ဝမ်ရိပေါ်လေး၏ တစ်နေ့တာဟာ ငါးပုစိကလေးနှစ်ကောင်နှင့် အလုပ်ရှုပ်လိုက်၊ မာမားဖွင့်ပြသည့် ကဗျာတွေဆိုလိုက် ၊ ကိုကို့အနားသွားပြီး စကားတွေများလိုက်နှင့် ပုံမှန်လည်ပတ်လျက်ရှိသည်။
ပါပါးနှင့်လည်း ဖုန်းဆက်တိုင်း မုန့်တွေ များများဝယ်လာပြီး မြန်မြန်ပြန်လာဖို့ပင် တတွတ်တွတ်ပူဆာရှာသည်။
ဒီနေ့ ရိပေါ်နိုးလာတော့ မာမားက အနားကနေထိုင်ပြီး နဖူးလေးကို လက်မနှင့်ခပ်ဖွဖွလေးပွတ်ကာ ပြုံးပြသည်။
"သား... နောက်တစ်ပတ် ပါပါးပြန်လာတော့မယ်တဲ့"
ပေါက်စလေးဟာ စောင်ပုံထဲက ငုတ်တုတ်ထထိုင်ပြီး လက်ခုပ်ထတီးပြန်သည်။ သူက သူ့ပါပါးကို သိပ်လွမ်းနေတာလေ။
"နောက်တစ်ပတ် ရောက်ဖို့ ဘယ်နှနေ့လိုသေးလဲ"
မာမားက လက်ချောင်းတွေထောင်ပြသည်။ ရိပေါ်က လက်ညှိုးပိစိလေးနှင့် ထောင်ထားသည့် မာမားလက်ချောင်းလေးတွေကို ထိပြီး တစ်နှစ်သုံးလေး ရေရွတ်ကာ ရေတွက်သည်။
နံပါတ်ခြောက်မှာ အဆုံးသတ်သွားသည်။ ပါပါးပြန်လာဖို့ ဆယ်ရက်တောင် မကျန်တော့တာကို ကလေးသေးသေးလေးက စိတ်တအားကြီးလှုပ်ရှားနေရှာသည်။
စောင်ကြီးကို ကန်ချလို့ ကုတင်ပေါ်ကနေ တလှိမ့်လှိမ့်လုပ်ရင်း ဆင်းသွားကာ အခန်းပြင်အပြေးထွက်သွားသည်။
"ဘယ်သွားမလို့လဲ... မျက်နှာလည်း မသစ်ရသေးဘဲ ဒီကလေးတော့"
•
•
•
တဖက်အိမ်ကို ကူးဖို့ ပြေးထွက်လာသည့် ခြေတံတိုတိုလေးတွေက တစ်နေရာမှာရပ်တန့်သွားသည်။ ခြံထဲတွင် လူများရုတ်ရုတ်သဲသဲနှင့် ပန်းပင်တွေ ရွှေ့သူကရွှေ့ မြတ်နှုတ်သူက နှုတ်နှင့် ကုန်းကုန်းကွကွရှိနေကြသည်။
ရိပေါ်လေး ခဏရပ်ကြည့်ပြီး သူလုပ်မည့်အလုပ်ကိုသတိရသွားဟန် ခြေတံသေးသေးလေးကို အလုပ်ဆက်ပေးလိုက်သည်။
အဖြူခံ နို့စိမ်းရောင်ကားရုပ်လေးတွေပါသည့် အစင်လေးနှင့် ညအိပ်အင်္ကျီထဲမြုပ်နေသည့် တဖက်အိမ်မှာ ကလေးပုစိကို လူကြီးတွေဟာ အသည်းယားစွာလိုက်ငေးကြသည်။
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...