အခန်း(၂၁)

436 7 0
                                        

💜 ဟန်ဆောင်အမုန်း 💜
💜 အခန်း(၂၁) 💜

ဒေါ်မာလာသူ့ယောကျာ်းကိုကြည့်ကာထိတ်လန့်သွားမိသည်။
"ကိုဦးဘာစာမို့လို့လဲ ---"
နွေဦးလည်းဖေဖေ့ကိုကြည့်နေရင်းကနေအံ့သြသွား၏။သူမတစ်သက်လုံးဖေဖေဒီလိုဒေါသထွက်နေတာကိုတစ်ခါမှမမြင်ဖူးခဲ့။
"ဖေဖေ ---"
ဖေဖေအကြည့်တွေကနွေဦးဆီသို့ရောက်လာကာ
"နွေဦးမေ --- ဝသုန်မြေနဲ့ရင်ဝှက်ပန်းကဘာတွေလဲ ---"
"ရှင် --- ဖေဖေဘာမေးလိုက်တာလဲ --- "
"သူကရင်ဝှက်ပန်းနဲ့ဘယ်လိုပတ်သက်လို့အခုလိုမျိုးလုပ်ပေးရတာလဲ ---"
ဖေဖေကပြောလည်းပြောသူ့လက်ထဲကစာရွက်ကိုလည်းနွေဦးရဲ့ရှေ့သို့ပစ်ချပေးလိုက်သည်။
"တော်တော်ကောင်းတဲ့သားမက်ပဲ --- ကိုယ့်မိန်းမရဲ့မိဘတွေပိုင်ဆိုင်မှုတွေကိုစွန့်လွှတ်ဖို့အတွက်ရှေ့နေကနေတောင်မှအကြောင်းကြားစာပို့ပေးလိုက်တယ် ---"
"ဟင် --- ဘယ်လိုကိုဦး ----"
ဒေါ်မာလာမြိုင်ဦးမင်းဦးစကားကြောင့်မျက်လုံးပြူးသွားကာမေးလိုက်လေသည်။
"ဟုတ်တယ်မာလာ --- ဝသုန်မြေကဒီစံအိမ်ကြီးကိုသီရိမြိုင်တို့ကိုပြန်ပေးဖို့အတွက်ရှေ့နေကနေအကြောင်းကြားစာပို့လိုက်တာပဲ --- "
နွေဦးစာကိုဖတ်ရင်းကနေပါးစပ်ကဟသွားလေသည်။အံ့သြလွန်း၍မျက်လုံးတောင်မှပြူးလာသလိုလို။ဒါဝသုန်ဘာလုပ်လိုက်တာလဲ။ဒါဘာအဓိပ္ပာယ်လဲ။
"ကိုယ်တွေနဲ့ကမနက်ဖြန်သန်ဘက်ခါပဲမိသားစုတွေဖြစ်တော့မယ် --- သူ့လုပ်ရပ်ကဘာလုပ်ရပ်လဲသမီး ---"
မေမေကလည်းမခံမရပ်နိုင်ဝင်ပြောတော့သည်။နွေဦးမနေ့ကဝသုန်ပြောခဲ့တဲ့စကားတွေကိုပြန်တွေးမိကာသက်ပြင်းချလိုက်မိ၏။မနေ့ကစကားတွေကဒါတွေအတွက်လား။မနေ့ကဝသုန်နဲ့သူပြောခဲ့တဲ့စကားတွေကဒီလိုအဓိပ္ပာယ်သက်ရောက်နေမှန်းသူမသိခဲ့ဘူး။မနေ့ကသူပျော်နေခဲ့တာပဲသိခဲ့တာ။
အတူတူမုန့်တွေစားကြတယ်၊ရုပ်ရှင်တွေကြည့်ကြတယ်။ဝသုန်လည်းသူမနဲ့အတူတူပျော်နေခဲ့တယ်ထင်ခဲ့တာ။ဒါတွေဟာဟန်ဆောင်ခဲ့တာတွေပေါ့။အခုလိုကိစ္စမျိုးတွေဖြစ်လာဖို့အတွက်နိဒါန်းပျိုးခဲ့တာတွေလား။နွေဦးဆီကကတိတွေအများကြီးတောင်းထားခဲ့သည်။
အဲ့ဒီ့ထဲမှာမြေမထိမိုးမခစံအိမ်ကိုပန်းလေးတို့ကိုပြန်ပေးဖို့လည်းပါခဲ့တာလား။နွေဦးမမှတ်မိတော့။သေချာပါတယ်။ပါခဲ့မှာပေါ့ --- အဲ့ဒါကြောင့်လည်းဝသုန်ဒီလောက်အထိပျော်နေခဲ့တာလေ။နွေဦးတွေးနေရင်းကနေစိတ်ညစ်သွားမိသည်။
"သမီး --- သမီးလည်းသိနေခဲ့တာလား ---"
နွေဦးရဲ့မျက်နှာကိုကြည့်ကာမေမေကမေးလိုက်တော့ဖေဖေကလည်းနွေဦးကိုကြည့်လာတော့သည်။
"ဘာလဲနွေဦးမေ --- နင်ဘာတွေပြောခဲ့တာလဲ ---"
"ဖေဖေ -- သမီးဘာမှမပြောခဲ့ပါဘူး ---"
"ဒါဆိုဘာလို့ငြိမ်နေရတာလဲ --- နင်လည်းသိနေတယ်မို့လား --- ပြောစမ်း --- နင်တို့တွေဘာတွေပြောခဲ့ဘာတွေလုပ်ခဲ့ကြတာလဲ ---"
ဖေဖေအကြီးအကျယ်ဒေါသထွက်နေပြီ။နွေဦးကိုတောင်မှသမီးလို့မခေါ်တော့။နင်လို့ပဲပြောတော့သည်။မနေ့ကသာယာမှုတွေဘယ်ရောက်သွားပြီလဲဟင်။ဝသုန်ရယ် --- ဘယ်လိုလုပ်လိုက်တာလဲ။
နွေဦးဖေဖေတို့ကိုမဝံ့မရဲမော့ကြည့်လိုက်ကာ
"ဖေဖေနဲ့မေမေနွေဦးတောင်းပန်ပါတယ်နော် ----နွေဦးဆီကနေသူလိမ်ညာပြီးကတိတွေတောင်းသွားခဲ့တယ် ---"
"ဘာ --- "
"ဟင် --- သမီးဘာကတိတွေလဲ ---"
နွေဦးခေါင်းကုတ်လိုက်မိသည်။သူမလည်းသေချာမမှတ်မိတော့။
"နွေဦးလည်းသေချာမမှတ်မိတော့ဘူး --- ပန်းလေးတို့နဲ့ပတ်သက်နေတယ် --- ဒီမြေမထိမိုးမခစံအိမ်ကြီးကိုပြန်ပေးဖို့နဲ့တူတယ်မေမေ ---"
"တောက် --- နွေဦးမေ --- နင်ဦးနှောက်မှကောင်းသေးရဲ့လား --- အဲ့ဒါကိုတောင်နင်သေချာမမှတ်မိဘူးဟုတ်လား ---"
ဖေဖေကနွေဦးကိုဒေါသတကြီးပြောနေတော့သည်။နွေဦးဝမ်းနည်းလာမိ၏။
"သမီး --- နွေဦး --- ဟုတ်ရဲ့လားသမီးရယ် ---"
မေမေကသူမလက်ကိုကိုင်ကာမေးနေတော့နွေဦးငိုချင်လာမိသလိုလို။မနေ့ကအပျော်တွေကဒီနေ့အတွက်အပျက်တွေဖြစ်ဖို့အတွက်လား။နွေဦးနည်းနည်းလေးမှမရိပ်မိခဲ့။ဝသုန်သိပ်တော်ခဲ့တယ်။
"ဘယ်လိုပဲဖြစ်ဖြစ် --- ကိုဦး -- မာလာတို့ကတော့ဘယ်လိုနည်းနဲ့မှပြန်မပေးနိုင်ဘူး ---"
"အခုချိန်မှတော့မပေးလို့ရမလားကွ -- သူတို့မှာသက်သေအထောက်အထားတွေရှိနေခဲ့ပြီလေ --- ငါတို့ကဘာလုပ်လို့ရဦးမှာလဲ ---"
"ဘာသက်သေတွေမိုလို့လဲ ---"
"အေး -- အဲ့ဒါကိုတဖြည်းဖြည်းနဲ့သိလာလိမ့်မယ် ---တောက် --- အသုံးမကျတဲ့သမီး ----"
ဖေဖေကနွေဦးကိုသေချာကြည့်ကာပြောပြီးအိမ်ပေါ်တက်သွားဖို့ပြင်လိုက်လေသည်။
"ဟင့်အင်းဖေဖေ --- သမီးလက်မခံနိုင်ဘူး ----ဒီစံအိမ်ကြီးကိုလည်းပန်းလေးတို့ကိုပြန်မပေးနိုင်ဘူး ---"
"ဟုတ်တယ်ကိုဦး --- ဘယ်လိုနည်းနဲ့မှပြန်ပေးလို့မဖြစ်ဘူးနော် ---"
ဦးလှဦးသားအမိနှစ်ယောက်လုံးကိုလှည့်ကြည့်လိုက်ကာ
"အေးပေါ့ --- ပြောပါဦး --- ဘယ်လိုများကြံစည်ဦးမလဲဆိုတာ ---"
"ဘယ်လိုပဲဖြစ်နေပါစေ --- ပြန်မပေးနိုင်ဘူးနော်ကိုဦး --- ကိုဦးဘယ်လိုပဲလုပ်လုပ် ---"
"ဘာလဲ --- ငါ့ကိုအရင်လိုမျိုးဖြစ်စေချင်တာလား ---"
သားအမိနှစ်ယောက်လုံးကမျက်လုံးပြူးမျက်ဆံပြူးဖြင့်သူ့ကိုကြည့်လိုက်ကြလေသည်။
"မဟုတ်ဘူးကိုဦး ---"
"ရတယ်ဖေဖေ --- ဖေဖေလုပ်ချင်သလိုသာလုပ် --- အဓိကကဒီစံအိမ်ကိုပြန်မပေးဖို့ရယ် --- ဝသုန့်ကိုမစွန့်လွှတ်ဖို့ရယ်ပဲဖေဖေ---"
"တော်တော်ရနေပါဦးမယ် --- ဝသုန်မြေကရင်ဝှက်ပန်းအပေါ်မှာဘယ်လိုစိတ်မျိုးထားတယ်ဆိုတာဒီလိုလုပ်ပေးနေတာတွေကိုကြည့်လိုက်ကတည်းကဖေဖေသိတယ်သမီး --- သမီးနှစ်ခုထဲကတစ်ခုကိုတော့စွန့်လွှတ်ရမှာပဲ ---"
"ဟင့်အင်းဖေဖေ --- သမီးမစွန့်လွှတ်နိုင်ဘူး ---"
ဒီသမီးကသူတို့လင်မယားနှစ်ယောက်ရဲ့စိတ်ဓာတ်နဲ့တစ်ထေရာထဲပဲ။လောဘကြီးတာမဟုတ်ပေမယ့်ဖြစ်နိုင်ရင်တောင်မှကမ္ဘာကြီးကိုတောင်ပိုင်စိုးချင်တဲ့စိတ်ရှိသူဖြစ်သည်။ဦးလှဦးသမီးကိုကြည့်ကာသက်ပြင်းချလိုက်၏။နှစ်ခုလုံးကိုမစွန့်လွှတ်နိုင်ဘူးတဲ့လား။သူတို့အနေနဲ့လည်းဒီစံအိမ်ကိုမစွန့်လွှတ်ချင်ပါဘူး။
ဒီသမီးကဒါလိုချင်တယ်ဆိုရင်ဒါကိုသူတို့ရအောင်ယူပေးခဲ့သည်။အခုလည်းဝသုန်မြေကိုသဘောကျတယ်ဆိုသဖြင့်သူဌေးသားကိုမဟုတ်ဘဲသူဌေးရဲ့တူကိုရအောင်လို့သူတို့တွေလုပ်ပေးခဲ့သည်။အဲ့ဒါကိုသမီးကမကျေနပ်သေး။
"ဟုတ်တယ်ဖေဖေ -- ဖေဖေကြိုက်သလိုလုပ်ပါ --- သမီးကတော့နှစ်ခုလုံးကိုမစွန့်လွှတ်နိုင်ဘူး --- ဖေဖေမလုပ်ရင်တောင်မှသမီးကတော့လုပ်မှာပဲ --"
"ဘာ --- နင်ကဘာကိုလုပ်မှာလဲနွေဦးမေ --- ငါ့ကိုပါသေအောင်သတ်မလို့လား ---"
နွေဦးဖေဖေ့ကိုဝမ်းနည်းစွာမော့ကြည့်လိုက်မိ၏။
"သမီးဝသုန့်ကိုမစွန့်လွှတ်နိုင်ဘူးဖေဖေ ----သမီးဘာပဲလုပ်ရလုပ်ရ ----"
"ကျွတ် --- "
သမီးကိုကြည့်ကာဦးမင်းဦးဘာဆက်လုပ်ရမှန်းမသိဖြစ်သွားမိ၏။သမီးကမျက်ရည်တွေဝဲနေလေသည်။သူဘယ်လိုလုပ်ရမလဲ။ဒီသမီးလေးကိုသူသိပ်ချစ်တာ။ဒီသမီးလေးကိုဟိုးငယ်ငယ်ကတည်းကအရိပ်တကြည့်ကြည့်နဲ့ပြုစုစောင့်ရှောက်လာခဲ့တာ။ဘာလိုချင်တယ်ဆိုရင်ချက်ချင်းပဲရအောင်လုပ်ပေးတတ်တော့ဒီသမီးလေးကဘယ်အရာမဆိုသူ့အတွက်လွယ်ကူတယ်ပဲထင်ခဲ့တာ။အခုလည်းအဲ့လိုထင်နေပြန်ပြီ။
"ဖေဖေ --- သမီးတောင်းပန်ပါတယ်နော် --- သမီးဝသုန့်ကိုချစ်တယ် --"
ရူးရူးမူးမူးဖြစ်နေတဲ့သမီးလေးကိုကြည့်ကာဒေါ်မာလာမြိုင်စိတ်တိုနေလေသည်။
"သမီး --- သမီးစဉ်းစားပါ --- သမီးဖေဖေကသမီးလိုချင်တာကိုအခုချက်ချင်းလုပ်ပေးချင်တဲ့လူမျိုး --- ဒါပေမယ့်အခုကိစ္စကသမီးဖေဖေဒုက္ခရောက်လိမ့်မယ် ---"
ဦးမင်းဦးမာလာ့ကိုကြည့်လိုက်ကာ
"မာလာ --- ထားလိုက်ပါ ---"
"ဟင် --- ဖေဖေလုပ်ပေးမယ်မို့လား ---- ဟုတ်တယ်မို့လားဖေဖေ ---"
ဦးမင်းဦးနွေဦးကိုခေါင်းငြိမ့်ပြလိုက်ပြီးအိမ်ပေါ်ကိုတက်သွားတော့သည်။
"သမီး --- နွေဦး ---"
ဒေါ်မာလာနွေဦးကိုကြည့်ကာခေါ်လိုက်တော့နွေဦးသူမမျက်နှာပေါ်ကမျက်ရည်စတွေကိုအသာသုတ်လိုက်လေသည်။
"မေမေ ---"
"သမီးနဲ့တော့ခက်နေပြီ --- အခုသမီးဖေဖေကသမီးဖြစ်စေချင်တာကိုလုပ်ပေးတော့မယ် --- သမီးဖေဖေမဟုတ်တာတွေလုပ်ရင်ဘယ်လိုလုပ်မလဲသမီးရယ် ---"
"မေမေဘာကိုပြောတာလဲ --- ဖေဖေကဘယ်လိုမဟုတ်တာတွေလုပ်မှာမို့လို့လဲ ---"
"အဲ့ဒီ့ကိစ္စကလွယ်တယ်များထင်နေတာလားသမီး --- သမီးအတွက်နဲ့သမီးဖေဖေဒုက္ခရောက်ရလိမ့်မယ် ---"
"မသိဘူးမေမေ -- နွေဦးအဲ့ဒါတွေနားမလည်ဘူး --- ဝသုန်နဲ့ကမကြာခင်လက်ထပ်တော့မှာ --- အခုချိန်မှာမြေမထိမိုးမခစံအိမ်နဲ့ပတ်သက်ပြီးနွေဦးဝသုန့်ကိုအချိန်ဆွဲထားမယ်မေမေ --- ဒါပေမယ့်မင်္ဂလာပွဲကိုတော့လုံးဝပြောင်းလဲအောင်လုပ်လို့မဖြစ်ဘူး --- သမီးမလုပ်နိုင်ဘူးမေမေ ---"
"နွေဦးမေ --- ညည်းဘယ်လိုဖြစ်နေတာလဲရူးသွားပြီလား --- လူသတ်မှုနဲ့ညည်းအဖေကိုထောင်ထဲဝင်အောင်လုပ်နေတာလား ---"
ဒေါ်မာလာသမီးပြောတာတွေကိုနားထောင်ကာခေါင်းကိုအသာရမ်းလိုက်မိသည်။သမီးလေးကသူမထက်တောင်မှခေါင်းပိုမာနေတယ်။သူမထက်လည်းအတ္တပိုကြီးတယ်။ဒီစံအိမ်ကြီးကိုပန်းလေးတို့ကိုဘယ်လိုနည်းနဲ့မှပြန်ပေးမှာမဟုတ်ပေ။အဲ့လိုပဲဝသုန်မြေကိုလည်းသူလုံးဝစွန့်လွှတ်မှာမဟုတ်။
"သမီးဘဝမှာဝသုန့်မရှိလို့မဖြစ်ဘူးမေမေ ---"
"ဖြောင်း ---"
ဒေါ်မာလာစိတ်တိုသွားကာသမီးကိုပါးရိုက်လိုက်မိသည်။
နွေဦးသူမပါးသူမကိုင်ကာမေမေ့ကိုအံ့သြတကြီးကြည့်လိုက်ပြီး
"မေမေ --- မေမေကသမီးကို ---"
နွေဦးမျက်ရည်တွေကျလာကာအိမ်ပေါ်သို့ပြေးတက်သွားတော့သည်။ဒေါ်မာလာသူမလက်သူမလည်းကြည့်သမီးလေးကိုလည်းကြည့်ကာသူမလည်းမျက်ရည်တွေကျလာတော့လေသည်။
"မေမေတောင်းပန်ပါတယ်သမီးရယ် ---"
× × × × × × ×
"ညီလေး -- အဂ္ဂ ---"
အဂ္ဂကျောင်းဝန်းထဲကထွက်လာလာချင်းခေါ်လိုက်တဲ့အသံကြောင့်လှမ်းကြည့်လိုက်ကာအံ့သြသွား၏။
"ဟာကိုကြီးဝသုန် ---"
ဝသုန်ဆိုင်ကယ်ပေါ်ကနေရယ်ပြလိုက်ကာအဂ္ဂလေးကိုသူ့ဆီလာဖို့လှမ်းခေါ်လိုက်မိသည်။အဂ္ဂကသူ့ကိုမြင်တော့သူ့ဆီကိုအပြေးအလွှားလေးရောက်လာ၏။
"ကိုကြီးညီလေးဆီလာတာလား ---"
ဝသုန်ခေါင်းငြိမ့်ပြလိုက်ပြီး
"အင်းဟုတ်တယ် --- ကိုကြီးညီလေးကိုမုန့်ဝယ်ကျွေးမလို့ --- လာဆိုင်ကယ်ပေါ်တက် ---"
အဂ္ဂဝသုန့်ဆိုင်ကယ်အမြင့်ကြီးကိုကြည့်ကာသဘောကျနေလေသည်။ထို့နောက်ဆိုင်ကယ်ပေါ်သို့ပျော်ရွှင်စွာတက်လိုက်ကာ
"ကိုကြီးဆိုင်ကယ်ကမိုက်တယ်နော် --- ညီလေးတောင်သဘောကျတယ် --- ညီလေးတစ်ခါမှမစီးဖူးဘူး ---"
"အင်းဒီနေ့ကိုကြီးကညီလေးကိုမုန့်တွေလည်းဝယ်ကျွေးမယ် --- ကစားကွင်းလည်းလိုက်ပို့ပေးမယ် --- ဘယ်လိုလဲပျော်တယ်မလား ---"
"ဟုတ်ကဲ့ကိုကြီး ----"
အဂ္ဂလေးကတော်တော်ပျော်နေပုံပင်။
"ဒါဆိုကိုကြီးကိုသေချာဖက်ထားနော် ---- ကိုကြီးဆိုင်ကယ်မောင်းတော့မယ် ---"
"ဟုတ်ကဲ့ ----"
အဂ္ဂလေးသူ့ခါးကိုဖက်လိုက်တော့ဘာလို့မှန်းမသိဝသုန်ပန်းလေးကိုသတိရသွားမိလေသည်။ပန်းလေးသူ့နောက်မှာပထမဆုံးဆိုင်ကယ်လိုက်စီးတုန်းကအချိန်ကိုလည်းပြန်တွေးသွားမိ၏။ပန်းလေးကိုသူဘယ်အချိန်ကတည်းကစပြီးမြတ်နိုးခဲ့မိမှန်းမသိပေမယ့်အခုချိန်မှာတော့သံယောဇဉ်တွေဟာအမြစ်တွယ်နေလေပြီ။
"ကိုကြီးမောင်းလေ --- ဘာတွေတွေးနေတာလဲ ---"
"သြော် --- ဆောရီးနော်ညီလေး ---"
ဝသုန်ပြံုးပြီးဆိုင်ကယ်မောင်းလိုက်သည်။
"ညီလေး --- ဘာအရင်လုပ်မလဲ --- မုန့်အရင်စားမလား ---"
"ဟင့်အင်းကိုကြီးကစားကွင်းကိုအရင်သွားချင်တယ် --- ပြီးတော့မှပဲမုန့်စားမယ်ကိုကြီး ---"
"ဒါဆိုလည်းဟုတ်ပါပြီကွာ ---"
ဝသုန်နဲ့အဂ္ဂဆိုင်ကယ်စီးနေရင်းကနေစကားပြောနေကြလေသည်။စကားတွေပြောနေရင်းနဲ့ပဲတဖြည်းဖြည်းကစားကွင်းကိုရောက်သွားခဲ့သည်။
"ညီလေးဘယ်ကိုအရင်သွားမလဲ ---"
"အရင်ဆုံးလျှောက်ပြီးကြည့်ရအောင်လေကိုကြီး ---"
"အင်း ---"
ကစားကွင်းကကျောင်းဖွင့်ရက်ဆိုတော့လူသိပ်မစည်ပေ။တစ်ချို့နေရာတွေမှာတေ့မိသားစုတွေကိုတွေ့ရ၏။မုန့်ဆိုင်သေးသေးလေးတွေလည်းရှိသည်။ရေကူးကန်လေးတွေမှာလည်းကလေးတစ်ချို့ကိုတွေ့နေရ၏။
"ကိုကြီးဟိုဟာစီးချင်တယ် ---"
"ဟင် --- ဘယ်ဟာလဲ ---"
အဂ္ဂလက်ညှိုးထိုးပြတဲ့နေရာကိုကြည့်လိုက်တော့ပြိုင်ကားသေးသေးလေးတွေကိုတွေ့လိုက်ရသည်။
"အင်း --- သွားစီးလေညီလေး --- ကိုကြီးကြည့်ပေးမယ် ---"
"လာကိုကြီးသွားရအောင် ---"
အဂ္ဂလေးကသူ့လက်ကိုဆွဲကာပြိုင်ကားသေးသေးလေးတွေမောင်းလို့ရတဲ့နေရာကိုအတင်းဆွဲခေါ်သွားလေသည်။ပြိုင်ကားသေးသေးလေးတွေဆိုပေမယ့်လူကြီးတွေစီးလို့ရအောင်လည်းခိုင်ခန့်တော့တစ်ချို့မိသားစုတွေကလည်းစီးနေကြသည်။အဖေနဲ့သားအရွယ်လေးတွေညီအစ်ကိုအရွယ်လေးတွေကိုတွေ့လိုက်ရတော့အဂ္ဂမျက်နှာမှာသဘောကျတဲ့အရိပ်တွေကိုဝသုန်တွေ့လိုက်ရသည်။အဂ္ဂလေးပျော်နေတဲ့အတွက်သူလည်းကျေနပ်သွားမိသည်။
"ကိုကြီးအတူတူစီးရအောင်နော် ---"
"ဟင် ----"
ဝသုန်မျက်လုံးပြူးသွားမိသည်။ဟင့်အင်း --- သူမှကားမစီးရဲတာဘယ်လိုလုပ်ပြီးစီးရမှာလဲ။
"တော်ပြီလေညီလေးရဲ့ကိုကြီးကားမစီးတော့ဘူး ---"
"ကိုကြီးကလည်းညီလေးကတစ်ယောက်ထဲစီးနေရမှာပေါ့ --- ဟိုမှာသူများတွေစီးတာကိုလည်းကြည့်ပါဦးသူတို့မှာအတူတူစီးဖို့အတွက်အတွဲတွေရှိတယ် --- ညီလေးကျတော့တစ်ယောက်ထဲစီးရမှာပေါ့ ---"
အဂ္ဂလေးစကားကိုနားထောင်ပြီးဝသုန်သနားသွားမိသည်။ဟုတ်ပါတယ်သူ့အနေနဲ့လည်းငယ်ငယ်ကတည်းကကစားဖော်ကစားဖက်မှမရှိခဲ့တာ။ပန်းလေးကလည်းသူနဲ့ဘယ်လိုမှကစားပေးနိုင်ခဲ့မှာမဟုတ်ဘူး။ဝသုန့်မျက်လုံးထဲမှာငယ်ငယ်ကဖေဖေမေမေတို့ကားမှောက်တဲ့ပုံတွေကိုမြင်ယောင်လာမိကာတွန့်ဆုတ်သွားမိသည်။ဟင် --- ဒါကအရုပ်ကားပဲငါဘာမှဖြစ်မှာမဟုတ်လောက်ပါဘူး။
"လာပါကိုကြီးရာ --"
အဂ္ဂလေးကသူ့လက်ကိုဆွဲကာပြိုင်ကားမောင်းတဲ့ကွင်းထဲသို့အတင်းခေါ်သွားလေသည်။ထို့နောက်ဝသုန့်ကိုကားတစ်စီးပေါ်သို့အတင်းတွန်းတင်ပေးလိုက်ကာ
"ကိုကြီးကဒီကားပေါ်မှာစီး -- ညီလေးကဟိုကားနဲ့စီးမယ် --- ပြီးရင်ညီလေးတို့နှစ်ယောက်ပြိုင်တိုက်ကြမယ်နော် ---"
အဂ္ဂကပြောလည်းပြောသူနဲ့မျက်နှာချင်းဆိုင်ကကားလေးပေါ်သို့တက်သွားလေသည်။
"ကိုကြီးလုပ်လေ --- ညီလေးလည်းမောင်းတော့မှာနော် ---"
ဝသုန်ကားစတီယာရင်ကိုကြည့်လိုက်ကာချွေးတွေပြန်လာတော့၏။အဂ္ဂလေးကတော့သူ့ကိုစကားတွေလှမ်းပြောနေ၏။သူ့လက်တွေစတီယာရင်ပေါ်သို့တဖြည်းဖြည်းရွေ့လျားသွား၏။
"ဒုန်း ---"
"အား ---"
ဝသုန်လန့်သွားကာလက်တွေကအရုပ်ကြိုးပြတ်ပြုတ်ကျသွားသည်။အဂ္ဂကသူ့ကားနဲ့ဝသုန့်ကားကိုလာတိုက်ခြင်းဖြစ်သည်။ဝသုန်ချွေးတွေပိုပြီးပြန်လာသလိုလိုပင်။အပေါ်ကထပ်ဝတ်ထားတဲ့အကျီလက်ရှည်နဲ့သူ့နဖူးသူချွေးတွေသုတ်လိုက်မိသည်။
"ကိုကြီးဘာဖြစ်လို့လဲဟင် ---"
အဂ္ဂလေးကသူ့ကိုကြည့်ကာအံ့သြတကြီးမေးလိုက်တော့ဝသုန်ခေါင်းရမ်းပြလိုက်ကာအတတ်နိုင်ဆုံးပြန်ပြံုးပြလိုက်သည်။မဖြစ်ဘူး --- အဂ္ဂလေးကိုသူပျော်အောင်ထားပေးရမယ်။ပန်းလေးကိုတော့သူဘယ်လိုမှပျော်အောင်ထားပေးနိုင်တော့မှာမဟုတ်ဘူး။
ဝသုန်ကားစတီယာရင်ကိုအရဲစွန့်ပြီးကိုင်လိုက်ကာစပြီးမောင်းတော့သည်။ငယ်ငယ်ကမောင်းနေကျဆိုပေမယ့်သူမမောင်းတာကြာပြီဖြစ်သည်။ဖေဖေနဲ့မေမေဆုံးသွားပြီးကတည်းကပဲ။
"ဒုန်း ---"
အဂ္ဂကသူ့ကိုထပ်ပြီးတိုက်ပြန်ပြီ။သူအနည်းငယ်တုန်သွားပေမယ့်ချက်ချင်းပဲအဂ္ဂကိုပြန်ပြီးတိုက်လိုက်၏။ချက်ချင်းဆိုသလိုပင်အဂ္ဂလေးကသူ့ကိုကြည့်ကာရယ်တော့သည်။
"ကိုကြီးညီလေးကိုဖြည်းဖြည်းတိုက်နော် --- ကိုကြီးကအခုမှစတယ်ပြင်းလိုက်တာ ---"
"ဆောရီးညီလေး --- ကိုကြီးအရှိန်လျှော့ပေးမယ် ---"
သူတို့နှစ်ယောက်အတူတူရယ်လိုက်ကြသည်။ဝသုန်တဖြည်းဖြည်းနဲ့အရုပ်ကားလေးကသူနဲ့ရင်းနှီးလာတော့သည်။ကျွမ်းကျွမ်းကျင်ကျင်လည်းဆော့နိုင်သွားသည်။ဒါဟာအရုပ်ကားပဲလေ။တကယ့်ကားအစစ်မှမဟုတ်တာ။တကယ့်ကားအစစ်ဆိုရင်တော့သူထိမှာတောင်မဟုတ်။
ကားစီးပြီးတော့သူတို့တွေအဲ့ဒီ့နေရာကနေထွက်လာခဲ့သည်။ဝသုန်နည်းနည်းတော့တုန်တုန်ရီရီဖြစ်နေမိ၏။သူတကယ်ပဲအဲ့ဒီ့ကားကိုစီးခဲ့တာလား။သူ့ကိုယ်သူလည်းအ့ံသြနေမိသည်။
"ကိုကြီး --- ဘာဖြစ်လို့လဲဟင် --- ကိုကြီးကိုကြည့်ရတာတစ်ခုခုဖြစ်နေသလိုပဲ ---"
ဝသုန်ခေါင်းရမ်းပြလိုက်မိသည်။သူ့ရဲ့အားနည်းချက်ကိုဘယ်သူ့ကိုမှမသိစေချင်ပေ။
"ဘာမှမဖြစ်ဘူးညီလေး --- ညီလေးလည်းမောနေပြီပေါ့ --- လာကိုကြီးတို့မုန့်သွားစားရအောင် ---"
"ဟုတ်ကဲ့ ---"
ဝသုန်အဂ္ဂလေးလက်ကိုဆွဲကာကစားကွင်းထဲကမြန်မြန်ထွက်လာမိ၏။အဂ္ဂလေးကိုမုန့်ကျွေးပြီးရင်ပန်းလေးကုမ္ပဏီကပြန်မလာခင်သူအဂ္ဂလေးကိုအိမ်ကိုပြန်ပို့ပေးရမယ်။သူပန်းလေးနဲ့ရင်မဆိုင်ရဲဘူး။ပန်းလေးကိုတွေ့ရင်သူခံနိုင်ရည်ရှိမှာမဟုတ်လို့ပဲ။
သူလည်းမကြာခင်မှာနွေဦးမေနဲ့လက်ထပ်ရတော့မှာ။ဖိတ်စာတွေဝေခဲ့ပြီးပြီလို့ပြောသည်။သူတောင်းဆိုထားတဲ့အချက်ကိုလည်းနွေဦးမေကလက်ခံပေးမယ်ဆိုတဲ့အတွက်တော့သူကျေနပ်ပါတယ်။သူတောင်းဆိုထားတာကဘာလဲဆိုတော့မြေမထိမိုးမခစံအိမ်ကိုပန်းလေးတို့မိသားစုကိုပြန်ပေးဖို့အတွက်ပဲ။ဒါပေမယ့်မင်္ဂလာပွဲပြီးမှပြန်ပေးမှာလို့ပြောသည်။အဲ့ဒါဘာသဘောလဲလို့သူမေးတော့ရှေ့နေနဲ့တိုင်ပင်ပြီးစာရွက်စာတမ်းတွေပြန်လုပ်ရဦးမယ်လို့ပြောခဲ့သည်။အင်းပေါ့လေ --- အဲ့ဒါကလွယ်တာမှမဟုတ်တာ။သူလက်ခံပေးခဲ့ရတာပေါ့။အဲ့ဒါကြောင့်လည်းသူအမြန်ဆုံးမင်္ဂလာဆောင်ချင်သည်။ဒါပေမယ့်သူစိုးရိမ်တာတစ်ခုက --- သူတို့မှာတခြားအကြံအစည်ရှိနေမှာကိုပဲ။
× × × × × × ×
သုရှင် CCTV ကနေတဆင့်ပန်းလေးကိုကြည့်ကာတွေးနေမိသည်။ပန်းလေးကတော့သူ့စာရင်းတွေသူလုပ်နေ၏။ဒါပေမယ့်လည်းအလုပ်ထဲမှာစိတ်ပါတဲ့ပုံမပေါ်။ပန်းလေးကသူတောင်းထားတဲ့အဖြေကိုမပေးသေး။သူပန်းလေးကိုသူသနားမိတာအမှန်ပါ။
သုရှင်စားပွဲပေါ်တင်ထားတဲ့ဖိတ်စာကိုကြည့်ကာပြံုးလိုက်မိသည်။မင်္ဂလာပွဲကဘယ်နှစ်ရက်မှမလိုတော့။ဝသုန်ကဘာမှလုပ်စရာမလိုဘဲနွေဦးမေတို့ဘက်ကအရာအားလုံးအဆင်သင့်ဖြစ်နေခဲ့ပြီ။ဒါကိုလည်းပန်းလေးကသိသေးပုံမပေါ်။ဝသုန်ကသူနဲ့ပတ်သက်ပြီးပန်းလေးကိုဘာမှအသိမပေးတော့။သူပန်းလေးကိုတွေ့ရမှာကြောက်ပြီးကုမ္ပဏီကိုတောင်မလာတော့ပေ။ကုမ္ပဏီမှာဝသုန်မရှိတော့တဲ့အချိန်ကတည်းကပန်းလေးလည်းအရင်လိုမပျော်ရွှင်တော့ဘူးလို့သုရှင်ထင်မိသည်။ခိုင်ဦးပြောသလိုပဲပန်းလေးလည်းဝသုန့်ကိုချစ်နေခဲ့ပြီမို့လို့လား။
"ဒေါက် --- ဒေါက် ---"
"မျက်လုံးကြီးကျွတ်ပြီးမင်းအရှေ့ကကွန်ပျူတာကိုလည်းသွားမှန်ဦးမယ်သုရှင် ---"
အသံကြောင့်သုရှင်လန့်သွားကာအပေါက်ဝကိုလှမ်းကြည့်လိုက်တော့ဂျက်စတင်ကသူ့အနားကိုရောက်လာပြီဖြစ်သည်။
"ဂျက်စတင်ငါပန်းလေးကိုကြည့်နေမှန်းမင်းဘယ်လိုလုပ်ပြီးသိတာလဲ ---"
ဂျက်စတင်ကသူ့ဘေးကခုံမှာထိုင်လိုက်ရင်းကနေရယ်လိုက်လေသည်။
"မင်းမျက်လုံးကဒီကွန်ပျူတာကနေမခွာမှတော့ဘယ်သူ့ကိုကြည့်နေလဲဆိုတာမသိဘဲနေမလား ---"
သုရှင်ပြံုးလိုက်မိသည်။ဂျက်စတင်ကကွန်ပျူတာထဲကပန်းလေးကိုလှမ်းကြည့်လိုက်ကာ
"အင်း -- သူလည်းဝေဒနာသည်လိုဖြစ်နေပြီနော် --- မင်းဘယ်လိုလုပ်မယ်စဉ်းစားထားလဲသုရှင် ---"
"ငါသူ့အချစ်ကိုရဖို့ကြိုးစားနေတယ်ဂျက်စတင် ---"
"ဟုတ်လား --- ငါတော့မင်းအတွက်ဆက်ပြီးကူညီနိုင်တော့မယ်မထင်ဘူးသုရှင် ---"
သုရှင်ဂျက်စတင့်ကိုမော့ကြည့်လိုက်ကာ
"ဘာလဲ ---- မင်းပြန်တော့မှာလားဂျက်စတင် ---"
ဂျက်စတင်လက်ထဲကလေယာဉ်လက်မှတ်ကိုထောင်ပြလိုက်ကာ
"အင်းဟုတ်တယ် --- ငါ့ကိုဒယ်ဒီနဲ့မာမီကလှမ်းခေါ်နေပြီ --- "
"သြော် --- အင်းဟုတ်ပါတယ် -- မင်းကိုခေါ်နေတာကြာလှပြီ ---"
"ဟုတ်တယ်သုရှင် --- ငါပြန်တော့မယ် --- ဒါပေမယ့်ဝသုန့်မင်္ဂလာပွဲကိုတော့မှီပါသေးတယ် --- ငါမင်္ဂလာပွဲကိုကြည့်ချင်သေးတယ် ---"
သုရှင်မျက်နှာကမှုန်သုန်သွားပြန်သည်။
"ငါ့စိတ်ထဲမှာအဲ့ဒီ့မင်္ဂလာပွဲနဲ့ပတ်သက်ပြီးတစ်မျိုးကြီးပဲဂျက်စတင် ---"
"မင်းအတွက်ကောင်းတယ်သုရှင် --- ဝသုန်ကနွေဦးမေကိုမဖြစ်မနေကိုလက်ထပ်ရတော့မှာဆိုတော့ပန်းလေးကိုမင်းပဲပိုင်ဆိုင်ရတော့မှာ --- ငါကလည်းမင်းအတွက်စွန့်လွှတ်ပြီးသား ---"
"အဲ့ဒီ့အတွက်ငါမင်းကိုကျေးဇူးတင်ပါတယ်ကွာ ---"
"မလိုပါဘူးကွာငါလိုချင်တာအဲ့ဒါမှမဟုတ်တာ --- ငါဘာလိုချင်တယ်ဆိုတာကိုမင်းသိပါတယ် ---"
သုရှင်အကြည့်တွေကကွန်ပျူတာကနေတဆင့်ဂျက်စတင့်ဆီရောက်လာကာခေါင်းငြိမ့်ပြလိုက်ပြီး
"ငါနားလည်ပါတယ်ကွာ -- ငါသိလည်းသိပါတယ် --- ဒါပေမယ့်ကွာ ---"
ဂျက်စတင်လက်ကာပြလိုက်ပြီး
"တော်တော့သုရှင် --- ငါမသွားခင်အထိတော့မင်းကိုတတ်နိုင်သလောက်ကူညီပေးသွားမှာ --- အဲ့ဒီ့အတွက်လည်းပူမနေနဲ့ --- ဝသုန်နဲ့နွေဦးမေတို့မင်္ဂလာဆောင်ပြီးတာနဲ့မင်းနဲ့ပန်းလေးတို့အလှည့်ပဲ----"
သုရှင်ကသက်ပြင်းချလိုက်တော့ဂျက်စတင်အလိုမကျဖြစ်သွား၏။
"ပန်းလေးငါ့အချစ်ကိုလက်ခံမယ်လို့ငါမထင်ဘူးဂျက်စတင် ---"
"ကျွတ် --- မင်းဒီစကားပြောပြန်ပြီ --- သုရှင် --- မင်းခံစားချင်လို့လား ---"
"ငါ ---"
"တော်တော့ကွာ --- ပန်းလေးရဲ့အချစ်ကိုမင်းရစေရမယ် ---"
"ကျွီ ---"
တံခါးဖွင့်သံကြောင့်သူတို့နှစ်ယောက်စလုံးတံခါးပေါက်ကိုလှည့်ကြည့်လိုက်ကြလေသည်။
"ဟင်ပန်းလေး ---"
သုရှင်ဂျက်စတင်ပြောတဲ့စကားတွေကိုပန်းလေးကြားသွားပြီလို့ထင်ကာထိတ်လန့်သွားလေသည်။
"ဟိုပန်းလေးတောင်းပန်ပါတယ်နော် --- တံခါးမခေါက်ဘဲဝင်လာမိလို့ ---"
သုရှင်ပန်းလေးကိုကြည့်ကာခေါင်းငြိမ့်ပြလိုက်ပြီး
"ရတယ်ပန်းလေးဝင်ခဲ့လေ ---"
ပန်းလေးခေါင်းငြိမ့်ပြလိုက်ပြီးအထဲကိုဝင်လာ၏။
ပန်းလေးကသူ့လက်ထဲကဖိုင်ကိုသုရှင်ရှေ့ကိုချပေးလိုက်ပြီး
"ပန်းလေးလုပ်ထားတဲ့စာရင်းတွေပါ --- MD လက်မှတ်ထိုးဖို့လာပေးတာပါ ---"
စကားပြောနေရင်းကနေပန်းလေးအကြည့်တွေကစားပွဲပေါ်ကဖိတ်စာဆီသို့ရောက်သွားလေသည်။သုရှင်ပန်းလေးကိုမော့ကြည့်လိုက်ကာချက်ချင်းပဲဖိတ်စာကိုယူပြီးအံဆွဲထဲကိုဆွဲထည့်လိုက်လေသည်။
"ပေးလေပန်းလေး ---"
ပန်းလေးလက်ထဲကဖိုင်ကို MD ကိုပေးလိုက်ပေမယ့်သူမမျက်လုံးတွေကတော့ MD လက်လှုပ်ရှားရာအံဆွဲလေးဆီသို့သာပါသွားတော့သည်။
"ပန်းလေးထားခဲ့လိုက်လေ --- ကိုယ်လက်မှတ်ထိုးပြီးရင်လာပေးလိုက်မယ် ---"
ပန်းလေးခေါင်းငြိမ့်လိုက်ပေမယ့်သူ့အကြည့်တွေကိုသုရှင်သိနေတော့မလုံမလဲဖြစ်နေမိသည်။ပန်းလေးဖိတ်စာကိုမြင်သွားတာလား။
"ပန်းလေး --- ပြီးရင်ကျွန်တော်လာပို့ပေးလိုက်မယ်လေ --- ကျွန်တော်နဲ့သုရှင်အရေးကြီးတဲ့စကားပြောနေလို့ပါ ---"
ကြားထဲကနေဂျက်စတင်ဝင်ပြောလိုက်တော့မှပန်းလေးခေါင်းငြိမ့်လိုက်ကာ
"သြော်ဟုတ်ကဲ့ပါကိုဂျက်စတင် ---"
ပန်းလေးခေါင်းငြိမ့်ပြီးအခန်းထဲကထွက်လာခဲ့ပေမယ့်သူမမြင်လိုက်မိတဲ့အရာကတော့သူမမျက်လုံးထဲကနေမထွက်တော့။အဖြူရောင်ဖွေးဖွေးစွတ်နေတဲ့ဖိတ်စာတစ်ခု။သူမမြင်လိုက်တဲ့နာမည်လေးတစ်ခုမောင်ဝသုန် --- ဒါကိုပဲသူမမြင်လိုက်မိသည်။
ပန်းလေးတွေးနေရင်းကနေမျက်လုံးပြူးသွားကာ
"ဟင် --- အဲ့ဒါဂျာကြီးနဲ့မမနွေဦးရဲ့မင်္ဂလာဆောင်ဖိတ်စာမို့လား ---"
သုရှင် CCTV ကနေပန်းလေးကိုကြည့်ကာသက်ပြင်းချလိုက်လေသည်။
"ဂျက်စတင်မင်းတွေ့လား -- ပန်းလေးရဲ့ပုံစံကိုကြည့်လိုက် --- ပန်းလေးလည်းဝသုန့်အပေါ်မှာ ----"
"ကျွတ် --- သုရှင်အဲ့ဒါမင်းနဲ့ဆိုင်လို့လား --- အဲ့ဒါလည်းမင်းအတွက်အခွင့်ကောင်းပဲ --- တွေးမနေနဲ့ကွာ ---"
သုရှင်သူ့ရုံးခန်းရှေ့မှာမတ်တပ်ရပ်နေတဲ့ပန်းလေးကိုကြည့်ကာခေါင်းရမ်းလိုက်မိသည်။
"ငါတော့မထင်ဘူးဂျက်စတင် ---"
အဲ့ဒါသူစိတ်ထဲကနေပြောနေခြင်းသာဖြစ်သည်။ဂျက်စတင့်ကိုတော့မပြောဖြစ်။ထို့နောက်ပန်းလေးကသူ့ရုံးခန်းရှေ့ကနေတရွေ့ရွေ့ထွက်ခွာသွားတော့သည်။ဟုတ်တယ်သူထင်တာမမှားဘူး။ပန်းလေးလည်းဝသုန့်ကိုချစ်နေခဲ့တာ။ဖိတ်စာကနာမည်ကိုပန်းလေးတွေ့သွားတာလား။
ဟူး --- သူဘယ်လိုလုပ်ရမလဲ။ပန်းလေးအချစ်ကိုရဖို့ဝေးစွ။ပန်းလေးသူ့အချစ်ကိုနားလည်လာအောင်တောင်မှသူတော်တော်ကြိုးစားရဦးမယ်။ပန်းလေးသာသူ့အချစ်ကိုလက်မခံခဲ့ရင်သူဘယ်လိုလုပ်ရမလဲ။သူဆက်ပြီးရှင်သန်နိုင်ပါ့မလား။ဒါပေမယ့်သူ့မှာစိတ်ရင်းတစ်ခုပဲရှိတယ်။အဲဒါကတော့သူပန်းလေးကိုပျော်ရွှင်စေချင်တာပါပဲ။

#####
အိပ်မက်ကြယ်

ဟန်​ဆောင်အမုန်း (Completed)Where stories live. Discover now