ဒုတိယတွဲ - အခန်း(၁၀)

314 4 0
                                    

💜 ဟန်ဆောင်အမုန်း 💜
💜 ဒုတိယတွဲ 💜
💜 အခန်း(၁၀) 💜

"ကိုမင်း ..... မာလာပြောတာကို နားထောင်ပါနော် ..... ဘယ်သူ့ကိုမှထပ်ပြီး ဒုက္ခမပေးပါနဲ့တော့..... "
ဦးမင်းဦး ဒေါ်မာလာမြိုင်ကိုကြည့်လိုက်ကာ ခေါင်းရမ်းလိုက်လေသည်။
"ဟင့်အင်း မာလာ ကိုမင်း သမီးလေးအတွက်တော့ ဝသုန်မြေကို လက်စားချေရမှ ကျေနပ်နိုင်မယ် ....."
ဒေါ်မာလာမြိုင် ယောကျာ်းဖြစ်သူ ဦးမင်းဦးကိုကြည့်ကာ ခေါင်းကိုတွင်တွင် ခါယမ်းနေလေတော့သည်။
"အငြိှုးတွေက ကြီးလှချည်လား ကိုမင်းရယ် ..... အတိတ်ကရန်ငြိှုးတွေကို လက်စားပြန်ချေနေမယိဆိုရင် ရှင် ထောင်ထဲကိုထပ်ပြီးသွားနေရမယ်ဆိုတာကို နားမလည်ဘူးလားရှင်ရယ် ..... ကြီးမှတော့ မမိုက်ချင်ပါနဲ့တော့ ..... သမီးလေးလည်း တမလွန်ကနေ ကျေနပ်နေမှာပါတော် ..... မောင်ဝသုန်မြေက သမီးလေးအပေါ် မကောင်းခဲ့တာမဟုတ်ပါဘူး ....."
ဦးမင်းဦး ဒေါ်မာလာမြိုင်ကိုကြည့်ကာ ခေါင်းရမ်းလိုက်လေသည်။
"သမီးလေးသေရတာ သူ့ကြောင့်ပဲ မာလာ ..... မင်းက အခုတော့တရားရသွားလို့ လက်စားမချေပေမယ့် ငါကတော့ သမီးလေးအတွက် လက်စားချေပေးမယ် ....."
ဒေါ်မာလာမြိုင် ခေါင်းကို အသာခါယမ်းလိုက်ကာ ဦးမင်းဦးကို သေချာကြည့်လိုက်လေသည်။
"မဟုတ်ဘူး ကိုမင်း ..... သီရိနဲ့ ပန်းလေးတို့ကြောင့် မာလာအခုလိုမျိုး ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ရတာ ..... အဲ့ဒီ့အတွက် မာလာ့စိတ်ထဲမှာ ဘာရန်ငြိှုး ဘာအာဃာတမှမရှိတော့ဘူး ..... အဲ့ဒီ့အတွက် သမီးလေးလည်း ကျေနပ်မယ်လို့ မာလာယုံတယ် ကိုမင်း ....."
ဦးမင်းဦး ဒေါ်မာလာမြိုင် ကို သေချာကြည့်ကာ စိတ်ထဲမှာလည်း ကြည်နူးနေသလိုလို။
"အခုတလော အိမ်မက်ထဲမှာ သမီးလေးကို ခနခနမက်နေတယ် ကိုဦး ..... သမီးလေးက ဝတ်ကောင်းစားလှတွေနဲ့ မာလာ့ကို ပြံုးပြနေတာ ..... သမီးလေးကိုကြည့်ရတာ အရမ်းပျော်နေတဲ့ပုံပဲ ..... သမီးလေးကိုကြည့်ပြီး မာလာ့စိတ်ထဲမှာ ကြည်နူးနေမိတာ အမှန်ပဲ ..... မာလာ့အထင်တော့ မောင်ဝသုန်မြေ့အပေါ်မှာစွဲနေတဲ့ သမီးလေးရဲ့အစွဲတွေ ကျွတ်လွတ်သွားပြီထင်တယ် ....."
ဦးမင်းဦး အံ့သြနေမိလေသည်။ သူလည်း အခုတလော အိမ်မက်ထဲမှာ သမီးလေးကို တွေ့နေရသည်။ သူ ဝသုန်မြေကို လက်စားချေမယ့်အကြောင်း သမီးလေးကသိနေပုံပင် သူ့ကို တောင်းပန်တဲ့အကြည့်တွေနဲ့ကြည့်နေ၏။ သူကတော့ သမီးလေးအတွက် လက်စားချေဖို့ ထောင်ထဲမှာကတည်းက ဆုံးဖြတ်ထားခဲ့သည်။
ဒေါ်မာလာမြိုင် ဦးမင်းဦးကိုကြည့်ကာ နားလည်သွားလေသည်။
"ရှင်လည်း သမီးလေးကို အိပ်မက်မက်တာလား ....."
ဦးမင်းဦး ဘာမှပြန်မပြောပဲ စဉ်းစားနေလေသည်။ သမီးလေးအတွက် လက်စားချေ ပေးမှာကို သမီးလေးက မကြိုက်ဘူးလား။ အခုလို ဘဝချင်းကွာနေတာတောင်မှ ဝသုန်မြေကို ဒုက္ခရောက်မှာ မလိုလားဘူးလား။ သမီးလေးက အစွဲအလမ်းကြီးသူဆိုတာကို သူ အခုမှပဲ သေချာသိလိုက်တော့သည်။
သူ့အသက်ပေးရလောက်အောင် ဝသုန်မြေကို ချစ်ခဲ့တာပဲ။ ဘယ်လိုလုပ်ပြီး ဒုက္ခရောက်တာကို သူ ငြိမ်ခံနေမှာလဲ။ ဒါဆို သူ ဘာဆက်လုပ်ရမလဲ။ အိမ်မက်ထဲက သမီးလေးရဲ့အကြည့်တွေက သူ့ရဲ့လက်စားချေချင်တဲ့စိတ်ကို ပျောက်ကွယ်သွားအောင် လုပ်နိုင်သည်။ အဲ့ဒါနဲ့ပဲ ဝသုန်မြေကို လက်စားမချေရတော့ဘူးလား။ ဟင့်အင်း သမီးလေးအတွက် သူလက်စားချေပေးချင်သည်။
"သမီးလေးက ရှင့်ကိုလုပ်ခွင့်မပြုဘူးမို့လား ..... "
ဦးမင်းဦး ဒေါ်မာလာမြိုင်ကို သေချာကြည့်နေမိသည်။ ဒေါ်မာလာမြိုင်ကတော့ ဦးမင်းဦးကို ကြည့်မနေဘဲ ရိပ်သာထဲက ညောင်ပင် ကြီးကိုသာ ကြည့်နေလေသည်။
"မောင်ဝသုန်မြေက သီရိတိို့မိသားစုနဲ့ ပတ်သက်မှုရှိနေတယ် ..... သီရိတို့်မိသားစုအပေါ်မှာ မာလာ့အနေနဲ့ ကျေးဇူးတင်စရာကိစ္စတွေ အများကြီးရှိတယ် ကိုမင်း ..... ကိုမင်းသာ အဲ့လိုလုပ်လိုက်မယ်ဆိုရင် မျက်နှာပျက်စရာတွေ အများကြီးဖြစ်လာလိမ့်မယ် ..... မလုပ်ပါနဲ့ကိုမင်းရယ် သမီးလေးလည်းမကြိုက်ဘူး ကိုမင်းလည်း ထောင်ထဲကို နောက်တစ်ခေါက်ထပ်ရောက်မယ့်ကိစ္စပဲ မလုပ်ပါနဲ့နော် ....."
ဦးမင်းဦး ဘာမှပြန်မပြောဘဲ ဒေါ်မာလာမြိုင်ကိုသာကြည့်နေ၏။ ဒေါ်မာလာမြိုင် ဦးမင်းဦးရဲ့လက်ကိုကိုင်ပြီးလှုပ်လိုက်လေသည်။
"မာလာ ငါပြန်တော့မယ် ..... ဧည့်သည်တွေနဲ့ချိန်းထားသေးတယ် ....."
"အင်းပါ ကိုမင်းအလုပ်ရှိသေးရင်လည်းသွားပါ ..... မာလာကတော့ ဒီဘဝမှာအေးချမ်းနေပြီ အဲ့ဒါကြောင့် ကိုမင်းကိုလည်း အေးချမ်းစေချင်တယ် ..... ကိုမင်း လက်စားချေတာတွေ ဘာတွေမလုပ်ပါနဲ့တော့နော် ....."
"အေးပါကွာ ငါသွားတော့မယ် ....."
သူ တတ်နိုင်သလောက် မာလာ့ကိုပြောကာ နှုတ်ဆက်လိုက်သည်။ ဝသုန်မြေ့ကိုလက်စားမချေဘဲနဲ့ သူ နေနိုင်ပါ့မလား။ သမီးလေးအတွက် သူ အဲ့ဒီ့တစ်ခုပဲ လုပ်ပေးနိုင်တော့တာ။ အဲ့ဒါကိုမှ သူမလုပ်ပေးနိုင်ရင် သူဟာ ဖခင်တစ်ယောက်ပီသပါတော့မလား။
အခုလည်း သူ မာလာ့ကို ဧည့်သည်နဲ့ချိန်းထားတယ်လို့ပြောပြီးထွက်လာခဲ့သည်။ အဲ့ဒီ့ ဧည့်သည်ဆိုတာ တခြားလူမဟုတ်။ နိုင်ငံခြားကနေ ဝသုန်မြေနဲ့ ရန်ငြှိုးရှိခဲ့သူတွေပဲဖြစ်သည်။ သူတို့နဲ့ပူးပေါင်းပြီး ဝသုန်မြေကို လက်စားချေဖို့ ထွန်းအောင်က မိတ်ဆက်ပေးမှာပဲဖြစ်သည်။ အခုတော့ အဲ့ဒီကို သူသွားရမလား မသွားရဘူးလား ဘယ်လိုလုပ်ရမလဲ။
"🎶🎶🎶🎶🎶🎶🎶"
ဦးမင်းဦး အကျႌအိတ်ကပ်ထဲကဖုန်းကိုထုတ်လိုက်ကာ ကြည့်လိုက်တော့ ထွန်းအောင်ရဲ့ဖုန်း။ ဦးမင်းဦးတုန်ကနဲတော့ ဖြစ်သွားမိသည်။
"ဟယ်လို ....."
"ဟယ်လို ဆရာကြီး မလာသေးဘူးလား ...
.. ကျွန်တော် ဆရာကြီးနဲ့အတူတူ ဟိုလူတွေကို သွားတွေ့ရအောင်လို့လေ ....."
"အင်း ငါလာနေပြီ ..... "
ဒေါ်မာလာမြိုင် ယောကျာ်းဖြစ်သူရဲ့ကျောပြင်ကိုကြည့်နေရင်းကနေ ခေါင်းကို လေးပင်စွာရမ်းလိုက်မိသည်။
အင်း ... ဘယ်တော့များမှ အမြင်မှန်ရလာမှာပဲ။ လူဆိုးလူမိုက်တစ်ယောက်မဟုတ်ပါဘဲနဲ့ မရှိတော့တဲ့ သမီးကြောင့် မိုက်မဲချင်နေတယ်။ သမီးရယ် သမီးကတော့ အေးအေးချမ်းချမ်းဖြစ်သွားခဲ့ပေမယ့် သမီးရဲ့အဖေကတော့ လုံးဝလူမိုက်ဖြစ်တော့မယ်ထင်တယ်ကွယ်။ မေမေ ဘယ်လိုမှနားချလို့မရဘူး။
🎍🎍🎍🎍🎍🎍🎍
"ဖေဖေ ဘာပြောလိုက်တာလဲ ..... "
"MD ....."
MD နဲ့သားလေးပြောနေတာတွေကို နားထောင်ကာ သူမလက်ထဲက အသီးအနှံတွေထည့်လာနဲ့ဗန်းတောင်မှ လွတ်ကျတော့မလို ဖြစ်သွားလေသည်။ သူမအသံကြောင့် MD က သူမကိုလှည့်ကြည့်လိုက်ကာ မျက်နှာတစ်ချက်တော့ ပျက်သွားသည်။ ဒါပေမယ့်လည်း ချက်ချင်းပဲ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ကာ သူမကိုပြံုးပြနေလေသည်။
"ပန်းလေး လာလေ ....."
သားလေးကတော့ MD ကို အ့ံသြတကြီးကြည့်နေ၏။ ပန်းလေး သူတို့အနားရောက်သွားကာ လက်ထဲက ဗန်းလေးကိုစားပွဲပေါ်တင်လိုက်ပြီး
"MD သားကိုဘာတွေပြောနေတာလဲ ....."
"မေမေ ဖေဖေက သားအဖေအရင်းမဟုတ်ဘူးဆို ....."
ပန်းလေး သားလေးနားမှာထိုင်လိုက်ကာ သားလေးကို သူမရင်ခွင်ထဲထည့်ထားလိုက်ပြီး
"မဟုတ်ပါဘူး သားရယ် ..... MD သားလေးကို ဘာတွေလျှောက်ပြောနေတာလဲ ....."
သားလေးက သူမရင်ခွင်ထဲကနေ ခေါင်းကို အတင်းရုန်းထွက်လိုက်ကာ MD ကိုကြည့်လိုက်လေသည်။
"ဟုတ်တယ် မေမေ ..... ဖေဖေပြောတာတွေက အမှန်တွေပဲ ..... ဖေဖေက သားအဖေအရင်းမဟုတ်ဘူး ....."
"သား ဘာတွေပြောနေတာလဲ ....."
သူမမျက်လုံးပြူးသွားမိတော့၏။ သားလေးရော MD ရဲ့မျက်နှာမှာပါ သူမကိုစနောက်နေတဲ့အရိပ်အယောင်ကို မတွေ့ရပေ။
"ပန်းလေး အဲ့ဒါဟာ အမှန်တရားပဲလေ ..... သားလေး အခုမသိရင်တောင်မှ နောက်ဆိုရင် သိလာမှာပဲ ..... နောက်ပြီးတော့ ကိုယ်က တကယ်ပဲ သားလေးရဲ့ ....."
သူမ ခေါင်းကိုခါယမ်းလိုက်ကာ
"မဟုတ်ဘူး MD ....."
ပန်းလေး သားလေးရဲ့မျက်နှာကိုကြည့်လိုက်တော့ သားလေးရဲ့မျက်နှာက ငိုမဲ့မဲ့ဖြစ်နေလေသည်။
"သားလေး ....."
သားလေးက သူမနဲ့ MD ကိုကြည့်ကာ ခုံပေါ်ကဆင်းသွားလေသည်။ သူမ သားလေးရဲ့လက်ကိုဆွဲလိုက်ကာ
"သားလေး မေမေပြောဦးမယ် ....."
သားလေးက သူမကို လှည့်မကြည့်ဘဲ
"သားရဲ့ဖေဖေအရင်းက ဘယ်သူလဲဆိုတာ သားသိပြီမေမေ ....."
"ဟင် ....."
သူမ ယောင်ယမ်းကာ သားလေးရဲ့လက်ကိုလွှတ်ပေးလိုက်မိသည်။
သားလေးက သူမတို့ကိုလှည့််မကြည့်ဘဲ အခန်းထဲက ထွက်သွားတော့သည်။ သူမ သားလေးရဲ့ကျောပြင်ကိုကြည့်ကာ မျက်ရည်တွေကျလာခဲ့သည်။
"ပန်းလေး ....."
တစ်သက်လုံး သူမဘဝကို နွေးထွေးလုံခြံုစေတဲ့လက်တစ်ဖက်ဟာ သူမပခုံးပေါ်သို့ နူးညံ့ညင်သာစွာ ကျရောက်လာတော့သည်။
"သားလေးက တဖြည်းဖြည်းနဲ့သိလာမှာပဲလေ ..... ဝသုန်ကလည်း သားလေးကို သားလို့ခေါ်ချင်နေပြီ အဲ့ဒါကြောင့် ကိုယ် အကုန်လုံးပြောပြလိုက်တာပါ ....."
"မစောလွန်းဘူးလား MD ရယ် ..... အခု သားလေးရဲ့ရင်ထဲမှာ ဒဏ်ရာဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ ....."
သုရှင် ပြံုးပြီးခေါင်းရမ်းလိုက်လေသည်။
"ဟင့်အင်း သားလေးက အဲ့လိုမဖြစ်ပါဘူး ..... သားလေးလည်း လက်ခံနိုင်မယ်လို့ ကိုယ်ယုံတယ် ..... ဘာလို့လည်းဆိုတော့ အခုတလော သားလေးလည်း ဝသုန့်အပေါ်မှာ သံယောဇဉ်ဖြစ်နေခဲ့လို့ပဲ ....."
သူမ မျက်ရည်တွေ ကျနေဆဲပင်။ သူ သူမရဲ့ခေါင်းလေးကို အသာပုတ်လိုက်ကာ
"ဘာလို့ငိုနေတာလဲကွာ ..... အဲ့လိုမျက်ရည်ကျမှာစိုးလို့ ကိုယ်မင်းကို ဘယ်လောက်တောင် ဂရုစိုက်ခဲ့လဲ ..... အခု မျက်ရည်ကျနေပြီ ..... တိတ်တော့ မငိုနဲ့တော့ ....."
သူမမျက်ရည်တွေကြားထဲကနေ ခေါင်းတရမ်းရမ်းဖြင့် ငိုနေလေသည်။ သူမ MD ကိုသနားတယ်။ အခုလိုပြောတဲ့အတွက် MD လည်း ဘယ်လောက်တောင် ခံစားနေရမလဲ။ သူမနဲ့ဂျာကြီးအတွက် အဆင်ပြေနိုင်ပေမယ့် လည်း MD အတွက်တော့ အရမ်းထိခိုက်ရမှာလေ။ အခုဆိုရင် MD ဘယ်လောက်တောင် နာကျင်နေမလဲ။
သူ ပန်းလေးရဲ့ခေါင်းကို အသာလေးပုတ်နေရင်းကနေ အတွေးတွေက ပျံ့လွင့်နေလေသည်။ သူ ပန်းလေးရဲ့မျက်ရည်တွေကို မကြည့်ချင်ဘူး။ အဲ့ဒီ့မျက်ရည်တွေအတွက် သူ နားမလည်ပေးချင်ဘူး။ သူ အခုလိုမျိုးလုပ်ပေးခဲ့တာတွေဟာ ပန်းလေးကို မျက်ရည်ကျစေချင်လို့်မှမဟုတ်ပဲ။ ပန်းလေးကို ပျော်စေချင်လို့။ ပန်းလေးနဲ့ဝသုန့်ကို ပျော်ရွှင်သာယာတဲ့မိသားစုလေးကို ဖန်တီးနိုင်အောင်လို့ သူ အခုလိုလုပ်ပေးခဲ့တာပဲ။
"MD အဲ့လိုလုပ်လိုက်လို့ MD ဘယ်လောက်ထိခံစားနေရမလဲဆိုတာ ပန်းလေးနားလည်တယ် MD ....."
သူ ပြံုးလိုက်ပြီး ခေါင်းရမ်းလိုက်လေသည်။
"ကိုယ့်အတွက်က ကိစ္စမရှိပါဘူး ပန်းလေးရယ် ..... အဓိကကတော့ သားလေးရယ် ပန်းလေးရယ် ဝသုန်ရယ်အတွက် သာယာတဲ့ မိသားစုလေးတစ်ခုကို တည်ဆောက်နိုင်ဖို့ပါပဲ ..... ဝသုန်ပြန်ရောက်လာကတည်းက ဒီအခြေအနေတွေကို ကိုယ်ကြိုတွေးထားပြီးသားပါ ....."
သူမ မျက်ရည်တွေကျနေတုန်း။ ပန်းလေးရဲ့စိတ်ထဲမှာ ဘယ်လိုဖြစ်နေတယ်ဆိုတာကို သူနားလည်သည်။ ပန်းလေး သူ့ကိုအားနာနေ၏။ နောက်ပြီး သနားလည်းသနားနေပုံပင်။ ဟွန့် ..... ပန်းလေးရဲ့မျက်လုံးထဲမှာ သူဟာ အဲ့လိုလူမျိုးတစ်ယောက်ဖြစ်သွားခဲ့တာလား။
"တိတ်တော့လေ ပန်းလေးရဲ့ ..... မငိုပါနဲ့တော့ ကိုယ့်အတွက် စိတ်မကောင်းဖြစ်နေတာလား ..... ကိုယ်ကဘာဖြစ်နေလို့လဲ ....."
ပန်းလေးက သူ့ကိုမော့ကြည့်လိုက်ပြီး
"ပန်းလေး တောင်းပန်ပါတယ် ....."
"ဘာအတွက်လဲ ..... ကယို်အခုလိုလုပ်ပေးတဲ့အတွက်လား ..... ဒါမှမဟုတ် ကိုယ့်အပေါ်မှာ ပြန်ပြီးမချစ်နိုင်ခဲ့တဲ့အတွက်လား ...."
"အရာရာတိုင်းအတွက်ပါ ....."
"ဟင့်အင်း တောင်းပန်ဖို့မလိုပါဘူးကွာ ..... ဒီလိုဖြစ်သင့်လို့ ကိုယ်က ဒီလိုလုပ်ခဲ့တာပါ ..... အရာရာတိုင်းကလည်း ဒီလိုပဲဖြစ်သင့်တာပါလေ ....."
သူ သက်ပြင်းတစ်ခုကို မသိမသာချလိုက်မိသည်။ ဒီအကြောင်းတွေကိုမပြောချင်ဘူး။ တစ်ခါပြောလိုက်မိတိုင်း ရင်ထဲမှာ စူးစူးနစ်နစ်နာကျင်သွားရတာကို ဘယ်သူက သိနိုင်မှာလဲ။ ဟင့်အင်း သူ့နှလုံးသားလေးကလွဲပြီး ဘယ်သူမှမသိနိုင်ပါဘူး။
"အခု သားလေးက ဂျာကြီးက အဖေအရင်းဆိုတာကို သိသွားပြီလား MD ....."
"အင်း ကိုယ်ပြောပြလိုက်ပြီ ..... သားလေး သေချာနားလည်မှာပါ ..... ဝသုန့်အပေါ်မှာလည်း ခင်မင်တွယ်တာနေခဲ့တာပဲ ..... ရုတ်တရက်အ့ံသြသွားခဲ့ပေမယ့် သားလေးလက်ခံလာမှာပါ ....."
"သားလေး လက်မခံမှာကို ပန်းလေးကြောက်တယ် ....."
"မပူပါနဲ့ပန်းလေးရယ် သားက လိမ္မာရေးခြားရှိတယ် ..... နောက်ပြီး အသက်ငယ်သေးပေမယ့် နားလည်မှုလည်းရှိပါတယ် ..... မပူနဲ့နော် ....."

ဟန်​ဆောင်အမုန်း (Completed)Donde viven las historias. Descúbrelo ahora