Zawgyi
Eston တစ်ယောက်ကလေးတွေကို မုန့်လိုက်ပေးနေရင်း သူနဲ့ခပ်လှမ်းလှမ်းက Atlas ကိုခဏခဏလိုက်ကြည့်နေမိသည်။သူ့ကိုတွေ့ချင်လို့ရောက်လာမှန်းသိပေမယ့်လည်း အခုကျပြန်တော့ နည်းနည်းလေးတောင်မှ ဂရုမစိုက်ဘဲ ကောင်မလေးတွေနှင့်သာ ပြုံးရယ်၍စကားပြောလို့နေသည်။စိတ်ထဲမှာမကျေမနပ်ဖြစ်နေပေမယ့် တခြားသူတွေရှိနေတာကြောင့် ပြီးတော့မှပဲ သူနှင့်စကားပြောကြည့်ရမည်ဟုတွေးလိုက်သည်။
"သားကိုမုန့်ပေးဦးလေ"
သူအင်္ကျီစကိုဆွဲကိုင်လာသည့် ကောင်လေးတစ်ယောက်ကြောင့် Eston ကိုယ့်ပါးကိုယ်ခပ်ဆတ်ဆတ်လေးရိုက်လိုက်ရင်း အိတ်ထဲမှမုန့်တချို့ကို ပေးလိုက်သည်။ကလေးတွေမုန့်စားနေကြပြီဖြစ်တာကြောင့် သူတို့လူကြီးတွေလည်း နေ့လယ်စာစားဖို့လုပ်လိုက်ကြသည်။Alora နှင့်ဆရာမတချို့က အိမ်ကနေစားစရာတွေယူလာသည့်အတွက် အဆင်ပြေသည်ဟုပြောရမည်။
"Eston မှာဒီလောက်ကြည့်ကောင်းတဲ့အစ်ကိုရှိမှန်း ကျွန်မတို့ကို ပြောတောင်မပြောပြဘူး"
ရယ်သံစွက်ရင်းပြောလာသည့် မိန်းကလေးတစ်ယောက်၏စကားကို ခပ်တွန့်တွန့်ပြုံး၍သာတုံ့ပြန်လိုက်ပြီးနောက် ကိုယ့်ဘာသာကိုယ်စားစရာရှိတာကိုသာ ဆက်စားနေလိုက်တော့သည်။သူ့ဘေးနားမှာမထိုင်ဘဲ ခပ်လှလှမိန်းကလေးတွေရဲ့ဘေးမှာ သွားထိုင်နေသည့် Atlas ကြောင့်ဘယ်သူ့ကိုမှ စကားပြောချင်စိတ်ရှိမနေပေ။
"စားမကောင်းလို့လား"
သူ့ကိုပဲကြည့်နေပုံရသည့် Alora ကအနားသို့ကပ်ကာ ခပ်တိုးတိုးမေးလာလေတော့ Eston ခေါင်းခါပြလိုက်သည်။အဲ့ဒီတော့မှ Alora ကလည်းဘာမှဆက်မမေးတော့ဘဲ တစ်ဖက်သို့ပြန်လှည့်သွားတော့သည်။ထိုအပြုအမူကိုကြည့်ကာ ဆရာမနှစ်ယောက်က သဘောတကျပြုံးရင်း သူတို့ကိုစနောက်လာသည်။
"Alora က Eston ကိုဆိုရင်တော်တော်ဂရုစိုက်တာပဲနော်"
"သူကကျွန်မသူငယ်ချင်းမို့လို့ပါ"
"ကြည့်လိုက်တာနဲ့ ရင်းနှီရုံလောက်ပဲမဟုတ်ဘူးဆိုတာ ဒီလောက်သိသာနေတာကို ငြင်းချင်နေသေးတယ်"

YOU ARE READING
Nothing But You
RomanceIf we're not meant to be,I will make my own destiny just to be with you. Note-This fiction is just my imagination.Thank you. Start date-1/3/2022 End date-30/6/2022