ဒုတိယတွဲ - အခန်း(၆)

265 3 0
                                    

💜 ဟန်ဆောင်အမုန်း 💜
💜 ဒုတိယတွဲ 💜
💜 အခန်း(၆) 💜

"ဟုတ်ပါတယ်သူဒီမြို့ကိုရောက်နေပြီဆရာကြီး ---"
ဦးမင်းဦးစားပွဲအောက်မှာထားထားတဲ့စက္ကူပုံးကိုထုတ်ယူလိုက်ကာစားပွဲပေါ်ကိုတင်လိုက်လေသည်။ ထို့နောက်ဖွင့်ကြည့်လိုက်ကာပြံုးလိုက်လေသည်။ထွန်းအောင်ဆရာဖြစ်သူကိုကြည့်ပြီးအ့ံသြသွားကာ
"ဆရာကြီးဘာလို့များပြံုးတာလဲ --- အဲ့ဒီ့ပုံးထဲကပစ္စည်းကဘာပစ္စည်းလဲကျွန်တော်ဘာလုပ်ပေးရမလဲဆရာကြီး ---"
ဦးမင်းဦးပုံးကိုပြန်ပိတ်လိုက်ကာအားရပါးရရယ်လိုက်လေသည်။
"ဟား --- ဟား --- ဟား --- ဟုတ်တယ်ထွန်းအောင်မင်းငါ့အတွက်အလုပ်လုပ်ပေးရတော့မယ် ---"
ထွန်းအောင် ခေါင်းငြိမ့်ပြလိုက်ကာ
"ဟုတ်ကဲ့ပါဆရာကြီးကျွန်တော်ဘာလုပ်ပေးရမလဲ ---"
"မင်းဝသုန်မြေကိုသတ်ပေးရမယ် ---"
"ဗျာ ---"
ထွန်းအောင်လန့်လည်းလန့်အ့ံသြလည်းအ့ံသြသွားကာဆရာကြီးရဲ့မျက်နှာကို သေချာကြည့်လိုက်မိတော့သည်။
"ဘာလဲမင်းမလုပ်ရဲဘူးလား ---"
ထွန်းအောင်ချက်ချင်းပဲခေါင်းရမ်းလိုက်ကာ
"မဟုတ်ပါဘူးဆရာကြီး --- ကျွန်တော်လုပ်ရဲပါတယ် ---"
"မင်းလုပ်ရဲတယ်ဆိုတာကိုငါသိပါတယ်ထွန်းအောင်ရာ --- မင်းအတွက်လည်းအကျိုးမယုတ်စေရပါဘူး ---"
"ဟုတ်ကဲ့ပါဆရာကြီး ---"
ဦးမင်းဦး ခေါင်းငြိမ့်လိုက်ပြီးထွန်းအောင်ကို သေချာကြည့်လိုက်လေသည်။ ထွန်းအောင်ကသူတပည့်တွေထဲမှာ သတ္တိအရှိဆုံးနဲ့သူ့အပေါ်မှာသစ္စာအရှိဆုံးဆိုတာကိုသူသိသည်။သူ့အတွက်ဆိုအသက်စွန့်ဖို့လည်းဝန်မလေးတဲ့သူတစ်ယောက်။ဒီလိုတပည့်မျိုးသူ့မှာရှိတဲ့အတွက်သူကံကောင်းတယ်လို့ ပြောရမည်။
"သူနဲ့ပတ်သက်ပြီးဘာသတင်းတွေကြားထားလဲ ---"
"သူလျှို့ဝှက်ပြီးနေနေတာဆရာကြီး --- သူဘယ်မှာနေတယ်ဆိုတာတောင်မှ သေချာမသိဘူး ---"
"ဟုတ်လား --- အေးပေါ့လေသူကသေလူဖြစ်နေခဲ့တာဆိုတော့လူသိခံလို့ဘယ်ရမလဲ --- အဲ့ဒါဟာငါတို့အတွက် အခွင့်ကောင်းလို့ပြောမယ်ဆိုလည်းရတယ်ကွ ---"
ထွန်းအောင်ဆရာကြီးကိုနားမလည်စွာကြည့်လိုက်လေသည်။
"ဆရာကြီးပြောတဲ့အဓိပ္ပာယ်ကိုကျွန်တော်နားမလည်ဘူးဆရာကြီး ---"
"သူက သေလူဖြစ်ပြီးသားဆိုတော့ထပ်ပြီးသေလည်းဘယ်သူကမှသိနိုင်မှာမဟုတ်တော့ဘူး ---"
"သြော်ကျွန်တော်နားလည်ပြီဆရာကြီး ---"
"အင်းမင်းလုပ်ပေးမယ်မို့လား ---"
"ဟုတ်ကဲ့လုပ်ပေးပါ့မယ်ဆရာကြီး ---"
"ကောင်းပြီဒါဆိုသူနဲ့ပတ်သက်ပြီးမင်းအတွက်လိုအပ်မယ့်အချက်တွေကိုစုံစမ်းထား --- လိုအပ်တာမှန်သမျှ ငါ့ကိုပြောကြားလားထွန်းအောင် ---"
"ဟုတ်ကဲ့ပါဆရာကြီး ---"
"ရပြီသွားတော့ ---"
ထွန်းအောင်ကသူ့ကိုတရိုတသေခေါင်းငြိမ့်ပြကာအခန်းထဲကထွက်သွားလေတော့သည်။သူလည်းသူ့ဆန္ဒတွေ ပြည့်မြောက်တော့မှာမို့ဝမ်းသာနေမိ၏။ဒီဘဝမှာတော့သူ့ရဲ့တစ်ခုတည်းသောဆန္ဒကဝသုန်မြေ့ကိုလက်စားချေဖို့ပဲ။အဲ့ဒီ့ဆန္ဒသာပြည့်ပြီဆိုရင်သူ ကျေနပ်ပါပြီ။
*     *     *     *     *     *     *
"မေမေ နေကောင်းရဲ့လား ---"
ဒေါ်သီရိမြိုင်သမီးလေးကို ခေါင်းငြိမ့်ပြလိုက်ကာ
"ကောင်းပါတယ်သမီးလေးရယ် --- သမီးလေးတို့လည်း ကောင်းကြတယ်မို့လား ---"
ပန်းလေး မေမေ့ခြေသလုံးတွေကိုနှိပ်နယ်ပေးနေရင်းကနေ ခေါင်းငြိမ့်လိုက်ကာ
"ဟုတ်ကဲ့ --- အားလုံးကျန်းမာရေးကောင်းပါတယ် --- ဒါနဲ့အန်တီမာလာ့အခြေအနေကရော မေမေ ---"
ဒေါ်သီရိမြိုင်ဘုရားရုပ်ပွားတော်ရှေ့မှာတရားမှတ်နေတဲ့မာလာ့ကိုလှမ်းကြည့်လိုက်ပြီး
"မာလာလည်း တော်တော်တည်ငြိမ်နေပြီသမီး --- သူအခုလိုမျိုးလုံခြံုအေးချမ်းတဲ့အရိပိအောက်မှာ ရောက်နေပြီမို့လို့သူ့အတွက်ဘာမှပူပင်စရာမရှိတော့ပါဘူးကွယ် ---"
ပန်းလေးလည်းအန်တီမာလာ့ကိုလှမ်းကြည့်လိုက်ကာစိတ်ထဲမှာကြည်နူးသွားမိသည်။တစ်ချိန်ကသူမတို့မိသားစုအပေါ်မှာ မောက်မောက်မာမာနဲ့အနိုင်ကျင့်ပြီးဆက်ဆံခဲ့ပေမယ့်လည်း သူဟာအဒေါ်ပဲလေ။ စိတ်မမှန်တဲ့ အချိန်မှာ သူမတို့မိသားစုပဲ ပြုစုစောင့်ရှောက်ခဲ့သည် ။စိတ်တည်ငြိမ်သွားအောင်မေမေနဲ့အတူတူရိပ်သာ ဝင်ခဲ့သည်။ အခုတော့အတော်လေးတည်ငြိမ်နေပါပြီ။
"မြေးလေးရော ကျောင်းမှန်မှန်တက်ရဲ့လား ---"
"တက်ပါတယ် မေမေ MD ကလည်းဂရုစိုက်ပြီး ကျောင်းပို့ပေးပါတယ် ---"
"အင်း မေမေလည်းသမီးကိုခနခနပြောဖြစ်တယ်နော်ဒါပေမယ့်သမီးလေးက သေချာသဘောမပေါက်လို့များ မေမေ့စကားကိုနားမလည်တာလားကွယ် ---"
ပန်းလေး မေမေ့ကိုနှိပ်ပေးရင်းကနေ မော့ကြည့်လိုက်ကာ
"ဘာဖြစ်လို့လဲ မေမေ --- သမီး မေမေပြောတဲ့ဘယ်လိုစကားကိုများနားမထောင်မိလို့လဲ ---"
"သမီးလေး မောင်သုရှင်မင်းနဲ့လက်ထပ်ခဲ့တာငါးနှစ်ကျော်ခဲ့ပြီနော် --- ကလေးတစ်ယောက်ရတဲ့ အထိသမီးတို့နှစ်ယောက်စလုံးအခေါ်အဝေါ်တွေမပြောင်းတာကို မေမေနားမလည်နိုင်ဘူး ---"
ပန်းလေးနားလည်သွားကာ ခေါင်းငြိမ့်ပြလိုက်ပြီး
"သြော် မေမေရယ်အိမ်ထောင်ရေးတစ်ခုမှာအခေါ်အဝေါ်ကအဓိကမှမဟုတ်တာ --- နောက်ပြီး MD ကလည်းသဘောမကျတာမှမဟုတ်ဘဲ --- သမီးကလည်းအကျင့်ဖြစ်နေပြီ မေမေရဲ့ ---"
"အေးပါကွယ် --- သမီးတို့နှစ်ယောက် ကျေနပ်ကြရင်ပြီးတာပါပဲလေ --- မောင်သုရှင်မင်းကလည်း သမီးအပေါ်အရမ်းအလိုလိုက်လွန်းတယ်လို့ မေမေကတော့ထင်တယ်ကွယ် ---"
မေမေကသူမကိုမျက်စောင်းထိုးပြီး ပြောလိုက်တော့သူမရယ်လိုက်မိ၏။ဟုတ်ပါတယ် မေမေပြောသလိုပဲ MD ကပန်းလေးအပေါ်မှာရောသားလေးအပေါ်မှာပါသိပ်အလိုလိုက်ပြီးဂရုစိုက်သည်။ ကျေးဇူးတင်ပါတယ် MD ရယ်။
--- နင်မရှိပဲငါမနေတတ်တော့ဘူးကွယ်
ဒီမှာတစ်ယောက်ထဲငါငိုမိတာပေါ့ကွယ်
အကောင်းဆုံးသူစိမ်းဟာမင်းပဲ
ထာဝရအမြဲငါ့ကိုချစ်ပေးလေ ---
ဖုန်းအသံကြောင့်ရင်ထဲမှာနာကျင်သွားမိသည်။ဖုန်းနံပါတ်ကိုကြည့်လိုက်တော့သူမသိတဲ့နံပါတ်မဟုတ်။သူမ မေမေ့ကိုကြည့်လိုက်ပြီးမှဖုန်းကိုယူကာအပြင်ကိုထွက်လိုက်သည်။
"ဟယ်လို ---"
ဒီအသံလေး --- ငါးနှစ်တာကာလမှာအတမ်းတဆုံးနဲ့အကြားချင်ဆုံးအသံလေးတစ်ခု။ ဒီဖုန်းနံပါတ်ကလည်း သူကိုယ်တိုင်ဝယ်ပေးခဲ့တဲ့ဖုန်းနံပါတ်။ဒါဆိုပန်းလေးဖုန်းနံပါတ်မပြောင်းသေးဘူးပေါ့။ဝမ်းသာလိုက်တာပန်းလေးရယ်။
ငါးနှစ်ဆိုတဲ့အချိန်သာကုန်သွားခဲ့တာပါ။ဒီဖုန်းနံပါတ်ကိုသူလုံးဝမေ့မရခဲ့။သူလုပ်တဲ့အလုပ်တွေနဲ့ပတ်သက်လို့ လျို့ဝှက်ဂဏန်းအနေနဲ့လည်းဒီဖုန်းနံပါတ်ကိုထားခဲ့သည်။သူဘယ်တုန်းကမှခနလေးတောင်မှမေ့မရခဲ့။သူ နောင်ဘဝရောက်သွားရင်တောင်မှ မေ့နိုင်မှာမဟုတ်ပါ။
"ဟယ်လို --- ဘယ်သူလဲ ---"
စကားတွေအများကြီး ပြောချင်ပေမယ့်တကယ်တမ်းကျတော့ ပြောမထွက်ခဲ့။သူ ပြောလိုက်မယ်ဆိုရင် ဒါမှမဟုတ်သူ့အသံကြားမယ်ဆိုရင်ပန်းလေးရင်ထဲမှာဘယ်လိုခံစားသွားရမလဲ။
ပန်းလေးဖုန်းနံပါတ်ကိုပြန်ကြည့်လိုက်ကာ ခေါင်းရှုပ်သွားမိသည်။ဘာလို့စကားမပြောတာလဲ --- ဖုန်းသရဲများ လား ---
"ဟယ်လိုဘယ်သူလဲ --- ဘာလဲစကားမပြောတတ်ဘူးလား --- အဲ့ဒါဆိုဘာလို့ဖုန်းဆက်နေသေးလဲ ---"
ဒီလိုလေသံမျိုးပန်းလေးဆီကနေကြားလိုက်ရသည့်အတွက်သူပြံုးလိုက်မိလေသည်။ပန်းလေးကအရင်အတိုင်းပါပဲ။ဘာမှမပြောင်းလဲသေး။သူ့ကိုချစ်တဲ့စိတ်ကရောအရင်လိုဟုတ်ပါ့မလား --- အတွေးနဲ့အတူသူပန်းလေးကို စကားပြောချင်တဲ့စိတ်ကပိုပြီးကြီးမားလာခဲ့လေသည်။ဒါပေမယ့်အခုချိန်ဟာမပြောသင့်သေးဘူးလို့သူတွက်ဆ လိုက်မိ၏။
သူခိုင်ဦးနဲ့တွေ့ပြီးမှပဲပန်းလေးကိုတွေ့ပြီးစကားပြောတာ ကောင်းလိမ့်မယ်။ သူသိချင်တာတွေအားလုံးကိုခိုင်ဦး တစ်ယောက်ထဲပဲ ပြောပြနိုင်သည်။ခိုင်ဦးကကုမ္ပဏီကိစ္စနဲ့ခရီးထွက်နေတယ်လို့သူကြားထားသည်။ နောက်ပြီး ဒီနေ့ညပြန်လာမှာလို့လည်းသိပြီးပြီဖြစ်သည်။
"ဟယ်လို --- "
"Sorry --- ဖုန်းမှားသွားလို့ ---"
"ဟင် ---"
သူ့ဘက်ကဖုန်းချသွားပြီဖြစ်သည်။ပန်းလေးအသံကိုကြားကာလက်ဖျားတွေအေးစက်လာခဲ့၏။ဖုန်းထဲကလူရဲ့ အသံကဂျာကြီးရဲ့အသံနဲ့ဘာလို့တူရတာလဲ။သူမဖုန်းကြီးကိုင်ထားရင်းကနေ ကျောက်ရုပ်တစ်ရုပ်လို ရပ်နေကာ ဆွံ့အနေမိလေတော့သည်။
"ဂျာကြီးအသံ --- ဟုတ်ပါတယ်ဒါဂျာကြီးအသံပဲ ---"
သူမကတုန်ကယင်ဖြစ်သွားကာခုနကဖုန်းနံပါတ်ကို ပြန်နှိပ်လိုက်လေသည်။
ဟုတ်ပါတယ် --- ဒီအသံကိုသူမဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ အသံဘယ်လောက်ပဲတူတယ်ဆိုဦးတော့ ဂျာကြီးရဲ့အသံကိုတော့သူမနှလုံးသားနဲ့ သေချာနားထောင်ကာမှတ်သားထားခဲ့သည်။ သူမဘယ်တော့မှ ဂျာကြီးအသံကိုမေ့မှာမဟုတ်။
--- လူကြီးမင်း ခေါ်ဆိုသောဖုန်းနံပါတ်မှာစက်ပိတ်ထား ---
"ဟင် ---"
ပန်းလေးဖုန်းကိုချက်ချင်းချကာချက်ချင်းပြန်ခေါ်လိုက်သည်။ဒါပေမယ့်မရခဲ့။စက်ပိတ်ထားပါသည်တဲ့။
ဂျာကြီးရယ်ပန်းလေးဂျာကြီးကို နေ့တိုင်းသတိရနေခဲ့တာပါ။ဂျာကြီးရဲ့အကြောင်းကိုအချိန်ပြည့် တွေးနေခဲ့ မိတယ်။အဲ့ဒါအမှန်တွေပါ။အဲ့ဒါကြောင့်များအခုဖုန်းထဲမှာကြားလိုက်ရတဲ့အသံကိုဂျာကြီးအသံလို့ထင်ခဲ့မိတာလားဟင်။သူမမျက်ရည်တွေကျလာတော့သည်။ဟင့်အင်းမဖြစ်နိုင်ပါဘူး။ပန်းလေးအရာအားလုံးကို မေ့သွားခဲ့ရင်တောင်မှဂျာကြီးရဲ့အသံဂျာကြီးနဲ့ပတ်သက်တဲ့အရာအားလုံးကိုတော့မမေ့ဘူးဂျာကြီး။
အဲ့ဒါဟာဂျာကြီးကိုချစ်တဲ့ပန်းလေးရဲ့နှလုံးသားကနေပြောတဲ့စကားပါ။ နောက်ပြီးအဲ့ဒါဟာသစ္စာစကားပဲဂျာကြီး။
#####
အိပ်မက်ကြယ်

ဟန်​ဆောင်အမုန်း (Completed)Donde viven las historias. Descúbrelo ahora