ဒုတိယတွဲ - အခန်း(၃)

274 4 0
                                    

💜 ဟန်ဆောင်အမုန်း 💜
💜 ဒုတိယတွဲ 💜
💜 အခန်း(၃) 💜

"ပန်းလေး ကိုယ် ကုမ္ပဏီကိုသွားတော့မယ်နော် ----"
"ဟုတ် MD ---"
"မေမေနဲ့ဖေဖေ ---"
သုရှင် လက်ထဲကအိတ်ကိုကိုင်ထားရင်းကနေ သားလေးကိုလှည့်ကြည့်လိုက်ကာ
"ဘာများလဲ သားလေး ---"
ပန်းလေးကသားလေးကိုပွေ့ချီလိုက်ကာ
"ဘာပြောမလို့လဲ သား ---"
သားလေးက သူတို့နှစ်ယောက်ရဲ့မျက်နှာတွေကို တစ်လှည့်စီကြည့်လိုက်ရင်းကနေ သူ့ခေါင်းသူ လက်ညှိုးလေးနဲ့ထောက်လိုက်ပြီး
"သား စဉ်းစားနေခဲ့တာကြာလှပြီ --- ဘယ်လိုမှ အဖြေရှာမရဘူး --- အဲ့ဒါ ဖေဖေနဲ့မေမေကို မေးရဦးမယ် ---"
သားလေးရဲ့စကားကြောင့် သူတို့နှစ်ယောက် ရယ်လိုက်မိကြလေသည်။
"အမယ် --- သားလေးက ကြီးကြီးကျယ်ကျယ်တွေပြောလို့ပါလား ---"
"ဟုတ်သားပဲ --- ဘာတွေများစဉ်းစားလို့မရလို့လဲ သားရဲ့ ---"
"ဒီလို မေမေရဲ့ --- မေမေက ဖေဖေ့ကိုဘာလို့ MD လို့ခေါ်တာလဲဟင် --- MD ဆိုတာ မြန်မာလိုက ဘာတဲ့လဲ ---"
"ဟင် --- "
သူတို့နှစ်ယောက်စလုံးဆွံ့အသွားကြသည်။ ပန်းလေးကတော့ မျက်နှာ သိသိသာသာပျက်သွားသည်ကို သုရှင်သတိထားမိလိုက်သည်။
"သားညီတို့မိဘတွေကျတော့ အခုလိုမဟုတ်ဘူး ဖေဖေနဲ့မေမေရဲ့ --- သားညီရဲ့အမေက သားညီရဲ့အဖေကို ယောကျာ်းလို့ခေါ်တယ် --- မေမေကကျတော့ ဘာလို့ --- မ ---"
"တော်စမ်း --- သား ---"
ပန်းလေးက အော်လိုက်တော့ သားလေးက ပန်းလေးကို တအံ့တသြကြည့်နေလေသည်။
"မေမေ ---"
သုရှင် ပန်းလေးလက်ထဲကနေ သားလေးကို ကမန်းကတမ်း ဆွဲယူပြီးချီလိုက်ကာ
"ပန်းလေးကလည်းကွာ ဘာလို့ ကလေးကိုအော်ရတာလဲ --- "
သားလေးရဲ့မျက်နှာကလည်း မဲ့သွားလေသည်။
ပန်းလေးရဲ့အကြည့်တွေက သားလေးဆီသို့ရောက်လာ၏။
"သား --- သားမေမေက ဖေဖေ့ကို သားညီရဲ့မိဘတွေလိုခေါ်တာပဲလေကွ --- "
"ဟင် ---"
သားလေးက သုရှင်ပြောတာကို နားမလည်သလိုဖြစ်သွားကာ သေချာငေးကြည့်နေလေသည်။ ထို့နောက် ပန်းလေးကိုကြည့်လိုက်ပြီး
"ဟုတ်လားဟင် မေမေ ----"
ပန်းလေး သားလေးကို ဘာပြန်ပြောရမှန်းမသိဖြစ်သွား၏။ MD က ဘာအဓိပ္ပာယ်နဲ့ပြောမှန်း သူမှမသိတာ။ သားလေး မျက်နှာမကောင်းဖြစ်သွားတာကိုတော့ သူသတိထားလိုက်မိသည်။ အဲ့ဒီ့အတွက် သူစိတ်မကောင်း ဖြစ်သွားမိ၏။
"မေမေ ---"
ပန်းလေး MD ကိုကြည့်လိုက်တော့ MD ကရယ်နေလေသည်။
"ဖေဖေပြောပြမယ် သားရဲ့ --- MD ဆိုတဲ့အဓိပ္ပာယ်က သားမေမေက ဖေဖေ့ကိုအတိုကောက်ခေါ်တာ အရှည်ကောက်ကို ဖေဖေပြောရမယ် ---"
သားလေးက MD ပြောမယ့်စကားကို စိတ်ဝင်စားစွာနားထောင်နေလေသည်။ ပန်းလေးကတော့ MD ဘာပြောမလဲဆိုပြီး နားထောင်နေကာ MD လက်ထဲကအိတ်ကို ဆွဲယူလိုက်သည်။
"M ဆိုတာ My လို့အဓိပ္ပာယ်ရတယ် သားရဲ့ --- "
" My ဆိုတာက မြန်မာလို ကျွန်တော်/ကျွန်မ --- ဟုတ်တယ်မို့လား ဖေဖေ ---"
သုရှင် သားလေးကိုခေါင်းငြိမ့်ပြလိုက်ကာ သားလေးရဲ့ပါးကိုအသာလေးဖိလိုက်ပြီး
"သားက တော်လိုက်တာ --- အင်း --- ဒါဆို Dကရော ဘာလဲသိလား ---"
"D --- ဟင့်အင်း --- သိဘူး ဖေဖေ ---"
"D ဆိုတာက ---- ဒါလင် --"
"ဟာ --- သိပြီ သားသိပြီ ဖေဖေ ---"
သုရှင်ပြောနေရင်းကနေ သားလေးက အလန့်တကြားနဲ့ထပြောလိုက်တော့ သူတို့နှစ်ယောက်လုံး အံ့သြသွားကြလေသည်။ တစ်ယောက်မျက်နှာတစ်ယောက်လည်း ကြည့်လိုက်မိကြသည်။
"ဘာလဲ သားရဲ့ ---"
"နိုင်ငံခြားဇာတ်ကားတွေထဲမှာ မိန်းမလုပ်တဲ့လူက သူ့ယောကျာ်းကို ဒါလင်လို့ခေါ်တာလေ --- ဖေဖေပြောတာ အဲ့ဒါမို့လား --- ဒါဆို MD ဆိုတာ My Darling ပေါ့ ဟုတ်လားဖေဖေ ---- ဒါဆိုရင်မေမေက ဖေဖေ့ကို ချစ်မြတ်နိုးသူလို့ပြောတာပဲပေါ့ ----"
သူတို့နှစ်ယောက်လုံး မျက်လုံးပြူးသွားကြလေသည်။
"ဟင် သား --- "
ပန်းလေး အလန့်တကြားအော်လိုက်မိသည်။
"ဖေဖေ --- ဟုတ်တယ်မို့လား --- ဟုတ်တယ်မို့လားဟင် ---"
သုရှင် ရယ်နေရင်းကနေ သားလေးကိုခေါင်းငြိမ့်ပြလိုက်၏။
"ဟေး -- ဟုတ်တယ် -- ဟုတ်တယ် --- ဒါဆို မေမေ MD လို့ခေါ်တာဟာ My Darling ဆိုတဲ့အဓိပ္ပာယ်ပဲ --- ဝါး --- ဒါဆို မေမေက သားညီတို့မိဘတွေထက်တောင်မှ ခေတ်မှီသေးတယ် ---"
"သား --- လာတွေပြောနေတာလဲ ---"
ပန်းလေး MD အပေါ် ရှက်ရွံ့အားနာစွာ ခေါင်းငုံ့လိုက်မိတော့ သားလေး ပါးစပ်က ပန်းလေးကိုကြည့်ကာ အငြိမ်မနေပေ။
"မေမေ ရှက်သွားပြီ ဖေဖေ ---"
သုရှင် ပန်းလေးတို့သားအမိကိုကြည့်ကာ ရယ်ချင်စိတ်ကို ဘယ်လိုမှမမြိုသိပ်နိုင်ပေ။ သားလေးက သွက်သွက်လက်လက်နဲ့ဉာဏ်ကောင်းလွန်းလေသည်။
"MD နော် ဘာရယ်တာလဲ ---"
"ဟား --- ဟား --- ဟား --- ပန်းလေးကလည်းကွာ --- ကလေးပြောနေတာလည်း ဟုတ်နေတာပဲဟာ ---"
ပန်းလေး သုရှင်ကိုမျက်စောင်းထိုးလိုက်မိသည်။ သားလေးကလည်း သူနဲ့ MD ကိုကြည့်ကာ ရယ်နေလေသည်။ သားလေးရယ်နေတဲ့ပုံကိုကြည့်ကာ ပန်းလေး မျက်လုံးထဲမှာလူတစ်ယောက်ကို မြင်ယောင်သွားမိ၏။ သားလေးရယ်နေတဲ့ပုံက ဂျာကြီးနဲ့သိပ်တူတာပဲ။ သတိရလိုက်တာ ဂျာကြီးရယ်။
"သားလေးရေ --- မိုးမြေရှင် ကျောင်းသွားရအောင်လေကွယ် -- ဘာမှလည်းမပြင်ရသေးဘူး -----"
ဒေါ်ရွှေဝါက မီးဖိုထဲကထွက်လာကာ ပန်းလေးတို့အနားရောက်လာပြီး ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ ဖွားဖွားရဲ့ --- သား လာပါပြီ ---"
ဒေါ်ရွှေဝါက သားလေးကိုပွေ့ချီပြီး သူတို့ရှေ့ကနေ ထွက်သွားလေသည်။ ပန်းလေး သားလေးကိုကြည့်နေရင်းကနေ ဂျာကြီးကိုသတိရသွားပြီ မျက်ရည်တွေဝဲလာ၏။ အဲ့ဒီ့အချိန်မှာ ပန်းလေးရဲ့ပခုံးပေါ်ကို လက်တစ်ဖက်ရောက်လာတဲ့အထိအတွေ့ကို ပန်းလေးခံစားလိုက်ရ၍ MD ကိုမော့ကြည့်လိုက်သည်။
"သားလေးကိုကြည့်ပြီး ပန်းလေး ဝသုန့်ကို သတိရသွားတာလား ---"
ပန်းလေး ခေါင်းပဲငြိမ့်ပြလိုက်မိ၏။
"အင်းနော် --- ဝသုန်သာရှိသေးမယ်ဆိုရင်ကောင်းမှာပဲ --- အဲ့ဒီ့အခါကျရင် သားလေးကိုမြင်ပြီး သူဘယ်လောက်တောင်မှ ပျော်သွားမလဲ --- သားလေးက သူနဲ့တစ်ပုံစံထဲပဲ --- စိတ်ဓာတ်ရော ရုပ်ရော --- သူသာသိရင် သိပ်ကောင်းမှာပဲ ---"
ပန်းလေး မျက်ရည်တွေကျလာတော့၏။
"မငိုပါနဲ့ပန်းလေးရယ် --- ဒီလိုမျိုးငိုလာရတာ ဘယ်လောက်တောင်မှကြာခဲ့ပြီလဲ --- အခုချိန်ထိ ပန်းလေးမှာ ငိုဖို့မျက်ရည်တွေကျန်နေသေးတာလား --- ပန်းလေး မျက်ရည်မကျဖို့အတွက် ကိုယ်ဘာလုပ်ပေးရမလဲ --- ဟင် ပြောပါ ကိုယ်ဘာပဲဖြစ်ဖြစ် လုပ်ပေးမယ် ----"
"ကျေးဇူးတင်ပါတယ် MD ရယ် --- MD ပန်းလေးကို လက်ထပ်လိုက်တာနဲ့တင်ပဲ MD ဘဝတစ်ခုလုံး ပျက်စီးသွားခဲ့တာပါ --- ပန်းလေး တောင်းပန်ပါတယ်နော် ---"
သုရှင် ခေါင်းရမ်းလိုက်ကာ
"မလိုပါဘူးကွာ ကိုယ်ကိုယ်တိုင်က သဘောကျလို့လက်ထပ်ခဲ့တာပါ --- ပန်းလေလည်း သိပါတယ် --- ကိုယ်လည်း ပန်းလေးကိုချစ်နေခဲ့တာပဲ --- ဝသုန့်ကိုယ်ဝန်ကို ပန်းလေးမလွယ်ခင်ကတည်းက ကိုယ်က ချစ်ခဲ့ရတာပါ ပန်းလေးရယ် ----"
နားလည်မှုပေးနိုင်တဲ့ MD ကို ပန်းလေးကျေးဇူးတင်နေမိသည်။
ဝသုန်နဲ့နွေဦးမေ မင်္ဂလာဆောင်တဲ့နေ့ကမှ သုရှင်အဖြစ်မှန်အားလုံးကို သိရှိခဲ့ရတာဖြစ်သည်။ အဲ့ဒါ ခိုင်ဦး ပြောပြလို့ပါ။ ဝသုန်နဲ့ပန်းလေးနဲ့မှားခဲ့တဲ့ကိစ္စ။ အဲ့ဒါကို ဝသုန်လည်းသိသည်။ ဒါပေမယ့် မင်္ဂလာပွဲပျက်ပြီး ဝသုန်ပျောက်သွားခဲ့သည့်အတွက် ဒီနောက်ပိုင်းကိစ္စတွေကို ဘယ်သူမှမသိတော့။ ဝသုန် တမလွန်ရောက်နေပြီ ဆိုရင်တောင်မှ ဒီကိစ္စအတွက် ဘယ်လိုဖြေရှင်းပေးမယ်ဆိုတာကို သူ သိချင်ခဲ့သည်။ ဒါပေမယ့် အဲ့လိုစဉ်းစား ဖို့တောင်မှ သူ့အတွက် အချိန်ကမရှိခဲ့။
ဝသုန်ပျောက်သွားကတည်းက ပန်းလေးက ကုမ္ပဏီကအလုပ်ထွက်သွားခဲ့သည်။ မြေမထိမိုးမခစံအိမ်နဲ့တကွ ပန်းလေးရဲ့အဖေပိုင်တဲ့လုပ်ငန်းအားလုံးကိုလည်း ပြန်ရခဲ့၏။ ပန်းလေးရဲ့အမေကလည်း လူ့လောကကြီးကို စိတ်ကုန်ကာ ယောဂီဝတ်သွားခဲ့သည်။
တဖြည်းဖြည်း အချိန်တွေကြာလာတာနဲ့အမျှ ပန်းလေးရဲ့ကိုယ်ဝန်ဟာ ပေါ်လာတော့သည်။ အစကတည်းက သူ ပန်းလေးကိုလက်ထပ်ဖို့အတွက် ပြောခဲ့ပေမယ့် ပန်းလေးကငြင်းခဲ့၏။ တဖြည်းဖြည်း ကိုယ်ဝန်ကပေါ်လာတော့ ပန်းလေးကနေနိုင်ခဲ့ပေမယ့် သူကတော့ မနေနိုင်ခဲ့ပါ။ လက်ထပ်ဖို့အတွက်သာ တတွတ်တွတ်ပြောတော့သည်။
ဝသုန်မှမရှိတော့တာ ပန်းလေးကို ဘယ်သူတာဝန်ယူမှာလဲ။ သူမှတာဝန်မယူရင် ပန်းလေး လူကြားထဲမှာ အရှက်ကွဲရမှာပေါ့။ ပန်းလေးကို သူ အဲ့လိုလည်းမဖြစ်စေချင်ဘူး။ သူ အကြိမ်ကြိမ်အခါခါပြောတော့မှပဲ ပန်းလေးက သဘောတူလက်ခံတော့သည်။ အဲ့ဒါတောင်မှ ကလေးမွေးပြီးရင်တော့ ကွာရှင်းမှာလို့ ပန်းလေးက ပြောသေးသည်။ ပန်းလေးက သူ့အတွက်စဉ်းစားပြီး ပြောနေမှန်းသူသိပါတယ်။ ဒါပေမယ့် မိုးမြေရှင်ကို မွေးပြီးတော့လည်း သူ ကွာရှင်းမပေးခဲ့။ လူတိုင်း သိထားတာက မိုးမြေရှင်က သုရှင်မင်းနဲ့ ရင်ဝှက်ပန်းတို့ရဲ့ ကလေးဆိုတာပဲ။ တကယ့်အဖြစ်မှန်ကို သူရယ်၊ ပန်းလေးရယ်၊ ခိုင်ဦးရယ်ကလွဲရင် ဘယ်သူမှမသိကြ။ ဝသုန်လည်းသိပါတယ်။ ဒါပေမယ့် ဝသုန်ကမှ မရှိတော့တာ။
သူ ပန်းလေးရဲ့တစ်ဘဝလုံးကို ထာဝရတာဝန်ယူချင်မိသည်။ ကလေးနာမည်ပေးတော့လည်း သူ့နာမည်ရော ဝသုန့်နာမည်ပါပါအောင် ပန်းလေးကပေးခဲ့၏။ ဒါကလည်း သူ့ရဲ့စိတ်ကို ပန်းလေးက နားလည်ခဲ့လို့ပဲလို့ သူသတ်မှတ်ထားခဲ့သည်။ အဲ့ဒါကြောင့် သားလေးကိုမွေးပြီးတဲ့အထိ သူ ပန်းလေးကို မကွာရှင်းပေးနိုင်ခဲ့တာပဲ။ သူ ပန်းလေးကိုချစ်တယ်။ အခုချိန်ထိ ဟိုးအရင်တုန်းကလိုမျိုးချစ်နေသေးတယ်။
"MD ကုမ္ပဏီကိုသွားတော့မှာမို့လား ----"
"အင်း --- ကိုယ်သွားတော့မှာ ပန်းလေး ---- ဖေဖေနဲ့မေမေကလည်း သားလေးကိုတွေ့ချင်တယ်လို့ ပြောနေတယ် --- ပန်းလေး အားတဲ့တစ်ရက်လောက် သွားရအောင်နော် ----"
ပန်းလေး ခေါင်းငြိမ့်ပြလိုက်ကာ
"ဟုတ် --- မနက်ဖြန်လောက်သွားမယ်လေ --- နောက်ပြီး ပန်းလေး MD ကို တစ်ခုလောက်ပြောချင်တယ် ---"
"အင်း --- ပြောလေ ---"
"တကယ်လို့ MD မှာချစ်ရမယ့်သူရှိရင် ပန်းလေးကိုပြောပါနော် ---"
ပန်းလေးရဲ့စကားကြောင့် သုရှင် အံ့သြသွားကာ နားမလည်လည်းဖြစ်သွားမိ၏။
"ပန်းလေး ဘာပြောတာလဲ ---"
ပန်းလေးက သူ့ကို မဝ့ံမရဲကြည့်ကာ ပြောချင်တဲ့စကားလုံးတွေကို ရွေးချယ်နေလေသည်။
"ဟို --- MD မှာချစ်ရမယ့်သူရှိလာခဲ့ရင် ပန်းလေး MD ကို ကွာရှင်းပေးမယ်လို့ပြောတာပါ ---"
"ကျွတ် ---"
သုရှင် အလိုမကျစွာစုပ်သတ်လိုက်မိသည်။ ဒီလိုစကားမျိုးကို မပြောအောင်လို့ သူအကြိမ်ကြိမ် သတိထားခဲ့ပေမယ့် ပန်းလေးက ပြောလာခဲ့ပြီ။ ဒီစကားတစ်ခါကြားတိုင်း ရင်ထဲမှာ အသက်ရှုကြပ်လွန်းတာကို သူကလွဲလို့ ဘယ်သူကများ သိနိုင်မှာလဲ။
"ကိုယ် ပန်းလေးကို ဘယ်တော့မှမကွာရှင်းဘူး ပန်းလေး --- ကိုယ့်ဘဝမှာ ချစ်ရမယ့်သူဆိုတာလည်း နောက် ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး --- ကိုယ်ရှာလည်းမရှာဘူး --- ရှာစရာလည်းမလိုတော့ဘူး ---- အခု ကိုယ်လက်ထပ်ထားတဲ့ ရင်ဝှက်ပန်းဆိုတာ ကိုယ့်တစ်ဘဝလုံးမှာ အချစ်ရဆုံးမိန်းကလေးပဲ --- နောက်ထပ်အချစ်ဆိုတာလည်း ရှိလာတော့မှာမဟုတ်ဘူး ----"
ပန်းလေးရဲ့မျက်နှာမှာ အံ့သြစိတ်၊ စိတ်မကောင်းစိတ်၊ မယုံနိုင်သည့်စိတ်တို့ဖြစ်ပေါ်ကာ သုရှင်ကို သေချာငေးကြည့်နေလေသည်။
"MD က ပန်းလေးကို မကွာရှင်းပေးဘူး --- ဟုတ်လား MD ---"
သုရှင် ခေါင်းငြိမ့်လိုက်ကာ
"ဟုတ်တယ် ပန်းလေး ---- ပန်းလေးနဲ့ကိုယ်နဲ့က တကယ့်အိမ်ထောင်ဖက်တွေမဟုတ်ပေမယ့် --- လူတိုင်းရဲ့အမြင်မှာ ကိုယ်တို့ဟာ လင်မယားတွေပဲ --- ဒီလိုမျိုးပဲ တစ်သက်လုံးနေသွားမယ် ----"
"ဟင့်အင်း ပန်းလေးကတော့ မနေနိုင်ဘူး MD ---"
"ဟင် ---"
သုရှင် အံ့သြသွားလေသည်။ ပန်းလေးပြောတာ ဘာအဓိပ္ပာယ်လဲ။
"ဟုတ်တယ် --- ပန်းလေးကြောင့် MD ဘဝတစ်ခုလုံး စုတ်ပြတ်သတ်သွားခဲ့ပြီးပြီ -- နောက်ထပ်တော့ ပန်းလေး အဖြစ်မခံနိုင်တော့ဘူး MD --- MD သဘောကျတဲ့မိန်းကလေးနဲ့တွေ့ရင် ပန်းလေး ကိုယ်တိုင် ကွာရှင်းပေးမယ် ---"
"ကိုယ်ကတော့ မကွာရှင်းပေးဘူး ပန်းလေး --- ပန်းလေးရဲ့အနားမှာ ပန်းလေးနဲ့သားလေးကို အရိပ်လိုမျိုး တစ်ဘဝလုံးစောင့်ရှောက်နေမယ် --- ဒါပေမယ့် ---"
သုရှင် ဆက်မပြောဘဲ စဉ်းစားလိုက်မိ၏။ ဝသုန်သာ ပြန်ပေါ်လာခဲ့မယ်ဆိုရင်တော့ သူ့မှာ အခုလိုမျိုး လုပ်ပိုင်ခွင့်ရှိမှာမဟုတ်တော့။ ဟင့်အင်း မဖြစ်နိုင်ပါဘူး --- အလောင်းသာ ပြန်မတွေ့တာ ဝသုန် က သေတာကြာပြီပဲ။ မသေဘူးဆိုရင် ဝသုန် ပြန်ပေါ်လာရမှာပေါ့။ အခုလိုမျိုး ငါးနှစ်လောက်အထိ ပျောက်နေစရာ လိုလို့လား။
"ဒါပေမယ့် ဘာဖြစ်လဲ MD -- ပန်းလေးဘဝထဲကို ဂျာကြီး ပြန်ရောက်လာခဲ့မယ်ဆိုရင်တော့ MD ပန်းလေးနဲ့ ကွာရှင်းမယ်လို့တွေးနေတာလား ---"
သူတွေးနေတာကို ပန်းလေးက ရိပ်မိသွားပုံပေါ်၏။ သူ့ကိုကြည့်ကာ ပြောနေလေသည်။
"အဲ့လိုသာဆိုရင်တော့ ပန်းလေး MD နဲ့ ဘယ်တော့မှ ကွာရှင်းရတော့မှာမဟုတ်ဘူး --- ဂျာကြီးက ပန်းလေးတို့ဘဝထဲမှာ ဘယ်တော့မှ ပြန်ပေါ်လာတော့မှာမှ မဟုတ်တော့တာ --- ဂျာကြီး --- ဂျာကြီးက သေသွားခဲ့ပြီပဲ ---- "
ပြောနေရင်းကနေ ပန်းလေးရဲ့အသံက တိမ်ပြီးဝင်သွားကာ ရှိုက်သံထွက်လာတော့၏။ သုရှင် ပန်းလေးကိုဆွဲပြီး ဖက်လိုက်ကာ
"ဘာလို့ငိုနေတာလဲ ပန်းလေးရယ် --- မင်းက တကယ် အငိုသန်တဲ့ကောင်မလေးပဲ --- ဘယ်လောက်ငိုငို မျက်ရည်က ကုန်သွားတယ်လို့ကိုမရှိဘူးနော် ---"
သုရှင် ပန်းလေးကိုဖက်ထားရင်းကနေ ပန်းလေးရဲ့ဆံပင်တွေကို ပွတ်သပ်လိုက်ကာ ကြင်နာတိုးညှင်းသော အသံဖြင့် ပြောလိုက်လေသည်။
ပန်းလေး သူ့ရင်ခွင်ထဲမှာ ကလေးတစ်ယောက်လို ရှိုက်ငိုနေမိ၏။ ဂျာကြီးမရှိတဲ့ ငါးနှစ်ဆိုတဲ့ကာလအတွင်းမှာ ဒီရင်ခွင်ဟာ သူမအတွက် နာကျင်စရာဝေဒနာအားလုံးကို ကုသရာနေရာတစ်ခုဖြစ်ခဲ့သည်။ ကြင်နာတတ်တဲ့ ရင်ခွင်၊ ပျော်ရွှင်မှုတွေသာဆောင်ကြဉ်းပေးတဲ့ရင်ခွင်၊ နာကျင်မှုတွေပပျောက် သွားစေတဲ့ရင်ခွင်တစ်ခု။ ဒီရင်ခွင်ဟာ သူမနဲ့ထိုက်တန်တဲ့ရင်ခွင်မဟုတ်တာကို သူမသိခဲ့၍ ငြင်းခဲ့ပေမယ့်လည်း ဒီရင်ခွင်ဟာ သူမကို အငြင်းမခံခဲ့ဘဲ နွေးထွေးစွာ အစဉ်ထာဝရညင်သာစွာ ပွေ့ဖက်ထားခဲ့လေသည်။ ဒါပေမယ့်လည်း ပန်းလေး တမ်းတမိတာဟာ ဂျာကြီးရဲ့ရင်ခွင်ကိုပါ ဂျာကြီးရယ်။
× × × × × × ×

#####
အိပ်မက်ကြယ်

ဟန်​ဆောင်အမုန်း (Completed)Donde viven las historias. Descúbrelo ahora