💜 ဟန်ဆောင်အမုန်း 💜
💜 အခန်း(၁၀) 💜
"ဟင် --- ဘယ်လိုဖြစ်ရတာလဲ ---"
"ဘယ်လိုဖြစ်ရတာလဲဆိုတော့ကွာ --- ဒေါ်မာလာမြိုင်တို့သားအမိကအနိုင်ကျင့်လိုက်တာပဲ ---"
ဝသုန် ပန်းလေးရဲ့မျက်နှာကိုကြည့်ကာ သနားလည်းသနား ဟိုသားအမိကိုလည်း ဒေါသထွက်သွားလေသည်။
ပန်းလေးကတော့ ဘာမှမဖြစ်ထားတဲ့ပုံပင် ဝသုန့်ကိုလည်းမော့မကြည့်။ သူ့အမေရဲ့မျက်နှာကိုသာ ငေးကြည့် နေတော့သည်။
ခိုင်ဦးအနေနဲ့လည်း စိတ်မကောင်းဖြစ်ရုံအပြင် ဘာမှမတတ်နိုင်ခဲ့။ သူဝသုန့်ကိုဆေးရုံရောက်ရောက်ချင်း ဖုန်းဆက်ခဲ့၍ဝသုန်ကချက်ချင်းရောက်လာခဲ့သည်။ ဒီရောက်တော့လည်းပန်းလေးကိုကြည့်ကာစိတ်တွေတိုနေ ခဲ့၏။
"အဲ့ဒီ့မိန်းမနှစ်ယောက်ကဘာလို့ပန်းလေးကိုအနိုင်ကျင့်ရတာလဲ --- တောက် ---"
ဝသုန်လက်သီးကိုကျစ်ကျစ်ဆုပ်ကာနံရံမှာထောက်ထားလိုက်သည်။
ပန်းလေးကိုကြည့်ပြီးစိတ်ထဲမှလည်းအလိုမကျတွေဖြစ်နေမိသည်။ အဲ့ဒီ့မိသားစုလုပ်သမျှကိုခေါင်းငုံ့ပြီးမခံပါနဲ့လို့ ပြောထားတဲ့ကြားထဲကနေအခုလိုမျိုးကိုယ်ထိလက်ရောက်ဖြစ်သွားခဲ့တာဟာပန်းလေးသူ့စကားကိုနားမထောင်လို့၊ ပန်းလေးကြောက်ရွံ့နေခဲ့လို့ပေါ့။
ရင်ထဲမှာတနုံ့နုံ့ မကျေနပ်ချက်တွေကဆုပ်ထားတဲ့လက်သီးဆုပ်ထဲမှာသာပျောက်ကွယ်ကုန်သည်။
"သူတို့ကအနိုင်ကျင့်ရုံတင်မကဘူး --- ပန်းလေးတို့မိသားစုကိုအိမ်ပေါ်ကနေတောင်မှဆင်းခိုင်းနေပြီကွ ---"
"ဘာ ---"
ဝသုန်ဒေါသပိုထွက်သွားလေတော့သည်။
"ဒေါက် --- ဒေါက် --- ဒေါက် ---"
ပန်းလေးတံခါးပေါက်ကိုလှမ်းကြည့်လိုက်လေသည်။ဝသုန်ကတံခါးပေါက်နားကိုကပ်သွားကာတံခါးဖွင့်ပေးလိုက်၏။
"ဟင်ဝသုန် ---"
"ကိုကို ---"
သုရှင်နဲ့ဂျက်စတင့်ကိုမြင်တော့ဝသုန်အံ့သြသွားလေသည်။သုရှင်လည်းဝသုန့်ကိုတွေ့လိုက်ရ၍အတွက်အံ့သြနေသည်။ဂျက်စတင်ကတော့သူတို့ကိုကျော်ကာအခန်းထဲကိုဝင်သွားပြီဖြစ်သည်။
ခိုင်ဦးနဲ့ပန်းလေးလည်းသုရှင်ကိုမြင်တော့အံ့သြသွားကြကာ
"ဟင် --- MD ဘယ်လိုလုပ်ပြီးရောက်လာတာလဲ ---"
"ကိုကိုဘယ်လိုလုပ်ပြီးရောက်လာတာလဲ ---"
သုရှင်ဂျက်စတင့်ကိုလှမ်းကြည့်လိုက်ပြီးမေးငေ့ါပြလိုက်၏။
"ဂျက်စတင်လေ --- တွေ့ချင်တယ်ဆိုလို့ ---"
ပန်းလေးဂျက်စတင့်ကိုကြည့်ကာပြံုးပြလိုက်ပြီး
"အခုလိုလာပေးတာကိုပန်းလေးကျေးဇူးတင်ပါတယ် ---"
ဂျက်စတင်ပန်းလေးကိုပြံုးပြလိုက်ရင်းကနေမျက်လုံးကလည်းပန်းလေးရဲ့ပါးဆီသို့ရောက်သွားလေသည်။ ထို့နောက်မျက်လုံးပြူးသွားကာ
“ဟင် --- ပန်းလေးပါးကဘာဖြစ်တာလဲ ---”
ဂျက်စတင်ပြောလိုက်တော့မှသုရှင်လည်းပန်းလေးမျက်နှာကိုသတိထားပြီးကြည့်လိုက်လေသည်။ပန်းလေးရဲ့ပါးမှာကရဲနေတော့သုရှင်လည်းမျက်လုံးပြူးသွား၏။
“ဘာဖြစ်တာလဲ ---”
သူတို့ကအဲ့လိုဝိုင်းမေးတော့ပန်းလေးပိုပြီးတောင်ငိုချင်လာမိသည်။
ခိုင်ဦးကသူတို့နှစ်ယောက်ကိုကြည့်ကာထပ်ပြီးရှင်းပြရတော့သည်။
“မြေမထိမိုးမခစံအိမ်ကသားအမိနှစ်ယောက်လက်ချက်လေ ---”
“ဟင် ---”
ဂျက်စတင့်လက်ဝါးကမြောက်တက်သွားကာပန်းလေးရဲ့ပါးပေါ်သို့ရောက်ခါနီးတွင်သုရှင်ကဂျက်စတင့်နားကို ရောက်လာကာဂျက်စတင့်လက်ကိုဆွဲထားလိုက်လေသည်။
“ဂျက်စတင် --”
“တောက် ---”
နောက်တစ်ယောက်ဂျက်စတင်ကလက်ပြန်ချလိုက်ကာတောက်ခေါက်လိုက်ပြန်သည်။သုရှင်ကိုမဟုတ်ပါ။
“သူတို့ကဘယ်သူတွေမို့လို့လဲ --- ဘာလို့အခုလိုမျိုးလုပ်ရတာလဲ ---”
ခိုင်ဦးဘယ်လိုရှင်းပြရမှန်းမသိတော့။
“တော်ပါပြီ --- မပြောပါနဲ့တော့ --- ပန်းလေးအခုလိုဖြစ်ရတာတွေဟာပန်းလေးကြောင့်ပါဘဲ --- ပန်းလေးမဆင်ခြင်လို့အခုလိုမျိုးမေမေလည်းဖြစ်ရတာပါ ---”
ပန်းလေးကငိုပြီးပြောတော့သူတို့တွေလည်းဝမ်းနည်းသွားကြသည်။
ဝသုန်လည်းမျက်နှာမကောင်း။သုရှင်လည်းမျက်နှာမကောင်း။ဂျက်စတင်ကဒေါသကြောင့်မျက်နှာကြီးနီရဲနေလေသည်။ခိုင်ဦးကတော့သူတို့သုံးယောက်ကိုပဲအကဲခတ်နေ၏။
“အခုလိုမျိုးလာပေးတဲ့အတွက် MD ကိုရောဂျာကြီးကိုရောကိုဂျက်စတင့်ကိုရောကိုခိုင်ဦးကိုရောကျေးဇူးတင်ပါတယ်နော် --- မေမေ့ကျန်းမာရေးကြောင့်ပန်းလေးအလုပ်ထွက်ရင်ထွက်ရပါလိမ့်မယ် --- အဲ့ဒါကြောင့်ပန်းလေးကြိုပြောထားတာပါ --- ဒီအတောအတွင်းအားလုံးအပေါ်မှာလိမ်ခဲ့တာညာခဲ့တာတွေရှိရင်လည်းတောင်းပန်ပါတယ် ----”
“ပန်းလေးရယ် ---”
ဂျက်စတင်ကစိတ်မကောင်းဖြစ်စွာပြောလိုက်လေသည်။
ဝသုန်ကဘာမှမပြောဘဲအခန်းထဲကထွက်သွား၏။
“တီ --- တီ --- တီ ---”
သုရှင်အိတ်ကပ်ထဲကဖုန်းကိုထုတ်လိုက်ကာ
“ဟယ်လို ---”
“ဟယ်လို ---”
ဖုန်းနံပါတ်ကလည်းအစိမ်း၊အသံကလည်းမိန်းကလေးအသံမို့လို့သုရှင်ကြောင်သွားလေသည်။
“ဘယ်သူလဲ ---”
“အနာဂတ်မှာဖြစ်လာမယ့်ရှင့်ရဲ့ဇနီးလောင်းနွေဦးမေပါ ---”
“နွေဦးမေ---”
သုရှင်ပါးစပ်ကနေအသံထွက်သွားတော့ပန်းလေးရောခိုင်ဦးပါသုရှင်ကိုမော့ကြည့်လိုက်ကြ၏။ပန်းလေးမျက်နှာမှာတော့သွေးစုပ်သလိုဖြူဖွေးနေလေသည်။
“ဟုတ်ပါတယ် ---”
“ဘာကိစ္စလဲ ---”
“ရှင်နဲ့စကားပြောချင်လို့ ---”
“ဆောရီး --- ဒို့မအားသေးဘူး --- အပြင်ကိုရောက်နေလို့ ---”
“ဘယ်ကိုရောက်နေလို့လဲ --- နွေဦးလာခဲ့မယ်လေ ---”
သုရှင်စိတ်ညစ်စွာနဲ့ခေါင်းကုတ်လိုက်မိသည်။
“MD -- မပြော ---”
“သူငယ်ချင်းတစ်ယောက်ရဲ့အမေဆေးရုံတက်ရလို့ ---”
ပန်းလေးတားလို့မဆုံးသေးခင်သုရှင်ပါးစပ်ကထွက်သွားပြီဖြစ်သည်။
“ရင်ဝှက်ပန်းလား ---”
သုရှင်ပန်းလေးကိုကြည့်ပြီးအံ့သြသွားသလိုနွေဦးမေရဲ့မေးခွန်းကြောင့်ပိုပြီးအံ့သြသွားလေတော့သည်။အဲ့ဒါကြောင့်ပန်းလေးကသူ့ကိုတားလိုက်တာလား။ဒါပေမယ့်မမှီတော့ပေ။နွေဦးမေကလည်းသိထားနှင့်နေလို့အခုလိုမေးနေခြင်းဖြစ်သည်။
“အဲ့ဒါမင်းနဲ့ဘာဆိုင်လို့လဲ --- ဒို့ကိစ္စတွေမှာလာပြီးမပိတ်ပင်ပါနဲ့ --- မင်းနဲ့ဒို့ကဘာမှပတ်သက်သေးတာမဟုတ်ဘူးနွေဦးမေ ---”
နွေဦးမေကစကားဆက်မပြောဘဲငြိမ်သွားလေသည်။သုရှင်ပန်းလေးကိုကြည့်ကာအားနာမိသွား၏။
ခိုင်ဦးလည်းကိုသုစကားကြောင့်ပန်းလေးကိုကြည့်လိုက်တော့ပန်းလေးမျက်နှာကညှိုးငယ်နေလေသည်။အင်းလေအခုလိုဖြစ်ရတာလည်းကိုသုနဲ့ဝသုန်တို့ကြောင့်ပဲဟာ။ပန်းလေးတားနေတဲ့ကြားထဲကနေကိုသုကပြောလိုက်တော့နွေဦးမေတို့သားအမိလည်းသိသွားပြီးပန်းလေးအပေါ်မှာပိုပြီးဒေါသထွက်မှာပဲ။
သေချာပါတယ်ပန်းလေးတို့မိသားစုအဲ့ဒီ့ခြံဝိုင်းထဲကနေအမြန်ဆုံးထွက်သွားပေးရတော့မှာ။
“ဟယ်လို ---”
“ဘာမှမပတ်သက်သေးပေမယ့် --- နွေဦးကရှင်နဲ့စေ့စပ်ထားတဲ့သူဆိုတာကိုရှင်မမေ့ပါနဲ့ကိုသုရှင်မင်း --- ရှင်နဲ့နွေဦးကိုနှစ်ဖက်မိဘတွေကသဘောတူထားပြီးသား --- လက်ထပ်ဖို့ပဲကျန်တော့တာ ---”
သုရှင်မျက်နှာကအလိုမကျစွာမဲ့လိုက်ပြီး
“ဒီစေ့စပ်ပွဲကိုနှစ်ဖက်မိဘတွေပဲသဘောတူထားတာ --- ကာယကံရှင်ဖြစ်တဲ့မင်းနဲ့ငါသဘောမတူဘဲ --- လက်ထပ်ပွဲဆိုတာဘယ်လိုမှဖြစ်လာမှာမဟုတ်ဘူး ---”
“ကျွန်မလည်းသဘောတူတယ် --- ရှင်လည်းငြင်းခဲ့လို့လား ---”
“ဟုတ်တယ်ငါမငြင်းခဲ့ဘူး --- ဒါပေမယ့်အဲ့ဒါဟာလည်းလူကြီးတွေရှေ့မှာမို့လို့ --- ငြင်းဖို့အခွင့်အရေးလည်းမရခဲ့လို့ --”
“ဘာပဲဖြစ်ဖြစ်အဲ့ဒီ့နေ့ကစေ့စပ်ပွဲကအောင်အောင်မြင်မြင်ပြီးမြောက်ခဲ့တာနှစ်ဖက်လူတွေကြီးအသိပဲ ---”
“တော်ပြီနွေဦးမေ -- အဲ့ဒီ့ကိစ္စကိုနောက်မှပြောမယ် --- ဒို့အခုရောက်နေတာဆေးရုံ --- စကားတွေအများကြီးမပြောချင်ဘူး ---”
“ကောင်းပြီလေ --- ရှင်ရောက်နေတဲ့နေရာကိုကျွန်မသိတယ် --- အဲ့ဒီ့မှာဘယ်သူတွေရှိတယ်ဆိုတာကိုလည်းသိတယ် --- အဲ့ဒါကြောင့်ရှင်မမေ့ထားဖို့ကကျွန်မကရှင်နဲ့စေ့စပ်ထားတဲ့သူဆိုတာကိုပဲ ---”
သုရှင်ဆက်မပြောချင်တာနဲ့ဖုန်းကိုချပစ်လိုက်သည်။ထို့နောက်ပန်းလေးရဲ့မျက်နှာကိုအားနာစွာနဲ့ကြည့်လိုက်ကာ
“ရင်ဝှက်ပန်းဆောရီးပါ ---”
“ရပါတယ် ---”
“ပန်းလေးဘာဖြစ်လို့ --- နွေဦးမေတို့သားအမိကပန်းလေးကိုနှိပ်စက်ရတာလဲ ---”
ပန်းလေးမဖြေပဲမေမေ့မျက်နှာကိုကြည့်လိုက်လေသည်။မေမေကဆေးအရှိန်ကြောင့်အိပ်ပျော်နေ၏။အိမ်တွင်းရေးတွေကိုပြောရဦးမှာလား။သူမမပြောခဲ့တာတောင်မှသိတဲ့သူတွေကသိသွားခဲ့ပြီ။အဲ့ဒီ့မြေမထိမိုးခစံအိမ်ရဲ့အကြောင်းကိုအားလုံးသိနေကြပြီ။
ပျောက်ကွယ်နေတဲ့အမှန်တရားတွေကိုရောအားလုံးသိနေကြပြီလား။ဟင့်အင်း --- သိရင်တောင်မှဦးမင်းဦးကြောင့်ဘယ်သူကမှဖော်ထုတ်ဝံ့မှာမဟုတ်ဘူး။
“ဂျက်စတင်ငါတို့သွားရအောင် ---”
ဂျက်စတင်သုရှင်ကိုကြည့်လိုက်ပြီး
“နေဦးလေကွာ --- ငါပန်းလေးနဲ့စကားပြောချင်သေးတယ် ---”
“မင်းဒီအချိန်မှာဘာမှသွားပြောလို့မရဘူး --- သူဘာမှပြောချင်မှာမဟုတ်ဘူးဂျက်စတင် ---”
ကိုကို့အသံကြားမှဝသုန်တံခါးပေါက်နားကနေခွာလိုက်ပြီးမြန်မြန်ထွက်လာခဲ့သည်။သူ့အနေနဲ့စဉ်းစားခဲ့တာတွေကိုတွေဝေနေလို့မဖြစ်တော့ဘူး။အမှန်တရားဆိုတာဖုံးကွယ်ထားသင့်တဲ့အရာမှမဟုတ်တာ။မဖော်ထုတ်ရဲတဲ့သူတွေကိုဖော်ထုတ်ရဲအောင်သူကိုယ်တိုင်ပဲလုပ်ရမယ်။ဒါဟာပန်းလေးအတွက် --- ဆုံးရှုံးနစ်နာခဲ့တာတွေအားလုံးကိုပန်းလေးပြန်ပြီးပိုင်ဆိုင်စေရမယ်။အဲ့ဒါဟာသူလုပ်ရမယ့်အလုပ်တစ်ခုပဲ။
“အင်းပါငါနားလည်ပြီ --- ပန်းလေးကိုယ်တို့သွားတော့မယ်နော် ---”
ဂျက်စတင်ပန်းလေးကိုကြည့်ကာပြောလိုက်တော့ပန်းလေးခေါင်းငြိမ့်ပြလိုက်လေသည်။
“ခိုင်ဦးခဏ ---”
သုရှင်ခေါ်လိုက်တော့ခိုင်ဦးသုရှင်နောက်ကနေလိုက်သွားလေသည်။အခန်းထဲမှာပန်းလေးနဲ့ပန်းလေးအမေရယ်သာကျန်ခဲ့တော့၏။
အပြင်ရောက်တော့ခိုင်ဦးတံခါးကိုအသာလေးပြန်ပိတ်လိုက်ကာသုရှင်နောက်ကိုလိုက်သွား၏။ကော်ရစ်တာကိုရောက်တော့သုရှင်ခြေလှမ်းတွေရပ်သွားကာခိုင်ဦးကိုလှည့်ကြည့်လိုက်သည်။ဂျက်စတင်လည်းလှည့်ကြည့်လိုက်ပြီးသုရှင်ကိုကြည့်လိုက်၏။သူနာပြုလေးတွေကတော့သုရှင်နဲ့ဂျက်စတင့်ကိုကြည့်ကာတိုးတိုးတိုးတိုးနဲ့စကားတွေပြောနေကြသည်။သုရှင်ကတော့သတိမထားပေမယ့်ဂျက်စတင်ကတော့သတိထားကာပြန်ရယ်ပြနေလေသည်။
“ကိုသုဘာကိစ္စရှိလို့လဲ ---”
“ရင်ဝှက်ပန်းအမေရဲ့ဆေးရုံစရိတ်အားလုံးကိုငါတာဝန်ယူမယ်လို့ပြောလိုက်ပါ --- အကောင်းပကတိမဖြစ်မချင်းဆေးရုံကမဆင်းပါစေနဲ့ ---”
“ဗျာ --- ကျေးဇူးတင်ပါတယ်ကိုသု ---”
“ဟာသုရှင် --- မရဘူးနော် --- ငါတာဝန်ယူမှာ ---”
“ကျွတ်ဂျက်စတင် ---”
သုရှင်ဂျက်စတင့်ကိုကြည့်လိုက်လေသည်။
“ပန်းလေးရဲ့ကိစ္စတွေကိုငါတာဝန်ယူချင်တယ်သုရှင် ---”
“ဂျက်စတင်ငါသိတယ်နော် --- မင်းနဲ့ပန်းလေးအကြောင်း --- ဝသုန်ကပြောပြပြီးသွားပြီ ---”
“ဟင် -- ဝသုန်ပြောပြတာဟုတ်လား --- ”
“ဟုတ်တယ် ---”
ခိုင်ဦးသုရှင်နဲ့ဂျက်စတင့်ကိုကြည့်ကာနားမလည်ဖြစ်နေလေသည်။
သုရှင်ဂျက်စတင့်ကိုကြည့်နေရင်းကနေခိုင်ဦးကိုပြန်ကြည့်လိုက်ပြီး
“ခိုင်ဦး --- ဆေးရုံစရိတ်အားလုံးကိုငါတာဝန်ယူမယ် --- ဒါပေမယ့်ငါတာဝန်ယူတာလို့ဘယ်သူမှမသိစေပါနဲ့ --- တစ်ကယ်လို့တစ်ယောက်ယောက်ကမေးလာခဲ့ရင် --- တစ်ယောက်ယောက်ဆိုတာဝသုန်အပါအဝင်ပေါ့ --- မေးလာခဲ့ရင်ဂျက်စတင်လုပ်ပေးတာလို့ပဲပြောလိုက်ပါ ---”
ခိုင်ဦးသုရှင်ကိုကြည့်ကာနားမလည်စွာနဲ့ခေါင်းကုတ်လိုက်မိလေသည်။
“ဟိုကျွန်တော်နားမလည်လို့ကိုသု ---- ဘယ်သူမေးမေးကိုဂျက်စတင်ကူညီတာပါလို့ပြောရမှာလား ---”
သုရှင်ခေါင်းငြိမ့်လိုက်ကာ
“အင်းဟုတ်တယ် --- ငါအခုလိုဘာလို့လုပ်တာလဲဆိုတာကိုမင်းသိလား ---”
သူကိုယ်တိုင်ကူညီတာကိုသူများကူညီတာပါလို့ပြောခိုင်းတာကိုခိုင်ဦးအမှန်တကယ်နားမလည်၍ခေါင်းရမ်းပြလိုက်လေသည်။
“ဟင့်အင်း --”
“မြေမထိမိုးမခစံအိမ်ကြောင့်ပဲ --- ပန်းလေးနဲ့ပတ်သက်ပြီးသူတို့ကိုမသိစေချင်ဘူး -- အထူးသဖြင့်ငါနဲ့ပတ်သက်နေတာကိုပေါ့ ---”
အဲ့ဒီ့တော့မှခိုင်ဦးနားလည်သွားကာခေါင်းငြိမ့်လိုက်မိသည်။
“သြော် --- ဟုတ်ကျွန်တော်နားလည်ပါပြီကိုသု ---”
ခိုင်ဦးပါးစပ်ကသာပြောလိုက်တာစိတ်ထဲကတော့ “သူကဖြင့်အခုမှစိတ်ပူနေတယ် --- ပန်းလေးရဲ့အမေအခုလိုဖြစ်ရတာသူတို့ညီအစ်ကိုကြောင့်သာဆိုတာသိရင်ဘယ်လိုများနေမလဲမသိဘူး”လို့တွေးလိုက်မိလေသည်။အိုဘာပဲဖြစ်ဖြစ်အခုလိုတွေးပေးတာကိုပဲပန်းလေးကသူ့ကိုကျေးဇူးတင်မှာပါ။
“အင်း --- ပန်းလေးကိုလည်းမသိစေချင်ဘူး --- ဘယ်သူကပဲမေးမေးဂျက်စတင်ကူညီတာလို့ပြောလိုက် ---”
“ဟုတ် ---”
“ဒါဆိုသွားတော့မယ် --- ဆေးရုံအုပ်ကြီးကိုလည်းပြောထားလိုက်ပါ ---”
“ကျွန်တော်ပြောထားလိုက်ပါ့မယ် ---”
“ဂျက်စတင်သွားရအောင် ---”
ဂျက်စတင်သုရှင်ပြောတာတွေကိုနားမလည်စွာနဲ့မျက်နှာကရှုံ့မဲ့နေလေသည်။ထို့နောက်သူတို့နှစ်ယောက်ဆေးရုံထဲကနေထွက်လာကြ၏။
“သုရှင်ဟိုဟာဝသုန့်ဆိုင်ကယ်မို့လား ---”
ဂျက်စတင်လက်ညှိုးထိုးပြတဲ့နေရာကိုကြည့်လိုက်ကာသုရှင်ခေါင်းငြိမ့်လိုက်လေသည်။ထို့နောက်သူ့စိတ်ထဲမှာအံ့သြနေမိ၏။ဝသုန်ဘာလို့မပြန်သေးတာလဲ။သူထွက်သွားတာကြာပြီမို့လား။
“သူကဘယ်ရောက်နေလို့ဆိုင်ကယ်ကဒီမှာရှိနေတာလဲ ---”
ဂျက်စတင်ပြောလည်းပြောမျက်လုံးလည်းကစားနေလေသည်။
“ဟင်ဟိုမှာဝသုန်မို့လား ---”
ဂျက်စတင်ပြောတဲ့နေရာကိုသုရှင်ထပ်ပြီးကြည့်လိုက်မိသည်။ဝသုန်ကဖုန်းဆိုင်တစ်ဆိုင်ထဲဝင်ကာဟန်းဆက်တွေကိုကြည့်နေလေသည်။
“သူဖုန်းလဲမလို့လား --- လာငါတို့သွားကြည့်ရအောင်သုရှင် ---”
“ဟင့်အင်းပြန်တော့မယ် --- ငါနားချင်ပြီ ---”
“ဟာမင်းကလည်း ---”
“လာပါကွာ ---”
သုရှင်ကအရှေ့ကထွက်သွားတော့ဂျက်စတင်နှုတ်ခမ်းဆူကာသုရှင်နောက်ကနေလိုက်သွားရတော့သည်။ကားပေါ်ရောက်တဲ့အထိဂျက်စတင်စကားမပြောသေး။
“ဂျက်စတင် -- ”
“ဘာလဲ ---”
သုရှင်ကားမောင်းရင်းကနေဂျက်စတင့်မျက်နှာကိုကြည့်လိုက်ကာ
“မင်းငါ့ကိုစိတ်ဆိုးနေတာလား ---”
ဂျက်စတင်ဘာမှပြန်မပြော။
“ငါကမင်းကိုပန်းလေးနဲ့ပတ်သက်ပြီးတောင်းပန်စရာရှိလို့ --- မင်းကနားမထောင်ချင်ဘူးဆိုရင်လည်းမပြောတော့ပါဘူး ---”
ဂျက်စတင်ခေါင်းမော့လာကာသုရှင်ကိုကြည့်လိုက်တော့သုရှင်ပြံုးလိုက်ပြီးအရှေ့ကိုကြည့်ကာကားဆက်မောင်းလိုက်လေသည်။
“ဘာလဲပြော ---”
“ပန်းလေးအမေရဲ့ဆေးရုံစရိတ်အားလုံးကိုငါတာဝန်ယူတယ်ဆိုပေမယ့်ဘာလို့မင်းနာမည်ကိုပြောခိုင်းတာလဲသိလား ---”
“ဟင့်အင်း --- ငါလည်းအဲ့ဒါမေးမလို့ ---”
“အင်း --- ငါတာဝန်ယူတယ်ဆိုတာကိုနွေဦးမေသိသွားခဲ့ရင်ပန်းလေးကိုပြဿနာရှာမှာစိုးလို့ပါ --- ”
“သြော် --- အင်းငါနားလည်ပြီ --- ငါအစကအဲ့လိုမထင်မိဘူး --- ဆောရီးငါတောင်းပန်တယ်နော် ---”
“ရပါတယ်ကွာ --- မင်းကိုနားလည်စေချင်တာပါ --- တခြားဘာအကြောင်းကြောင့်မှမဟုတ်ပါဘူး --- မင်းသဘောကျတဲ့ကောင်မလေးကိုသူတို့တွေထပ်ပြီးနှိပ်စက်မှာစိုးလို့ပါ ---”
“ဟုတ်ပါပြီကွာ --- ကျေးဇူးတင်ပါတယ် ---”
အဲ့ဒီ့တော့မှဂျက်စတင်လည်းပြန်ပြီးရယ်မောလာတော့သည်။
“ဒါနဲ့ငါနားမလည်တာတစ်ခုရှိသေးတယ်မင်းကိုမေးရဦးမယ် ---”
“အင်းဘာများလဲ ---”
“ဝသုန်မြေကဘာလို့ကားမစီးတာလဲ --- ကားမမောင်းတတ်လို့လား --- ဒါမှမဟုတ်ဆိုင်ကယ်ကိုဘဲပိုပြီးသဘောကျလို့လား ----”
ဂျက်စတင့်မေးခွန်းကိုသုရှင်ခေါင်းရမ်းလိုက်လေသည်။သူ့မျက်နှာမကောင်းလည်းဖြစ်သွား၏။
“မဟုတ်ဘူး --- သူကားမမောင်းရဲလို့ --- ကားကိုစီးလည်းမစီးရဲလို့ ---”
“ဘယ်လိုကားမမောင်းရဲဘူးဟုတ်လား ---”
သုရှင်ခေါင်းငြိမ့်လိုက်ကာ
“ဟုတ်တယ် --- သူငယ်ငယ်တုန်းကသူ့မိဘတွေကားမှောက်ပြီးဆုံးသွားကြတယ် ---- အဲ့ဒါကြောင့်သူကားမစီးရဲတော့တာ --- ကားစီးရမှာကိုအရမ်းကြောက်သွားခဲ့တာအခုချိန်ထိပဲ ---”
“ဟင် --- အဲ့ဒါကြောင့်ဝသုန်ကားဘာလို့မစီးလဲဆိုတာကိုငါထူးဆန်းနေခဲ့တာ --- သူကကားကိုကြောက်သွားတာပေါ့ ---”
“အင်းဟုတ်တယ် --- ဝသုန်လည်းသနားစရာကောင်းတယ် ---- သူငယ်ငယ်ကတည်းကသူ့မိဘတွေဆုံးသွားတော့ငါ့ဖေဖေနဲ့မေမေကပဲသူ့ကိုအမွေစားအမွေခံမွေးစားခဲ့တာ --- အဲ့ဒီ့အချိန်ကတည်းကသူကကားစီးရမှာကိုအသေကြောက်ခဲ့တာ --- ကစားကွင်းကကားသေးသေးလေးကိုတောင်မှသူမစီးရဲခဲ့ဘူး ---”
“သနားပါတယ် ---”
ဂျက်စတင်ကပြောလိုက်တော့သုရှင်ခေါင်းငြိမ့်လိုက်လေသည်။သုရှင်ရဲ့မျက်နှာလည်းမကောင်း။
“ဘာပဲဖြစ်ဖြစ် --- ပန်းလေးကပိုသနားဖို့ကောင်းပါတယ်လေ ---”
“အရူးကောင် ---”
သုရှင်စကားကြောင့်ဂျက်စတင်ရယ်လိုက်တော့သုရှင်လည်းပြံုးလိုက်မိသည်။
“ဟား --- ဟား --- အလကားစတာပါသုရှင်ရာ --- ပန်းလေးရောဝသုန်ရောနှစ်ယောက်စလုံးသနားဖို့ကောင်းတဲ့သူတွေပဲ --- ”
“မင်းရောဘယ်တော့ပြန်မှာလဲ ---”
“သုရှင်နော် --- မင်းငါ့ကိုနှင်ထုတ်ချင်နေပြီမို့လား ---”
“မဟုတ်ပါဘူးကွာ -- မင်းဒယ်ဒီနဲ့မာမီစိုးရိမ်နေမှာစိုးလို့ပါ ---”
“ငါမပြန်သေးဘူး -- ငါပန်းလေးရဲ့အချစ်ကိုရအောင်ကြိုးစားဦးမယ် ---”
“မင်းကသာကြိုးစားနေပန်းလေးကဖြင့်မင်းတို့သူ့ကိုသဘောကျနေတယ်ဆိုတာသိမှာတောင်မဟုတ်ဘူး ---”
“မင်းတို့ဟုတ်လား ---”
ဂျက်စတင့်အမေးကြောင့်သုရှင်ကြောင်သွားလေသည်။
“မင်းတို့ဆိုတော့ပန်းလေးကိုသဘောကျတာငါတစ်ယောက်ထဲမဟုတ်ဘူးဆိုတဲ့သဘောပေါ့ --- ပြောသုရှင်မင်းဘယ်သူ့ကိုပြောတာလဲ --- မင်းဘာသိထားလို့လဲ ---”
အဲ့ဒီ့တော့မှသုရှင်နားလည်သွားလေသည်။
“ဟာ --- ဆောရီး --- ငါပြောတာက ---”
“မင်းပြောတာဝသုန်မြေကိုမို့လား ----”
သုရှင်ဘာဆက်ပြောရမှန်းမသိတော့။သူဆိုလိုတာကလည်းဝသုန်ဖြစ်နေခဲ့တာကိုး။
“မဟုတ်ပါဘူးကွာ --- ငါထင်တာပြောလိုက်တာပါ --- ငါလည်းသေချာမသိပါဘူး ---”
“သုရှင်နော် -- ငါ့ပြိုင်ဘက်ကိုသိနေရင်လည်းကြိုပြောထားဦး ---”
“အေးပါကွာ ---”
“အင်းမင်းပြောတာလည်းဖြစ်နိုင်တယ်ကွ --- ပန်းလေးတစ်ခုခုဖြစ်တာနဲ့ပန်းလေးအနားမှာအချိန်ပြည့်ရှိနေတဲ့သူနှစ်ယောက်ပဲရှိတယ် -- အဲ့ဒါကဝသုန်နဲ့ခိုင်ဦးပဲ --- သူတို့နှစ်ယောက်ထဲကတစ်ယောက်ယောက်ကတော့ပန်းလေးကိုသဘောကျနေတာသေချာတယ် --- ငါထင်တာတော့ဝသုန်ဖြစ်ဖို့များတယ် ---”
သုရှင်ပြံုးလိုက်မိသည်။သူလည်းထင်နေခဲ့တာပဲ။ဝသုန့်အမူအရာတွေကပန်းလေးအပေါ်မှာထူးခြားနေခဲ့သည်။ဝသုန်ကမိန်းကလေးတွေနဲ့ဆိုကင်းကင်းရှင်းရှင်းနေတတ်သူတစ်ယောက်ဆိုတာသူလည်းသိတာပဲ။မိန်းမတွေကိုမုန်းလို့မဟုတ်ပါ။သူ့စိတ်ကိုကမိန်းကလေးတွေနဲ့မပတ်သက်ချင်တာလို့ပြောဖူးသည်။
ပန်းလေးအပေါ်မှာရောသူအဲ့လိုမဟုတ်ဘူးလား။ထူးခြားစွာပြောင်းလဲနေခဲ့တာဘာလို့လဲ။ပန်းလေးကိုသနားတာတစ်ခုထဲတော့မဖြစ်နိုင်။ပျောက်ကွယ်နေတဲ့အမှန်တရားကိုတောင်မှပန်းလေးအတွက်သူကဖော်ထုတ်မယ်ဆိုပဲ။သူထင်သလိုဖြစ်နိုင်ပါတယ်။ဝသုန်ပန်းလေးကိုသဘောကျနေတာပဲ။
“မင်းရော --”
“ဟင်ဘာလဲ ---”
“မင်းရောစေ့စပ်ထားတဲ့ကိစ္စကိုဘယ်လိုလုပ်မလဲမေးနေတာ ---”
ဖြစ်နိုင်ရင်အဲ့ဒီ့အကြောင်းကိုသုရှင်မတွေးချင်ပေ။အဲ့ဒီကိစ္စတစ်ခါတွေးလိုက်မိတိုင်းအသက်ရှူလို့တောင်မှမဝသလိုလိုပင်။
“ငါသိပါတယ် --- မင်းအဲ့ဒီ့ကောင်မလေးကိုစိတ်မဝင်စားဘူးဆိုတာ --- ဒါပေမယ့်မင်းအဲ့ဒီ့နေ့ကတည်းကငြင်းသင့်တယ် ---”
“လူကြီးတွေကသဘောတူထားပြီးသားလေ --- ငါငြင်းမယ့်အချိန်မှာသူကလက်ခံလိုက်တာကို --- ငါကအတင်းငြင်းနေရင် --- လူကြီးတွေမျက်နှာပျက်ရမှာပေါ့ ---”
“အဲ့ဒါဆိုလည်းမင်းယူလိုက်ပေါ့ကွာ ---”
ဂျက်စတင်ကငေါ့တော့တော့ပြောလိုက်တော့သုရှင်စိတ်တိုသွားမိသည်။
“ငါမယူပါဘူး --- သူနဲ့ပြန်ပြီးဆွေးနွေးဦးမှာ ----”
“ဟိုကမင်းကိုလက်ခံတယ်လို့ပြောထားပြီးသားပဲ --- ဘယ်လိုလုပ်ပြီးနောက်ဆုတ်မှာလဲ ---”
“မသိဘူးကွာ --- ငါမတွေးချင်ဘူး --- အခုလောလောဆယ်ခေါင်းတွေရှုပ်လွန်းလို့ ---”
“ဖြစ်ရမယ် --- ခေါင်းကဘယ်လိုရှုပ်လာရတာလဲ ---”
“မသိဘူးကွာ ---”
သုရှင်ကိုကြည့်ကာဂျက်စတင်ဘာမှမပြောတော့ဘဲပြံုးလိုက်လေသည်။
သုရှင်ကားကိုသတိထားပြီးမောင်းလိုက်မိသည်။ဟုတ်တယ်အဲ့ဒီ့နေ့ကတည်းကသူငြင်းလိုက်ရမှာ။ဒါပေမယ့်သူမကြိုးစားခဲ့တာမှမဟုတ်တာ။ငြင်းဖို့ကြိုးစားခဲ့တယ်လေ။နွေဦးမေကသဘောတူတယ်ဆိုတာကိုအရင်ဆုံးပြောလိုက်တော့သူဘယ်လိုမှငြင်းလို့မရနိုင်တော့။
ဒါပေမယ့်သူနွေဦးမေကိုလက်မထပ်နိုင်ပါဘူး။သူမှမချစ်တာ။လူကြီးတွေသဘောတူတယ်ဆိုပေမယ့်လည်းသူသဘောမကျလို့ကတော့ဟင့်အင်း --- လက်မခံနိုင်ဘူး။အဲ့ဒါကိုလည်းနွေဦးမေနဲ့ပြန်ပြီးဆွေးနွေးရဦးမှာ။တကယ်လို့များဂျက်စတင်ပြောသလိုနွေဦးမေကသဘောမတူခဲ့ရင်ရော။သုရှင်ခေါင်းရမ်းလိုက်လေသည်။ဟင့်အင်း --- သူသဘောတူတူမတူတူသုရှင်ကတော့လက်ထပ်မှာမဟုတ်။
နွေဦးမေကလည်းချောမောတဲ့မိန်းကလေးတစ်ယောက်ပါပဲ။သုရှင်ဘာလို့လက်မခံနိုင်တာလဲဆိုတာတော့မသိ။သူ့မှာတခြားစိတ်ဝင်စားရမယ့်သူမရှိပါဘူး။နိုင်ငံခြားမှာလည်းပညာသာသွားသင်ခဲ့တာသူစိတ်ဝင်စားတဲ့သူတစ်ယောက်ကိုမှသဘောမကျခဲ့။သူ့လိုမြန်မာလူမျိုးမိန်းကလေးတွေနဲ့တွေ့ခဲ့သည်။ကိုယ့်နိုင်ငံသားအချင်းချင်းမို့လို့ခင်တာထက်မပိုခဲ့။သူတွေ့ခဲ့တဲ့မိန်းကလေးတွေကနွေဦးမေလောက်တောင်မှမချောမလှကြ။ဒီကိုပြန်ရောက်တော့လည်းသူသဘောကျတဲ့သူကိုမတွေ့ခဲ့ဖူးပါ။ဒါဆိုသူဘာလို့နွေဦးမေကိုသူလက်မခံနိုင်တာလဲ … ?
#####
အိမ်မက်ကြယ်(ခ)ကြယ်လေး
STAI LEGGENDO
ဟန်ဆောင်အမုန်း (Completed)
Storie d'amoreအနှိမ်ခံဘ၀လေးမှာ အားကိုးစရာဆိုလို့ အမေနဲ့မောင်လေးပဲရှိတဲ့ သူမဘ၀ထဲကို '၀သုန်မြေ'ဆိုတဲ့ သူမပျော်ရွှင်ဖို့အတွက်ဆို သူ့ဘ၀နဲ့တောင်လဲပြီး ဂရုစိုက်ပေးတဲ့သူတစ်ယောက် ဝင်လာတဲ့အခါမှာတော့ သူမဘ၀ဟာ အခက်အခဲအညှိုးအတေးနဲ့ မနာလိုမှုတွေကြားထဲကနေ သူ့အချစ...
