အပိုင်း - ၃၀
Unicode Version
"ဂျီမင်း! မောင် ပြောတာကြားရလား၊ တံခါးဖွင့်ပါဦး!"ထိန်းမရတော့အောင် တုန်ရီနေသည့် လက်တွေကို အားယူကာ ကားတံခါးဖွင့်ပေးလိုက်တော့ မောင်က ချက်ချင်းဆွဲဖွင့်ပစ်လိုက်သည်။
"ဂျီမင်း!"
နေရာကို ယာဉ်ထိန်းရဲများနဲ့ လူတွေအုံစပြုလာပြီမို့ မောင်က ကားထဲရှိ ဂျီမင်းအား ၎င်း၏ ခန္ဓာကိုယ်ဖြင့် ကွယ်ပေးထားခဲ့သည်။
"မောင်. . ."
ငွေ့ရည်ဖွဲ့နေသည့် မျက်ဝန်းများနဲ့ မောင့်နာမည်ကို ခေါ်လိုက်မိသည်။ မောင်က "ဘာမှမဖြစ်ဘူး"ဟု တဖွဖွပြောရင်း သူ့ကို ကားထဲက ခေါ်ထုတ်နိုင်ဖို့ ကြိုးစားနေခဲ့သည်။
မောင်က ဝတ်ထားသည့် ကုတ်အင်္ကျီကို ဆွဲချွတ်ကာ ဂျီမင်းအား ထိုကုတ်အင်္ကျီနဲ့ ဖုံးလိုက်သည်။ မောင့်ရဲ့လက်တွေဆီက သန်သန်မာမာ ဆွဲခေါ်မှုနဲ့အတူ ဂျီမင်းက ကားထဲမှ ထွက်နိုင်ခဲ့သည်။
ကုတ်အင်္ကျီအောက်မှာ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံး ပုန်းခိုနေရင်း မောင့်ရင်ဘတ်က အင်္ကျီစကိုလည်း ကျစ်ကျစ်ပါအောင် ဆွဲဆုပ်ထားခဲ့မိသည်။ လမ်းတစ်လျှောက်လုံး ခန္ဓာကိုယ်ကို ထိန်းဖမ်းပေးထားသည့် သူ့ခါးပေါ်က မောင့်လက်တွေသာ ရှိမနေခဲ့ရင် ဂျီမင်းက အချိန်မရွေး လဲကျသွားနိုင်သည်။
မောင်က သူ့ကို မောင့်ကားလေးရဲ့ နောက်ခန်းမှာ ဝင်ထိုင်စေရင်း ကားတံခါးကို ဆွဲပိတ်လိုက်သည်။ ကားအပြင်ဘက်မှာ မောင်နဲ့ သက်ဆိုင်ရာတချို့ စကားတွေ ပြောနေကြသည်။ သူကတော့ မောင့်အင်္ကျီအောက်မှ အခုထိ ရုန်းမထွက်နိုင်သေး။
အချိန်တွေ ဘယ်ပုံဘယ်နည်း ခရီးဆက်နေမှန်းမသိ။ ရုတ်တရက် ကားတံခါးဆွဲဖွင့်သံကြောင့် ထိတ်လန့်သွားရကာ ထိုင်နေသည့်ကိုယ်က ဆတ်ခနဲ။
"မောင်ပါ"
"မောင်. . .လား"
"အင်း။ မောင်လေ. . . ဂျီမင်းရဲ့မောင်"
ခေါင်းထက်က ကုတ်အင်္ကျီလေးကို ဆွဲဖယ်လိုက်ရင်း မောင့်ရင်ခွင်ထဲ ချက်ချင်း တိုးဝင်လိုက်သည်။ နောက်ဆက်တွဲအနေနှင့် ကားလေးထဲမှာ ဂျီမင်းရဲ့ငိုသံတွေ ညံသွားရသည်။
YOU ARE READING
ချစ်ကြိုး
Fanfictionအချစ်က အသိခက်တဲ့ ကဗျာလေးပဲ...။ Highest Ranking #1 in kookmin (11.12.22)