Zawgyi
"ဒီတစ်ခေါက်သီချင်းဆိုရတာ တအားပျော်စရာကောင်းတာပဲနော်"
"Theron၊နောက်ကျောင်းပိတ်ရက်ကျရင်လည်း ငါတို့နဲ့အတူတူလိုက်ခဲ့ဦးလေ"
"ကောင်းပါပြီ"
သီချင်းဆိုလို့ပြီးသွားတော့ နေ့လယ်စာစားချိန်လည်းရောက်ပြီဖြစ်တာကြောင့် သူတို့တွေလာလေ့ရှိသည့်စားသောက်ဆိုင်ကို ရောက်နေကြခြင်းဖြစ်သည်။Lester နှင့် Marvin ၏တက်ကြွစွာပြောလာသည့်စကားကို နှုတ်ခမ်းတွန့်ရုံမျှပြုံးရင်းတုံ့ပြန်လိုက်တော့ သူတို့ကကျေနပ်သလိုပုံစံဖြင့် ခေါင်းညိမ့်ပြလာကြသည်။သူတို့နှစ်ယောက်က Jeremiah နှင့် Joel ထက်စာလျှင် သူ့အပေါ်တရင်းတနှီးဆက်ဆံကြတာမို့လို့ Theron အတွက်နေရသိပ်မခက်ဘဲ သက်တောင့်သက်သာရှိသည်။
"ဒါနဲ့ကျောင်းပြန်ဖွင့်ရင် vocal test ရှိတယ်မဟုတ်လား"
Hansel ကသူ့ဘက်သို့လှည့်၍မေးလာတာကြောင့် Theron လည်းခေါင်းညိမ့်ပြလိုက်သည်။Vocal test ကအထူးအဆန်းတော့မဟုတ်၊ကျောင်းသားတွေက ကိုယ်သဘောကျတဲ့သီချင်းတစ်ပုဒ်ကိုရွေးပြီး ဆရာတွေရဲ့ရှေ့မှာ ဆိုပြရတာဖြစ်သည်။အဲ့ဒီကရတဲ့အမှတ်တွေက ကျောင်းကလုပ်တဲ့ပြိုင်ပွဲမှာ အထောက်အကူဖြစ်နိုင်တာမို့လို့ အတော်လေးအရေးပါသည့် test တစ်ခုဟုပြောရမည်။
"မင်းဘာသီချင်းဆိုမှာလဲ"
"မသိသေးဘူး။ငါသဘောကျတဲ့သီချင်းတွေအများကြီးရှိပေမဲ့ ငါ့အသံကလိုက်တဲ့သီချင်းကိုရွေးဖို့ ပြန်စဉ်းစားကြည့်ရဦးမှာလေ"
"Jeremiah၊မင်းကရော"
"ငါလည်းရွေးနေတုန်းပဲ ရှိသေးတယ်"
သူတို့၏တုံ့ပြန်ပုံကို သဘောမကျသလို မျက်နှာမဲ့လိုက်ပြီးနောက် ဘာမှဆက်မမေးတော့ဘဲ နေ့လယ်စာကိုသာဆက်၍စားနေလိုက်တော့သည်။ဖုန်းကိုသာကြည့်ရင်း တစ်ယောက်ယောက်နှင့် စကားပြောနေပုံရသည့် Jeremiah က Hansel ဘက်ကိုနည်းနည်းလေးမှအာရုံမရောက်ပေ။ဦးစားပေးခံရတာကြိုက်သည့်သူ့အတွက်တော့ အခုလိုအပြုအမူက စိတ်ကသိကအောက်ဖြစ်ရသည်။
YOU ARE READING
Nothing But You
RomanceIf we're not meant to be,I will make my own destiny just to be with you. Note-This fiction is just my imagination.Thank you. Start date-1/3/2022 End date-30/6/2022