အပိုင်း (၂၅)
Unicode Version
“ဟယ်လို”
အိပ်ကောင်းနေတုန်း ဝင်လာသည့်ဖုန်းတစ်ကောလ်ကြောင့် အိပ်ချင်မူးတူးဖြင့် ပြန်ဖြေလိုက်သည်။ အန်ဂျလာရဲ့ ကောင်းမှုကြောင့် တစ်နေကုန် ယားလို့တောင်မကုတ်အားတဲ့ နေ့ရက်တွေကြား ပင်ပန်းဒဏ်ကြောင့် ခေါင်းအုံးနဲ့ခေါင်းထိလိုက်သည်နှင့် အိပ်ပျော်သွားတတ်မြဲ။
အခုလည်း နားရက်ဖြစ်နေတာတောင် မနက်စောစော ဘာအလုပ်ရှိလို့ လှမ်းဆက်နေပြန်ပြီလဲမသိပါ။
“မောင့်ကို တံခါးဖွင့်ပေးပါဦး ဂျီမင်း”
စောနကအထိ မပွင့်သေးသည့် မျက်လုံးအစုံဟာ မောင့်အသံကို ကြားလိုက်သည်နှင့် အတိအလင်းပွင့်သွားခဲ့သည်။ ဖုန်းကို နားကခွာကာ ပြန်ကြည့်လိုက်တော့မှ ခေါ်ဆိုသူနေရာမှာ မောင်ဖြစ်နေတာကို တွေ့လိုက်ရသည်။
ခါတိုင်းလို မထမချင်း ဖုန်းဆက်နှိုးတတ်တဲ့ အန်ဂျလာပဲလို့ ဂျီမင်းက ထင်နေခဲ့တာ။
“ကိစ္စရှိလို့လား”
“စာချုပ်လာပို့တာ”
ဂျီမင်းမျက်နှာလေး ညှိုးကျသွားရသည်။ မောင်က သူနဲ့ကွာရှင်းဖို့ အဲ့လောက်အထိ စိတ်အားထက်သန်နေတာလား။ မနက်အစောကြီး သူ့အိမ်အထိတောင် လာပို့ရတဲ့အထိလေ။
“ခဏစောင့်”
မောင့်ဘက်က ပြန်ဖြေတာကိုပင် မစောင့်တော့ဘဲ ဖုန်းတန်းချလိုက်သည်။ အိပ်ရာထဲက ချက်ချင်းမထွက်သေးဘဲ စောင်ပုံကြား မိနစ်အနည်းငယ်ကြာအောင် ထိုင်နေမိသည်။ သူမေးချင်တာက မနက်စောစော သက်ပြင်းချမိရင် အသက်တိုစေနိုင်လား။
အိမ်အပြင်ဘက်မှာ ကွာရှင်းစာချုပ်နဲ့အတူ မောင်ရှိနေသည်ဟူသော အသိပြန်ဝင်လာတော့ ဝမ်းနည်းမိသည်။ ပေါက်ခနဲ စီးကျလာသည့် မျက်ရည်တစ်စက်ကို လက်ခုံနဲ့ ဖိသုတ်ပစ်လိုက်ပြီးနောက် ကုတင်ပေါ်က ဆင်းခဲ့တော့သည်။
YOU ARE READING
ချစ်ကြိုး
Fanfictionအချစ်က အသိခက်တဲ့ ကဗျာလေးပဲ...။ Highest Ranking #1 in kookmin (11.12.22)