Chapter-32

36 7 0
                                    

Zawgyi

Mic stand ကိုခပ်ဖွဖွကိုင်လိုက်ပြီးနောက် Theron စင်အောက်ကသူတွေကို မဝံ့မရဲကြည့်လိုက်သည်။ဒီလောက်လူတွေအများကြီးရှေ့မှာ သူတစ်ခါမှသီချင်းမဆိုဖူးတာကြောင့် စိတ်ငြိမ်အောင်ကြိုးစားကြည့်သော်လည်း အနည်းငယ်တော့ စိတ်လှုပ်ရှားနေဆဲဖြစ်သည်။စင်အနောက်ဘက်ကို ခဏလောက်လှည့်ကြည့်လိုက်တော့ Hansel ကသူ့ကိုကြည့်နေပြီး 'ကောင်းကောင်းလုပ်' ဆိုသည့်စကားကို ပါးစပ်လှုပ်ရုံပြောလာသည်။

Theron သူ့စကားကိုခေါင်းညိမ့်၍တုံ့ပြန်လိုက်ပြီးသည့်နောက် အရှေ့သို့ပြန်လှည့်လိုက်တော့သည်။ရုတ်တရက်ဆိုသလိုပင် ဖျတ်ခနဲမြင်လိုက်ရသည့်သူနှစ်ယောက်၊သူကြောင်အစွာဖြင့် စင်အောက်ကအဲ့ဒီလူနှစ်ယောက်ကို ကြည့်မိသည်။နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုက အလိုအလျောက်ဖြစ်တည်လာပြီးနောက် စိတ်ထဲတွင်လည်းပျော်ရွှင်လာသလို ခံစားရသည်။မထင်မှတ်ထားစွာပင် သူ့မိဘတွေက ပြိုင်ပွဲကိုလာကြည့်ပေးကြတာပဲ။

ခဏအကြာတွင် သီချင်းသံစလာတော့ စင်အောက်ကလူတွေကို အကြည့်လွှဲလိုက်ကာ မျက်လုံးကိုခပ်ဖွဖွမှိတ်ရင်း အစပြုရမည့်နေရာကိုစောင့်နေလိုက်သည်။သူ့အတွေးထဲမှာ ဘာမှမရှိ၊ခုနကထိ စိတ်လှုပ်ရှားနေပေမယ့် လောလောဆယ်မှာတော့ သူ့မိဘတွေရှေ့မှာ ကောင်းကောင်းလုပ်ပြရမည်ဟုသာတွေးနေမိသည်။အခွင့်အရေးပေးလာတာကို ထပ်ပြီးစိတ်ပျက်သွားအောင် မလုပ်ချင်ဘူးလေ။

ဒီသီချင်းက သူငယ်ငယ်လေးကတည်းကနေစပြီး အခုထိသူစိတ်ပင်ပန်းခဲ့ရတာတွေကို စဉ်းစားပြီးတော့ရေးထားသည့်သီချင်းဖြစ်သည်။သီချင်းရေးတယ်ဆိုတာက သူ့အတွက်တော့ စိတ်ဖိစီးမှုတွေဖြေဖျောက်လို့ရသည့် ရပ်ဝန်းငယ်တစ်ခုလိုဖြစ်သည်။သူ့ရဲ့ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်းဆိုတဲ့ ခံစားချက်တွေကို သွယ်ဝိုက်ဖော်ပြလို့ရတာကြောင့် ဒါကသူ့အတွက်သိပ်ကိုအရေးပါသည်။

သီချင်းဆိုနေရင်းနှင့်မှ မျက်လုံးတို့ကို ခပ်ဖြည်းဖြည်းပြန်ဖွင့်ကြည့်လိုက်တော့ စင်အောက်ကလူတွေ၏အာရုံက သူတစ်ယောက်တည်းဆီမှာပဲ ရောက်နေတာကိုတွေ့ရသည်။ပြီးသည့်နောက် ခုံမှာထိုင်နေသည့် သူ့မိဘတွေကိုကြည့်လိုက်တော့ မျက်ဝန်းတို့ကအနည်းငယ်စိုစွတ်လို့၊Theron အံ့ဩစွာဖြင့် သူတို့ကိုကြည့်နေမိသည်။သူတို့တွေက အခုသူ့သီချင်းကို နားထောင်ရင်းငိုနေကြတာပေါ့။

Nothing But YouWhere stories live. Discover now