ဒုတိယတွဲ - အခန်း(၁၁)

390 3 0
                                    

💜 ဟန်ဆောင်အမုန်း 💜
💜 ဒုတိယတွဲ 💜
💜 အခန်း(၁၁) 💜

"ကျောက်မျက်လုံးနဲ့လူက ဘယ်သူလဲ ....."
ဦးမင်းဦး စားပွဲရဲ့ထိပ်မှာထိုင်နေတဲ့ ကျောက်မျက်လုံးနဲ့လူကိုကြည့်ကာ ပြောလိုက်တော့ ထွန်းအောင်က ဦးမင်းဦးနားကိုအသာလေးကပ်လိုက်ပြီး
"အဲ့ဒါ ဝသုန်မြေရဲ့ဘော့စ်လို့ပြောပါတယ် ဆရာကြီး ....."
ဦးမင်းဦး သေချာကြည့်နေရင်းကနေ ခေါင်းငြိမ့်ပြလိုက်လေသည်။ ရုပ်ကိုကြည့်ရတာ လူဆိုးလူမိုက်တစ်ယောက်ဆိုတာ ပြောစရာမလိုပေ။ ထိုလူက ဦးမင်းဦးတို့ကိုမကြည့်ဘဲ သူ့ဘေးကမိန်းကလေးနဲ့ စကားတွေတီးတိုးပြောနေ၏။
"သူ့ဘေးက မိန်းကလေးက သူ့သမီးတဲ့ ... "
ဦးမင်းဦးခေါင်းငြိမ့်လိုက်တော့ ကျောက်မျက်လုံးနဲ့လူက သူ့ကိုလှည့်ကြည့်လိုက်ကာ သူ့သမီးကို ခေါင်းတငြိမ့်ငြိမ့်နဲ့ အင်္ဂလိပ်လို စကားတွေပြောနေလေသည်။ ထို့နောက် နှစ်ယောက်စလုံးက သူတို့ဘက်ကို လှည့်လာကာ
"ဒါဆိုရင် ငါတို့တွေရဲ့ရည်ရွယ်ချက်က အတူတူပဲပေါ့ ....."
ဦးမင်းဦး နားမလည်သလိုဖြစ်သွားပေမယ့် ချက်ချင်းပဲနားလည်သွားပြီးခေါင်းငြိမ့်လိုက်ကာ
"ဟုတ်ပါတယ် ... ကျွန်တော်က ဝသုန်မြေကို ကျွန်တော့်သမီးလေးအတွက် လက်စားချေပေးချင်တာပါ ... ဒါနဲ့ ခင်ဗျားကရော ..."
ကျောက်မျက်လုံးနဲ့လူက ခုံပေါ်ကို လက်နဲ့ထောက်ပြီး မေးထောက်လိုက်ကာ သူ့ကိုသေချာကြည့်နေရင်းကနေ မျက်မှောင်ကြုတ် သွားလေသည်။ ထို့နောက် တခုခုကိုနားလည်သွားသည့်ဟန်ဖြင့် ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်၏။
"ဪ ဝသုန်မြေဆိုတာ စတီဗင်ကိုပြောတာထင်တယ် ....."
"ဟုတ်တယ် ဒယ်ဒီ ..... "
ဟင် ..... ဝသုန်မြေရဲ့နာမည်က စတီဗင်တဲ့လား ..... နာမည်တောင် ပြောင်းပစ်တာပေါ့။ ဦးမင်းဦး တစ်ယောက်ထဲတွေးနေမိ၏။
"ဟုတ်လား ..... အင်း ..... ငါကလည်း ငါ့သမီးအတွက်ပဲ ....."
ကျောက်မျက်လုံးနဲ့လူက သူ့သမီးကို ကြည့်ကာပြောလိုက်တော့ ဦးမင်းဦး အ့ံသြသွားလေသည်။
"ခင်ဗျားသမီးအတွက်ဆိုတာ ဘာလဲသိလို့ရမလား ....."
အဲ့ဒီ့လူက ဦးမင်းဦးကို စူးစမ်းသလိုကြည့်လိုက်ကာ
"ကျုပ်နေရာနဲ့ ကျုပ်သမီးကို လက်မခံလို့ ....."
ဦးမင်းဦး အဲ့ဒီ့လူစကားကိုနားထောင်ကာ အ့ံသြသွားလေသည်။ ဒီကောင်ကလည်း အလာပါလား။ ဘယ်နေရာရောက်ရောက် မိန်းကလေးတိုင်းက သဘောကျနေပါလား။ အေးပေါ့လေ ရုပ်ကလည်းတော်ရုံမှမဟုတ်တာ။ ဒီလိုလူဆိုးလူမိုက်တစ်ယောက်ရဲ့သမီးက သဘောကျရလောက်အောင် သူ့မှာအစွမ်းအစရှိလို့နေမှာပေါ့။
"လိုရင်းတိုရှင်းပဲပြောမယ် ..... စတီဗင်ကို ကျုပ်ရှင်လျက်နဲ့လိုချင်တယ် ..... သူ့ကို ကျုပ်နိုင်ငံကို ပြန်ခေါ်သွားမယ် ..... ခင်ဗျားသဘောကရော ....."
"ကျုပ်ကတော့ သူ့ကို ဒီလောကကြီးထဲကနေ ထာဝရပျောက်ကွယ်သွားစေချင်တယ် ....."
ဦးမင်းဦးက အဲ့လိုပြောလိုက်တော့ ကျောက်မျက်လုံးနဲ့လူက လက်ကာပြလိုက်ပြီး
"ဟင့်အင်း အဲ့ဒါတော့မဖြစ်ဘူး ..... သူ့ကိုသတ်ဖို့ ဘယ်သူ့ကိုမှခွင့်မပြုဘူး ....."
ဦးမင်းဦး မျက်နှာက ပျက်ယွင်းသွားလေသည်။ ဒီလူကြီးက ဝသုန်မြေကို ရှင်လျက်နဲ့ဘာလို့ပြန်လိုချင်ရတာလဲ။ သူ့သမီးနဲ့ ထပ်ပြီးတော့ နီးစပ်အောင်လုပ်ချင်သေးတာလား။ ဝသုန်မြေကိုများ ဘယ်လိုလူမျိုးထင်နေလဲမသိဘူး။ ဟိုက ဘူးဆို ဖရုံမသီးတဲ့လူမျိုး။ သူ မလုပ်ဘူးဆိုလို့ကတော့ အသက်သာအသေခံသွားမယ့်သူ။ အဲ့လောက်လွယ်တယ်များ အောက်မေ့နေလားမသိပါဘူး။ ဦးမင်းဦး တစ်ယောက်ထဲတွေးကာ ပြံုးနေလေသည်။
"အဓိကကတော့ ခင်ဗျားက သူ့ကိုပျောက်ကွယ်သွားစေချင်တာမို့လား ..... "
သေစေချင်ပါတယ်ဆိုမှပဲ။ ပျောက်ကွယ်သွားစေချင်တာမို့လားတဲ့။ မေးလည်းမေးတတ်တယ်။ ဘယ်လိုများ လုပ်ပေးဦးမှာလဲမသိပါဘူး။
"သူ့ကို ဟိုဘက်ကို အပြီးခေါ်သွားပေးမယ် ..... ဒီနိုင်ငံကို သူဘယ်တော့မှပြန်မလာစေရဘူးလို့အာမခံတယ် ..... ဘယ်လိုလဲ ....."
သူက သတ်ချင်တာလေ။ ထာဝရ ဒီကမ္ဘာမြေပေါ်ကနေ ပျောက်ကွယ်သွားစေချင်တာ။ ခနတာအတွက် ပျောက်ကွယ်သွားစေချင်တာမှမဟုတ်ဘဲ။ နောက်ပြီး ဝသုန်မြေက ကလေးမှမဟုတ်တာ။ သူ ပြောတာကို အလွယ်တကူလက်ခံမယ်တဲ့လား ရယ်ရသားပဲ။ ဦးမင်းဦးဆီကနေ မခိုးမခန့်ရယ်နေတဲ့အသံထွက်သွားလေသည်။ အဲ့ဒါကို ဟိုလူကမြင်သွားက လက်က သူ့အကျႌအိတ်ကပ်ထဲကိုရောက်သွားတော့ ဦးမင်းဦးမျက်လုံးပြူးသွားကာ အိတ်ကပ်ထဲမှာ အသင့်ပါလာတဲ့ ပစ္စတိုကို လှမ်းပြီးစမ်းလိုက်လေသည်။ ထွန်းအောင်လည်းမျက်လုံးပြူးသွား၏။ ကျောက်မျက်လုံးနဲ့လူရဲ့တပည့်တွေကလည်း အရိပ်အကဲတကြည့်ကြည်ဖြင့်
"ဒယ်ဒီ ....."
ကျောက်မျက်လုံးနဲ့လူက သူ့သမီးကိုခေါင်းငြိမ့်ပြလိုက်ပြီး အိတ်ကပ်ထဲကအရာကိုထုတ်လိုက်ပြီး စားပွဲပေါ်တင်လိုက်လေသည်။ ဦးမင်းဦးက ရင်တထိတ်ထိတ်နဲ့ကြည့်နေခဲ့ပေမယ့် သူထင်သလိုမဟုတ်ခဲ့ဘဲ စာရွက်လေးတစ်ရွက်။ အဲ့ဒီ့လူက အဲ့ဒီ့စာရွက်ကို သူ့ရှေ့ကိုချပေးလိုက်ကာ
"စတီဗင်ကို မသတ်ဘဲ ဒါလေးကို လက်ခံပေးပါ ..... ခင်ဗျားအတွက် အကျိုးမယုတ်ဘူးထင်ပါတယ် ....."
ဦးမင်းဦး မျက်မှောင်ကြုတ်လိုက်ပြီး စာရွက်ကိုကြည့်လိုက်လေသည်။ ထို့နောက် စာရွက်ကိုကြည့်လိုက်တော့ ချက်လက်မှတ်တစ်ခု။ ဦးမင်းဦး ငွေပမာဏကိုကြည့်ကာ မျက်လုံးပြူးသွားပြီး အဲ့ဒီ့လူကို ကြည့်လိုက်တော့ အဲ့ဒီ့လူက ပြံုးကာ သူ့ကိုခေါင်းငြိမ့်ပြနေလေသည်။ သူတို့အတွက် ပိုက်ဆံဆိုတာ ဘယ်လိုအရာမျိုးလဲ။
"ခင်ဗျား လက်ခံမယ်မို့လား ....."
ထွန်းအောင်က ဆရာဖြစ်သူကို အကဲခတ်နေလေသည်။
ဦးမင်းဦး ခေါင်းငြိမ့်လိုက်လေသည်။
"ကောင်းပြီလေ ..... ဒါပေမယ့် တစ်ခုတော့ကတိပေးရမယ် ....."
"ဘာများလဲ ....."
သမီးဖြစ်သူရဲ့မျက်နှာက ဦးမင်းဦး အပေါ်မှာ သိပ်ပြီး သဘောကျပုံမပေါ်ပေ။
"သူ့ကို ဒီနိုင်ငံကို ဘယ်တော့မှ ပြန်မလာပါစေနဲ့ ..... တကယ်လို့ ထပ်ပြီးရောက်လာခဲ့မယ်ဆိုရင် ကျုပ်ကတော့ အရှင်ထားမှာမဟုတ်တော့ဘူး ....."
"ကောင်းပါပြီ စိတ်ချပါ ..... သူ ဘယ်တော့မှ ပြန်မလာစေရပါဘူး ....."
"ကောင်းပြီလေ ....."
"ဒါဆိုရင် သူနဲ့ပတ်သက်ပြီး ကျုပ်ကိုဘာပြောစရာရှိလဲ ....."
"ပြောစရာအနေနဲ့ကတော့ သူ ဘယ်မှာရှိတယ်ဆိုတာကို ကျုပ်မသိသေးဘူး ..... ဒါပေမယ့် မပူပါနဲ့ ကျုပ်စုံစမ်းပေးပါ့မယ် ....."
ထိုလူက လက်ကာပြလိုက်ပြီး
"ရတယ် မလိုတော့ဘူး ..... သူ ဘယ်မှာလဲဆိုတာ ကျုပ်တို့သိထားပြီးသွားပြီ ..... "
"ဟင် ....."
ဦးမင်းဦး မျက်လုံးပြူးသွားလေသည်။ ဒီနေ့မှ ဒီကိုရောက်တဲ့သူက ဘယ်လိုလုပ်ပြီး ဝသုန်မြေရှိတဲ့နေရာကို သိသွားရတာလဲ။ သူတို့တောင်မှ စုံစမ်းနေခဲ့တာကြာပြီ။ မရခဲ့ပေမယ့် ဒီလူတွေက ချက်ချင်းသိသွားတယ်ဆိုတော့ တော်ရုံလူတွေတော့မဟုတ်လောက်ဘူး။
"အဲ့ဒါကြောင့် ခင်ဗျားအနေနဲ့ သိပ်ပြီးပူမနေပါနဲ့တော့ ..... လိုအပ်ရှိရင်တော့ ကျုပ်တို့ဘက်က ဆက်သွယ်လိုက်ပါ့မယ် ....."
"ကောင်းပြီလေ ..... ဒါဆို ကျုပ်တို့ပြန်လို့ရပြီလား ....."
"အင်း ရပါပြီ ..... အခုလိုကူညီပေးမယ့့်အတွက် ကျေးဇူးတင်ပါတယ် ....."
"ရပါတယ် မလိုပါဘူး ....."
ထွန်းအောင် ဆရာဖြစ်သူနဲ့ ကျောက်မျက်လုံးနဲ့လူကိုသေချာကြည့်နေမိသည်။ သူတို့တွေကြားထဲမှာ ငွေကြောင့် သဘောတူညီမှုတစ်ခုတော့ရသွားပြီဖြစ်သည်။
"သွားရအောင် ထွန်းအောင် ....."
"ဟုတ်ကဲ့ ဆရာကြီး ....."
ဦးမင်းဦး ကျောက်မျက်လုံးနဲ့လူကို တစ်ချက်ကြည့်လိုက်ပြီး ထလိုက်လေသည်။
ဒေလီယာကတော့ စတီဗင်ကို သတ်ချင်တယ်ဆိုတဲ့လူကိုကြည့်ကာ ဒေါသတွေထွက်နေမိ၏။
"ဒယ်ဒီ ....."
"မပူနဲ့သမီး ..... သူ့ကို ဘယ်သူကမှ ဒုက္ခမပေးပါဘူး ..... ဒယ်ဒီ သူတို့ကျေနပ်လောက်တဲ့ပမာဏကို ပေးထားတယ် ....."
"ဒယ်ဒီ သမီးကတော့ စတီဗင်ကို ဘယ်လိုမျိုးမှ မထိခိုက်စေချင်ဘူး ....."
"စိတ်ချပါသမီးရယ် ..... သူက စတီဗင်ကို သတ်ချင်တယ်ဆိုတာကလည်း သူ့သမီးကြောင့်ပါ ..... ဒယ်ဒီ သူ့စိတ်ကိုနားလည်တယ် ..... သူလည်း ဒယ်ဒီ့လိုပဲ သူ့သမီးလေးကိုသိပ်ချစ်လို့ပါ ....."
ဒေလီယာခေါင်းငြိမ့်လိုက်ပြီး
"ဒေလီယာ နားလည်ပါတယ် ဒယ်ဒီ ... သမီး စတီဗင်နဲ့တွေ့ချင်နေပြီ ....."
"နေပါဦးသမီးရယ် ဒယ်ဒီတို့ အစီအစဉ်တွေ ဆွဲရဦးမယ်လေ ....."
"ဟုတ် မြန်မြန်လုပ်တော့လေ ဒယ်ဒီရဲ့ ....."
"ဟုတ်ပါပြီ ဒယ်ဒီ လိုအပ်တဲ့အချက်အလက်တွေ စုံစမ်းခိုင်းထားလို့ သမီးရဲ့ ..... အဲ့ဒါကြောင့်ပါ ....."
"တကယ်ဆိုရင် အဲ့ဒီ့လူကြီးရဲ့အကူအညီမလိုပဲနဲ့ ဒယ်ဒီက ဘာလို့ပိုက်ဆံတွေပေးလိုက်ရတာလဲ ....."
"စတီဗင်ရဲ့အသက်ကို ရန်ရှာမှာစိုးလို့လေ သမီးရဲ့ ..... အဲ့ဒါ သမီးလေးအတွက်ပါကွယ် ...."
ဒေလီယာ ကျေနပ်စွာပြံုးလိုက်လေသည်။
"ကျေးဇူးပါ ဒယ်ဒီ.. ..."
"အင်း ..... ဒါဆို ဒယ်ဒီတို့သွားရအောင်လေ ....."
"ဟုတ်ကဲ့ ဒယ်ဒီ ..... ဒါပေမယ့် ဒယ်ဒီတို့အရင်သွားနှင့်ပါလား ဒေလီယာ စတီဗင့်ကိုသွားကြည့်လိုက်ဦးမယ် ....."
"ဪ သမီးရယ် ..... ဟုတ်ပါပြီ ..... ဒါဆိုလည်း ဒယ်ဒီတို့သွားတော့မယ် ....."
"ဟုတ် ....."
ဒယ်ဒီက သူ့လူတွေကို မျက်ရိပ်ပြလိုက်ပြီး အဲ့ဒီနေရာကနေ ထွက်သွားလေသည်။ ဒေလီယာ စိတ်ထဲမှာ ပျော်ရွှင်နေမိတာတော့အမှန်ပါ။ စတီဗင် ဘယ်မှာနေတယ်ဆိုတာကို သူမသိခဲ့ပြီဖြစ်သည်။ စတီဗင်က တစ်ယောက်ထဲနေနေတာပဲ။ ဒါပေမယ့် တခြားအချိန်တွေမှာ ဘယ်ကိုသွားနေတယ်ဆိုတာကို သူမ နောက်ယောင်ခံလို့မရခဲ့။ ပြန်လာတဲ့အချိန်မှသာသိရသည်။ ဘာပဲဖြစ်ဖြစ် ပြန်တွေ့ရတဲ့အတွက် သူမကျေနပ်ပါတယ်။ သူမကသာ သူ့အပေါ်မှာ စွဲစွဲလမ်းလမ်းဖြစ်နေခဲ့မိတာကိုး။ စတီဗင်က သူမကို သဘောမကျပေမယ့် သူမက သဘောကျခဲ့တာပဲလေ။ သူမ စတီဗင်ကို ပိုင်ဆိုင်ချင်မိသည်။ ဒါပေမယ့် စတီဗင်ကတော့ သူမကို သူ့သူဌေးရဲ့သမီးတစ်ယောက်လိုသာ ဆက်ဆံခဲ့သည်။ အဲ့ဒါထက်မပိုခဲ့။ အဲ့ဒီ့တော့ သူမခံစားီရပြီပေါ့။
💔💔💔💔💔💔💔
"ဖေဖေ ....."
ဝမ်းသာမှုပီတိက သူ့မျက်နှာကနေတဆင့် ရင်ထဲ နှလုံးသားထဲသို့ စမ်းချောင်းရေကဲ့သို့ တသွင်သွင်စီးဆင်းနေလေတော့သည်။ သားလေးက သူ့ကို အဖေလို့သတ်မှတ်လိုက်ပြီပေါ့။
"ဖေဖေ ....."
သားလေးက သူ့ကိုကြည့်ကာ ထပ်ခေါ်နေပြန်သည်။ သူ သားလေးကိုဆွဲဖက်လိုက်သည်။ ရင်ခွင်ရဲ့ အနက်ရှိုင်းဆုံးသောနေရာမှာ ဒီသားလေးက နေရာယူထားပြီဖြစ်လေသည်။
"သား ..... သားလေး ..... ဖေဖေ့ကို အဖေတစ်ယောက်လို အသိအမှတ်ပြုနိုင်ပြီပေါ့နော် ..... ကျေးဇူးတင်ပါတယ် သားလေးရယ် ....."
သုရှင် ဝသုန်နဲ့ သားလေး မိုးမြေရှင်ကိုကြည့်ကာ ကြည်နူးနေမိသည်။ ပန်းလေးလည်း မျက်ရည်တွေကျနေခဲ့၏။ သုရှင် ပန်းလေးရဲ့ပခုံးကို အသာလေးပုတ်လိုက်လေသည်။ ပန်းလေးက သူ့ကိုမော့ကြည့်လိုက်ကာ
"ကျေးဇူးတင်ပါတယ် MD ....."
"မလိုပါဘူး ပန်းလေးရယ် ..... သွားလိုက်ဦးလေ ....."
ဝသုန်တို့ကိုကြည့်ကာပြောလိုက်တော့ ပန်းလေးခေါင်းငြိမ့်လိုက်ပြီး သားလေးတို့ဆီကို သွားလိုက်သည်။
သုရှင် ချက်ချင်းပဲ ပန်းလေးတို့မိသားစုကိုကျောခိုင်းလိုက်သည်။ မျက်ရည်က အလိုလိုနေရင်း ဝဲလာ၏။ ပန်းလေးတို့မိသားစုအတွက် ပျော်လို့ကျတဲ့မျက်ရည်ပဲ ဖြစ်မှာပါလေ။
နှစ်ဖက်မိဘတွေအားလုံးကို အဖြစ်မှန်အားလုံးကို အသိပေးခဲ့ပြီဖြစ်သည်။ မိဘတွေအားလုံးက အ့ံသြကာ မယုံနိုင်ကြပေ။ ဒါပေမယ့် ဒါဟာအဖြစ်မှန်ပဲ အားလုံးလက်ခံခဲ့ကြသည်။ ပန်းလေးရဲ့အမေကတော့ အနားလည်ဆုံးပဲနေမှာပါ။ ဖေဖေနဲ့မေမေကတော့ မယုံကြည်နိုင်စွာဖြင့် သူ့ကို ထပ်တလဲလဲ မေးနေ၏။ သူနဲ့ပန်းလေးလက်ထပ်ပြီးမှရတဲ့ကလေးမို့ သူ့ကလေးလို့သာ ဖေဖေမေမေတို့ကလည်းထင်ခဲ့သည်။ အဲ့လိုဖြစ်အောင်လည်း သူ အကွက်ကျကျစီစဉ်ခဲ့လေတော့ ဘယ်သူကမှမယုံကြည်ဘဲမနေခဲ့။ ဝသုန်ပြန်ရောက်တဲ့ အခုချိန်မှပြောတော့ အားလုံးက မယုံကြည်ခဲ့ပေ။ ခိုင်ဦးကတော့ အစကတည်းကသိထားခဲ့၍ အားလုံးယုံကြည်နိုင်အောင် ရှင်းပြနိုင်ခဲ့သည်။
သားလေးကိုလည်း သေသေချာချာနားလည်အောင် ရှင်းပြခဲ့သည်။ သားလေးက ချက်ချင်းကြီးလက်မခံခဲ့ပေမယ့် သူပြောခဲ့တဲ့အချက်အလက်တွေကို တစ်ခုချင်းနားထောင်ပြီးတော့မှ တဖြည်းဖြည်းနဲ့ လက်ခံခဲ့ခြင်းဖြစ်သည်။ ပိုပြီး လက်ခံသွားတဲ့အချက်ကတော့ ရယ်လိုက်ရင် ဝသုန့်မှာ သွားတက်လေးပါသလို သားလေးမှာလည်း သွားတက်လေးပါနေခြင်းပင်။ အဲ့ဒီ့အချက်ကြောင့်ပဲ သားလေးကလက်ခံခဲ့တာဖြစ်နိုင်သည်။ အခုတော့ သူတို့မိသားစု ပြန်ပေါင်းစည်းနိုင်ပြီဖြစ်သည်။
"ကိုကို ....."
သုရှင် ခြေလှမ်းတွေကိုရပ်ပစ်လိုက်သည်။ ဒါပေမယ့် လှည့်တော့မကြည့်ပါ။ သူ့ရဲ့မျက်ရည်တွေကို ဘယ်သူ့ကိုမှ မမြင်စေချင်ခဲ့။
"ကျေးဇူးတင်ပါတယ် ကိုကို ....."
ကိုကိုက သူတို့ကိုလှည့်မကြည့်ပဲ လက်ကာပြကာ ရှေ့ကိုဆက်ပြီး သွားလေတော့သည်။
ကျေးဇူးတင်ပါတယ် ကိုကိုရယ် ..... ကိုကိုကြောင့် ကျွန်တော်တို့မိသားစု ပြန်ပြီးဆုံစည်းနိုင်ရတာပါ။ သူ သားလေးနဲ့ပန်းလေးကိုဖက်ထားရင်းကနေ တွေးနေမိ၏။ ကိုကိုက ဘယ်လိုလုပ်လိုက်လဲတော့မသိ။ သားလေးက သူ့ကို အဖေအဖြစ် အလွယ်တကူ လက်ခံခဲ့လေသည်။
ကိုကို ဘာတွေများလုပ်လိုက်လို့လဲ။ ကိုကို့ကျေးဇူးတွေကများလှပါပြီ။ သူဘယ်လိုမှပြန်ဆပ်နိုင်တော့မယ်မထင်မိ။ သူမရှိတဲ့အချိန်မှာ ပန်းလေးနဲ့သားလေးကို ပြုစုစောင့်ရှောက်ခဲ့သည်။ အခုတော့ သူတို့မိသားစုလည်း ပျော်ရွှင်နိုင်ပြီပဲ။
သူ့ဘဝဟာ အရာရာပြည့်စုံလာပါပြီ။ အခု သူ့အတွက် လိုချင်တဲ့အရာတွေမရှိတော့ပါ။ သူအခုရနေတဲ့အရာတွေအားလုံးဟာ သူလိုအပ်တဲ့အရာတွေအားလုံးပါပဲ။ သူပျော်တယ် ..... သူသိပ်ပျော်တယ် ..... အခုအချိန်ဟာ သူ့တစ်ဘဝလုံးမှာ သူအလိုချင်ခဲ့ဆုံးအရာပါပဲ။ သူတောင့်တခဲ့တဲ့ မိသားစုကိုရရှိပိုင်ဆိုင်ခဲ့ပြီ။ အခုတော့ အရာရာပြည့့်စုံသွားခဲ့ပါပြီ။ ကံကြမ္မာကြီးက အခုတော့ သူ့ကိုမျက်နှာသာပေးခဲ့ပြီပေါ့။ သူပျော်ပြီ ..... သူသေပျော်ပါပြီ .....။
👪👪👪👪👪👪👪

#####
အိပ်မက်ကြယ်

ဟန်​ဆောင်အမုန်း (Completed)Donde viven las historias. Descúbrelo ahora