အခန်း(၆)

546 7 0
                                    

💜 ဟန်ဆောင်အမုန်း 💜
💜 အခန်း(၆) 💜

"သမီး -- နွေဦး --- အခုတလောဟိုကောင်မလေးကိုမတွေ့ဘူးနော် ---"
နွေဦးမေမေ့ကိုကြည့်လိုက်ကာငြိမ်သွားလေသည်။ဟုတ်တယ် ---- နွေဦးလည်းပန်းလေးကိုမတွေ့တာကြာပြီ။ဘာတွေလုပ်နေလို့လဲ။
"ဟုတ်တယ်မေမေ --- သမီးလည်းမတွေ့ဘူး --- မေမေသူ့ကိုပြောစရာရှိလို့လား --- သမီးသွားခေါ်ပေးမယ်လေ --- "
ဒေါ်မာလာမြိုင်စားပွဲပေါ်ကအလှပန်းအိုးထဲနှင်းဆီပန်းနီတွေတစ်ပွင့်ချင်းစီထိုးစိုက်နေရင်းကနေနွေဦးဆီသို့အကြည့်တွေရောက်လာခဲ့သည်။မေမေ့နားကစိန်နားကပ်ကတဖိတ်ဖိတ်လက်နေလေသည်။
"မဟုတ်ပါဘူး --- သူတို့တွေငြိမ်နေလို့မေမေ့စိတ်ထဲမှာတစ်မျိုးထင်နေလို့ပါ ---"
နွေဦးခေါင်းငြိမ့်လိုက်ကာလက်ထဲကဖုန်းကိုစားပွဲပေါ်တင်လိုက်၏။
"သမီးလည်းစဉ်းစားလို့မရဘူး --- သူတို့တွေငြိမ်နေကြတယ် --- အန်တီသီရိလည်းအခုတလောကျန်းမာရေးကောင်းနေတယ်ထင်ပါရဲ့ ----"
သူတို့ကသူတို့ဟာသူတို့သီးသန့်နေကြသည်။အပြင်ထွက်ရင်တောင်မှအိမ်ရှေ့တံခါးပေါက်ကြီးကနေသိပ်မထွက်ကြ။သူတို့အိမ်နောက်မှာကတံခါးတစ်ပေါက်ရှိသေးသည်။အဲ့ဒီ့ကသာအထွက်များကြ၏။အခုတလောပိုပြီးမတွေ့ဖြစ်ကြ။တစ်ခုခုဆိုတာနဲ့အိမ်ပေါ်ကိုသာရောက်လာခဲ့ကြသည်။
"ထားလိုက်ပါ --- သူတို့အကြောင်းလည်းမပြောချင်ဘူး --- ဒါနဲ့သမီးရောအိမ်ထောင်လေးဘာလေးပြုဖို့မစဉ်းစားသေးဘူးလား ---"
မေမေကနွေဦးနားမှာလာထိုင်ကာပြောလိုက်တော့နွေဦးမေမေ့ကိုသေချာကြည့်လိုက်မိသည်။မေမေကတစ်ခုခုပြောဖို့အတွက်အစပျိုးနေဟန်ရှိသည်။
"ဟင့်အင်း --- ဘာလို့လဲ ---"
"သမီးရယ် -- သမီးအသက်လည်းငယ်တော့တာမှမဟုတ်တာ --- မေမေတို့ပြောထားသလို ---"
"မေမေ ---"
နွေဦးအော်လိုက်တော့မေမေကပြောတာကိုရပ်သွားကာနွေဦးကိုပြံုးပြီးကြည့်နေလေသည်။
"ဘာလို့လဲသမီးရယ် --- အဲ့ဒီ့ကောင်လေးနဲ့သမီးကတွေ့တောင်မတွေ့ဖူးသေးဘူး --- ဘာလို့များငြင်းနေရတာလဲ --- ပြီးတော့သူတို့ကကုမ္ပဏီပိုင်ရှင်တွေ --- သမီးလေးကောင်းစားဖို့အတွက်မေမေကပြောတာပါကွယ် ---"
နွေဦးမေမေပြောတာတွေကိုခေါင်းသာခါယမ်းနေမိတော့သည်။နွေဦးနဲ့လည်းမသိ၊မေမေလည်းတစ်ခါမှသေချာမမြင်ဖူးဘဲနဲ့နွေဦးကိုသူတို့ရဲ့သားနဲ့သဘောတူထားတယ်တဲ့။နွေဦးစိတ်ညစ်သွားမိတာတော့အမှန်ပဲ။
"နောက်ပြီးတော့ဒီကိစ္စကလည်းသမီးဖေဖေစီစဉ်ထားတဲ့ကိစ္စမို့မေမေလည်းမငြင်းတာပါကွယ် --- အဲ့ဒီ့လူငယ်လေးကအရမ်းကိုခန့်ညားတယ်တဲ့ --- နိုင်ငံခြားမှာပညာသွားသင်နေတာလို့လည်းပြောတယ် --- ပြန်လာရင်သမီးနဲ့စေ့စပ်ပေးထားမလို့ဆိုပြီးသမီးဖေဖေကပြောထားတာ ---"
"ဟင် ---"
နွေဦးအံ့သြနေမိတော့သည်။
"ဘယ်လိုတွေလဲ --- လူငယ်တွေတောင်မှတစ်ယောက်နဲ့တစ်ယောက်မသိကြတာကိုစေ့စပ်ပေးတော့မယ် --- ဟုတ်လားမေမေ --- နောက်ပြီးသူကနိုင်ငံခြားပြန်တစ်ယောက်ဆိုတော့သူကသန့်ရှင်းတဲ့လူတစ်ယောက်လို့ဘယ်သူကအာမခံနိုင်မှာလဲ ---"
မေမေကနွေဦးရဲ့လက်ဝါးလေးကိုဆုပ်ကိုင်လိုက်ကာပြံုးလိုက်လေသည်။
"သမီးရယ် --- သမီးဖေဖေအကြောင်းကိုလည်းသိရဲ့သားနဲ့ --- သမီးဖေဖေကလွန်ခဲ့တဲ့လေးငါးနှစ်လောက်ကတည်းကသူ့ကိုသေချာလေ့လာထားခဲ့ပြီးပြီ --- သူ့ရဲ့အကျင့်၊သူ့ရဲ့ဂုဏ်သိက္ခာကိုသမီးဖေဖေကသိပြီးသားပဲသမီး --- ယုံလည်းယုံကြည်တယ် ----"
"ဒါဆိုဖေဖေနဲ့မေမေကအာမခံတယ်ပေါ့ ---"
မေမေကတစ်ချက်ငြိမ်သွားလေသည်။ဒါတွေအားလုံးဟာလွန်ခဲ့တဲ့လေးငါးနှစ်လောက်ကသူမယောကျာ်းကသဘောတူခဲ့တဲ့ကိစ္စ။နှစ်ဖက်လူကြီးတွေကလည်းလက်ခံခဲ့သည်။အခုချိန်ထိလူကြီးတွေအနေနဲ့မပြောင်းလဲပေမယ့်အဲ့ဒီ့ကောင်လေးကရော။
ဟင့်အင်း --- ဒီကိစ္စကိုလူကြီးတွေကကလေးတွေကိုအသိပေးရသေးတာမဟုတ်ပါဘူး။သူကနိုင်ငံခြားမှာနေတယ်ဆိုပေမယ့်အခုချိန်မှာရောသမီးပြောသလိုပြောင်းလဲလောက်ပြီဆိုတာဘယ်သူကမှမပြောနိုင်တာကို။
"ဘယ်လိုလဲမေမေ --- မေမေကရောသူ့ကိုယုံကြည်လို့လား ---"
မေမေကဘာမှမပြောဘဲနွေဦးကိုကြည့်နေလေသည်။ပြီးတော့မှနွေဦးကိုပြံုးပြလိုက်ကာ
"မေမေရောသမီးဖေဖေရောကတော့ဘာမှပြောစရာမရှိဘူး --- အဲ့ဒါကြောင့်သမီးလည်းသူနဲ့တွေ့ကြည့်လိုက်ပါဦး --- သမီးဖေဖေပြန်လာရင်တော့အားလုံးကိုသေသေချာချာရှင်းရှင်းလင်းလင်းသိရမှာပါ ---"
နွေဦးသက်ပြင်းချလိုက်မိတော့မေမေကစကားတွေဆက်ပြောနေသည်။
"သူကဥစ္စာပေါရုပ်ချောပဲသမီးရဲ့ --- သမီးသဘောကျမယ်လို့မေမေကတော့ထင်တယ် ---"
နွေဦးခေါင်းခါလိုက်ကာစားပွဲပေါ်ကဖုန်းကိုပြန်ကိုင်လိုက်လေသည်။
"ဘာလို့လဲသမီးမှာသဘောကျတဲ့သူရှိနေလို့လား ---"
နွေဦးဘာမှပြန်မပြောဘဲငြိမ်နေတော့မေမေ့အကြည့်တွေကနွေဦးဆီကိုစူးစမ်းစွာရောက်လာပြန်၏။
"သမီးမှာချစ်ရမယ့်သူရှိနေတယ်ဆိုရင်လည်းမေမေ့ကိုတော့ကြိုပြောနော်သမီး --- မေမေသတိပေးချင်တာတွေရှိတယ် ---"
နွေဦးမေမေ့ကိုမော့ကြည့်လိုက်တော့မေမေကခုံမှာပြန်ထိုင်လိုက်ကာပန်းအိုကိုသေချာပြန်ပြီးပြုပြင်နေပြန်သည်။
"မေမေကဘာကိုသတိပေးချင်တာလဲ ---"
"သမီးအိမ်ထောင်ဖက်ရွေးချယ်ခဲ့မယ်ဆိုရင် --- ဟိုတစ်ခါကစားသောက်ဆိုင်မှာတွေ့ခဲ့တဲ့ကောင်လေးမျိုးကိုရွေးချယ်မိမှာစိုးလို့လေ --- တော်တော်ကိုမိုက်ရိုင်းတဲ့ကောင်လေး ----"
မေမေကအဲ့ဒီ့နေ့ကအဖြစ်အပျက်ကိုပြန်သတိရသွားဟန်ဖြင့်ဒေါသတွေထွက်နေပြန်သည်။နွေဦးလည်းသတိရသွား၏။အဲ့ဒီ့နေ့ကအဲ့ဒီ့လူရဲ့အကြည့်ကိုနွေဦးမေ့လို့မရခဲ့။ရယ်နေရင်းစကားပြောနေတဲ့ပုံကနွေဦးရင်ထဲကိုစွဲမြဲသွားစေလေသည်။နွေဦးစွဲလမ်းသွားတာမဟုတ်ပေမယ့်မေ့ဖျောက်လို့မရတာတော့အမှန်ပါ။
"ဘာတွေပြံုးနေပြန်လဲ --- မေမေပြောပြီးသားနော် --- အဲ့လိုကောင်လေးမျိုးကိုလုံးဝမစဉ်းစားပါနဲ့ ---"
နွေဦးပြံုးနေတာကိုမေမေကသိသွားကာပြောတော့၏။
"မမကြီးရေ --- မမကြီး ---"
အိမ်ရှေ့ကအော်သံကြောင့်မေမေကခေါင်းထောင်လာကာ
"ဦးအေးကြီးဘာကိစ္စလဲ ---"
"အိမ်ရှေ့မှာဧည့်သည်ရောက်နေပါတယ် ---"
သားအမိနှစ်ယောက်လုံးအံ့သြသွားလေသည်။ဧည့်သည်ဆို၍ဘယ်သူ့ကိုမှမဖိတ်ထားပါဘူး။
"ဘယ်သူတဲ့လဲ ---"
"ကောင်လေးတစ်ယောက်ပဲ --- ဝသုန်မြေလို့ပြောပါတယ် --- ပန်းလေးကိုတွေ့ချင်တာတဲ့ ---"
"ဘာ ---"
နွေဦးရဲ့မျက်ခုံးတွေကပိုပြီးမြင့်တက်သွားကာချက်ချင်းမတ်တပ်ရပ်လိုက်လေသည်။မေမေကနွေဦးရဲ့လက်ကိုဆွဲထားလိုက်ပြီး
"မေမေသွားမယ်သမီး ---"
"သူကဘယ်သူမို့လို့ပန်းလေးကိုတွေ့ချင်ရတာလဲ ----"
မေမေတားနေတဲ့ကြားကနွေဦးအိမ်ထဲကထွက်သွားလေသည်။
"ဝသုန်မြေ --- ဒီနာမည်ကိုငါမကြားဖူးပါဘူး --- ပန်းလေးနဲ့ပတ်သက်နေတယ်ဆိုတော့ဘယ်သူလဲ ---"
ဒေါ်မာလာလည်းစိတ်ဝင်စားသွားကာနွေဦးနောက်ကိုလိုက်သွားလေသည်။
ဝသုန်စံအိမ်ကြီးကိုမမှိတ်မသုန်ငေးကြည့်နေမိသည်။သူပန်းလေးဆီကိုတမင်ရောက်လာခဲ့ခြင်းဖြစ်သည်။ဒီမိသားစုရဲ့စိတ်ဓာတ်ကိုသိချင်လို့လည်းဖြစ်သည်။ခိုင်ဦးတားနေတဲ့ကြားထဲကနေသူအရောက်လာခဲ့တဲ့အတွက်ပန်းလေးအတွက်အနှောင့်အယှက်ဖြစ်မှာကိုတော့စိုးရိမ်မိပါတယ်။ဒါပေမယ့်ဒါလုပ်ချင်ပြီဆိုရင်ဘယ်တော့မှမတွေဝေတတ်တဲ့စိတ်ကြောင့်ချက်ချင်းကိုရောက်လာခဲ့မိ၏။
ဆိုင်ကယ်ကိုရပ်ထားပြီးအိမ်ထဲကဘယ်သူထွက်လာမလဲဆိုတာကိုကြည့်နေမိ၏။အရိပ်တစ်ခုကိုတွေ့လိုက်ရသည်။ပန်းလေးမဟုတ်တာကိုတော့ဝသုန်သိ၏။အဲ့ဒီ့အရိပ်နောက်မှာနောက်ထပ်အရိပ်တစ်ခုကပါလာခဲ့ပြန်သည်။သေချာကြည့်လိုက်တောဒေါ်မာလာမြိုင်တို့သားအမိ။ခြံစောင့်ကြီးကတံခါးဖွင့်ကာသူတို့သားအမိကိုကြည့်နေသည်။
ဝါကျင်ကျင်အရောင်ဆိုးထားတဲ့ဆံပင်တွေကိုထိပ်မှာထုံးပြီးစည်းထားတဲ့သူမပုံစံကလေးဆန်သလိုလိုပါပဲ။ဒါပေမယ့်အကျင့်စရိုက်တွေကိုတော့ဝသုန်နည်းနည်းလေးမှမကြိုက်။အထူးသဖြင့်ပန်းလေးတို့မိသားစုအပေါ်ဆက်ဆံတဲ့သူတို့ပုံစံကိုအမုန်းဆုံးပဲ။
"ဘာကိစ္စလဲ ---"
စကားသံကမာကြောနေလေသည်။ဝသုန်နားလည်စွာနဲ့တစ်ချက်ပြံုးလိုက်ကာ
"ရင်ဝှက်ပန်းနဲ့တွေ့ချင်လို့ပါ ---"
"မင်းက -- ဘယ်သူလဲ --- ဘာကိစ္စနဲ့တွေ့ချင်တာလဲ ---"
ဒေါ်မာလာမြိုင်ကအရှေ့ကိုတိုးလာကာဝသုန့်ကိုမေးလိုက်လေသည်။ထို့နောက်သေချာကြည့်လိုက်ကာမျက်လုံးပြူးသွားမိသည်။
"ဟင် -- မင်း --- စားသောက်ဆိုင်မှာတွေ့ခဲ့တဲ့သူမဟုတ်လား ---"
ဒေါ်မာလာမြိုင်ကအံ့သြသွားသလိုမေးလိုက်ပေမယ့်ဝသုန်ကတော့အံ့သြတဲ့ပုံမပြမိ။အစကတည်းကသူကသိပြီးသားမို့လည်းအံ့သြစရာမှမရှိခဲ့တာ။
"ဟုတ်ပါတယ် --- ကျွန်တော်ရင်ဝှက်ပန်းနဲ့တွေ့ချင်လို့ပါ --- ကိစ္စကတော့သူနဲ့စကားပြောချင်လို့ ---"
နွေဦးစိတ်ထဲမှာတစ်မျိုးကြီးခံစားသွားမိ၏။သူကပန်းလေးနဲ့ဘယ်လိုပတ်သက်နေလို့လဲ။ဘာလို့ပန်းလေးနဲ့စကားပြောချင်တာလဲ။
ဒီအတောအတွင်းဒင်းတို့ငြိမ်နေတာကိုသူမတို့စိတ်ထဲအလိုမကျဖြစ်နေခဲ့တာဟာဒါတွေကြောင့်လား။ဒင်းတို့မှာအားကိုးရှိနေပြီဆိုတဲ့သဘောလား။ဒေါ်မာလာမြိုင်လည်းစိတ်ထဲမှာအတွေးပေါင်းများစွာဖြင့်။
ဝသုန်ဖွင့်ထားတဲ့ခြံတံခါးပေါက်ကနေအထဲကိုဝင်လိုက်ကာ
"ကျွန်တော်အထဲဝင်လို့ရတယ်မို့လား ---"
နွေဦးကတော့သူနဲ့ပန်းလေးရဲ့ပတ်သက်မှုကိုစိတ်ဝင်စားစွာဖြင့်သူ့ကိုကြည့်နေမိသည်။အိမ်ထဲဝင်ပြီးမှာဝင်လို့ရလားလို့မေးနေတဲ့အတွက်တော့စိတ်ထဲမှာစနိုးစနောင့်ဖြစ်သွားမိ၏။
"ဦးအေးကြီးသူ့ကိုပန်းလေးဆီလိုက်ပို့ပေးလိုက်ပါ ---"
ဦးအေးကြီးကနွေဦးကိုခေါင်းငြိမ့်ပြလိုက်လေသည်။
"လူလေးလာလိုက်ခဲ့ပါ ---"
ဝသုန်ဦးလေးကြီးနောက်ကနေလိုက်သွားလိုက်သည်။ဟိုသားအမိကတော့အနောက်မှာစကားတွေတတွတ်တွတ်ပြောကာကျန်ခဲ့လေသည်။
ဝသုန်ဦးလေးကြီးနောက်လိုက်သွားရင်းနဲ့ဦးလေးကြီးမျက်နှာကိုအကဲခတ်လိုက်တော့ဦးလေးကြီးကလည်းဝသုန့်ကိုအကဲခတ်နေလေသည်။
"ဦးလေး ---"
"ဘာမေးမလို့လဲလူလေး ---"
"ရင်ဝှက်ပန်းနဲ့ပတ်သက်ပြီးကျွန်တော့်ကိုပြောပါလားဟင် ----"
ဦးလေးကြီးကဝသုန့်ကိုကြည့်ကာသက်ပြင်းချလိုက်မိသည်။
"လူလေးပန်းလေးနဲ့ဘယ်လိုပတ်သက်မှန်းမသိပေမယ့် --- ပန်းလေးအကြောင်းသိရင်လူလေးစိတ်မကောင်းဖြစ်ရလိမ့်မယ် ---"
ဝသုန်လမ်းလျှောက်ရင်းကနေဦးလေးကြီးကိုကြည့်ကာခေါင်းငြိမ့်ပြလိုက်ပြီး
"ကျွန်တော်နည်းနည်းပါးပါးတော့သိထားပါတယ် --- တကယ်တော့ပန်းလေးတို့မိသားစုကဒီစံအိမ်ရဲ့အရှင်သခင်အစစ်ဆို ---"
ဦးလေးကြီးကဝသုန့်ကိုအံ့သြတကြီးမော့ကြည့်လိုက်လေသည်။ပြီးတော့မှတစ်ခုခုကိုတွေးမိသွားကာစိတ်မကောင်းဖြစ်သွားသည့်မျက်နှာဖြင့်
"ဟုတ်ပါတယ် --- ပန်းလေးတို့မိသားစုကသာဒီစံအိမ်ရဲ့အရှင်သခင်ပါပဲ --- ဒါပေမယ့်အခုတော့ ---"
ဦးလေးကြီးကဆက်ပြောရမှာကိုမဝ့ံမရဲဖြစ်နေလေသည်။သူ့အနေနဲ့လည်းဟုတ်ပါတယ်။အခုလောလောဆယ်မှာဒေါ်မာလာမြိုင်ကသာအရှင်သခင်ဖြစ်နေခဲ့တာကို။ဘယ်လိုလုပ်ပြီးပြောရဲမှာလဲ။သူ့ဆန်စားရင်ရဲရမယ်တဲ့။အဲ့ဒါကိုတော့ဦးလေးကြီးကနားလည်တဲ့ပုံပါပဲ။
"ကျွန်တော်နားလည်ပါပြီ --- ဦးလေးအနေနဲ့လည်းပြောရခက်နေမယ်ဆိုတာ --- ဒါပေမယ့်ကျွန်တော်အခုအဲ့ဒီ့အမှန်တရားကိုဖော်ထုတ်ဖို့ကြိုးစားနေတယ်ဦးလေး ---"
"ဟင် --- ဘယ်လို ---"
ဦးလေးကြီးကအံ့သြလည်းအံ့သြထိတ်လန့်သွားသည့်ပုံစံဖြင့်ဝသုန့်ကိုကြည့်နေလေသည်။ပြီးတော့ခေါင်းရမ်းလိုက်ကာ
"မဖြစ်နိုင်ဘူးလူလေး --- မင်းဒုက္ခရောက်လိမ့်မယ် --- ဘာလို့လဲသိလား ---"
ဝသုန်ခေါင်းငြိမ့်လိုက်ကာ
"သိပါတယ် -- ဒေါ်မာလာမြိုင်ရဲ့ယောကျာ်းကဗိုလ်ကြီးတစ်ယောက်မို့လား ---"
ဦးလေးကြီးကခေါင်းတဆတ်ဆတ်ငြိမ့်ကာ
"ဟုတ်တယ်လူလေး --- ပန်းလေးတို့မိသားစုရဲ့အမှန်တရားကိုဖော်ထုတ်ဖို့အတွက်မင်းရဲ့စိတ်ဓာတ်ကိုဦးလေးလေးစားပါတယ်--- ဒါပေမယ့်ခက်ခဲလိမ့်မယ်လူလေး ---"
"ကျွန်တော်ကခက်ခဲတာတွေကိုပိုပြီးသဘောကျတယ်ဦးလေး ---"
စကားကိုယတိပြတ်ပြောလိုက်၍ဦးလေးကြီးကဘာမှဆက်မပြောတော့ဘဲခေါင်းသာငြိမ့်ပြနေလေသည်။
"ဒါပေမယ့်ဦးလေးကကူညီပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ် --- ဦးလေးလည်းရင်ဝှက်ပန်းတို့မိသားစုအပေါ်မှာသံယောဇဉ်ရှိမယ်လို့ကျွန်တော်ထင်လို့ပါ ---"
ဦးလေးကြီးကဘာမှမပြောဘဲစဉ်းစားနေတဲ့ပုံပင်။
"ဟုတ်ပါတယ် --- ဦးလေးပန်းလေးတို့တစ်မိသားလုံးအပေါ်မှာသံယောဇဉ်ရှိပါတယ် ---"
ဝသုန်မေးသမျှကိုဦးလေးကြီးကပြန်ဖြေပေးတဲ့အတွက်ဝသုန်ဝမ်းသာမိတာအမှန်ပါ။
သံယောဇဉ်ရှိတာထက်ပိုပါတယ်။ဒီကလေးနှစ်ယောက်ကိုချစ်လို့လည်းဒီမိသားစု --- ဒီသခင်တွေပေါ်မှာကျေးကျွန်တစ်ယောက်လိုပြုမူနေထိုင်ခဲ့ပေမယ့်မိသားစုအရင်းလိုသံယောဇဉ်ထားခဲ့မိသည်။အဲ့ဒါကြောင့်လည်းအခုချိန်ထိဒီစံအိမ်ထဲကနေသူထွက်မသွားခဲ့ခြင်းဖြစ်သည်။
ပျောက်ဆုံးနေတဲ့ဒီမိသားစုရဲ့အမှန်တရားကိုသူကိုယ်တိုင်ဖော်ထုတ်ချင်ခဲ့ပေမယ့်သူမစွမ်းနိုင်ခဲ့။အခုတော့စွမ်းနိုင်မယ့်သူပေါ်လာခဲ့တာလား။ဒီမိသားစုအတွက်ဒီကောင်လေးဟာဘုရားကပေးတဲ့ကောင်းခြင်းဆုလာဘ်တစ်ခုလို့ပဲသူသတ်မှတ်ရတော့မလား။ဦးအေးကြီးဝသုန့်ကိုမော့ကြည့်ကာတွေးလိုက်မိသည်။
"ကျွန်တော့်နာမည်ကဝသုန်မြေပါ ---"
"လူလေးပန်းလေးတို့မိသားစုအပေါ်အကောင်းဆုံးဆက်ဆံပေးပါ --- ပန်းလေးစိတ်ကသိပ်နုတာ --- အရာရာအပေါ်မှာသည်းခံစိတ်လည်းရှိတယ် --- နားလည်ပေးမှုလည်းရှိတယ် -- အသက်ငယ်ပေမယ့်ရင့်ကျက်နေတဲ့မိန်းကလေးတစ်ယောက်ပါပဲ ---"
ဝသုန်ဦးလေးကြီးပြောနေတာတွေကိုအသိအမှတ်ပြုသည့်အနေဖြင့်ခေါင်းငြိမ့်ပြလိုက်သည်။
"ဟိုအိမ်လေးကပန်းလေးတို့အိမ်ပဲလူလေးသွားလိုက်ပါ --- ဦးလေးလိုက်မပို့တော့ဘူး --- သူတို့မိသားစုကိုဦးလေးအားနာလွန်းလို့ပါ ---"
ဦးလေးကြီးကဝသုန့်ကိုပြောကာချက်ချင်းလှည့်ထွက်သွားလေသည်။
"ကျေးဇူးပါဦးလေး ---"
ဝသုန်ဦးလေးကြီးကြားအောင်လှမ်းပြီးအော်ပြောလိုက်မိသည်။
သွပ်မိုးထားတဲ့တစ်ထပ်ပျဉ်ထောင်အိမ်လေးကနေချင်စရာကောင်းပေမယ့်မတန်မရာလို့ဝသုန်ထင်လိုက်မိသည်။နန်းတော်ကြီးလိုခမ်းနားတဲ့အိမ်ကြီးမှာနေရမယ့်သူတွေကသာမန်လူတွေနေသလိုမျိုးသာမန်အိမ်သေးသေးလေးတစ်လုံးမှာနေနေရတယ်ဆိုတာဟာမဖြစ်သင့်ဘူးလို့တွေးလိုက်၏။
အိမ်ရှေ့မှာတော့မန်ကျည်းပင်တစ်ပင်ရှိကာအဲ့ဒီ့အပင်အောက်မှာမှနှီးဖျာလေးတစ်ချပ်ကိုခင်းပြီးကောင်လေးတစ်ယောက်ကစားပွဲခုံသေးသေးလေးပေးမှာစာတွေရေးနေလေသည်။ကြည့်ရတာပန်းလေးရဲ့မောင်လေးဖြစ်ဟန်တူသည်။မျက်နှာကတော့ပန်းလေးနဲ့ဆင်၏။ဝသုန်ကောင်လေးကိုကြည့်ကာသနားသွားမိသည်။
"ညီလေး ---"
အဂ္ဂစာရေးနေရင်းကနေခေါ်သံကြားလိုက်ရ၍လှမ်းကြည့်လိုက်တော့လူတစ်ယောက်ကသူ့ကိုခေါ်နေလေသည်။
သူစိမ်းဖြစ်၍ကောင်လေးကအံ့သြသွားသည်ထင်၏။ဝသုန်သူ့နားကိုသွားလိုက်ကာသူ့ဘေးကနှီးဖျာလေးပေါ်မှာထိုင်လိုက်ပြီး
"ညီလေးက --- ရင်ဝှက်ပန်းရဲ့မောင်လေးမို့လား ---"
မမကိုသိနေ၍အဂ္ဂမအ့ံသြတော့ဘဲခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်ပါတယ် ---- ကိုကြီးကဘယ်သူများလဲ --- မမရဲ့သူငယ်ချင်းလား ---"
ဝသုန်ပြံုးလိုက်ပြီးခေါင်းရမ်းလိုက်ကာ
"သူငယ်ချင်းမဟုတ်ဘူး --- ကိုကြီးကသူ့ရဲ့အလုပ်ရှင် ---"
"ဗျာဟုတ်လား --- ညီလေးကမသိလို့နော်ကိုကြီး ---"
ဝသုန်သူ့ရဲ့ခေါင်းကိုပုတ်လိုက်ပြီးရယ်လိုက်လေသည်။
"ရပါတယ်ကွာ --- မင်းကလည်းလူကြီးကြီးကျနေတာပဲ --- ဒါနဲ့မင်းနာမည်ကဘယ်လိုခေါ်လဲ ---"
"ညီလေးနာမည်ကအဂ္ဂဖြိုးလို့ခေါ်ပါတယ် --- ကိုကြီးနာမည်ကရော ---"
"ကိုကြီးနာမည်ကဝသုန်မြေတဲ့ --- မှတ်ထားနော် --- နောက်ဆိုရင်ခနခနတွေ့ရတော့မှာ ---"
"ဟုတ် --- ညီလေးမှတ်ထားပါ့မယ် --- ကိုကြီးဝသုန်မြေကမမဆီကိုလာတာလား ---"
ဝသုန်အိမ်ထဲကိုလှမ်းကြည့်လိုက်ကာခေါင်းငြိမ့်ပြလိုက်သည်။
"သူမရှိဘူးလား --- "
"ရှိတယ်ကိုကြီး --- ညီလေးသွားခေါ်ပေးမယ်နော် --- မေမေ့နားမှာထင်တယ် ---"
ဝသုန်ခေါင်းငြိမ့်ပြလိုက်တော့အဂ္ဂမန်ကျည်းပင်အောက်ကနေထွက်သွားကာအိမ်ထဲကိုဝင်သွားလေသည်။ဝသုန့်စိတ်ထဲမှာတခုခုကိုခံစားရပေမယ့်ဘယ်လိုခံစားချက်မှန်းဝေခွဲလို့မရခဲ့ပေ။
"ဟင် --- ဂျာကြီး ---"
ဝသုန်နောက်ကိုလှည့်ကြည့်လိုက်တော့ပန်းလေးကအိမ်ပေါ်ကနေဆင်းလာလေသည်။ဆံပင်ရှည်ကြီးကိုအနောက်ကနေခေါင်းစည်းကြိုးနဲ့စည်းထားလေသည်။
ပန်းလေးဂျာကြီးနားမှာထိုင်လိုက်တော့ဂျာကြီးကပန်းလေးကိုကြည့်လိုက်ကာ
"မင်းအံ့သြသွားလား ---"
ပန်းလေးကမျက်လုံးအဝိုင်းသားနဲ့သူ့ကိုကြည့်နေတယ်ဆိုတာကိုဝသုန်မသိ။ပန်းလေးကခေါင်းငြိမ့်လိုက်ပြီး
"ပန်းလေးတကယ်အံ့သြသွားတာ --- ဂျာကြီးဘယ်လိုလုပ်ပြီးရောက်လာတာလဲ ---"
ဂျာကြီးရဲ့အပြံုးကိုပန်းလေးဘာလို့မှန်းမသိသဘောကျမိသည်။ဂျာကြီးကရယ်လိုက်ရင်အရမ်းခန့်တာပဲ။အချိန်ခဏအတွင်းမှာပဲဂျာကြီးနဲ့ပန်းလေးမိတ်ရင်းဆွေရင်းလိုရင်းနှီးခဲ့သည်။ဂျာကြီးကပန်းလေးအပေါ်မှာနားလည်ပေးနိုင်တဲ့လူတစ်ယောက်ပါ။
"ဒီလိုပါပဲ --- အလုပ်ပိတ်ရက်ဆိုတော့ပျင်းတာနဲ့ဘယ်သွားရမှန်းမသိလို့ပန်းလေးဆီရောက်လာခဲ့တာ --"
"ပန်းလေးကတော့မအားပါဘူး --- "
"ဟုတ်လား --- ကိုယ်ဒုက္ခပေးသလိုများဖြစ်နေလား ---"
"ဟင့်အင်း --- မဖြစ်ပါဘူးရပါတယ် --- ပန်းလေးဂျာကြီးကိုတစ်ခုမေးချင်တယ် ---"
"ဘာများလဲ ---"
ပန်းလေးကသူ့ကိုမကြည့်တော့ဘဲစံအိမ်ကြီးထဲသို့လှမ်းကြည့်လိုက်ပြီး
"ပန်းလေးဆီလာတော့ဂျာကြီးအရှေ့မှာဘယ်သူတွေနဲ့တွေ့ခဲ့လဲ ---"
"အင်း --- တွေ့ခဲ့တယ်သားအမိနှစ်ယောက်နဲ့ ---"
"တကယ် ---"
ပန်းလေးအံ့သြသွားပေမယ့်ဂျာကြီးကတော့ဘာမှမဖြစ်သည့်ပုံဖြင့်အေးအေးဆေးဆေးပင်။
"သူတို့ဘာတွေပြောသေးလဲ ---"
"ဘာမှမပြောပါဘူး --- ပန်းလေးကိုဘာကိစ္စနဲ့တွေ့ချင်တာလဲဘာညာပေါ့ ---"
"ဟုတ်လား --- ဂျာကြီးဘာပြန်ပြောခဲ့လဲ ---"
ဝသုန်ပန်းလေးကိုခေါင်းရမ်းပြလိုက်ကာ
"ဟင့်အင်း -- ဘာမှပြန်မပြောပါဘူး --- သူတို့နဲ့မှမဆိုင်တာသူတို့မေးတိုင်းဖြေရအောင်လည်းကိုယ်ကသူတို့စစ်ဆေးတာကိုခံရမယ့်သူလား ---"
ပန်းလေးဂျာကြီးရဲ့စိတ်ဓာတ်ကိုအားကျသွားမိသည်။
"ဂျာကြီးကသတ္တိရှိတယ်နော် --- "
"ဘာလို့လဲ ---"
ဝသုန်ပန်းလေးကိုကြည့်ကာနားမလည်စွာနဲ့ပြန်မေးလိုက်မိသည်။အဲ့လိုမေးလိုက်မိတာသူ့အမှားပဲဆိုတာဝသုန်နောက်မှသိလိုက်ရ၏။
"ပန်းလေးကအဲ့လိုမလုပ်ရဲလို့လေ --- သူတို့မေးသမျှကိုသေးသေးမွှားမွှားလေးကအစပန်းလေးပြန်ဖြေခဲ့ရတယ် --- ဒါတောင်မှသူတို့စိတ်မရှည်ရင်မရှည်သလိုဆက်ဆံတတ်ကြသေးတာ --- "
ပန်းလေးကနာကြည်းသလိုရယ်လိုက်ရင်းကနေသူ့ကိုကြည့်နေလေသည်။
"ပန်းလေးလည်းဂျာကြီးလိုမျိုးသူတို့ကိုပြန်ပြောချင်လိုက်တာ --- "
"ကိုယ့်ဘဝကိုကိုယ်ပဲပိုင်တယ်ဆိုတာမင်းသေချာနားလည်ရင်ကောင်းမယ်ပန်းလေး --- အဲ့ဒါသာဆိုမင်းဒီလောက်ထိခံစားနေရမှာမဟုတ်ဘူး ---"
သူပြောတဲ့စကားတွေကပန်းလေးကိုအထောက်အကူဖြစ်/မဖြစ်တော့သူမသိ။သူဖြစ်စေချင်တာကပန်းလေးကိုရဲရင့်စေချင်တာ။
"ကိုယ်ပြောတာတွေကိုမင်းနားလည်ရဲ့လား --"
ပန်းလေးကသူ့ကိုဘာမှပြန်မပြောပါ။နားလည်တာလားနားမလည်တာလားဆိုတာကိုစဉ်းစားနေပုံပင်။
"ကိုယ်အခုလိုပြောနေတာတွေဟာတစ်ခြားမဟုတ်ဘူး --- အရာရာမှာခေါင်းငုံ့ခံတတ်တဲ့မင်းကိုပြောင်းလဲစေချင်တာ ----"
ပန်းလေးဂျာကြီးကိုပြံုးပြလိုက်ပြီး
"ဂျာကြီးရဲ့သဘောထားကိုပန်းလေးနားလည်ပါတယ် --- ဒါပေမယ့် ---"
"မင်းဆီကကိုယ်ကြားချင်တာဒါပေမယ့်မဟုတ်ဘူးပန်းလေး --- ဘဝဆိုတာတိုက်ပွဲပဲ --- တိုက်ပွဲတိုင်းမှာဘယ်သူမှမရှုံးနိမ့်နိုင်ဘူး --- ကိုယ်လည်းဘဝတိုက်ပွဲကိုတိုက်လာတာခဲ့သူတစ်ယောက်ပါ ---"
"တူလို့လားဂျာကြီးရယ် --- ဂျာကြီးဘဝနဲ့ပန်းလေးဘဝတို့က ---"
"တူတာမတူတာမဆိုင်ဘူးပန်းလေး --- မင်းသိထားရမှာကဘဝမှာမင်းတစ်ယောက်ထဲပဲတိုက်ပွဲဝင်နေရတာမဟုတ်ဘူး -- လူတိုင်းလူတိုင်းတိုက်ပွဲဝင်နေရတာပဲ --- အဲ့ဒီ့ထဲမှာမှမင်းတစ်ယောက်ထဲကဒီလိုပုံစံမျိုးနဲ့ငြိမ်ခံနေမယ်ဆိုရင် --- မင်းဘယ်တော့မှပျော်ရွှင်ရမယ်ထင်လဲ --- ဟင့်အင်း --- ဘယ်တော့မှပျော်ရွှင်နိုင်မှာမဟုတ်ဘူးပန်းလေး ---"
ဂျာကြီးရဲ့စကားတွေကပန်းလေးအတွက်ပြောနေတယ်ဆိုတာပန်းလေးစိတ်ထဲကနေအလိုလိုနားလည်မိနေလေသည်။
ဝသုန်ပန်းလေးကိုကြည့်ကာအားမလိုအားမရဖြစ်နေမိသည်။ဘာလို့ဒီလောက်ထိများဆွံ့အနေရတာလဲပန်းလေးရယ်။အရာရာကိုရင်ဆိုင်ဖို့အတွက်မင်းမှာဘယ်လိုအင်အားတွေလိုအပ်တာလဲ။ကိုယ်ပေးလိုက်ချင်တော့တယ်သိလား။
"ပန်းလေးနားလည်ပါတယ် --- တကယ်တော့ဂျာကြီးကပန်းလေးအတွက်တော့အကိုတစ်ယောက်လိုပါပဲ --- ပန်းလေးအပေါ်ပြောတဲ့စကားတွေမှာစေတနာပေါင်းများစွာနဲ့ပြောနေတယ်ဆိုတာလည်းသိပါတယ် --- ပန်းလေးလည်းကြိုးစားနေပါတယ် ---"
"မင်းဘာကိုကြိုးစားနေတာလဲပြောပါဦး --- "
"ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့လေ ---"
"ဟုတ်လား --- မင်းဘယ်လိုများကြိုးစားနေတာလဲ ---"
"ပန်းလေးဘဝမှာမေမေနဲ့မောင်လေးသာရှိရင်ပြည့်စုံပါတယ် --- သူတို့နဲ့အတူတူပန်းလေးပျော်ပျော်ရွှင်ရွှင်နေနိုင်တယ်ဂျာကြီး ---"
"ကျွတ် --- မင်း ----"
ဝသုန်ဘာဆက်ပြောရမှန်းတောင်မသိတော့။သူ့မိသားစုနဲ့တင်သူ့ဘဝကအရာရာပြည့်စုံမယ်လို့သူထင်မှန်နေခဲ့တာလား။ကလေးမဆန်လွန်းဘူးလားပန်းလေးရယ်။
"ကောင်းပြီလေဒီမိသားစုနဲ့ပတ်သက်ပြီးမင်းဘာမှမလုပ်နဲ့ပန်းလေး --- ကိုယ်ပဲလုပ်ပေးမယ် --- အဲ့ဒီ့အိမ်ကြီးပေါ်ကိုပြန်တက်နိုင်အောင်ကိုယ်လုပ်ပေးမယ် ----"
ဝသုန်ကအိမ်ကြီးကိုလက်ညှိုးထိုးကာပြောတော့ပန်းလေးအလန့်တကြားအဲ့ဒီ့လက်ကိုဆွဲထားလိုက်မိသည်။
"ဂျာကြီးလက်ညှိုးမထိုးပါနဲ့သူတို့ကအဲ့ဒီ့အပေါ်ကနေဒီဘက်ကိုအမြဲတမ်းကြည့်နေတာ --- တော်ကြာမြင်သွားရင်ဂျာကြီးကိုပြောနေပါဦးမယ် ---"
ဝသုန်ပန်းလေးကိုသနားလည်းသနား၊ဒီလောက်ထိခံနေတဲ့အတွက်လည်းဒေါသထွက်နေမိတော့သည်။သူ့လက်ကိုဆွဲထားတဲ့ပန်းလေးရဲ့လက်ကိုပြန်ပြီးဆွဲကိုင်ထားလိုက်ကာ
"ကောင်းပြီလေ --- ဒါဆိုကိုယ့်ကိုကတိပေး --- သူတို့လုပ်သမျှကိုဘယ်တော့မှခေါင်းငုံ့မခံတော့ပါဘူးလို့ ---"
ပန်းလေးလက်ကိုဆုပ်ကိုင်ထားတဲ့ဂျာကြီးရဲ့လက်တွေကိုပန်းလေးငုံ့ကြည့်လိုက်ကာနွေးထွေးစွာပြံုးလိုက်မိသည်။
"ပန်းလေးကတိပေးပါတယ် --- ပန်းလေးခေါင်းငုံ့မခံတော့ပါဘူး ----"
နွေဦးအပေါ်ထပ်ကနေပန်းလေးတို့ကိုလှမ်းကြည့်ကာစိတ်ထဲမှာအလိုမကျမှုတွေကပိုလို့ပိုလို့တိုးလာခဲ့တော့သည်။ဘာကိုအလိုမကျမှန်းမသိ။
"သူတို့တွေရည်းစားတွေဖြစ်နေကြတာလား ---"
စိတ်ထဲမှာလည်းသူတို့ကိုကြည့်ကာဇဝေဇဝါဖြစ်နေမိ၏။ဘယ်တုန်းကသိကြလို့ဒီလောက်ထိရင်းနှီးနေရတာလဲ။ချစ်သူရည်းစားတွေကျနေတာပဲတစ်ယောက်လက်ကိုတစ်ယောက်ဆွဲထားကြလေသည်။ဟွန့် --- တွေ့ကြသေးတာပေါ့ရင်ဝှက်ပန်းရယ် --- သူနဲ့သာရည်းစားဖြစ်ကြည့်ပါလား -- နင်တစ်စစီဖြစ်ပြီသာမှတ်လိုက် ---
သူမကိုယ်တိုင်ကရောဝသုန်မြေပေါ်မှာစွဲလမ်းမိခဲ့တာလားနွေဦးမသိ။ဒါပေမယ့်ပန်းလေးနဲ့အခုလိုမျိုးပူးပူးကပ်ကပ်တွေ့လိုက်ရ၍စိတ်ထဲမှာမကျေနပ်မိတာတော့အမှန်ပဲ။အဲ့ဒီ့နေ့ကစားသောက်ဆိုင်မှာတွေ့ခဲ့တဲ့သူ့ရဲ့ရယ်မောနေတဲ့မျက်နှာဟာနေ့တိုင်းလိုလိုအိမ်မက်ထဲထိဝင်ရောက်ခြောက်လှန့်နေခဲ့တာကိုတော့သူမမငြင်းပါ။
တကယ်လို့သူနဲ့ပန်းလေးနဲ့သာချစ်သူတွေဖြစ်နေခဲ့ရင်ပန်းလေးအပေါ်မှာနွေဦးရှုံးနိမ့်ခဲ့ပြီပဲ။ဒါကလည်းဘယ်သူမှမသိတဲ့ပြိုင်ပွဲတစ်ခုပါ။
"သမီး ---"
နွေဦးလိုက်ကာကိုပြန်ပိတ်လိုက်ကာမေမေ့ကိုလှည့်ကြည့်လိုက်၏။
"မေမေ ---"
"သမီးဖေဖေမနက်ဖြန်ပြန်လာလိမ့်မယ် -- အဲ့ဒီ့အခါကျရင်တော့သမီးနဲ့သဘောတူထားတဲ့ကောင်လေးရဲ့မိသားစုနဲ့အိမ်မှာတွေ့ဖြစ်ကြမယ်ထင်တယ်သမီး ---"
"ဟင် --- အိမ်မှာလား ---"
ဒေါ်မာလာခေါင်းငြိမ့်ပြလိုက်ကာ
"အင်း --- သူတို့မိသားစုအိမ်ကိုလာလိမ့်မယ် --- ထမင်းစားဖိတ်ရင်းနဲ့သမီးတို့အကြောင်းပါပြောဖြစ်မယ်ထင်တာပဲ ---"
နွေဦးစိတ်ညစ်သွားမိသည်။တစ်ခုပြီးတစ်ခုစိတ်ညစ်စရာတွေနဲ့သာကြံုတွေ့နေရတော့သည်။
"အဲ့ဒီ့ကောင်လေးကဘယ်သူလဲသိလားသမီး ---"
"သမီးဘယ်လိုလုပ်သိမှာလဲမေမေကလည်း ---"
မေမေကပြံုးလိုက်ပြီးနွေဦးရဲ့ကုတင်ပေါ်မှာထိုင်လိုက်လေသည်။
"အခုအရမ်းနာမည်ကြီးနေတဲ့ကုမ္ပဏီတစ်ခုရှိတယ် -- အဲ့ဒီ့ကုမ္ပဏီကိုတော့သမီးသိတယ်မို့လား ---"
နွေဦးရဲ့ခေါင်းထဲမှာနာမည်တစ်ခုကချက်ချင်းပေါ်လာခဲ့သည်။
"ကမ္ဘာကျော်ကုမ္ပဏီ ---"
မေမေကပြံုးပြီးခေါင်းငြိမ့်လိုက်ကာ
"ဟုတ်တယ်သမီး --- ဦးသုကမ္ဘာဒေါ်မေရှင်တို့ရဲ့ကမ္ဘာကျော်ကုမ္ပဏီပဲ --- နောက်ပြီးသမီးနဲ့စေ့စပ်ပေးမယ့်သူကလည်းနောင်တစ်ချိန်မှာအဲ့ဒီ့ကုမ္ပဏီပိုင်ရှင်ဖြစ်လာမယ့်ဦးသုကမ္ဘာဒေါ်မေရှင်တို့ရဲ့သားသုရှင်မင်းပဲသမီး ---"
"သုရှင်မင်း ---"
နာမည်ကိုကြားကြားချင်းနွေဦးစိတ်ဝင်စားသွားမိတာအမှန်ပါ။ရှင်ကဘယ်လိုလူမျိုးလဲဆိုတာကျွန်မသိချင်တယ်သုရှင်မင်း --- ဝသုန်မြေထက်သာပါ့မလား။သူမစိတ်ထဲကနေမမြင်ဖူးသေးတဲ့သုရှင်နဲ့ဂျစ်ကန်ကန်ရွတ်တွတ်တွတ်ဝသုန်နဲ့ကိုနှိုင်းယှဉ်ကြည့်နေမိသည်။
သုရှင်မင်းတဲ့လား ----

#####
အိပ်မက်ကြယ်(ခ)ကြယ်လေး

ဟန်​ဆောင်အမုန်း (Completed)Donde viven las historias. Descúbrelo ahora