Chapter-30

44 7 0
                                    

Zawgyi

Jeremiah လေ့ကျင့်ဖို့အတွက် ကျောင်းကိုသွားနေစဉ် အခန်းထဲမှထွက်လာသည့် Theron ကိုတွေ့တော့ခြေလှမ်းတို့ကတုံ့ခနဲဖြစ်သွားသည်။သူတို့တွေအတော်ကြာသည်အထိ တစ်ယောက်နှင့်တစ်ယောက်ကြည့်နေမိကြပြီး ဘယ်သူ့ဘက်ကမှ စကားမစကြပေ။ခဏအကြာတွင် Theron ကထွက်သွားဖို့လုပ်တော့ Jeremiah သူ့ရဲ့လက်ကိုဖျတ်ခနဲလှမ်းဆွဲလိုက်သည်။

"ငါတို့စကားခဏပြောကြမယ်"

အဲ့ဒီတော့မှ Theron ကသူ့ဘက်ကို 'ငါတို့ကြားမှာ ဘာပြောစရာရှိလို့လဲ' ဆိုသည့်ပုံစံဖြင့်လှည့်ကြည့်လာသည်။ခဏအကြာတွင် ခေါင်းညိမ့်ပြလာတော့မှ Jeremiah လည်းသူ့လက်ကိုလွှတ်ပေးလိုက်သည်။Theron ဘက်ကမျက်ခုံးပင့်ပြလာတော့ သူလည်းသက်ပြင်းချရင်း ခပ်တိုးတိုးစကားစလိုက်တော့သည်။

"Hansel ကိုငါသဘောကျနေသေးတယ်ဆိုတာကို မင်းသိတယ်မဟုတ်လား"

"အင်း၊ငါသိပြီးသားပါ"

ခပ်ရှင်းရှင်းပြန်ပြောလာတာကြောင့် Jeremiah ခပ်ဖွဖွရယ်မိသည်။Hansel ကလွဲပြီးကျန်တဲ့သူတွေက သူအဲ့ဒီကောင်လေးကို သဘောကျနေတုန်းဆိုတာ မပြောဘဲနှင့် သိနေကြတာထင်သည်။နည်းနည်းလေးမှအရယ်အပြုံးမရှိဘဲ ခပ်တည်တည်ဖြစ်နေသည့် Theron ကြောင့်သူဆက်၍ပြောလိုက်သည်။

"ငါသူ့ကိုပြန်လိုက်မယ်ဆိုရင် မင်းဘယ်လိုသဘောရလဲ"

သူ့ဘက်သို့ဖျတ်ခနဲလှည့်ကြည့်လာသည့် Theron ၏မျက်ဝန်းထဲတွင် ဒေါသတချို့ထင်ဟပ်နေတာကြောင့် Jeremiah သူ့ကိုပိုပြီးစနောက်ချင်လာသည်။အမြဲတမ်းခပ်မှိန်မှိန်ဖြစ်နေတတ်သည့်မျက်ဝန်းတွေက Hanse နှင့်ပတ်သက်လာလျှင်တော့ ပြောင်းလဲသွားတတ်သည်ဟု သူ့စိတ်ထဲမှာတွေးလိုက်သည်။Jeremiah ဟက်ခနဲရယ်လိုက်ပြီးနောက် သူ့ပုခုံးကိုခပ်ဖွဖွရိုက်လိုက်တော့ အလိုမကျသလိုပုံစံနှင့် လက်ကိုတွန်းဖယ်လာသည်။

"မင်းစဉ်းစားကြည့်ဖူးလား။Hansel ကမင်းဆီကဂရုစိုက်မှုတွေကြောင့် မင်းအပေါ်ခဏလောက်ပဲစိတ်ယိုင်သွားပြီး ကြာလာရင်တော့ ငါ့ကိုပြန်ချစ်လာမှာလို့လေ"

"ထင်တာတွေလျှောက်ပြောမနေနဲ့။သူကအဲ့ဒီလိုဂရုစိုက်ပေးလိုက်ရုံနဲ့ လူတစ်ယောက်ကို လွယ်လွယ်သဘောကျတတ်တဲ့သူမဟုတ်ဘူး"

Nothing But YouWhere stories live. Discover now