Chapter-35

54 4 0
                                    

Zawgyi

ကျောင်းပိတ်ရက်ဖြစ်တာမို့လို့ Theron များသောအားဖြင့် အိမ်မှာပဲနေပြီး တစ်ခါတလေကျရင်တော့ Hansel နှင့်အပြင်သွားဖြစ်သည်။သူနှင့်အတူတူအလုပ်တွဲလုပ်ရမည့်သူနှင့် တွေ့ရမှာဖြစ်တာကြောင့် Theron အဆင်ပြေမည့်အဝတ်အစားကိုရွေးရင်းအလုပ်ရှုပ်နေသည်။ဗီရိုထဲမှာရှိသည့်အဝတ်အစားတွေ အကုန်ထုတ်လိုက်ပြီးသည့်နောက် မတွေးတတ်သလိုပုံစံဖြင့် Hansel ကိုကြည့်လိုက်သည်။

"ငါနဲ့ဘယ်ဟာက အဆင်ပြေမလဲဆိုတာ ရွေးပေးပါဦး"

ထိုသို့ပြောလိုက်တော့သူ့ရဲ့ guitar ကိုတီးနေသည့် Hansel ကသူ့ဘက်သို့လှည့်ကြည့်လာတော့သည်။ပြီးသည့်နောက် သူ့ဆီသို့လျှောက်လာကာ အိပ်ရာပေါ်တွင်တင်ထားသည့် အဝတ်အစားတွေကိုယူပြီးကြည့်သည်။သဘောမကျလျှင် မျက်ခုံးတို့က တွန့်ချိုးသွားလိုက်၊အိပ်ရာပေါ်တွင်ပြန်ထားလိုက်နှင့် အတော်ကြာသည်အထိရွေးနေပြီးမှ ကျေနပ်ပုံရသွားကာ သူ့ကိုအဝတ်အစားတစ်စုံပေးလာတော့သည်။

"ဒီဟာပဲဝတ်လိုက်တော့။မင်းနဲ့ဆိုရင် ကြည့်ကောင်းလောက်မယ်ထင်တယ်"

"အင်း၊ဒါဆိုငါဝတ်ကြည့်လိုက်ဦးမယ်"

"ဟုတ်ပါပြီ"

Theron ကသူပေးသည့်အဝတ်အစားကိုယူပြီးနောက် ရေချိုးခန်းထဲသို့ဝင်သွားတော့ Hansel လည်းအိပ်ရာပေါ်မှာထိုင်၍စောင့်နေလိုက်သည်။ခဏအကြာတွင် ပြန်ထွက်လာတာကြောင့် Hansel သူ့ကိုကြည့်လိုက်သည်။လူကြီးဆန်နေတာလည်းမဟုတ်ဘဲ သူ့ဘာသာသူတော့သပ်ရပ်ပြီးကြည့်ကောင်းနေတာကြောင့် Hansel ၏နှုတ်ခမ်းထက်တွင်အပြုံးတစ်ခုက ဖြစ်တည်လာရသည်။

"ဘယ်လိုနေလဲ"

"မင်းကိုတခြားသူတွေ သဘောကျတော့မှာပဲ"

သက်ပြင်းချသံနှင့်ပြောလာသည့် Hansel ကြောင့် Theron မှာရှက်သွားကာ မနေတတ်သလိုဖြစ်သွားရသည်။သူ့ရဲ့အမူအရာကိုကြည့်ကာ Hansel ကတော့သဘောတကျနှင့်ရယ်လို့နေသည်။မှန်ထဲကနေ ကိုယ့်ဘာသာကိုယ်ကြည့်လိုက်တော့လည်း အဆင်ပြေနေတာမို့လို့ Hansel နှင့်အတူအပြင်သို့ထွက်လာခဲ့လိုက်သည်။

"ဪ၊သားတို့အပြင်သွားကြတော့မလို့လား"

သူ့ရဲ့မိဘတွေနှင့် Hansel နဲ့ကအခုဆိုရင် အတော်လေးကို ရင်းနှီးနေပြီဖြစ်သည်။လူကြီးတွေနှင့် စကားဘယ်လိုပြောရမလဲဆိုတာ ကောင်းကောင်းသိသည့်ကောင်လေးကြောင့် Theron ရဲ့မိဘတွေက သူ့ကိုသိပ်သဘောကျကြသည်။သို့ပေမဲ့ သူတို့နှစ်ယောက်တွဲနေတာကိုတော့ အခုထိမသိကြသေးပေ။တကယ်လို့ သိသွားရင် သူတို့တွေက Hansel အပေါ်အခုလိုကောင်းပေးနိုင်ပါ့မလားဟုစဉ်းစားမိတာကြောင့် မပြောပြရသေးတာဖြစ်သည်။

Nothing But YouWhere stories live. Discover now