အခန်း(၁၄)

316 5 0
                                    

💜 ဟန်ဆောင်အမုန်း 💜
💜 အခန်း(၁၄) 💜

"အန်တီပြောတာတွေအားလုံးကအမှန်တွေပါနော်---"
အဒေါ်ကြီးကဝသုန့်ကိုခေါင်းငြိမ့်ပြရင်းကနေမြေမထိမိုးမခစံအိမ်ကြီးကိုလှမ်းကြည့်လိုက်လေသည်။ သူမရဲ့မျက်နှာမှာလည်းခံစားချက်တစ်ခုခုအပေါ်ဆွေးမြေ့စွာခံစားရသလိုလိုဖြင့်အိမ်ကြီးကိုလှမ်းကြည့်နေခြင်းဖြစ်သည်။
"အမှန်တွေပါကွယ် --- အားလုံးဟာအမှန်တွေပဲ --- အဒေါ့်မျက်စိရှေ့မှာတင်ဖြစ်ပျက်သွားခဲ့တဲ့ကိစ္စ ---သီရိကသိပ်သနားစရာကောင်းခဲ့တာ ---"
ဝသုန်ပန်းလေးနဲ့အတူပထမဆုံးထိုင်ဖူးခဲ့တဲ့လ္ဘက်ရည်ဆိုင်မှာထိုင်နေခြင်းဖြစ်သည်။ဒီစံအိမ်ကြီးနဲ့ပတ်သက်ပြီး စုံစမ်းဖို့အတွက်သူပထမဆုံးခြေလှမ်းကိုစတင်လှမ်းခဲ့ပြီဖြစ်သည်။
"အခုလိုပြောပြတဲ့အတွက်ကျေးဇူးတင်ပါတယ်အန်တီရွှေဝါ ---"
ဒေါ်ရွှေဝါကဝသုန့်ကိုလက်ကာပြလိုက်ကာ
"မလိုပါဘူးလူလေးရယ် --- အဒေါ်ကိုယ်တိုင်ကလည်းဒီအမှန်တရားကိုဖော်ထုတ်ချင်ခဲ့တာ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး --- အဲ့ဒီ့အတွက်အဒေါ့်သားတစ်ယောက်ကိုတောင်မှဆုံးရှုံးခဲ့ရတာ ---"
ဝသုန်စိတ်မကောင်းစွာနဲ့ခေါင်းငြိမ့်ပြလိုက်သည်။ဒေါ်ရွှေဝါ့သားကနွေဦးမေရဲ့အဖေလက်ချက်နဲ့ဆုံးသွားခဲ့ရတာ ဖြစ်သည်။ဘယ်သူသတ်တာလဲသေချာမသိပေမယ့် ဒေါ်ရွှေဝါကတော့နွေဦးမေရဲ့အဖေလို့သာပြောနေခဲ့သည်။ ကားတိုက်ပြီးအသတ်ခံခဲ့ရတာ။ကားတိုက်တဲ့လူကလည်းကားကိုထားကာထွက်ပြေးသွားခဲ့သည်။အဲ့ဒီ့နောက်ပိုင်းဒေါ်ရွှေဝါလည်းဆက်ပြီးမဖော်ထုတ်ရဲတော့။
"အမှန်တရားကိုမဖော်ထုတ်နိုင်ခဲ့ပေမယ့် --- ဖုံးကွယ်ထားဖို့အတွက်လည်းအဒေါ်လိပ်ပြာမသန့်ဘူးလူလေး --- အခုအမှန်တရားကိုဖော်ထုတ်ပေးမယ့်လူလေးနဲ့တွေ့ပြီဆိုတော့အဒေါ်ဝမ်းသာလှပါပြီကွယ် --- အဒေါ့်ကိုယ်စား သီရိတို့မိသားစုရဲ့အမှန်တရားကိုဖော်ထုတ်ပေးပါနော် ----"
ဝသုန်ခေါင်းငြိမ့်လိုက်ကာ
"စိတ်ချပါ --- အဒေါ်အဲ့ဒီံအမှန်တရားကိုကျွန်တော်လည်းဖော်ထုတ်ချင်နေခဲ့တာပါ --- "
အဒေါ်ကြီးကဝသုန့်ကိုသေချာကြည့်လိုက်ကာ
"ပန်းလေးနဲ့အဂ္ဂလေးလည်းသိပ်သနားစရာကောင်းတာ --- အခုချိန်ထိအဲ့ဒီ့အိမ်ရဲ့အနှောင်အဖွဲ့ကနေ မလွတ်မြောက်သေးဘူး ---- သူတို့လေးတွေဟိုးအရင်တုန်းကဆိုရင်သိပ်ပြီးပျော်ရွှင်ခဲ့ကြတာ --- အခုတော့ သူတို့အပြံုးတွေနဲ့ကင်းကွာနေခဲ့တာဘယ်လောက်ကြာပြီလဲ ---"
"ဟုတ်ကဲ့ပါအဒေါ် --- အဒေါ်ကငယ်ငယ်ကတည်းကပန်းလေးကိုထိန်းကျောင်းပေးခဲ့တာဆိုတော့ --- ပန်းလေးရဲ့အကြောင်းတွေကိုလည်းသိမှာပေါ့ --- ကျွန်တော့်ကိုပြောပြပေးပါလား ---"
ဝသုန်စားပွဲပေါ်ကအသံဖမ်းစက်ကိုတစ်ချက်ကြည့်လိုက်ကာပြောလိုက်၏။အဒေါ်ကြီးကခေါင်းငြိမ့်လိုက်ကာဟိုအိမ်ကြီးကိုကြည့်နေပြန်သည်။သူ့မျက်လုံးထဲမှာလည်းတစ်ခုခုကိုမြင်ယောင်နေသလိုလို။
"ကောင်းပါပြီအဒေါ်ပြောပြပါ့မယ် ----"
ဒေါ်ရွှေဝါ့အတွေးတွေကအတိတ်ဆီသို့ပြန်ရောက်သွားတော့သည်။
ဂါဝန်နီနီရဲရဲလေးကိုဝတ်ကာမြက်ခင်းပြင်ပေါ်မှာပြေးလွှားနေတဲ့ကလေးတစ်ယောက်။သူမရဲ့မိဘတွေကမြက်ခင်းပေါ်မှာခင်းထားတဲ့ဖျာပေါ်မှာထိုင်ပြီးသူမကိုကြည့်ကာပြံုးနေကြလေသည်။
"သီရိရေ --- ဒီမှာပန်းလေးအတွက်ပန်းသီးလေးတွေစိတ်လာခဲ့တယ် ---"
"ဟုတ်ကဲ့ဒေါ်ရွှေဝါ --- ကျေးဇူးပါပဲ --- ပန်းလေးကတော့သိပ်ကြိုက်မှာ ---"
ဒေါ်ရွှေဝါရယ်လိုက်ပြီးသူတို့မိသားစုနားကနေထွက်သွားလိုက်သည်။ထို့နောက်အိမ်ထဲမဝင်သေးဘဲသူတို့မိသားစုကိုကြည့်နေမိ၏။မိုးရွာပြီးခါစမို့လို့ရာသီဥတုကလည်းသာသာယာယာ။မိုးကုတ်စက်ဝိုင်းအောက်မှာလည်းသက်တန့်ရောင်စုံကလှပစွာထွက်ပေါ်နေ၏။
ပန်းလေးကလေပြေလေနုလေးလိုမျိုးမြက်ခင်းပြင်ပေါ်မှာလွတ်လပ်စွာပြေးလွှားနေ၏။ ဦးသက္ကသမီးလေးကို ကြည့်ကာကင်မရာနဲ့ဓာတ်ပုံလှမ်းရိုက်လိုက်သည်။ငယ်ငယ်ကတည်းကထားထားတဲ့ရှည်လျားတဲ့ဆံပင်ကသူမ ပြေးလွှားတဲ့အချိန်တိုင်းမှာသူမနောက်ကနေလွင့်မျောပြီးလိုက်ပါနေလေသည်။ ဦးသက္ကကင်မရာထဲကနေ သမီးလေးရဲ့ဓာတ်ပုံကိုပြန်ကြည့်လိုက်ကာပြံုးလိုက်ပြီးဒေါ်သီရိကိုပြလိုက်လေသည်။
"သီရိ ---- ကြည့်ပါဦး --- ကိုယ်တို့သမီးလေးကအခုချိန်ကတည်းကဒီလောက်ချစ်စရာကောင်းနေတာ --- ကြီးများကြီးလာရင်တော့သဘောကျမယ့်ကောင်လေးတွေဝိုင်းနေမှာပဲ --- ကိုယ်တော့စိတ်မချဘူးကွာ ---"
ဒေါ်သီရိရယ်ပြီးဦးသက္ကကိုမျက်စောင်းထိုးလိုက်ကာ
"ကိုကလည်း --- သမီးလေးကအခုမှငယ်ငယ်လေးပဲရှိသေးတာကို -- ကြီးလာရင်လည်း --- သမီးလေးနဲ့ လိုက်ဖက်မယ့်ဖူးစာရှင်ကသူ့အလိုလိုပေါ်လာမှာပါ ---- စိတ်ပူမနေပါနဲ့ ----"
ဦးသက္ကရဲ့အကြည့်တွေကသမီးလေးဆီသို့ပြန်ရောက်သွားကာပြံုးပြီးခေါင်းငြိမ့်လိုက်လေသည်။
"ဟုတ်တယ်နော် --- သမီးလေးနဲ့လိုက်ဖက်တဲ့ဖူးစာရှင်ကသူ့အလိုလိုပေါ်လာမှာ --- ကိုယ်ရိုက်ထားတဲ့ဓါတ်ပုံ တွေကိုကြည့်ပါဦး --- လှရဲ့လား ---"
ဒေါ်သီရိဦးသက္ကလက်ထဲကကင်မရာကိုယူလိုက်ကာကြည့်လိုက်လေသည်။ ထို့နောက်ဓာတ်ပုံတွေကို ကြည့်လိုက်ပြီးပြံုးနေ၏။
"အင်းသမီးလေးကချစ်စရာလေး ---- ဒီဓာတ်ပုံတွေအားလုံးကိုကူးပြီးအယ်ဘမ်ထဲထည့်ထားရမယ် ---"
"အင်း --- ကိုယ်မနက်ဖြန်ကူးလာခဲ့မယ် --- ကိုယ်တို့သမီးလေးနဲ့အတူတူဓာတ်ပုံရိုက်ရအောင်လေ --- ဒေါ်ရွှေဝါကိုရိုက်ခိုင်းလိုက်မယ် ---"
"အင်းကောင်းသားပဲ ----"
"သမီးလေး --- ပန်းလေးရေ --- လာဖေဖေတို့ဆီလာဦး ---"
"ဟုတ်ဖေဖေ ---"
"ဒေါ်ရွှေဝါရေခဏလောက်လာပါဦး ----"
ဒေါ်ရွှေဝါသူတို့မိသားစုကိုချောင်းကြည့်နေရင်းကနေထွက်လာလေသည်။
ပန်းလေးဖေဖေ့ပေါင်ပေါ်မှာထိုင်လိုက်လေသည်။ထို့နောက်ဖေဖေ့ကိုမော့ကြည့်လိုက်ပြီး
"ဖေဖေ --- ပန်းလေးကိုဘာပြောမို့လဲ ---"
"ဖေဖေတို့ဓာတ်ပုံရိုက်ရအောင်လို့လေ ---"
"ဟုတ် -- လှလှလေးရိုက်မယ်နော်ဖေဖေ ---"
"အင်းပေါ့လှလှလေးဖြစ်အောင်လို့ဒေါ်ရွှေဝါကရိုက်ပေးမှာ ---"
ဦးသက္ကသမီးလေးကိုကြည့်ကာရယ်ပြီးပြောလိုက်လေသည်။
"သီရိဒေါ်ရွှေဝါ့ကိုဘာခိုင်းမလို့လဲ ---"
ဒေါ်သီရိဒေါ်ရွှေဝါ့လက်ထဲကိုကင်မရာလှမ်းပေးလိုက်ပြီး
"သီရိတို့မိသားစုကိုဓာတ်ပုံရိုက်ပေးဦးလေ ---"
"အင်း --- ရိုက်ပေးမှာပေါ့ ----"
ဒေါ်ရွှေဝါဒေါ်သီရိလှမ်းပေးလာတဲ့ကင်မရာကိုယူလိုက်ကာပြောလိုက်၏။ ဒီမိသားစုရဲ့ကင်မရာမန်းရာထူးကို သူမယူထားခဲ့တာကြာနေပြီ။အဲ့ဒါကြောင့်လည်းကင်မရာကိုကောင်းကောင်းကိုင်တတ်နေပြီဖြစ်သည်။
ပန်းလေးကိုဦးသက္ကရဲ့ပေါင်ပေါ်တင်ထားကာဦးသက္ကရဲ့လက်တစ်ဖက်ကဒေါ်သီရိပခုံးကိုဖက်ထား၏။အဲ့ဒီ့အချိန်တုန်းကဒေါ်သီရိကအဂ္ဂလေးရဲ့ကိုယ်ဝန်ကိုလွယ်ထားရချိန်ဖြစ်သည်။ကိုယ်ဝန်ကသိပ်တော့မပေါ်သေး။ဒေါ်ရွှေဝါကဓာတ်ပုံတွေကိုတစ်ဖျက်ဖျက်ရိုက်နေလေသည်။
"အဲ့ဒီ့အချိန်ကများလူလေးရယ် --- သီရိတို့မိသားစုပျော်နေတဲ့ပုံများသိပ်ကိုကြည်နူးစရာကောင်းခဲ့တာ ---- အဒေါ်တောင်မှသိပ်ပြီးအားကျခဲ့တာ ---"
ဒေါ်ရွှေဝါကပြောလည်းပြောမျက်ရည်တွေလည်းကျနေ၏။ဝသုန်လည်းကြားရတဲ့စကားတွေကြောင့် စိတ်မကောင်းဖြစ်နေမိတော့သည်။
"အခုတော့ --- အဲ့ဒီ့ယုတ်မာတဲ့မိသားစုကြောင့်သီရိတို့မိသားစုအသိုက်အမြံုလေးပြိုပျက်သွားခဲ့ရပြီ --- စိတ်ဓာတ်အောက်တန်းကျလွန်းတဲ့မိန်းမနဲ့မှမောင်နှမတော်ခဲ့ရတဲ့ကိုသက္ကရဲ့ကံကြမ္မာကိုကဆိုးခဲ့တာပါကွယ် ---"
ဒေါ်ရွှေဝါပြောတဲ့စကားလုံးအားလုံးဟာနာကြည်းစရာအပြည့်အနှက်ပါဝင်နေတယ်ဆိုတာဝသုန်ခံစားနေမိ၏။
"စိတ်ချပါအဒေါ် --- အဒေါ့်ရဲ့နာကြည်းချက်တွေ၊ ပန်းလေးတို့မိသားစုရဲ့ ဆိုးဝါးခဲ့တဲ့ကံကြမ္မာအတွက် ကျွန်တော်အမှန်တရားကိုဖော်ထုတ်ပေးမှာပါ ---"
ဒေါ်ရွှေဝါဝသုန့်လက်ကိုသူမလက်နှစ်ဖက်နဲ့ဆွဲပြီးအားနဲ့ဆုပ်ကိုင်လိုက်လေသည်။
"ဖော်ထုတ်ပေးပါ --- အမှန်တရားကိုဖော်ထုတ်ပေးပါလူလေးရယ် ---- အဒေါ်ပြောခဲ့တာတွေအားလုံးဟာ အမှန်တွေဆိုတာကိုဒေါ်လေးသစ္စာရဲသောက်ပြီးကျိန်ပြောဝ့ံပါတယ် --- အဲ့ဒီ့မာလာမြိုင်တို့လင်မယားက မကောင်းဆိုးဝါးတွေ --- သာယာလှပနေတဲ့သူများမိသားစုအသိုက်အမြံုကို ဖျက်ဆီးစားသောက်နေတဲ့ မိစ္ဆာတွေပါဘဲ --- "
ဒေါ်ရွှေဝါစံအိမ်ကြီးကိုကြည့်ကာနာနာကြည်းကြည်းပြောနေတော့သည်။ဝသုန်အသံသွင်းစက်ကိုကြည့်လိုက်ပြီး
"အဒေါ်ပြောတာတွေအားလုံးကိုကျွန်တော်အသံသွင်းထားပါတယ် ----ဒါကပန်းလေးတို့မိသားစုရဲ့ အမှန်တရား ပေါ်ပေါက်ရေးအတွက်လည်းအထောက်အကူဖြစ်မယ့်အရာတွေပါပဲ ---"
ဒေါ်ရွှေဝါသူမဘေးကခုံပေါ်မှာချထားတဲ့အရာတစ်ခုကိုယူလိုက်ကာစားပွဲပေါ်တင်လိုက်လေသည်။ဝသုန်ကြည့်လိုက်တော့ဟောင်းနွမ်းနေတဲ့စက္ကူအိတ်ထူလေး။ထို့နောက်ဝသုန့်ရှေ့ကိုတိုးပေးလိုက်ပြီး
"ဒါတွေအားလုံးကလည်းလူလေးအတွက်အထောက်အကူဖြစ်မယ့်အရာတွေလို့ဒေါ်လေးထင်ပါတယ် ---"
"ဒါတွေက ---"
ဝသုန်အိတ်ကိုအနည်းငယ်ဟကြည့်လိုက်တော့ဓာတ်ပုံအယ်လ်ဘမ်လေးတစ်ခုကိုတွေ့လိုက်ရ၏။ ထို့နောက်ဆက်မကြည့်တော့ဘဲသူနားလည်သွားမိသည်။
"ဒါတွေက --- အဒေါ့်ကိုသူတို့အလုပ်ထုတ်လိုက်တုန်းကအဲ့ဒီ့အိမ်ကနေအဒေါ်သူတို့မသိအောင်ယူလာတဲ့ --- ကိုသက္ကနဲ့သီရိတို့ရဲ့မိသားစုဓာတ်ပုံတွေပါဘဲ ----ဒိုင်ယာရီစာအုပ်လေးနှစ်အုပ်လေးပါလာတယ် --- သူတို့နှစ်ယောက်ရေးထားတဲ့ဒိုင်ယာရီတွေပါဘဲ --- အိမ်မှာကမိုးမိထားတော့နည်းနည်းတော့စုတ်နေပြီ --- စာတွေတော့ဖတ်လို့ရပါသေးတယ် --- အရင်ကဆိုရင်အဒေါ်ကခနခနဖတ်တာ --- ပြီးရင်လည်းသတိရပြီး မျက်ရည်တွေကျကျနေတတ်တာပဲ --- အခုနောက်ပိုင်းကျတော့မျက်လုံးကလည်း အမြင်အာရုံတွေ သိပ်မကောင်းတော့မဖတ်ဖြစ်တော့ပါဘူး --- လူလေးပဲယူသွားလိုက်ပါ ---"
ဝသုန်သဘောကျသွားမိသည်။ခိုင်လုံတဲ့သက်သေအထောက်အထားတွေသူ့မှာရှိနေပြီ။ပန်းလေးတို့မိသားစုအတွက်အမှန်တရားပေါ်ပေါက်ဖို့ကမလိုတော့ပေ။ဝသုန်တွေးရင်းပျော်လည်းပျော်သွားမိသည်။ဒေါ်ရွှေဝါကိုလည်းကျေးဇူးတွေအရမ်းတင်နေမိ၏။
"ကျေးဇူးအများကြီးတင်ပါတယ် --- အဒေါ်ရယ် --- ဒါတွေကဒီကိစ္စမှာအဓိကကျောရိုးဖြစ်မယ်ဆိုတာကျွန်တော်ယုံပါတယ် --- ပန်းလေးတို့မိသားစုအပေါ်သစ္စာရှိတဲ့အဒေါ့်လိုအလုပ်သမားတစ်ယောက်နဲ့ကျွန်တော်အခုလိုမျိုးမြန်မြန်တွေ့ခွင့်ရခဲ့တဲ့အတွက်လည်းဝမ်းသာလို့မဆုံးပါဘူး ---"
"အဒေါ်သိပါတယ် --- အဒေါ်ကသီရိတို့မိသားစုအပေါ်မှာအမြဲတမ်းသစ္စာရှိနေမယ့်အစေခံပါဘဲ --- ဒီဘဝတင်မဟုတ်ဘူး --- နောင်ဘဝမှာပြန်ဆုံခဲ့မယ်ဆိုရင်တောင်မှမပြောင်းလဲဘဲသစ္စာရှိနေမှာပါ --- သီရိနဲ့မတွေ့တာတောင်နှစ်တွေကြာနေခဲ့ပြီ --- သီရိရောနေကောင်းရဲ့လား ---"
ပန်းလေးရဲ့အမေဒေါ်သီရိမြိုင်ဆေးရုံတက်နေတာကိုလည်းဒေါ်ရွှေဝါကသိပုံမပေါ်ပေ။ဝသုန်ဘယ်လိုဖြေလိုက်ရမှန်းမသိ။အမှန်တရားကိုဖော်ထုတ်ဖို့အတွက်အမှန်တရားကိုပြောရဲမှဖြစ်မှာပေါ့။
"ကျွန်တော်အမှန်အတိုင်းပြောရမယ်ဆိုရင်ပန်းလေးရဲ့အမေဆေးရုံတင်ထားရမယ်  ---"
"ဟင် --- ဘာဖြစ်လို့လဲ --- ဟိုမိန်းမလက်ချက်ပဲလား ---"
ဒေါ်ရွှေဝါအသားတွေတဆတ်ဆတ်တုန်လာကာပြောလိုက်လေသည်။
"အဲ့ဒီ့နေ့ကဒေါ်မာလာမြိုင်ကပန်းလေးကိုပါးရိုက်လိုက်လို့ဒေါ်သီရိကအိမ်ပေါ်ကနေဆင်းလာတဲ့အချိန်မှာလှေကားကနေချော်ကျသွားတာပါ --- အောက်ပိုင်းလေဖြတ်သွားတာ --- အခုဆေးရုံမှာဆေးတွေလည်းသွင်းထားတော့သက်သာလာတယ်ပြောပါတယ် --- မကြာခင်အကောင်းပကတိပြန်ဖြစ်တော့မှာပါ --- စိတ်မပူပါနဲ့အဒေါ် ---"
"တောက် --- ဒီကောင်မဟာလေအရင်အတိုင်းပဲအခုထိမိစ္ဆာမဖြစ်နေတုန်းပဲ ---နင်တို့တွေလည်းမကြာခင်ဝဋ်လည်တော့မှာပါစိတ်ချ --- ဝဋ်ဆိုတာနောင်ဘဝမကူးဘူး ---"
ဒေါ်ရွှေဝါမခံနိုင်စွာပြောနေတော့၏။
"လူလေး --- ဒီအမှန်တရားကိုအမြန်ဆုံးဖော်ထုတ်ပါတော့ --- လူလေးအတွက်လည်းအန္တရာယ်တော့များလိမ့်မယ် --- လူလေးသတိထားပါနော် ----"
သူ့အတွက်စိုးရိမ်စွာပြောနေတဲ့ဒေါ်ရွှေဝါ့စိတ်ကိုဝသုန်နားလည်စွာနဲ့ခေါင်းငြိမ့်ပြလိုက်ကာ
"ကျွန်တော့်အတွက်စိတ်မပူပါနဲ့အဒေါ် --- "
"အေးပါကွယ် --- အဲ့ဒီ့မိစ္ဆာမိသားစုကသိပ်ပြီးကြောက်ဖို့ကောင်းတာ ---"
"ဟုတ်ကဲ့ကျွန်တော်သတိထားပါ့မယ် --- ဒီနေ့အတွက်လည်းအဒေါ့်ကိုကျွန်တော်ကျေးဇူးတင်ပါတယ် ---"
"ရပါတယ်ကွယ် ---"
"ဒါဆိုကျွန်တော်သွားလိုက်ပါဦးမယ် --- တခြားလုပ်စရာလေးတွေရှိသေးလို့ပါ ---"
"ကောင်းပါပြီ ---"
ထို့နောက်ဝသုန်အိတ်ကပ်ထဲမှာအသင့်ထည့်လာတဲ့စာအိတ်အခေါက်လေးကိုထုတ်လိုက်ပြီးဒေါ်ရွေဝါ့ရှေ့မှာချပေးလိုက်ကာ
" ဘာမှတော့မဟုတ်ပါဘူး --- အဒေါ့်ကိုကန်တော့တယ်လို့ပဲသတ်မှတ်ပေးပါနော် ---"

ဟန်​ဆောင်အမုန်း (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ