ဒုတိယတွဲ - အခန်း(၁)

477 8 0
                                    

💜 ဟန်ဆောင်အမုန်း 💜
💜 ဒုတိယတွဲ 💜
💜 အခန်း(၁) 💜

"ဒိုင်း ----"
"ဒိုင်း ---"
ကားပါကင်တစ်ခုမှာ တိုက်ခိုက်မှုတွေဖြစ်နေကြ၏။
"စတီဗင် ---"
သူ မျက်နှာချင်းဆိုင်က ရန်သူတွေကို သေနတ်နဲ့ပစ်နေရင်းကနေ လှည့်ကြည့်လိုက်ကာ မေးငေ့ါပြလိုက်သည်။
"ဟိုမှာ တွေ့လား --- ဟိုတစ်ယောက်ရဲ့လက်ထဲမှာ အိတ် ----"
သူ ခေါင်းငြိမ့်ပြလိုက်ကာ နေရာရွေ့လိုက်လေသည်။
"ငါ မင်းကိုအကာအကွယ်လုပ်ပေးမယ် ---- မင်း သွားယူလိုက် ----"
ထို့နောက် သူမျက်ရိပ်ပြလိုက်ပြီး အကာအကွယ်ယူလိုက်ဖို့အတွက် ရှေ့ကိုထွက်လိုက်သည်။ ဟိုဘက်ကလည်း ဒီဘက်ကို သေနတ်တွေနဲ့တရစပ်ပစ်နေသည်။ သူတို့ဘက်ကလည်း နည်းနည်းလေးမှ အလျှော့မပေးဘဲ ပြန်ပစ်နေကြ၏။ ကားပါကင်မှာ သေနတ်သံတွေကြောင့်ဆူညံနေတော့သည်။ လုံခြံုရေးကင်မရာတွေလည်း တစ်ခုမှအကောင်းမရှိတော့။ CCTV အားလုံးကွဲကုန်ပြီဖြစ်သည်။
"ဒိုင်း --- "
"စတီဗင် အမြန်သွားတော့ ----"
သူ သေနတ်ကိုလက်နဲ့ကိုင်ထားရင်းကနေ အဲ့ဒီ့လူဆီသို့ပြေးသွားလိုက်သည်။ အဲ့ဒီ့လူက လက်တစ်ဖက်က အိတ်ကိုကိုင်ထားပြီး လက်တစ်ဖက်က သေနတ်ကိုကိုင်ထားကာ ရှေ့ကိုတရွေ့ရွေ့နဲ့မြန်မြန်လေးသွားနေလေ သည်။ ပတ်ဝန်းကျင်ကိုသာ ကြည့်နေတာ သူလာနေတာကို မမြင်သေး။
"ယား ----"
သူ ကြမ်းပြင်ကိုချောချလိုက်ပြီး အဲ့ဒီ့လူရဲ့ခြေထောက်တွေကို သူ့ခြေထောက်နဲ့ပစ်ကန်လိုက်လေသည်။ အဲ့ဒီ့လူ လမ်းလျှောက်နေရင်းကနေ ဟန်ချက်ပျက်သွားကာ လက်ထဲကအိတ်နဲ့သေနတ်ကလွတ်ကျသွားပြီး ကြမ်းပြင် ပေါ်သို့လဲကျသွား၏။
အိတ်နဲ့သေနတ်ကို သူအလျင်အမြန်ကောက်ယူလိုက်ကာ လဲကျသွားတဲ့လူကို သေနတ်နဲ့ချိန်လိုက်လေသည်။
"Sorry --- Don't Kill me ----"
ပြာလဲ့နေတဲ့မျက်ဝန်းတွေက သူ့အသနားခံနေတဲ့အကြည့်တွေနဲ့တူနေလေသည်။ သူတစ်ချက်တော့ပြံုးလိုက်၏။ ဒီလောကကလူတွေက သူသတ်ရင်သတ် သူမသတ်ရင်ကိုယ်ကသတ်ရမှသာ စိတ်ချရသည်။ ရန်ငြိုးတွေ ပွားလာနိုင်ကာ အေးအေးဆေးဆေးနေနိုင်မှာမဟုတ်။
"စတီဗင် ----"
သူ လှည့်ကြည့်လိုက်တော့ ရန်သူကိုသတ်ဖို့ မျက်ရိပ်ပြနေလေသည်။ သူ ခေါင်းလှမ်းငြိမ့်ပြလိုက်ပြီး ရန်သူကို လှည့်ကြည့်လိုက်သည်။ ရန်သူက သူ့ကိုလက်ကာပြနေကာ တောင်းပန်နေ၏။ သူ သေနတ်နဲ့ချိန်လိုက်ကာ ရန်သူ့ခြေထောက်ကိုပဲပစ်လိုက်၏။
"ဒိုင်း ----"
ရန်သူက ခြေထောက်ကိုလက်နဲ့ဖိအားရင်းကနေ တအားအားနဲ့အော်နေ၏။ ထို့နောက် သူ့ကို တအံ့တသြနဲ့ မော့ကြည့်လိုက်ကာ ကျေးဇူးတင်တဲ့အကြောင်းတွေကိုသာ တတွတ်တွတ်ပြောနေတော့သည်။
"Thank you --- Thank you ---- Don't forget you ever so much for your help --- "
သူ သေနတ်ကိုသိမ်းလိုက်ကာ အိတ်ကိုဆွဲပြီး အမြန်လေးလှည့်ထွက်လာလိုက်မိသည်။
"ဒိုင်း ---"
သူ ကားတစ်စီးနောက်မှာ အမြန်လေး အကာအကွယ်ယူလိုက်၏။ ကားနောက်ကနေ တဖြည်းဖြည်းနဲ့ ကြည့်လိုက်တော့ ရန်သူတစ်ယောက်က သူ့ကိုပစ်နေလေသည်။ သူ ကားကိုအကာအကွယ်ယူလိုက်ကာ အဲ့ဒီ့နေရာကနေ ပြန်ခံပစ်ရင်းကနေ မြန်မြန်လေးထွက်လာလိုက်၏။ ကိုယ်လိုချင်တဲ့ပစ္စည်းလည်းရပြီဆိုတော့ ဒီရန်ပွဲကို အဆုံးသတ်ဖို့အတွက် စဉ်းစားလိုက်လေသည်။
သူ့လူတစ်ချို့ကိုတွေ့လိုက်ရ၍ မျက်ရိပ်ပြလိုက်ကာ အဲ့ဒီ့ကားပါကင်ကနေ သူ ပြေးပြီးထွက်သွားသည်။ သူ့နောက်ကနေ သူ့လူတွေကလည်း တစ်ယောက်ချင်းစီး လိုက်လာကြ၏။ အခန်းကြီးတစ်ခန်းရှေ့ကို ရောက်တော့ သူ့ခြေလှမ်းတွေတန့်သွားကာ အခန်းထဲသို့ ဖြည်းဖြည်းချင်းဝင်လိုက်သည်။
အခန်းထဲမှာ လူတစ်ယောက်က သူ့ကိုကျောပေးကာ မတ်တပ်ရပ်နေ၏။ သူ အိတ်ကိုစားပွဲပေါ်တင်လိုက်ပြီး ခုံပေါ်မှာထိုင်လိုက်ကာ ခြေထောက်ကို စားပွဲပေါ်ပစ်တင်လိုက်သည်။
"မင်း ရောက်နေတာကြာပြီလား ----"
သူက လှည့်မကြည့်ဘဲနဲ့ စကားပြန်ပြောနေလေသည်။
"မင်း ဘာလို့ ရန်သူကိုလွှတ်ပေးလိုက်ရတာလဲ ---"
"ငါတို့လိုချင်တာရပြီပဲ ငါ ရန်မပွားချင်တော့ဘူး ဂျက်စတင် ---"
ဂျက်စတင် သူ့ကိုတအံ့တသြလှည့်ကြည့်လိုက်ကာ
"ဒီကိစ္စ ဘော့စ်သိရင်မလွယ်ဘူး စတီဗင် ---- ရန်သူကိုမသတ်တာမင်းတစ်ယောက်ပဲရှိတယ် ---- မင်းလုပ်နေတာ အလှူမဟုတ်ဘူး --- ငါတို့က လူကောင်းတွေမဟုတ်ဘူးနော် ---"
သူ မျက်နှာကိုမဲ့လိုက်ကာ ဂျက်စတင့်ကိုကြည့်လိုက်လေသည်။
"ငါ မလုပ်ချင်တော့ဘူး ဂျက်စတင် ---"
"ကျွတ် --- မင်းကို ငါဒီအလုပ်လုပ်ခိုင်းမိတာ မှားပြီထင်တယ် စတီဗင် --- ဒါပေမယ့် မင်းနားလည်ထားရမှာက မင်းက အရင်တုန်းကလိုမျိုးမဟုတ်တော့ဘူးနော် စတီဗင် ----"
သူ့မျက်နှာမှာ အလိုမကျမှုတို့က ရုတ်ချည်းဖြစ်ပေါ်လာကာ ဂုတ်ပေါ်ကဆံပင်တွေကို လက်နဲ့ကိုင်လိုက်ကာ
"ကျွတ် --- ငါ ---"
"မပြောနဲ့တော့ စတီဗင် --- ဘယ်အရာကမှ မင်းအတွက်လွယ်ကူတာမဟုတ်ဘူး --- မင်းဒီမှာ ကျင်လည်လာတာ ကြာနေပြီပဲ --- မင်းသိမှာပါ ----"
သူ ဘာမှပြန်မပြောတော့ဘဲ မတ်တပ်ရပ်လိုက်လေသည်။
"ဘယ်သွားမှာလဲ ---"
"အရက်ဘား ---"
"ဒါက ဘာဖြစ်ရပြန်လဲ ---"
သူ ဂျက်စတင့်ရှေ့ကနေ လှည့်ထွက်လိုက်ကာ လက်ကိုနောက်ပြန်ကာပြလိုက်သည်။ စိတ်ညစ်တယ် ---- တစ်ခါတစ်လေကျရင် အမြန်ဆုံးထွက်သွားချင်မိသည်။ ဒီကမ္ဘာကြီးထဲကနေပေါ့ --- ဒီကမ္ဘာမဟုတ်ရင်တောင်မှ အနည်းဆုံးတော့ ဒီနိုင်ငံကနေပါ။ သူ မြန်မာပြည်ကိုပြန်ချင်ပြီ။ ဒါပေမယ့် မဖြစ်နိုင်တော့။
× × × × × × ×
သူတို့အားလုံးရဲ့ဘဝထဲကနေ ဝသုန်ပျောက်ဆုံးသွားခဲ့တာ ငါးနှစ်ကျော်ခန့်ကြာပြီးနောက် ---
"ကန်ပြီနော် --- သေချာဖမ်းနော် --- ဝင်သွားရင် နဖူးအတောက်ခံရမယ် ----"
"ဟာ --- ကန်ပါ ဖေဖေရာ --- သား မိအောင်ဖမ်းပြမယ် --- ကြည့်နေပါ ----"
"အေးပါကွာ --- ဟုတ်ပါပြီ --- ဟား --- ဟား ---"
သုရှင် သဘောကျစွာရယ်လိုက်လေသည်။
"ဖေဖေ --- သား ကန်ပြီနော် --- ယား ----"
သားလေးက ညာသံပေးကာ သုရှင်ကိုပြောနေလေသည်။
"ဂိုး ---"
"ဟာ --- ဝင်သွားပြီ ---"
"သား ဂိုးသွားပြီ ဖေဖေ ---- ဒါဆို ဖေဖေ နဖူးအတောက်ခံရတော့မယ် --- ဟေး ပျော်လိုက်တာ ---"
သုရှင် ဂိုးတိုင်ထဲဝင်သွားတဲ့ဘောလုံးကိုသွားကောက်လိုက်ကာ
"သားက တကယ်တော်တာပဲ -- လာ ဖေဖေ့ဆီလာဦး သား ----"
သားလေးက သူ့ဆီကိုပျော်နေတဲ့မျက်နှာနဲ့ပြေးလာလေသည်။
"ဖေဖေ ဘာပြောမလို့လဲ --- ဖေဖေနော် လူလည်မလုပ်နဲ့ --- သား ဖေဖေ့နဖူးကိုမတောက်ရသေးဘူး ---"
လေးနှစ်ခန့်သာရှိသေးတဲ့သားလေးက စကားတွေအရမ်းတတ်နေလေသည်။ သုရှင် သားလေးကိုပွေ့လိုက်ကာ သူ့ပေါင်ပေါ်တင်လိုက်ကာ
"ဖေဖေ သိပါတယ်ကွာ --- ကဲ ဖေဖေ့နဖူးကိုတောက် --- ဟုတ်ပြီလား ---"
သားလေးက သူ့ကိုကြည့်ကာ ရယ်နေလေသည်။
"သား --- ဘာရယ်တာလဲ ----"
"သားက အလကားစတာပါဖေဖေရာ --- ဖေဖေ့နဖူးကိုတောက်ရင် သား ငရဲကြီးမှာပေါ့ --- ဖေဖေက သားကိုငရဲကြီးအောင်တောက်ခိုင်းနေတာလား ---"
သားရဲ့စကားကြောင့် သုရှင် သဘောကျစွာရယ်လိုက်မိ၏။
"သားကလည်းကွာ စကားတွေတတ်နေလိုက်တာ ---- ကြည့်ပါဦး --- အရွယ်နဲ့မလိုက်ဘူး ---"
"ဖေဖေနော် သားက ကလေးဟုတ်တော့ဘူး ---"
"ဟော ---"
သုရှင် ထပ်ပြီးရယ်လိုက်မိပြန်၏။
"ဖေဖေ ဘာရယ်တာလဲ ---"
သုရှင် ပါးစပ်ကိုလက်နဲ့ပိတ်ထားလိုက်ကာ ခေါင်းရမ်းလိုက်လေသည်။
"မဟုတ်ပါဘူးကွာ --- ဖေဖေက စတာပါ --- ဘာမှမဟုတ်ဘူးနော် ---"
"ပြီးရော ----"
"သား --- ဖေဖေတို့ မေမေ့ကိုသွားကြိုရအောင်လေ ----"
"မေမေက ဖွားဖွားရှိတဲ့ ဘိုးဘွားရိပ်သာကိုသွားတာလား ----"
"ဟုတ်တယ် သား ----"
သားက လူကြီးလေးတစ်ယောက်လို ခေါင်းလေးငြိမ့်လိုက်လေသည်။
"ဒါပေမယ့် ဖေဖေ မေမေ့ကိုဖုန်းဆက်မှဖြစ်မယ်ထင်တယ်နော် ---"
"ဟင် --- ဘာလို့လဲ သားရဲ့ ---"
သုရှင် အံ့သြသလိုဖြစ်သွားကာမေးလိုက်တော့ သားက ကစားကွင်းကြီးကိုကြည့်လိုက်ပြီးမှ သူ့ဆီသို့ အကြည့်တွေ ပြန်ရောက်လာလေသည်။
"ဒီနေ့ သားကျောင်းမသွားဘူးလေ ဖေဖေရဲ့ --- မေမေသိရင် သားကိုဆူနေမှာပေါ့ ----"
"သြော် --- ဒါများသားရယ် --- ဖေဖေရှိတာပဲ --- ဖေဖေပြောပေးမှာပေါ့ --- မကြောက်နဲ့နော် ---"
သားလေးက သူ့လက်ထဲကဘောလုံးကိုယူလိုက်ပြီး
"မေမေက ရပါ့မလား ဖေဖေရာ --- တော်ကြာ သားကိုရိုက်သလို ဖေဖေ့ကိုပါ ရိုက်နေမှဖြင့် သားငိုသလို ဖေဖေလည်းငိုနေရလိမ့်မယ် ----"
သုရှင် ရယ်ချင်စိတ်ကို ဘယ်လိုမှမမြိုသိပ်နိုင်တော့။
"ဟား --- ဟား --- ဖေဖေက ကလေးမှမဟုတ်တော့တာ --- မေမေက မရိုက်ပါဘူးသားရယ် ---"
သားက ဘောလုံးကို တစ်ဖက်က ကွင်းထဲသို့လှမ်းကန်လိုက်ပြီး
"ဟွန့် --- မတရားဘူး --- သားကျတော့ ဘာပဲလုပ်လုပ် မေမေကရိုက်တယ် --- ဖေဖေ့ကျတော့ မေမေက မရိုက်ဘူး --- အဲ့ဒါဘာလို့လဲ ဖေဖေ ---"
"ဟင် --- သြော် --- အဲ့ဒါကတော့ ဖေဖေကလိမ်မာလို့ပေါ့ သားရဲ့ --- "
သားလေးရဲ့အကြည့်တွေက အလိုမကျသည့်ပုံစံဖြင့် သုရှင်ဆီသို့ ရောက်လာပြန်သည်။
"သြော် -- ဒါဆို သားကတော့မလိမ်မာလို့ပေါ့ ဟုတ်လား ဖေဖေ ---"
"အဲ့လိုလည်းမဟုတ်ဘူးလေ သားရဲ့ --- ဒါပေမယ့် သားက ဖေဖေ့လောက်မှမလိမ်မာတာ ----"
"ဟွန့် --- ဒါကတော့ မေမေလွန်တယ် --- ဖေဖေလည်း တစ်ခါတစ်လေဆိုးတာပဲ --- သားလည်း တစ်ခါတစ်လေမှဆိုးတဲ့ဟာကို သားကိုကျတော့ရိုက်တယ် ဖေဖေ့ကိုတော့မရိုက်ဘူး ---- ကြည့်ရတာ မေမေက သားထက် ဖေဖေ့ကိုပိုချစ်တယ်ထင်တယ် ----"
သုရှင် သားရဲ့စကားကိုနားထောင်ပြီး ပြံုးလိုက်မိသည်။ ထို့နောက် သားလေးကို ပွေ့ချီလိုက်ကာ
"အင်း --- ဟုတ်မှာပေါ့ --- မေမေက ဖေဖေ့ကိုပိုချစ်လို့နေမှာပေါ့ ---"
သားလေးကနှုတ်ခမ်းဆူသွားကာ တစ်ခြားဘက်သို့ လှည့်သွားလေသည်။ သူ့ကိုစိတ်ဆိုးသွားတယ်ဆိုတာကို သုရှင်သိလိုက်သည်။ သားလေးစိတ်ဆိုးတဲ့ပုံစံက တစ်ယောက်ယောက်နဲ့ တစ်ပုံစံထဲပင်။ အဲ့ဒီ့တစ်ယောက်လည်း ငယ်ငယ်ကတည်းက သူ့ကိုစိတ်ဆိုးရင် စကားမပြောတော့ဘဲ ငြိမ်ကျသွားတတ်၏။ အဲ့ဒါဆိုရင် သူပဲ အမြဲတမ်းပြန်ချော့ခဲ့ရသည်။ အခု သားလည်း သူ့လိုပုံစံမျိုးပါလား။ အင်း --- ချော့ရဦးမှာပေါ့လေ။ သုရှင် ပြံုးလိုက်မိ၏။
"ဖေဖေက အလကားစတာပါကွာ --- မေမေက သားကိုပိုချစ်တာပါ ---- သားစိတ်ဆိုးသွားအောင် ဖေဖေကစတာ --- စိတ်မဆိုးနဲ့နော် ---"
သားက သူ့ကိုလှည့်မကြည့်သေးဘဲ နှုတ်ခမ်းကိုသာဆူထားလေသည်။
သုရှင် သားကိုကြည့်ကာ ပြံုးလိုက်မိပြန်သည်။ တူလိုက်တာနော် -- တစ်ပုံစံထဲပဲ။ သူသာ ဒီလောကကြီးထဲမှာရှိနေဦးမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။
"သား --- ဖေဖေ့ကိုတကယ်စိတ်ဆိုးသွားတာပဲ --- စိတ်မဆိုးပါနဲ့တော့ကွာ --- ဖေဖေက သားမကြိုက်မှန်းသိလို့ စတာပါ --- သားမေမေက ဒီကမ္ဘာကြီးထဲမှာ သားတစ်ယောက်ထဲကိုပဲ အချစ်ဆုံးဆိုတာ သားမသိဘူးလား --- အဲ့ဒါကြောင့်လည်း သားထမင်းစားမယ်ဆိုရင် မေမေကထမင်းခွံ့ကျွေးတာပေါ့ --- ဖေဖေ့ကိုကျတော့ ဘယ်တုန်းကများခွံ့ကျွေးလို့လဲ --- ဟင် မဟုတ်ဘူးလား ----"
သူပြောလိုက်တဲ့စကားကြောင့် သားလေးက သူ့ကိုလှည့်ကြည့်လာလေသည်။ ထို့နောက် နှုတ်ခမ်းဆူဆူနဲ့သူ့ကိုကြည့်ကာ
"ဖေဖေ တကယ်ပြောတာနော် ----"
"အင်း --- တကယ်ပေါ့ --- မေမေကသားကိုချစ်လို့ပဲ ထမင်းခွံ့ကျွေးတယ် --- ရေချိုးပေးတယ် ---- ကျောင်းသွားဖို့အတွက် သားကိုပြင်ဆင်ပေးတယ်လေ --- မဟုတ်ဘူးလား --- ဖေဖေ့ကိုတော့ ထမင်းလည်း ခွံ့မကျွေးဘူး --- ရေလည်းမချိုးပေးဘူး ---- ဖေဖေအလုပ်သွားမယ်ဆိုရင်လည်း ဖေဖေ့ကိုလိုက်ပို့လို့လား --- အဲ့ဒါ ဖေဖေ့ကိုသားလောက်မချစ်လို့ပေါ့ သားရဲ့ ----"
သူ့စကားကြောင့် သားလေးရဲ့မျက်နှာက ပြံုးလာ၏။ ထို့နောက် သုရှင်မျက်နှာကိုသေချာကြည့်လိုက်ကာ လက်ညှိုးထိုးလိုက်ပြီး
"ဖေဖေ တကယ်ပြောတာနော် ----"
သုရှင်ပြံုးပြီးခေါင်းငြိမ့်ပြလိုက်၏။
"ပြီးရော --- ဒါဆိုလည်း မေမေ့ဆီသွားမယ် ----"
သုရှင် သားလေးရဲ့ခေါင်းကိုလက်နဲ့အသာလေးပုတ်လိုက်ကာ
"ဟုတ်ပါပြီကွာ --- ဒါပေမယ့် ဖေဖေ မင်းမေမေကိုဖုန်းဆက်လိုက်ဦးမယ်လေ ----"
"ဟုတ်ကဲ့ ဖေဖေ ---"
သုရှင် သားလေးကို အောက်ကိုချပေးလိုက်ပြီး ဖုန်းကိုထုတ်လိုက်လေသည်။
× × × × × × ×
နင်မရှိဘဲ ငါမနေတတ်တော့ဘူးလေ --- ဒီမှာတစ်ယောက်ထဲ ငါငိုမိတာပေါ့လေ --- အကောင်းဆုံးသူစိမ်းဟာမင်းပဲ ထာဝရအမြဲငါ့ကိုချစ်ပေးလေ ----
ဖုန်းသံကြောင့် သူမရဲ့ရင်ထဲမှာ လှိုက်ခနဲဖြစ်သွားမိသည်။ ဒီသီချင်းသံကိုကြားတိုင်း သူမရင်ထဲမှာ စူးစူးနစ်နစ်ခံစားရလေသည်။ ဒါပေမယ့်လည်း သူမ ဖုန်းသံကိုမပြောင်းခဲ့။
"ဟယ်လို ---"
"ဟယ်လို ပန်းလေး --- ကိုယ်လာကြိုရတော့မလား ---"
ပန်းလေး ဘိုးဘွားရိပ်သာမှာရှိတဲ့ မေမေ့ဆီကိုလာပြီး မေမေလိုအပ်တဲ့အရာတွေနဲ့ တခြားဘိုးဘွားတွေ လိုအပ်မယ့်အရာတွေကို လာလှူနေခြင်းဖြစ်သည်။ တစ်လကို အနည်းဆုံးတော့ နှစ်ခေါက်လောက် လာလုပ်ဖြစ်သည်။
"ဟုတ် MD လာကြိုတော့လေ ---"
"အင်း --- အင်း ကိုယ်အခုလာနေပြီနော် --- သားလေးကိုလည်းခေါ်ခဲ့တယ် ပန်းလေး ---"
"ဟင် သားက ကျောင်းမသွားဘူးလား ---"
"ဒီနေ့ ကိုယ်ကမသွားခိုင်းတာပါ ---"
"ဟာ MD ကလည်း ကြာလာရင် သားက ကျောင်းကိုပျင်းသွားလိမ့်ဦးမယ် ---- သားကို ဖုန်းပေးလိုက်ပါဦး ပန်းလေး သားကိုစကားပြောဦးမယ် ----"
"ပန်းလေး သားကိုတော့မဆူပါနဲ့ကွာ --- ဆူမယ့်ဆူ ကိုယ့်ကိုပဲဆူပါ --- သားလေးကို ကိုယ်ကကျောင်းမသွားခိုင်းတာပါ ----"
"MD ရယ် သားကိုအလိုမလိုက်ပါနဲ့ ကြာရင်ဆိုးလာလိမ့်မယ် ----"
"သားလေးက ငယ်ပါသေးတယ် ပန်းလေးရယ် --- အရမ်းကြီးထိန်းချုပ်လို့မရသေးဘူးလေ --- တစ်ခါတစ်လေတော့ သားလေးကို လွတ်လပ်ခွင့်ပေးလိုက်ပါနော် ----"
"သားကို ဖုန်းပေးလိုက်ပါ MD ---"
"အင်းပါ ကိုယ်ပေးလိုက်မယ်နော် --- သားကိုတော့ အရမ်းမဆူပါနဲ့ ----"
သုရှင် သားကိုဖုန်းပေးလိုက်ကာ
"သား --- မေမေက သားကိုစကားပြောချင်လို့တဲ့ ---"
"ဟုတ် ဖေဖေ ----"
သားလေးက လက်ထဲကဘောလုံးကိုအောက်ချလိုက်ကာသူ့ဆီကဖုန်းကိုယူလိုက်လေသည်။
"ဟယ်လို မေမေ ----"
"သား --- ကျောင်းမသွားဘူးဆို ---"
"ဟုတ်တယ် မေမေ --- ဖေဖေက မသွားခိုင်းတာ ----"
"သြော် --- မင်းက မင်းဖေဖေစကားကိုအရမ်းနားထောင်တာပဲ --- ကိုယ့်ကျောင်းကိုယ်မသွားဘဲနဲ့ ---"
"မေမေနော် သားကိုအရမ်းမဆူနဲ့ --- ဖေဖေပြောတာတော့ မေမေက သားကိုအချစ်ဆုံးပဲလို့ပြောတယ် --- အဲ့ဒါကြောင့် မေမေ သားကိုမဆူရဘူးနော် ---"
ဖုန်းပြောနေရင်းကနေ ပန်းလေး ရယ်ချင်မိသွားလေသည်။
"အချစ်ဆုံးဆိုတာနဲ့ပဲ မရိုက်ရတော့ဘူးလား --- ဆိုးရင်တော့ မေမေကရိုက်မှာပဲ ----"
"မေမေနော် ဖေဖေလည်းတစ်ခါတစ်လေဆိုးတာပဲ --- ဒါပေမယ့် မေမေက ဖေဖေ့ကိုတော့မရိုက်ဘူး သားကိုကျတော့ရိုက်တယ် ---"
"အယ် --- ကောင်လေး မေမေ ငရဲကြီးလိမ့်ဦးမယ် ---- မေမေက ဖေဖေ့ကိုရိုက်လို့ရမလား ---"
သုရှင် ဖုန်းကိုစပီကာဖွင့်ထား၍ သားအမိနှစ်ယောက်စလုံးပြောနေတဲ့စကားတွေကို အတိုင်းသားကြားနေရလေ သည်။ သုရှင် ရယ်လိုက်မိ၏။ ဒီကလေးက စကားသိပ်တတ်တာပဲ။
"သြော် --- ဖေဖေ့ကိုကျတော့ရိုက်လို့မရဘူး --- သားကိုကျတော့ရိုက်လို့ရတယ်ပေါ့ --- ဒါဆို မေမေက ဖေဖေ့ကိုပိုချစ်တာပေါ့ ဟုတ်လား မေမေ ---"
"သား -- မိုးမြေရှင် -- မင်း ဘာဖြစ်နေတာလဲ ----"
"အယ် မေမေရှက်သွားပြီထင်တယ် --- ဟုတ်လား မေမေ --- ဒါဆိုသေချာပါပြီ မေမေက သားကိုဖေဖေ့လောက်တောင်မှမချစ်ဘူး ဟွန့် ----"
"သား ---"
သုရှင် ပန်းလေးစိတ်မဆိုးခင် သားဆီကဖုန်းကိုလှမ်းယူလိုက်လေသည်။
"ဟယ်လို ပန်းလေး ----"
"MD ---"
"ကဲပါ --- ကိုယ် သားကိုရေချိုးပေးပြီးရင် ပန်းလေးကိုလာခေါ်မယ်နော် --- ကလေးကမသိလို့ပြောတာကို စိတ်မဆိုးရဘူးလေကွာ ----"
"ပန်းလေး တောင်းပန်ပါတယ် MD ---"
"မလိုပါဘူး ပန်းလေးရယ် --- တောင်းပန်ရမယ့်လူတွေမှမဟုတ်တော့တာ ----"
"မဟုတ်ပါဘူး MD ရယ် --- အရာရာတိုင်းအတွက် ပန်းလေးမှာသာအပြစ်ရှိခဲ့တာပါ ---"
"ဟင့်အင်းပန်းလေး --- ကိုယ်ကတော့ အဲ့လိုမထင်ဘူး ---- ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ ဒီလိုဘဝမျိုးကို ပိုပြီး ကျေနပ်သဘောကျတယ် ပန်းလေး ---- ပန်းလေးမှာအပြစ်ရှိတယ်လို့ ဘယ်တော့မှမပြောပါနဲ့တော့ -- အရာအားလုံးအတွက် ကိုယ်နားလည်ပေးနိုင်တယ် ပန်းလေး ---"
"ပန်းလေး နားလည်ပါပြီ MD ---"
"အင်းပါ -- ဒါဆို ကိုယ်တို့အခုလာခဲ့မယ်နော် ---"
"ဟုတ် ---"
သုရှင် ဖုန်းချလိုက်ပြီး ဘာရယ်မဟုတ်ဘဲ ဘောလုံးကွင်းကြီးထဲကို လှည့်ပတ်ကြည့်လိုက်သည်။ ငါးနှစ်ကျော်သာ ကြာသွားခဲ့တာ သူတို့ရင်ထဲကခံစားချက်တွေကတော့ မပြောင်းလဲသွားခဲ့ပါ။
"ဖေဖေ ဘာတွေကြည့်နေတာလဲ ---- သွားမယ်လေ ---"
"သြော် -- အင်း သား --- သွားမယ် ---"
သူ သားကိုပြံုးပြလိုက်ပြီး သားရဲ့လက်ကိုဆွဲကာ ကစားကွင်းကိုကျောခိုင်း၍ အိမ်ထဲသို့ဝင်သွားလိုက်သည်။ သူတို့ဘဝထဲကနေ ဝသုန်ပျောက်သွားခဲ့ပေမယ့် 'မိုးမြေရှင်' ဆိုတဲ့သားလေးကတော့ ဝင်ရောက်လာခဲ့သည်။ ကံကြမ္မာကြီးကို သူ ကျေးဇူးတင်ပါတယ် အရာအားလုံးအတွက်ပေါ့ ---

#####
အိပ်မက်ကြယ်

ဟန်​ဆောင်အမုန်း (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ