အပိုင်း (၁၃)
Unicode Version
“ဒီနေ့လည်း ဆယ်ယွန်း မလာဘူးလား”
“ဟုတ်ပါတယ် ဒါရိုက်တာ”
ဝန်ထမ်းတစ်ယောက်ကို မေးလိုက်တော့ ဟုတ်မှန်ကြောင်း ခေါင်းပါငြိမ့်ပြသည်။
“ရပြီ သွားတော့”
အိမ်မှာ ညစာစားပြီးသည့်နောက်တစ်ရက်ရဲ့ မနက်ခင်းကစလို့ ဆယ်ယွန်းက ရုံးမတက်။ ခွင့်စာတင်ထားသည်ဆိုပေမဲ့လည်း ဘယ်လောက်အထိ နေမကောင်းဖြစ်နေတာများလဲဟု တွေးလိုက်မိသွားသည်။
“လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ ဆက်သွယ်မရပါသဖြင့်....”
ဆက်လိုက်တိုင်း ထိုအတိုင်း ပြန်ဖြေနေသည့် ဖုန်းကြောင့် ပြန်ချလိုက်ရင်း အလိုမကျဖြစ်သွားရသည်။ အလုပ်အတူတွဲလုပ်လာခဲ့သည့် တလျှောက်လုံး တစ်ရက်လေးတောင် နားရက် မယူဖူးသည့် သွက်သွက်လက်လက် မိန်းကလေးက ရုတ်တရက်ဆန်ဆန် အဆက်အသွယ်တွေပါ ဖြတ်သွားတာမို့ ဂျောင်ကုစိတ်ထဲ မတင်မကျဖြစ်နေရသည်။
ဖုန်းကိုကြည့်ကာ တစ်ခုခုစဉ်းစားနေပုံရသည့် မောင့်ပုံရိပ်ကို တီဗွီဖန်သားပြင်ထက်ကနေ အရှင်းသား မြင်နေရသည်။ ခဏအကြာမှာ မောင်က ချိတ်ထားသည့် အပေါ်ကုတ်အင်္ကျီကို ဖြုတ်လိုက်ပြီး ကားသော့ကိုပါယူကာ ရုံးခန်းလေးထဲက ထွက်သွားတော့သည်။
မတ်မတ်ထိုင်နေသည့်ကျောဟာ ထိုင်ခုံကိုမှီချလိုက်ပြီးနောက် မျက်နှာကြက်ဆီကို ခေါင်းမော့ထားလိုက်သည်။ ထို့နောက် အကြောင်းပြချက်မဲ့စွာ ဆုံလည်ထိုင်ခုံအား အသာလှည့်ကစားနေမိသည်။
မောင့်ကားမှာ တပ်ဆင်ထားသည့် ခြေရာခံကိရိယာလေးဆီကနေ အချက်ပေးလာသည့် သင်္ကေတလေးဟာ သူ့ဖုန်းမျက်နှာပြင်ရဲ့ တည်နေရာပြမြေပုံထက် မောင်သွားနေသည့် လမ်းအတိုင်း ရွေ့လျားလို့နေသည်။
ခြေထောက်ကို အားထည့်ကာ စားပွဲအောက်ခြေကို ကန်ထည့်လိုက်တော့ ဆုံလည်ထိုင်ခုံက အနောက်ဘက်က နောက်စားပွဲတစ်လုံးဆီကို ပြေးဆုတ်သွားခဲ့သည်။ ထိုစားပွဲပေါ်မှာ တင်ထားသည့် ဝိုင်နီနီတစ်ခွက်ကို ကောက်ယူလိုက်ရင်း တစ်ချက်ချင်း လှုပ်ယမ်းနေလိုက်သည်။
YOU ARE READING
ချစ်ကြိုး
Fanfictionအချစ်က အသိခက်တဲ့ ကဗျာလေးပဲ...။ Highest Ranking #1 in kookmin (11.12.22)