💜 ဟန်ဆောင်အမုန်း 💜
💜 အခန်း(၁၆) 💜"ရော့ ---"
"ဗုန်း ---"
အသံနဲ့အတူဖိုင်တစ်ခုကသူ့ရှေ့စားပွဲပေါ်သို့ကျလာလေသည်။သုရှင်ဖိုင်ကိုကိုင်လိုက်ပြီးမှသူ့ကိုမော့ကြည့်လိုက်လေသည်။
"ဘယ်လိုဖြစ်လာတာလဲ ----"
ဂျက်စတင်လေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်ပြီးမှသုရှင်ကိုမော့ကြည့်လိုက်ကာမျက်နှာကြီးရှုံ့မဲ့သွားပြီးခေါင်းရမ်းပြလိုက်၏။
"ငါတို့ခြေတစ်လှမ်းနောက်ကျသွားတယ် ---"
"ဟင် ---"
သုရှင်ဖိုင်ကိုထိနေတဲ့လက်ကိုနောက်ဆုတ်လိုက်မိသည်။သူ့မျက်နှာကလည်းဂျက်စတင့်ကိုကြည့်ကာအံ့သြနေလေသည်။
"ဘယ်လိုဖြစ်ရတာလဲ ---"
ဂျက်စတင်ခုံပေါ်မှာထိုင်နေရင်းကနေရှေ့မှာရှိနေတဲ့ခုံပေါ်ကိုခြေထောက်လှမ်းတင်လိုက်ပြီး
"သက်သေအချက်အလက်တော်တော်များများအဲ့ဒီ့လူဆီကိုပါသွားခဲ့တာတဲ့ --- အဲ့ဒါကြောင့်ငါတို့နောက်ကျသွားခဲ့တာ ----"
သုရှင်မျက်ခုံးတွေပင့်တက်သွားလေသည်။
"အဲ့ဒါဘယ်သူဖြစ်နိုင်မလဲ ---"
ဂျက်စတင်ကသုရှင်ကိုအံ့သြတကြီးကြည့်လိုက်ကာ
"အဲ့ဒါဘယ်သူလဲပြောစရာတောင်လိုသေးလို့လား ----"
"ဝသုန်လား ----"
ဂျက်စတင်ကခေါင်းမငြိမ့်ဘဲငြိမ်နေ၏။
"သူ့ဆီမှာအချက်အလက်တော်တော်များများရနေပြီထင်တယ် --- မင်းကြိုးစားတာထက်တောင်မှသူကပိုပြီးကြိုးစားနေတယ်နော်သုရှင် ----"
သုရှင်ခေါင်းတစ်ချက်ငြိမ့်လိုက်ကာအကြည့်တွေကနံရံကပန်းချီကားဆီသို့ရောက်သွားလေသည်။သက်တန့်ရောင်စုံတွေကြားမှာလွတ်လပ်စွာပျံသန်းနေတဲ့ငှက်ကလေးနှစ်ကောင်။
"သူရင်ဝှက်ပန်းကိုတကယ်ချစ်နေတာပဲ --- "
ဂျက်စတင်ပြောလိုက်မှသူဝသုန်ပြောခဲ့တဲ့စကားတွေကိုသတိရနေမိသည်။ဝသုန်ပန်းလေးကိုချစ်နေမိပြီတဲ့။
ဂျက်စတင်သုရှင်ငြိမ်နေတာကိုကြည့်လိုက်ပြီးခုံပေါ်တင်ထားတဲ့ခြေထောက်တွေကိုအောက်ကိုချလိုက်လေသည်။ထို့နောက်သုရှင်ရှေ့မှာသူပစ်တင်ထားတဲ့ဖိုင်ကိုယူလိုက်ကာ
"သုရှင် --- ငါရင်ဝှက်ပန်းကိုမင်းရင်ခွင်ထဲမှာပဲမြင်ချင်တာနော် --- ဝသုန့်ရင်ခွင်ထဲမှာမဟုတ်ဘူး --- အဲ့ဒါကြောင့်လည်းမင်းအတွက်ငါရင်ဝှက်ပန်းကိုစွန့်လွှတ်ပေးခဲ့တာ ----"
ဂျက်စတင့်စကားကိုနားလည်စွာဖြင့်သုရှင်ခေါင်းငြိမ့်ပြလိုက်မိသည်။
"ငါနားလည်ပါတယ် --- "
"နားလည်ပါတယ်လုပ်မနေနဲ့ --- မင်းကဒီလောက်ငြိမ်ချက်သားကောင်းနေတာ --- ဝသုန်ကဖြင့်ဖွင့်ပြောပြီးလောက်ပြီ ---"
"ဟင့်အင်း --- ဝသုန်လည်းဖွင့်မပြောရသေးဘူး ---"
"မင်းကဘယ်လိုလုပ်သိလဲ ---"
သုရှင်ဂျက်စတင့်မျက်နှာကိုကြည့်လိုက်ကာ
"ဝသုန်ကိုယ်တိုင်ပြောတာ --- သူ့မှာကိစ္စတစ်ခုခုရှိနေတဲ့ပုံပဲ --- သူပန်းလေးကိုဖွင့်မပြောသေးဘူးတဲ့ ---"
"အဲ့ဒါမင်းအတွက်အခွင့်အရေးပဲလေ --- ဘာလုပ်နေတာလဲ ----"
သုရှင်မျက်နှာမှာစိုးရိမ်တဲ့အရိပ်တစ်ခုထင်လာလေသည်။
"ငါ --- ငါ့ကိုယ်ငါမယုံကြည်ဘူးဂျက်စတင် ---"
ဂျက်စတင်သုရှင်မျက်နှာကိုကြည့်ကာအလိုမကျသလိုခေါင်းရမ်းနေ၏။
"သုရှင် --- မင်းသူ့အတွက်အများကြီးလုပ်ပေးနေတာပဲ ---"
"သူ့အတွက်ငါလုပ်ပေးတဲ့အရာအားလုံးကသူ့အတွက်ထင်ထင်ရှားရှားဘာမှရှိခဲ့တာမဟုတ်ဘူး ---"
ဂျက်စတင်သုရှင်ပြောတာတွေကိုနားထောင်ကာစိတ်တိုလာမိလေသည်။
"မင်းကစစ်မရောက်ခင်ကတည်းကမြားကုန်နေတော့တာပဲ ----"
ထို့နောက်ဂျက်စတင်သုရှင်ကိုသူ့လက်ထဲကဖိုင်ကိုပြန်ပေးလိုက်ကာ
"ဒါကိုလည်းကြည့်လိုက်ပါဦး --- ငါတို့မှာအခွင့်အရေးတစ်ခုရှိသေးတယ် ---"
သုရှင်စိတ်ဝင်စားသွားပြီးဂျက်စတင်ပေးတဲ့ဖိုင်ကိုယူကာကြည့်လိုက်လေသည်။စာရွက်စာတမ်းများများစားစားမပါပေမယ့်စာလုံးတိုင်းကတော့သုရှင်အတွက်စိတ်ဝင်စားဖို့ကောင်းလွန်းလှသည်။ကြည့်နေရင်းကနေသူ့မျက်နှာမှာအပြံုးတစ်ခုပေါ်ပေါက်လာခဲ့၏။ဂျက်စတင်သူ့ကိုကြည့်ကာရယ်နေလေသည်။
"ဘယ်လိုလဲ --- "
"အင်းအဲ့ဒီ့ရှေ့နေကိုငါတို့တွေ့ကြည့်ရအောင် ---"
"အင်းငါ့လူတွေကိုပြောလိုက်မယ် --- ဒါနဲ့ဝသုန်က --- တကယ်သတ္တိရှိတာပဲနော် ---"
"ဘာကိုလဲ ---"
သုရှင်ဂျက်စတင့်ကိုကြည့်ကာမေးလိုက်လေသည်။
"သြော် --- အဲ့ဒီ့ညကသူ့ဆီကိုမိန်းကလေးတစ်ယောက်ဖုန်းဆက်ပြီးပြောတာကိုတောင်မှသူမကြောက်ဘူးလေ ----"
"ဟင် ---"
ဂျက်စတင့်စကားကြောင့်သုရှင်အံ့သြစွာနဲ့ဂျက်စတင့်မျက်နှာကိုလှမ်းကြည့်လိုက်မိသည်။ဂျက်စတင်လည်းသူ့စကားသူပြန်စဉ်းစားကာအံ့သြနေသည့်ပုံဖြင့်။
"သုရှင် --- ဝသုန်ကအကြောက်အလန့်မရှိတာလား --- ဒါမှမဟုတ်သူပန်းလေးအတွက်မို့လို့အခုလိုမျိုးလုပ်တာလား ---"
"မင်းမေးတာကိုငါနားမလည်ဘူးဂျက်စတင် ---"
ဂျက်စတင့်အကြည့်တွေကသုရှင်ထံသို့ရောက်လာကာသုရှင်ကိုသေချာကြည့်လိုက်ပြီးမှတစ်ခုခုကိုမှတ်မိသွားသည့်ပုံဖြင့်
"သြော် --- အေးဟုတ်သားပဲ --- အဲ့ဒီကိစ္စကိုမင်းမသိသေးဘူး --- "
သူမသိသေးဘူးဆိုသည့်အတွက်သုရှင်စိတ်ဝင်စားသွားမိ၏။ဂျက်စတင်ကသူ့ကိုပြောပြဖို့အတွက်စဉ်းစားနေကာချောင်းတစ်ချက်ဟန့်လိုက်ပြီး
"အဟွတ် --- ဒီလိုကွ --- အဲ့ဒီ့နေ့က --- အင်း --- အဲ့ဒီ့နေ့ဆိုတာကဝသုန်ပန်းလေးအကြောင်းစုံစမ်းဖို့အတွက်ကြိုးစားနေတဲ့အချိန်ကပေါ့ --- သူ့ကိုဆက်ပြီးမစုံစမ်းနိုင်အောင်လို့ငါကငါ့သူငယ်ချင်းတစ်ယောက်ရဲ့အကူအညီကိုတောင်းပြီးသူ့ကိုခြိမ်းခြောက်ခဲ့တာ ---"
"ဟင် --- ဘယ်လို ----"
ဂျက်စတင်ပြောတာတွေကိုသုရှင်ဘာမှမသိခဲ့။ဝသုန့်ကိုခြိမ်းခြောက်ခဲ့တာတဲ့လား။ဝသုန်ကတော့ဘာမှမဖြစ်သည့်ပုံစံဖြင့်ပုံမှန်အတိုင်းမြင်နေရသည်။
"ဟုတ်တယ်ကွ --- အဲ့ဒီ့နေ့ပြီးတော့နောက်တစ်နေ့လည်းရောက်ရောသူပန်းလေးအကြောင်းကိုစပြီးစုံစမ်းတော့တာပဲ --- ဒေါ်ရွှေဝါကိုသူအရင်တွေ့သွားခဲ့တာလေ ---- အဲ့ဒါကြောင့်ငါတို့ခြေတစ်လှမ်းနောက်ကျသွားခဲ့ရတာပေါ့ ---"
အခုလိုဂျက်စတင်ပြောလိုက်မှပဲသုရှင်နားလည်သွားတော့သည်။
"အဲ့ဒါကြောင့်ငါမင်းကိုမေးတာ ---- ဝသုန်မြေကအစကတည်းကအကြောက်အလန့်မရှိတာလား --- ဒါမှမဟတ်ပန်းလေးအတွက်ကြောင့်အခုလိုမကြောက်ဘဲလုပ်တာလားဆိုတာ --"
"မဟုတ်ဘူး -- ဝသုန်ကဟိုးအရင်ကတည်းကဒီလိုပဲ --- ဘာကိုမှမကြောက်တတ်ဘူး --- သူဖြစ်ချင်တာကိုမဖြစ်ဖြစ်အောင်လုပ်တတ်တယ် --- ဘယ်လိုအတားအဆီးပဲရှိရှိသူကကျော်ဖြတ်နိုင်တယ် ----"
သုရှင်စကားကိုဂျက်စတင်ကနားထောင်ပြီးနှာခေါင်းရှုံ့လိုက်လေသည်။
"အေး --- အဲ့ဒါနဲ့ပဲရင်ဝှက်ပန်းကသူ့ဘက်ကိုပါသွားတော့မှာ --- အခုလည်းဘယ်လိုဖြစ်နေကြပြီလဲသိလား --"
"ဘာကိုလဲ ---"
"ရင်ဝှက်ပန်းကိုသူကိုယ်တိုင်အိမ်ပြောင်းပေးနေတာလေ --- အိမ်ကမင်းတို့အိမ်နဲ့တောင်မှမဝေးဘူး ----"
သူပြောတာကိုသုရှင်ကမအံ့သြသလိုလုပ်နေတော့ဂျက်စတင်ကပဲအံ့သြနေရတော့သည်။
"သုရှင် --- မင်းမယုံတာလား ---"
သုရှင်လက်ထဲကဖိုင်ကိုစားပွဲပေါ်ပြန်တင်လိုက်ကာခေါင်းရမ်းပြလိုက်ပြီး
"မဟုတ်ဘူး --- အဲ့ဒီ့ကိစ္စကိုငါသိတယ် ---"
"ဘယ်လို --- မင်းသိတယ်ဟုတ်လား ---"
သုရှင်ခေါင်းငြိမ့်ပြလိုက်တော့ဂျက်စတင်ပိုပြီးအံ့သြသွား၏။
"အဲ့ဒါကိုမင်းကဒီအတိုင်းအေးအေးဆေးဆေးနေနေတာပေါ့ဟုတ်လား ---"
"အဲ့ဒီ့အိမ်က --- ဝသုန်နဲ့ငါနဲ့ပိုင်တာပါ --- "
"သြော် --- အရူးရယ် --- အဲ့ဒါကိုမင်းကိုယ်တိုင်သွားပြီးရင်ဝှက်ပန်းကိုကူညီရမယ့်ဟာကိုသူ့ကိုကူညီခိုင်းရသလား --- "
"ဝသုန်ကပန်းလေးအပေါ်မှာငါ့ထက်ပိုပြီးကောင်းနိုင်မယ့်သူလို့ငါထင်လို့ ---"
"မင်းတော့တကယ်ရူးနေပြီ --- သုရှင် ---"
ပြောနေရင်းကနေဂျက်စတင့်အကြည့်တွေကသုရှင်ဘေးကခုံမြင့်ပေါ်သို့ရောက်သွားလေသည်။ခုံမြင့်ပေါ်မှာစက္ကူကတ်ထူအိတ်လေးတစ်အိတ်။ဂျက်စတင်စိတ်ဝင်စားသွားပြီးထပြီးယူလိုက်တော့သုရှင်ရဲ့အကြည့်တွေကဂျက်စတင်ထယူလိုက်တဲ့ပစ္စည်းဆီသို့ရောက်သွားကာ
"ဟာ --- ဂျက်စတင်မလုပ်နဲ့ ---"
သုရှင်ပြောလို့မဆုံးသေးခင်ဂျက်စတင်ကဖွင့်ပြီးသွားပြီဖြစ်သည်။ထို့နောက်အထဲကပုံးလေးကိုထုတ်လိုက်ပြီး
"ဘာလေးလဲ ---"
သုရှင်ဂျက်စတင့်လက်ထဲကအထုပ်ကိုလှမ်းယူလိုက်ပေမယ့်ဂျက်စတင်ကလျင်မြန်စွာဖြင့်မြောက်လိုက်သည်။ထို့နောက်အထဲကဗူးလေးကိုဖွင့်လိုက်၏။
"အို --- ဟန်းဖုန်းလေးပါလား --- ဒီဇိုင်းကလည်းနောက်ဆုံးဒီဇိုင်း --- Brand ကလည်းနောက်ဆုံးပေါ်ပဲ --- အင်း --- ဒါပေမယ့်အရောင်ကတော့မိန်းကလေးဆန်တယ်နော် ---- "
ဂျက်စတင့်အကြည့်တွေကသုရှင်ဆီရောက်လာတော့သုရှင်မလုံမလဲအကြည့်လွှဲလိုက်မိလေသည်။
"ပြောဘယ်သူ့အတွက်လဲ ----"
သုရှင်ကမပြောတော့ဂျက်စတင်ရယ်လိုက်ပြီး
"သိပါတယ်ကွာ --- မင်းရင်ဝှက်ပန်းအတွက်ဝယ်ထားတယ်ဆိုတာကို --"
ပြောနေရင်းနဲ့ဂျက်စတင်တန့်သွားကာတစ်ခုခုကိုစဉ်းစားမိသွားဟန်ဖြင့်
"နေပါဦး --- သူ့ဆီမှာဖုန်းတွေ့သလားလို့ ----"
ဂျက်စတင်သုရှင်ကိုကြည့်လိုက်တော့သုရှင်မျက်နှာကဂျက်စတင်ဘာဆက်ပြောမလဲဆိုတာကိုစောင့်နေပုံပင်။
"ဘာလဲအဲ့ဒီ့တုန်းကလည်းမင်းနောက်ကျသွားခဲ့တာလား ---"
သုရှင်ဘာမှပြန်မပြောတော့ဂျက်စတင်နားလည်သွားကာမျက်နှာမှာလည်းအလိုမကျဖြစ်သွားသည့်အရိပ်တို့ရုပ်ချည်းဖြစ်ပေါ်လာခဲ့သည်။
"ကျွတ် -- သုရှင်မင်းကတော့နောက်ဆုံးဝသုန်မြေရဲ့ရင်ခွင်ထဲကိုရင်ဝှက်ပန်းရောက်သွားတော့မှပဲ --- ရင်ဝှက်ပန်းကိုချစ်တယ်လို့များဖွင့်ပြောမှာလားမသိဘူး ---"
ဂျက်စတင်ပြောတဲ့စကားလုံးတွေကိုပြန်ပြောဖို့အတွက်သူ့မှာဘာစကားလုံးမှမရှိလောက်အောင်ဆွံ့အနေခဲ့တာအမှန်ပါ။ဒါပေမယ့်လည်းသူ့ရင်ထဲမှာစကားတွေအများကြီးပြောနေတယ်ဆိုတာကိုသူသာလျှင်သိပါသည်။ပန်းလေးကိုချစ်တယ် ---- ပန်းလေးကိုချစ်တယ်လို့ပေါ့ ----
× × × × × × ×
"ဖေဖေနဲ့မေမေနွေဦးပြောပြီးသားနော် --- နွေဦးပြောသလိုပဲလုပ်ပေးပါ ----"
ဦးမင်းဦးနဲ့ဒေါ်သီရိမြိုင်နွေဦးကိုကြည့်လိုက်သူတို့နှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ဖြင့်မျက်နှာမှာလည်းစိတ်ရှုပ်ထွေးနေတဲ့လက္ခာဏာတွေကိုတွေ့နေရလေသည်။
"ဘာလဲ --- သမီးပြောသလိုမလုပ်ပေးဘူးလား ---"
နွေဦးကအကြပ်ကိုင်သလိုပြောလေလေသူတို့ပိုပြီးစိတ်ညစ်လေလေပါပဲ။
"မဟုတ်ပါဘူးသမီးလေးရယ် --- ဒီကိစ္စကဘယ်လိုမှ ---"
"ဘာလဲမဖြစ်နိုင်ဘူးလို့ပြောမလို့လားဖေဖေ ---"
ဦးမင်းဦးသမီးလေးကိုကြည့်လိုက်ကာဘာပြန်ပြောရမှန်းမသိဖြစ်သွားမိ၏။
"နွေဦး --- အဲ့ဒါကတကယ်မှမဖြစ်နိုင်တာကိုဘာလို့များဒီလောက်အထိလိုချင်နေရတာလဲ --- မဖြစ်နိုင်တဲ့ကိစ္စမို့လို့လက်လျှော့လိုက်ပါ ---"
"ဟုတ်တယ်သမီး --- သုရှင်းမင်းကလက်မထပ်ချင်ဘူးလို့ပြောတာနဲ့ပဲအခုလိုမျိုးလုပ်ရအောင်သမီးက ---"
"ဟင့်အင်း --- ဘာမှမပြောနဲ့နွေဦးမကြားချင်ဘူး --- နွေဦးပြောသလိုပဲလုပ်ပေး --- အဲ့ဒါကိုပဲနွေဦးလိုချင်တာ ---"
နွေဦးကခေါင်းတရမ်းရမ်းဖြင့်ပြောကာအိမ်ပေါ်ကိုပြေးတက်သွားတော့သည်။
သူတို့နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်အကြည့်ချင်းပြန်ဆုံလိုက်ကြပြီး
"ကိုဦးဘယ်လိုလုပ်မလဲဟင် ----"
ဦးမင်းဦးသမီးလေးပြေးတက်သွားတဲ့လှေကားကိုကြည့်လိုက်ကာသက်ပြင်းတစ်ချက်ချလိုက်မိ၏။ထို့နောက်ဒေါ်သီရိကိုကြည့်လိုက်ပြီး
"ဘယ်တတ်နိုင်မလဲကွာ --- ငါတို့ပြောကြည့်ကြတာပေါ့ ---"
ဒေါ်သီရိဦးမင်းဦးစကားကိုမပယ်ရှားပေမယ့်ခေါင်းရမ်းလိုက်ကာ
"သီရိကတော့မဖြစ်နိုင်ဘူးလို့ထင်တယ် --- ဟိုကောင်လေးကရွတ်တွတ်တွတ် --- သီရိတောင်မှသူ့ကိုအမြင်ကပ်နေတာ --- သမီးလေးကဘယ်လိုလုပ်ပြီးသဘောကျမှာလဲ ----"
ဦးမင်းဦးလည်းပြန်မပြောတော့ဘဲငြိမ်နေမိ၏။ဘယ်တတ်နိုင်မလဲမိဘတို့ဝတ္တရားရှိတဲ့အတိုင်းကတော့လုပ်ပေးရမှာပဲ။
× × × × × × ×
ညစာစားဖို့အတွက်ထမင်းဝိုင်းမှာလူတွေအားလုံးစုံနေကြပြီဖြစ်သည်။အစားအသောက်တွေကလည်းရောက်နေပြီ။ဒါပေမယ့်အားလုံးကတိတ်ဆိတ်နေကြသည်။သုရှင်ရောဝသုန်ရောငြိမ်နေ၏။
တိတ်ဆိတ်ခြင်းကိုဖြိုခွဲလိုက်သူကတော့ဦးသုကမ္ဘာ။
"ဝသုန် ---"
ဝသုန်ဦးလေးကိုမော့ကြည့်လိုက်ပြီး
"ဟုတ်ကဲ့ပြောပါဦးလေး ----"
ဦးသုကမ္ဘာစကားကိုပြောသင့်/မပြောသင့်စဉ်းစားနေလိုက်သည်။ပြောသင့်/မပြောသင့်ဆိုတာတကယ်တော့စဉ်းစားစရာကိုမလိုခဲ့။မပြောသင့်တဲ့စကားဖြစ်နေခဲ့လို့ပဲဖြစ်သည်။
သုရှင်ဖေဖေ့ကိုကြည့်လိုက်တော့ဖေဖေကဝသုန့်ကိုကြည့်ကာဘာမှမပြောဘဲနေနေ၏။
"ဖေဖေ -- ဝသုန့်ကိုဘာပြောမလို့လဲ----"
ဦးသုကမ္ဘာမျက်မှန်ကိုပင့်တင်လိုက်ပြီး
"စားရင်းနဲ့ပြောကြတာပေါ့ --- ထမင်းစားလိုက်ပါဦး ---"
"ဟုတ်ကဲ့ ---"
ဝသုန်ထမင်းသာစားရမှာဦးလေးဘာပြောမလဲဆိုတာကိုလည်းစိတ်ဝင်စားနေမိသည်။
"ဦးလေးပြောမယ့်စကားကမင်းဘဝအတွက်ပဲ --- ဝသုန် ---"
ဝသုန်အံ့သြစိတ်နဲ့အတူမသိမသာခေါင်းငြိမ့်လိုက်မိသည်။ဦးလေးကသူ့ဘဝအတွက်လို့ပြောနေပါလား။ဘာများပါလိမ့်။ဝသုန်စိတ်ဝင်စားသလိုသုရှင်လည်းစိတ်ဝင်စားကာထမင်းမစားသေးဘဲဖေဖေဘာဆက်ပြောမလဲဆိုတာကိုနားထောင်လိုက်မိသည်။
"မင်းရဲ့ကိုကိုကသူနဲ့သဘောတူထားတဲ့မိန်းကလေးကိုငြင်းလိုက်တဲ့အတွက် --- အဲ့ဒီ့ဘက်ကလည်းဂုဏ်သိက္ခာကျဆင်းရပြီ --- ဦးလေးတို့အနေနဲ့လည်းမျက်နှာပျက်ခ့ရတယ်ဝသုန် ---"
ဦးလေးပြောမယ့်စကားကိုဝသုန်ပိုပြီးစိတ်ဝင်စားလာမိ၏။ကိုကိုမင်္ဂလာပွဲပျက်သွားတာနဲ့ဦးလေးပြောမယ့်စကားနဲ့ကသူ့ဘဝအတွက်ဆိုတာကဘယ်လိုများပတ်သက်လို့လဲ။
"ဟုတ် ---"
ဦးသုကမ္ဘာဝသုန့်မျက်နှာကိုအကဲခတ်လိုက်မိသည်။ဒီကလေးကိုတူဆိုပေမယ့်လည်းသားအရင်းကိုချစ်မြတ်နိုးခဲ့သည်။အဲ့ဒါကြောင့်လည်းညီမလေးသေတော့ဒီကလေးကိုအမွေစားအမွေခံသူမွေးစားခဲ့ခြင်းဖြစ်၏။ဒီကလေးကလည်းသူ့အပေါ်မှာသိတတ်ပါတယ်။မိဘလိုရောဆွေမျိုးလိုရောသံယောဇဉ်ထားခဲ့တယ်ဆိုတာကိုလည်းသူသိပါသည်။
"အဲ့ဒါကြောင့်သူတို့ဘက်ကဦးလေးတို့ဆီကတစ်ခုတောင်းဆိုလိုက်တယ် ---"
"တောင်းဆိုတယ် ---"
သုရှင်ဆီကအံ့သြတကြီးအသံထွက်လာခြင်းဖြစ်သည်။မေမေကသုရှင်လက်ကိုကိုင်လိုက်ပြီးအသာငြိမ်နေဖို့အသံတိတ်မျက်လုံးနဲ့ပြောလိုက်လေသည်။
"ဟုတ်တယ် --- အဲဒါကတော့သူတို့ဂုဏ်သိက္ခာကိုအဖက်ဆယ်ချင်တဲ့သဘောလို့ပဲဦးလေးယူဆတယ်---"
"ဘာမို့လို့လဲဦးလေး ---"
"ဘာလဲဆိုတော့ ---"
ဦးလေးကဝသုန့်မျက်နှာကိုသေသေချာချာကြည့်နေလေသည်။အဲ့ဒီ့အကြည့်တွေမှာအားနာတဲ့အရိပ်အယောင်တွေကိုဝသုန်တွေ့နေရ၏။
"သူတို့ကသူတို့သမီးနွေဦးမေကိုဝသုန်နဲ့နေရာချပေးချင်ကြတာပဲ ---"
"ဗျာ ---"
"ဘယ်လို ----"
အသံတွေကဝသုန့်ဆီကရောသုရှင်ဆီကပါထွက်လာကြခြင်းဖြစ်သည်။ဝသုန်လည်းအံ့သြလွန်း၍ဇွန်းကိုင်ထားတဲ့လက်ကိုတောင်မှမမြဲတော့ဘဲလက်ထဲကဇွန်းကထမင်းပန်းကန်ထဲသို့လွတ်ကျသွား၏။သုရှင်လည်းဖေဖေ့ကိုကြည့်လိုက်ဝသုန့်ကိုကြည့်လိုက်ဖြင့်။
"ဟုတ်တယ်ဝသုန် ---- သူတို့နဲ့ဦးလေးတို့နဲ့ကဆွေမျိုးနီးပါးလောက်ကိုခင်မင်ခဲ့ကြတာ --- ကုမ္ပဏီမှာလည်းသူတို့စံအိမ်ကရှယ်ယာဝင်ထားတာတွေရှိတယ် --- ရင်းနှီးမှုကတော့ပြောမနေပါနဲ့ --- သူ့အိမ်ကိုယ့်အိမ်တံခါးမရှိဓားမရှိဝင်ထွက်သွားလာခဲ့ကြတာပဲ ---"
ဝသုန်ဘာမှပြန်မပြောမိ။ဦးလေးစကားတွေမှာအားနာတဲ့စိတ်တွေကများနေတယ်ဆိုတာကိုသူသိနေသည်။နွေဦးမေရဲ့မိဘတွေကကိုကိုနဲ့မဟုတ်တော့သူနဲ့သဘောတူချင်တာလား။ဒါမှမဟုတ်သူတို့ဂုဏ်သိက္ခာအတွက်မို့လား။ဒါမှမဟုတ်ရင်နွေဦးမေကိုယ်တိုင်ကသူ့ကိုလိုချင်တာလား။ဟင့်အင်းဒီသုံးခုမှာရှေ့နှစ်ခုကဖြစ်နိုင်တယ်ဆိုရင်တောင်မှနောက်ဆုံးတစ်ခုကတော့လုံးဝမဖြစ်နိုင်ဘူး။နွေဦးမေကိုယ်တိုင်ကသူ့ကိုခါးခါးသီးသီးမုန်းနေခဲ့တာပဲ။
"အခုကိစ္စမှာလည်းလူငယ်တွေကိုပေးမတွေ့ဘဲ --- လူကြီးချင်းသဘောတူထားခဲ့တဲ့အတွက်အခုလိုဖြစ်ခဲ့ကြတာ --- အဲ့ဒီ့အတွက်ဦးလေးတို့အပြစ်တွေပါဘဲ ---"
"ကျွန်တော်နားလည်ပါတယ်ဦးလေး ---"
"ဟင့်အင်းဖေဖေ --- ကျွန်တော်ကတော့ဝသုန့်ကိုနွေဦးမေနဲ့သဘောမတူနိုင်ဘူးနော် ----"
ကိုကိုကဝင်ပြောပေမယ့်ဝသုန်ငြိမ်နေခဲ့သည်။
"သုရှင် --- မင်းဝင်ပါရမယ့်နေရာမဟုတ်ဘူး --- မင်းငြင်းခဲ့လို့ဝသုန်လက်ထပ်ရမှာ -- မင်းဘာလို့ငြင်းခဲ့လဲ -----"
သုရှင်ခေါင်းရမ်းလိုက်ကာ
"သူ့ကိုကျွန်တော်သဘောမကျသလိုသူလည်းကျွန်တော့်ကိုသဘောမကျဘူးဖေဖေ --- အဲ့လိုဖြစ်နေမှတော့ဘာလို့လက်ထပ်ရဦးမှာလဲ --- နောက်ပြီးအခုကိစ္စကပိုလို့တောင်မှမဖြစ်နိုင်သေး --- နွေဦးမေနဲ့ဝသုန်ကတစ်ယောက်နဲ့တစ်ယောက်အမြင်ကြည်ကြတဲ့သူတွေမဟုတ်ဘူး ---"
"ဘာ ---"
သုရှင်စကားကိုဖေဖေရောမေမေပါနားမလည်ဘဲအံ့သြနေကြ၏။
"ကိုကို ---"
"ဘာလို့လဲဝသုန်နဲ့အဲ့ဒီ့မိန်းကလေးကြားမှာဘယ်လိုကိစ္စတွေရှိခဲ့ကြလို့လဲ ----"
"အဲ့ဒီ့မိန်းမက ---"
"ဘာမှမဟုတ်ပါဘူးဦးလေး ---"
သုရှင်ပြောချင်လွန်း၍ပြောမလို့ပြင်နေတုန်းဝသုန်ကဝင်ပြောလိုက်လေသည်။
"အင်းပါဒါဆိုလည်းဦးလေးကတော့ဝသုန့်ကိုအဲ့ဒီ့မိန်းကလေးနဲ့နေရာချပေးချင်တယ် --- သူကရုပ်လေးကလည်းချောပညာလေးကလည်းတော်ပါတယ်ကွယ် ---"
ဝသုန်ဘာမှပြန်မပြောဘဲခေါင်းပဲငြိမ့်ပြလိုက်သည်။ထမင်းစားချင်စိတ်လည်းမရှိတော့။
"ကျွန်တော့်ကိုစဉ်းစားဖို့အချိန်တော့ပေးပါဦးလေး ----"
ဦးသုကမ္ဘာခေါင်းငြိမ့်လိုက်ပြီး
"ကောင်းပါပြီကွယ် -- ဝသုန်စဉ်းစားပါ --- ဦးလေးပြောတာဝသုန့်ဘဝအတွက်ပါ ----"
ဝသုန်ခေါင်းငြိမ့်လိုက်ကာမတ်တပ်ရပ်လိုက်လေသည်။
"ဟင်ထမင်းစားဦးလေ -- ဘယ်သွားမလို့လဲ ----"
"သြော်မေ့နေတာ --- ကျွန်တော်ညနေကပဲအပြင်မှာစားလာခဲ့တာ --- မဆာတော့ပါဘူး ---"
ဝသုန်ထမင်းစားခန်းထဲကနေအိမ်ပေါ်ကိုမြန်မြန်တက်လာလိုက်တော့သည်။
ဦးလေးကသူ့ရဲ့မွေးစားဖခင်၊သူ့ရဲ့ကျေးဇူးရှင်။ဒီဦးလေးအတွက်ဆိုသူအရာရာကိုပေးဆပ်ဖို့စဉ်းစားခဲ့တာ။အဲ့ဒါဟာလည်းကျေးဇူးတရားကိုသူနားလည်ခဲ့လို့ပါ။အချိန်ပြည့်စဉ်းစားနေခဲ့တာဦးလေးတို့ကျေးဇူးကိုဘယ်လိုဆပ်ရမလဲဆိုတာ။အခုတော့သူ့မှာဆပ်ခွင့်ရှိပြီ။ဒါပေမယ့်ဒါဟာသူ့ဘဝတဲ့လား။ဟင့်အင်း -- သူတစ်ခါမှမတွေးမိခဲ့ဘူး။အခုလိုမျိုးနည်းနဲ့ကျေးဇူးဆပ်ရမယ်လို့ပေါ့။
ဒါပေမယ့်သူဘယ်လိုငြင်းရမှာလဲ။ဦးလေးရဲ့ကျေးဇူးတွေကိုပြန်ဆပ်ဖို့အတွက်ဒီတစ်နည်းပဲရှိတာလား။
"ဒေါက် --- ဒေါက် --- ဝသုန် ----"
ဒါကိုကို့အသံပဲ၊ဟင့်အင်းဘယ်သူနဲ့မှစကားမပြောချင်ဘူး။
"ကိုကိုကျွန်တော်တစ်ယောက်ထဲနေချင်လို့ပါ ---"
"ဝသုန်---- ကိုကိုစကားပြောချင်လို့ပါ ---"
"မနက်မှပဲပြောပါတော့ကိုကို --- အခုချိန်မှာကျွန်တော်တစ်ယောက်ထဲပဲနေချင်တယ် ----"
"သြော် --- အင်းပါဒါဆိုလည်းကိုကိုသွားတော့မယ် ----"
"ဟုတ်ကဲ့ ---"
ကိုကိုစိတ်မကောင်းဖြစ်သွားမှာအမှန်ပဲ။ဒါပေမယ့်သူတိတ်တိတ်ဆိတ်ဆိတ်လေးတစ်ယောက်ထဲပဲနေချင်တယ်။
သူသာနွေဦးမေကိုလက်ထပ်မယ်ဆိုရင်ပန်းလေးနဲ့ဝေးရမှာ။အဲ့ဒီ့အတွက်သူ့မှာခံနိုင်ရည်ရှိပါ့မလား။နွေဦးမေကိုလက်မထပ်ဘူးဆိုရင်လည်းဦးလေးအပေါ်မှာကျေးဇူးဆပ်ဖို့အတွက်သူဘယ်လိုလုပ်ရမလဲ။
ဟင့်အင်း --- ပန်းလေးနဲ့မဝေးချင်ဘူး။ပန်းလေးကိုမစွန့်လွှတ်ချင်ဘူး။သူပန်းလေးကိုနှစ်နှစ်ကာကာချစ်နေမိပြီလေ။ဘာလို့စွန့်လွှတ်ရမှာလဲ။ဘာလို့လဲကံကြမ္မာရယ်ချစ်နေမိပါပြီဆိုမှစွန့်လွှတ်ဖို့ကိုအရင်လုပ်ရတော့မှာလား။ဟင့်အင်း --- ပန်းလေးကိုမစွန့်လွှတ်ပါရစေနဲ့နော်။သူပန်းလေးကိုတကယ်ကိုမြတ်မြတ်နိုးနိုးနဲ့ရာသက်ပန်ချစ်သွားချင်လို့ပါ ---
ဝသုန်မျက်ရည်တွေကျနေခဲ့တာလား။မသဲကွဲတော့ --- မဟုတ်လောက်ပါဘူးဒါမျက်ရည်တွေတော့မဖြစ်နိုင်ပါဘူး။ဒါပေမယ့်သူ့မျက်နှာတစ်ခုလုံးစိုစွတ်နေခဲ့တာလေ ---- သူတကယ်ပဲငိုကြွေးနေခဲ့တာပေါ့ ---#####
အိမ်မက်ကြယ်(ခ)ကြယ်လေး
YOU ARE READING
ဟန်ဆောင်အမုန်း (Completed)
Romanceအနှိမ်ခံဘ၀လေးမှာ အားကိုးစရာဆိုလို့ အမေနဲ့မောင်လေးပဲရှိတဲ့ သူမဘ၀ထဲကို '၀သုန်မြေ'ဆိုတဲ့ သူမပျော်ရွှင်ဖို့အတွက်ဆို သူ့ဘ၀နဲ့တောင်လဲပြီး ဂရုစိုက်ပေးတဲ့သူတစ်ယောက် ဝင်လာတဲ့အခါမှာတော့ သူမဘ၀ဟာ အခက်အခဲအညှိုးအတေးနဲ့ မနာလိုမှုတွေကြားထဲကနေ သူ့အချစ...