ မျက်ခုံးပင့်လိုက်မိသည်။အတန်းလစ်တယ်ဆိုတာက ကျောင်းသားတွေအတွက်သိပ်ပြီးထူးဆန်းတဲ့အရာလည်းမဟုတ်ပေ။ဒါပေမဲ့ သူကတော့အဲ့ဒီလိုမဟုတ်၊အထက်တန်းတက်တုန်းကတောင် သိပ်ပြီးတော့ကျောင်းပျက်လေ့မရှိသည့်သူပင်။ပြီးတော့စာမသင်ဘဲနှင့် အဲ့ဒီလိုပြုမူတာက ဆရာ၊ဆရာမတွေအပေါ် မလေးစားရာကျသည်ဟုသူထင်သည်။

Nothing But YouWhere stories live. Discover now