ဆိုင်ဖွင့်ပွဲနေ့မို့ ရိပေါ်က စိတ်လှုပ်ရှားနေသည်။ အံဆွဲထဲ အမြဲ ထည့်ထားတတ်တဲ့ တုတ်ထိုးသကြားလုံးတွေထဲက တစ်လုံးကိုယူကာ ငုံထားလိုက်သည်။
"ရိပေါ်ရေ လာလေ... မားတို့သွားကြရအောင်"
မာမားက အိမ်ရှေ့ကနေ လှမ်းအော်သည်။ ရိပေါ်တို့ နေထိုင်သည့် တိုက်တန်းလျား၏ မျက်စောင်းထိုးမှာရှိသည့် တိုက်ခန်းမြေညီထပ်မှာ ဆိုင်ခန်းငှားထားတာကြောင့် အဝေးကြီးတော့သွားရန်မလို။
"၉ နာရီဖွင့်မယ်ပြောတာ ၈ ခွဲထဲက လူတွေရောက်နေပြီ"
မာမားက အိမ်ရှေ့အပြင်ဘက်ကို ပြတင်းပေါက်က ကြည့်ရင်းပြောသည်။ ရိပေါ်လည်း အကဲခတ်လိုက်သည်နှင့် တွေ့လိုက်ရသည်မှာ ၁၅ ယောက်လောက်ပင်ရှိနေပြီ။
မနေ့က လက်ကမ်းစာစောင်တွေ ဝေရကျိုးနပ်ပါသည်။
"ဝမ်ကျယ့်ကြောင့်ပဲ လာကြတာထင်တယ်... တော်တော်များများက မိန်းကလေးတွေချည်း။ ကိုကိုအချောလေးဆိုပြီး ပြောနေသံကြားလိုက်ရတယ်"
"ကျဲကလည်း..."
ရိပေါ်၏ အစ်မတစ်ဝမ်းကွဲက သူ့ပုခုံးကို ခပ်ဖွဖွတိုက်ရင်း မျက်ခုံးပင့်ကာပင့်ကာပြောသွားသည်။
"ရည်းစားလေး ဘာလေးထားပါ့လား... ငါ့တိတိကြည့်ရတာ အထီးကျန်လိုက်တာ"
"ကျဲပဲ အထီးကျန်နေတာ... ကျွန်တော်က ကိုယ့်ကျောင်း ကိုယ့်အိမ်နဲ့ကိုယ်တောင် ယားလို့မကုတ်အား။ အခုဆိုင်ပါရှိနေတော့ ပိုတောင်မအားဦးမယ်"
"အဲ့ဒါကြောင့် ကုတ်ပေးဖို့ လူလိုတာလေ"
"ကျဲ!"
"ချင်ချင်း... စမနေနဲ့တော့လေ... "
ဧည့်ခန်းမှာထိုင်နေသည့် လူကြီးတွေထဲမှ ကျဲချင်း၏ အမေ၊ မာမား၏ အစ်မဖြစ်သူက လှမ်းအော်တော့မှ ပြုံးစိစိလုပ်ပြပြီး ရိပေါ် ခေါင်းကိုပွတ်ဖွသွားသည်။
တုတ်ထိုးစုပ်လုံးကို ပါးစောင်ထဲ ထည့်ထားသည်မို့ ပါးတစ်ဖက်ဟာ ဘေးဖက်ကို ဖောင်းထွက်နေသလို မျက်နှာကလည်း စောစောစီးစီး အစခံလိုက်ရတာကြောင့် အနည်းငယ်စူပုပ်နေသည်။
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...