အခန်း(၁၉)

288 3 0
                                    

💜 ဟန်ဆောင်အမုန်း 💜
💜 အခန်း(၁၉) 💜

"သမီး --- ဟိုလူငယ်လေးကိုမတွေ့ဘူးနော် ---"
ပန်းလေးမေမေ့ဘေးမှာဝင်ထိုင်လိုက်ကာ
"ဟုတ်တယ်မေမေ --- သမီးသူ့ကိုဖုန်းဆက်သေးတယ် --- သူကသမီးဖုန်းဆက်တိုင်းဘယ်တော့မှလည်းမကိုင်ဘူး --- ဘာဖြစ်လို့လဲမသိဘူး ---"
ကောင်းကင်မှာလမင်းကြီးကထိန်ထိန်သာနေလေသည်။ကြယ်လေးတွေကလည်းမှိတ်တုတ်မှိတ်တုတ်ဖြင့်တိမ်ရောင်စုံတွေကလည်းလေအဝေ့မှာမျောလွင့်နေလေသည်။ဒီညရာသီဥတုကသာယာလိုက်တာ။မေမေနဲ့ပန်းလေးခြံထဲကတန်းလျားလေးပေါ်မှာထိုင်နေကြခြင်းဖြစ်သည်။လေပြေလေးကညင်သာစွာတိုက်ခတ်နေတဲ့အတွက်အေးချမ်းပါသည်။
မေမေကသူမကိုကြည့်လိုက်ပြီး
"သမီး --- မေမေတစ်ခုပြောချင်တယ် ---"
"ဟုတ်ပြောလေမေမေ ---"
"အဲ့ဒီ့လူငယ်လေးကသမီးကိုမေတ္တာရှိနေတဲ့ပုံပဲနော် ---"
"ရှင် ---"
မေမေ့စကားကိုပန်းလေးအံ့သြသွားခဲ့ပေမယ့်မေမေကလူကဲခတ်ညံ့သူမဟုတ်ဘူးဆိုတာကိုသူမတွေးမိသွားလေသည်။
"မေမေသိပါတယ်ကွယ် --ဒီလူငယ်လေးရဲ့အပြုအမူတွေကသမီးလေးအပေါ်မှာအရမ်းကိုကောင်းနေခဲ့တယ် --- သာမန်သံယောဇဉ်တော့မဟုတ်လောက်ဘူး ---"
ပန်းလေးပြံုးလိုက်သည်။မေမေပြောသလိုဂျာကြီးကပန်ေးလးကိုသဘောကျနေခဲ့တယ်ဆိုရင်ပန်းလေးကရောဂျာကြီးကိုသဘောကျနေခဲ့တာလားဟင်။ပန်းလေးဘဝမှာသူစိမ်းယောကျာ်းလေးနဲ့ပတ်သက်ခဲ့ဖူးတာဆိုလို့ကိုခိုင်ဦးပြီးရင်ဂျာကြီးကပထမဆုံးပါပဲ။ဂျာကြီးကပန်းလေးကိုသဘောကျနေတယ်ဆိုတာကိုဂျာကြီးနှုတ်ကနေမပြောပါပဲနဲ့ပန်းလေးရင်ထဲကနေအလိုလိုသိနေခဲ့ပါတယ်။
"တကယ်လို့များသူကသမီးလေးကိုသဘောကျခဲ့မယ်ဆိုရင်လည်းမေမေ့အနေနဲ့သဘောမတနိုင်စရာအကြောင်းမရှိပါဘူး --- မေမေလက်ခံပါတယ် --- "
မေမေကသူ့ဘက်ကနေအပိုင်ပြောနေလေသည်။သူပန်းလေးကိုသဘောကျနေတယ်ဆိုတာကိုမေမေကသဘောတူတယ်တဲ့လား။
"သူကလူကောင်းလူမွန်လေးတစ်ယောက်ပါ --- သူ့ရဲ့ပုံစံကိုမေမေသတိထားမိတယ် --- သူကသမီးအပေါ်မှာထာဝရကြင်နာနိုင်မယ့်လူတစ်ယောက် -- သမီးသူနဲ့သာအိမ်ထောင်ကျရင်သမီးပျော်ရွှင်ရမယ်ဆိုတာကိုမေမေအာမခံတယ်သမီး ---"
ပန်းလေးဂျာကြီးရဲ့မျက်နှာကိုမြင်ယောင်လိုက်မိသည်။ဂျာကြီးရဲ့မျက်နှာဟာဘယ်အချိန်ကြည့်ကြည့်ကြည်လင်သန့်ရှင်းနေတတ်သည်။မျက်နှာမှာဘာအဖုအထစ်မှမရှိ။ရယ်လိုက်ရင်လည်းပါးချိုင့်လေးနဲ့တစ်မျိုးဆွဲဆောင်မှုရှိနေပြန်သည်။
"သမီးသူ့အကြောင်းတွေးနေတာလား ----"
ပန်းလေးပြံုးပြီးခေါင်းငြိမ့်ပြလိုက်တော့မေမေကလည်းပြံုးလိုက်လေသည်။
အဲ့ဒီ့အချိန်မှာပဲလေပြေလေးကြောင့်ပန်းလေးရဲ့ဆံပင်တွေဟာလေနဲ့အတူလွင့်ပါသွားကြ၏။
ဝသုန်တံခါးပေါက်ကနေပန်းလေးကိုလှမ်းကြည့်လိုက်ကာခေါင်းကိုအသာလေးရမ်းလိုက်၏။
"ကိုယ်တောင်းပန်ပါတယ်ပန်းလေးရယ် --- ပန်းလေးကိုမရင်ဆိုင်ရဲဘူး --- ကိုယ်ပန်းလေးအပေါ်အပြစ်လုပ်ခဲ့မိပြီ ---- ပန်းလေးကိုချစ်ခဲ့မိတဲ့ကိုယ့်နှလုံးသားမှာသာအပြစ်ရှိခဲ့တာပါ ---"
အခုတလောသူ့ရင်ထဲမှာအရမ်းနာကျင်နေသည်။သူ့နှလုံးသားကပဲခံနိုင်ရည်မရှိလို့လား။ဒါမှမဟုတ်အချစ်ဆိုတာကိုမခံစားခဲ့ဖူးတဲ့အတွက်အခုလိုမျိုးနာကျင်ရတာလား။ပန်းလေးအကြောင်းကိုတွေးလိုက်ရင်ပဲဖြစ်ဖြစ်၊ပန်းလေးရဲ့အရိပ်လေးကိုတွေ့လိုက်ရရင်ပဲဖြစ်ဖြစ်ရင်ထဲကဝေဒနာကတဆစ်ဆစ်ကိုက်လာခဲ့သည်။
ပန်းလေးကိုမြတ်နိုးစွာချစ်ခဲ့မိပြီဆိုမှပဲနာကျင်စရာအကြောင်းကဖန်လာခဲ့လေသည်။သူနွေဦးကိုလက်ထပ်ရတော့မယ်။ဒါဘယ်သူ့အမှားမှမဟုတ်ပါဘူး။သူကိုယ်တိုင်ဆုံးဖြတ်ခဲ့တာပဲ။နောင်တမရပေမယ့်ရင်ထဲမှာတော့နာကျင်မိသည်။
ဒါပေမယ့်သူပန်းလေးကိုချစ်ခဲ့မိတဲ့အတွက်နောင်တရတယ်။ပန်းလေးကိုဖွင့်မပြောရဲခဲ့တဲ့အတွက်နောင်တရတယ်။ကျေးဇူးတရားကိုရှေ့တန်းတင်ခဲ့တဲ့အတွက်နောင်တရတယ်။သူရှေ့ဆက်ဘယ်လိုရှင်သန်ရမလဲ။
ဟုတ်တယ် --- မွေးကတည်းကခံစားတတ်တဲ့နှလုံးသားသာမပါခဲ့ရင်ဘယ်လောက်ကောင်းမလဲ။အဲ့ဒါဆိုသူပန်းလေးကိုချစ်ခဲ့မိမှာမဟုတ်ဘူး။အချစ်ဆိုတာဘာလဲဆိုတာကိုတောင်သူသိခဲ့မှာမဟုတ်ဘူး။ဘယ်သူမှလည်းနာကျင်ရတော့မှာမဟုတ်ဘူး။သူလည်းပန်းလေးရဲ့ခံစားချက်တွေကိုရိပ်မိနေပါတယ်။အဲ့ဒါကြောင့်လည်းသူခေါင်းရမ်းနေခဲ့မိတာပေါ့။
သူဆုတောင်းမိတယ် --- ပန်းလေးလည်းသူချစ်သလိုမချစ်ပါစေနဲ့လို့ပေါ့။သူ့လိုမျိုးပန်းလေးကိုမခံစားစေချင်ဘူး။ပန်းလေးနာကျင်ရမှာကိုသူမလိုလားဘူး။သူ့နှလုံးသားတစ်ခုလုံးစုတ်ပြတ်သတ်သွားပါစေ။ပန်းလေးကိုတော့မနာကျင်စေချင်ဘူး။သူပန်းလေးကိုချစ်လွန်းလို့ရူးတော့မယ်ထင်တယ်။ရူးသွားလည်းကောင်းတာပဲ။အဲ့ဒါမှနွေဦးမေကိုလက်မထပ်ရမှာ။
ဝသုန်တွေးလိုက်ကာခေါင်းရမ်းလိုက်ပြန်သည်။ပန်းလေးကိုပြောခဲ့ဖူးတဲ့စကားတစ်ခွန်းလိုပဲဘဝဟာတိုက်ပွဲပဲ။ဒီတိုက်ပွဲမှာလူတိုင်းကပုံစံအမျိုးမျိုးနဲ့တိုက်ပွဲဝင်နေကြတာ။အဲ့ဒီ့ထဲမှာမှပန်းလေးတစ်ယောက်ထဲပဲအခုလိုမျိုးငြိမ်ခံနေတယ်လို့သူထင်ထားခဲ့တာ။တကယ်တော့သူလည်းပန်းလေးလိုပဲဘဝတိုက်ပွဲမှာလှလှပပကြီးကျရှုံးခဲ့ပြီ။
တစ်ခါတစ်လေသူတွေးမိတယ် --- တစ်ခါတစ်လေဆိုတာထက်အခုဆိုရင်နေ့တိုင်းလိုလိုပဲတွေးမိတယ်။သူသေသွားရင်ကောင်းမယ်လို့ပေါ့။ဒါပေမယ့်ပန်းလေးနဲ့ပတ်သက်ပြီးသူလုပ်ပေးစရာတွေကရှိသေးတယ်။အဲ့ဒါတွေလုပ်ပေးပြီးမှသူသေရမယ်ဆိုရင်လည်းသေသေပါ။ဟုတ်တယ်ပန်းလေးအတွက်သူလုပ်ပေးစရာတွေရှိတာကိုလုပ်ပေးရမယ်။အမြန်ဆုံးပေါ့။ရှေ့နေကြီးပေးလိုက်တဲ့စီဒီကိုတောင်သူမကြည့်ရသေးဘူး။အဲ့ဒီ့ထဲမှာလည်းသူသိချင်တဲ့၊သူစိတ်ဝင်စားတဲ့အကြောင်းတွေကပါဦးမှာ။
ဝသုန်ပန်းလေးတို့ကိုကြည့်လိုက်တော့ပန်းလေးကသူ့အမေနဲ့စကားတွေပြောကာရယ်မောနေလေသည်။ပန်းလေးကိုကြည့်ပြီးတော့သူသက်ပြင်းချလိုက်မိ၏။ထို့နောက်အိမ်တံခါးပေါက်ကိုတဖြည်းဖြည်းနဲ့ခွာလိုက်ကာအမှောင်မှာရပ်ထားတဲ့ဆိုင်ကယ်နားသို့ရောက်သွားတော့သည်။ဆိုင်ကယ်ပေါ်တက်လိုက်ကာဆိုင်ကယ်ဦးထုပ်ဆောင်းပြီးပန်းလေးတို့အိမ်ရှေ့ကနေထွက်သွားတော့၏။
"ဝူး --- "
ဆိုင်ကယ်သံကြောင့်ပန်းလေးအိမ်ရှေ့ကိုလှမ်းကြည့်လိုက်မိသည်။ဘာကိုမှမတွေ့ရ။
"ဒါဂျာကြီးဆိုင်ကယ်သံမို့လား---"
သူမစကားကိုမေမေကကြားသွားကာ
"ဘယ်သူလဲသမီး --- မောင်ဝသုန်မြေလား ---"
ပန်းလေးအိမ်ရှေ့ကိုကြည့်နေရင်းကနေမေမေ့ကိုခေါင်းရမ်းပြလိုက်မိသည်။
"ဆိုင်ကယ်သံကဂျာကြီးရဲ့ဆိုင်ကယ်သံနဲ့တူလို့မေမေ --- ဂျာကြီးကတော့ဒီကိုမလာလောက်ပါဘူး ---- လာမယ်ဆိုရင်လည်းအိမ်ထဲကိုဝင်မှာပဲဟာကို --- ဘာလို့လဲ ---"
"အင်းသမီးအထင်မှားတာနေမှာပါ ----"
"ဟုတ်မှာပါ --- သမီးအထင်မှားတာနေမှာ --- မေမေတို့လည်းအထဲဝင်ရအောင်လေ --- အပြင်မှာလေတိုက်နေတယ် ---"
ပန်းလေးအကြည့်တွေကအိမ်ရှေ့ဆီကမခွာသေး။သူမစိတ်ထဲမှာလည်းဝေဝါးနေ၏။ဂျာကြီးပန်းလေးကိုလာတွေ့တာလား။မဟုတ်သေးပါဘူး --- အခုတလောဂျာကြီးပန်းလေးကိုရှောင်နေတယ်ဆိုတာကိုပန်းလေးသိနေတာပဲ။ဘာလို့ရှောင်နေလဲဆိုတာကိုတော့ပန်းလေးနားမလည်။ပန်းလေးသူ့ကိုအပြစ်တစ်ခုခုလုပ်ခဲ့မိလို့များလား။ဟင့်အင်းပန်းလေးအပြစ်မလုပ်ခဲ့မိပါဘူး။လုပ်ခဲ့မိတယ်ဆိုရင်တောင်မှဂျာကြီးပွင့်လင်းတဲ့လူတစ်ယောက်ပဲပန်းလေးကိုပြောမှာပေါ့။ဘာလို့ပန်းလေးကိုရှောင်နေမှာလဲ။မဟုတ်သေးပါဘူး --- ပန်းလေးဂျာကြီးကိုမျက်နှာချင်းဆိုင်တွေ့ပြီးမေးမှဖြစ်တော့မယ်။ပန်းလေးအခုလိုမျိုးကြီးနေရတာစိတ်ထဲမှာတစ်မျိုးကြီးပဲ။ဘယ်လိုကြီးမှန်းမသိဘူး။
× × × × × × ×
"ဝသုန် ----"
ညစာထမင်းစားပွဲမှာသူတို့အားလုံးလူစုံစွာစားသောက်နေကြလေသည်။ဦးလေးကရေဖလားကိုယူလိုက်ကာရေသောက်လိုက်ပြီးတော့မှဖန်ခွက်ကိုစားပွဲပေါ်ပြန်ချလိုက်ပြီးဝသုန့်ကိုခေါ်လိုက်ခြင်းဖြစ်သည်။
"ဟုတ်ကဲ့ဦးလေး ---"
သုရှင်ဖေဖေ့ကိုကြည့်လိုက်တော့ဖေဖေ့မျက်နှာကတစ်ခုခုကိုသဘောကျသည့်ပုံပင်။ပြံုးနေလေသည်။
"မင်းလက်ခံလိုက်တဲ့အတွက်သူတို့ဘက်ကအရမ်းဝမ်းသာနေကြတယ် --- နောက်ပြီးမင်းကိုလည်းသူတို့သမီးနဲ့စကားအတူတူပြောစေချင်ကြတယ် ---"
"ဟင် --- ဝသုန်ကလက်ခံလိုက်တယ်ဟုတ်လားဖေဖေ ----"
ဦးသုကမ္ဘာမျက်နှာကပြံုးနေရင်းကနေသုရှင်ဘက်ကိုလှည့်လိုက်ပြီး
"ဟုတ်တယ်သား --- မင်းညီက ---ဦးမင်းဦးဒေါ်မာလာမြိုင်တို့ရဲ့သမီးနွေဦးမေနဲ့လက်ထပ်ဖို့ကိုသဘောတူလိုက်ပြီ ---အဲ့ဒါကြောင့်ဖေဖေတို့အနေနဲ့လည်းဝမ်းသာနေတာပေါ့ ---"
သုရှင်ဝသုန့်မျက်နှာကိုအံ့သြတကြီးကြည့်လိုက်လေသည်။ဝသုန်ကတော့ဘာမှမဖြစ်တဲ့ပုံပင်ထမင်းကိုဆက်ပြီးစားနေ၏။ဘယ်လိုဖြစ်ရတာလဲသုရှင်နားမလည်တော့။သူနွေဦးမေကိုဒီလောက်အထိမုန်းတာကိုလက်ထပ်ဖို့ဘာလို့ဆုံးဖြတ်လိုက်ရတာလဲ။
"ဝသုန် ---ဦးလေးသူတို့ကိုဘယ်လိုပြန်ပြောလိုက်ရမလဲ ---"
"ကျွန်တော်ပဲနွေဦးမေကိုဖုန်းဆက်လိုက်ပါ့မယ်ဦးလေး ----"
"သြော် --- အေးကောင်းတာပေါ့လူငယ်အချင်းချင်းကပိုကောင်းပါတယ်ကွယ် ---"
"ဝသုန် --- သားနွေဦးကိုရတာတကယ်ကံကောင်းတယ် --- အဲ့ဒီ့ကောင်မလေးကချစ်စရာသိပ်ကောင်းတာ --- အန်တီတောင်မှသဘောကျတယ် ---- သုရှင်ကမယူလို့ပေါ့ -- ယူလို့ကတော့ ---"
အန်တီကတော့ကိုကိုနွေဦးမေကိုလက်မထပ်တဲ့အတွက်တော်တော်ကိုစိတ်မသက်မသာဖြစ်နေပုံပင်။ဝသုန်ပြံုးလိုက်မိသည်။သူ့အပြံုးတွေဟာဘာအဓိပ္ပာယ်ကိုဆောင်နေတယ်ဆိုတာသူကိုယ်တိုင်သာသိပါတယ်။
"တီ --- တီ --- တီ ---"
ဝသုန့်ဖုန်းကမြည်လာတာဖြစ်သည်။ဝသုန်ဖုန်းနံပါတ်ကိုကြည့်လိုက်တော့နာမည်ကိုမမှတ်ထား။ဒါပေမယ့်ဘယ်သူဆက်တာလဲဆိုတာကိုတော့ဝသုန်သိတယ်။သူရင်းနှီးတဲ့နံပါတ်တစ်ခု။နွေဦးမေရဲ့ဖုန်း။ဝသုန်မကိုင်ဘဲထမင်းကိုဆက်စားနေလိုက်၏။
သုရှင်ဖုန်းလာနေတာကိုမကိုင်ဘဲထမင်းစားနေတဲ့ဝသုန့်ကိုကြည့်ကာနားမလည်နိုင်အောင်ဖြစ်နေမိ၏။
ဝသုန်ထမင်းစားပြီးတော့သူ့အခန်းထဲသူဝင်သွားလေသည်။သုရှင်လည်းထမင်းကိုမြန်မြန်စားလိုက်ပြီးဝသုန့်နောက်ကိုလိုက်သွားလိုက်၏။ဝသုန်ကတံခါးကိုအထဲကနေဂျက်ချထားလေသည်။သုရှင်အပြင်ကဖွင့်တာဖွင့်လို့မရ။
"ဒေါက် --- ဒေါက် ---"
"ဝသုန် ---ကိုကိုပါ ---"
"ဟုတ်ကဲ့ကိုကို --- ကျွန်တော်လာပြီခနလေးနော် ---"
သုရှင်သုံးမိနစ်လောက်စောင့်ရတယ်လို့ထင်လိုက်မိသည်။
"ကျွီ ----"
ဝသုန်ကတံခါးဖွင့်ပေးလိုက်ပြီးအထဲကိုဝင်လိုက်လေသည်။
"ကိုကို --- မအိပ်သေးဘူးလား ---"
ဝသုန်အိပ်ခန်းကရှုပ်ပွနေလေသည်။သုရှင်အံ့သြမိတာတော့အမှန်ပါ။ဝသုန်ကသပ်သပ်ရပ်ရပ်နေတတ်သူတစ်ယောက်။အခုတော့ကုတင်ပေါ်မှာရောစားပွဲပေါ်မှာပါစာရွက်စာတမ်းတွေနဲ့ရှုပ်ပွနေ၏။ကုတင်ပေါ်မှာ Laptop တစ်လုံး။
"ညီ့အခန်းကတော့ရှုပ်နေတယ်ကိုကို --- ကိုကိုပဲကြည့်ထိုင်လိုက်တော့နော် --"
သုရှင်ဝသုန့်ကိုခေါင်းငြိမ့်ပြလိုက်ပြီး
"ဘာတွေရှုပ်နေတာလဲ -- စာရွက်စာတမ်းတွေရော ---"
ဝသုန်စားပွဲပေါ်ကစာရွက်တွေကိုကမန်းကတမ်းကောက်ကာထပ်လိုက်လေသည်။Laptop ကိုလည်းပိတ်လိုက်ပြီးစာရွက်တွေပေါ်မှာဖိထားလိုက်၏။
သုရှင်အိပ်ရာပေါ်ကစီဒီချပ်လေးကိုကိုင်ကြည့်လိုက်သည်။စီဒီမှာအသံဖိုင်လို့ရေးထား၏။
"အသံဖိုင် --- ဒီစီဒီချပ်ကဘာစီဒီချပ်လဲ ----"
ဝသုန်ကိုကို့လက်ထဲကစီဒီချပ်ကိုယူလိုက်ပြီးအံဆွဲကိုဆွဲဖွင့်ပြီးထည့်လိုက်၏။
"ဘာမှမဟုတ်ဘူးကိုကို --- သူငယ်ချင်းတစ်ယောက်ရဲ့ပစ္စည် --- ညီပြန်မပေးရသေးတာ ----"
"သြော် ---"
သုရှင်ကုတင်ပေါ်မှာထိုင်လိုက်ပြီး
"ညီ --- အခုတလောကုမ္ပဏီကိုသိပ်မလာဘူးနော် --- ဘာဖြစ်လို့လဲ ---"
“တစ်ခြားလုပ်စရာနည်းနည်းရှိလို့ကိုကို --- မနက်ဖြန်တော့ ---- အင်း --- သန်ဘက်ခါလောက်မှလာဖြစ်မယ်ထင်တယ် --- ဘာလို့လဲ --- ကုမ္ပဏီမှာအလုပ်ကိစ္စတွေရှုပ်နေလို့လား ---”
သူတို့နှစ်ယောက်ကုတင်ပေါ်မှာတူတူထိုင်လိုက်ကြလေသည်။
“မဟုတ်ဘူးညီ --- ကိုကိုမင်းဆီကသိချင်တာတွေအရမ်းများနေတယ် --- စကားအေးအေးဆေးဆေးပြောရအောင် ----”
ဝသုန်မတ်တပ်ရပ်လိုက်ပြီး
“ဒါဆိုလည်းဝရန်တာမှာပြောရအောင်လေ ---”
ဝသုန်ကသူ့အခန်းအပြင်ကဝရန်တာဘက်ကိုထွက်သွား၍သုရှင်လည်းနောက်ကလိုက်သွားလေသည်။၀ရန်တာမှာကထိုင်စရာခုံမရှိ။မရှိဆိုတာထက်ဝသုန်ကိုယ်တိုင်ကမထားခဲ့တာဖြစ်သည်။သူတို့အားလုံးရဲ့အခန်းအားလုံးမှာဝရန်တာတစ်ခုစီရှိကြသည်။ဝရန်တာတိုင်းမှာလည်းထိုင်စရာခုံတစ်ခုကတော့ပါကြ၏။ဝသုန်ကတော့အဲ့လိုမဟုတ်။
ဝရန်တာမှာပန်းအိုးပုလေးတွေကိုသာထားစေခဲ့သည်။ပန်းအိုးပုလေးတွေအားလုံးထဲမှာရောင်စုံရေမွှေးနှင်းဆီပင်များကိုစိုက်ထား၏။ပန်းတွေပွင့်လာပြီဆိုရင်သိပ်ပြီးလှကြတာ။ပန်းနုရောင်၊အဖြူရောင်၊အနီရောင်၊အဝါရောင်ရောင်စုံနှင်းဆီပန်းတွေကကြည့်မိသူတိုင်းရဲ့ရင်ထဲကိုနုနယ်လန်းဆန်းသွားစေသည်။အခုလည်းဝသုန်ဝရန်တာကနှင်းဆီပန်းအိုးတွေကိုကြည့်ကာပန်းအိုးထဲကပေါင်းပင်လေးတွေကိုနုတ်နေ၏။
“ဘာလို့နွေဦးမေကိုလက်ခံလိုက်ရတာလဲ ---”
ဝသုန်ကသူ့ကိုလှည့်မကြည့်ဘဲပေါင်းပင်တွေကိုသာနုတ်နေလေသည်။
“ကိုကိုကဘာလို့သိချင်ရတာလဲ --- ညီသူ့ကိုလက်ထပ်မယ့်အထဲမှာအကြောင်းတစ်ခုခုရှိတယ်လို့များထင်နေတာလား ---”
“ကိုကိုအဲ့လိုတော့မပြောတတ်ဘူး --- ဘာလဲညီကအကြောင်းတစ်ခုခုရှိလို့နွေဦးမေကိုလက်ထပ်မှာလား ---”
ဝသုန်သူ့စကားနဲ့သူ့ကိုယ်သူပြန်ချည်နှောင်မိသွား၏။သူ့လက်တွေကအဝါရောင်နှင်းဆီပန်းတွေဆီသို့ရောက်သွားလေသည်။မီးရောင်အောက်ကသူတို့လေးတွေရဲ့အလှဟာတကယ်ကိုလှပသက်ဝင်လှပါသည်။
“ဆောရီးကိုကို --- ကျွန်တော်ပြောချင်တာက --- ကျွန်တော်နွေဦးမေကိုတကယ်လက်ထပ်မှာပါ --- အဲ့ဒီ့အတွက်ကိုကိုစိတ်ပူမနေပါနဲ့ ---”
“မဟုတ်ဘူးဝသုန် --- ကိုကိုမင်းကိုစိတ်ပူတာအဲ့ဒီ့အချက်မဟုတ်ဘူး --- မင်းနွေဦးမေကိုမချစ်ဘဲနဲ့လက်ထပ်တာကိုသိချင်တာ ---”
သူသိချင်တာကိုဝသုန်ကဖြေချင်ပုံမရပေ။သူ့စိတ်ထဲမှာတထင့်ထင့်ဖြစ်နေတာကလည်းပန်းလေးနဲ့ပတ်သက်နေတာဆိုတာကိုသူသာသိသည်။
“ပန်းလေးနဲ့ပတ်သက်နေတာလား ---”
ပန်းတွေကိုကိုင်ထားတဲ့ဝသုန့်လက်တွေတန့်သွားလေသည်။အကြိမ်ကြိမ်သတိထားနေတဲ့ကြားကသူ့အမူအရာတွေပျက်ယွင်းသွားမိ၏။
“ဟင့်အင်း --- မဆိုင်ပါဘူး ---”
“အဲ့ဒါဆိုဘာလို့လက်ထပ်မှာလဲ --- ကိုကို့ကိုအကြောင်းပြချက်တော့ပေးပါဝသုန် --- မဟုတ်ရင်ကိုကို့စိတ်ထဲမှာဝသုန်လက်ထပ်တာဟာကိုကို့ကြောင့်ဆိုပြီးခံစားနေရလိမ့်မယ် ----”
ဝသုန်ကိုကို့ကိုလှည့်ကြည့်လိုက်ပြီး
“ဘာဆိုင်လို့လဲကိုကိုရာ ---”
“အဲ့ဒါဆိုကိုကို့ကိုပြောပြလေ --- နွေဦးမေကိုဘာလို့လက်ထပ်မှာလဲဆိုတာ ---”
“မသိချင်ပါနဲ့ကိုကို --- ကျွန်တော်သူ့ကိုလက်ထပ်မှာဟာဘယ်သူနဲ့မှမပတ်သက်ဘူး --- ဘယ်အရာနဲ့မှမဆိုင်ဘူး --- ဘာအကြောင်းပြချက်မှမရှိလို့ဘာဖြေရှင်းချက်မှလည်းမပေးချင်ဘူး ---”
“ဒါဆိုရင်ဖေဖေ့စကားကိုနားထောင်ပြီးလက်ထပ်တာလား ---”
ဝသုန်အကြည့်တွေကဖန်ချောင်းမီးသီးတွေဆီသို့ရောက်သွားပြန်သည်။
“ကိုကိုအဲ့လိုပဲမှတ်ထားပေးလိုက်ပါ ---”
သုရှင်အလိုမကျစွာခေါင်းယမ်းလိုက်မိသည်။
"မဟုတ်သေးဘူးဝသုန် -- တစ်ခုခုတော့မှားနေတယ်ထင်တယ် ----"
"မမှားပါဘူး --- ကိုကို့စိတ်ထဲမှာကိုကိုပြောသလိုသာမှတ်ထားလိုက်ရင်ရပါတယ် ---"
"မဟုတ်ဘူးကိုကိုပြောချင်တာက ---"
"တီ --- တီ --- တီ ---"
ဖုန်းသံကြောင့်သုရှင်စကားပြောနေရင်းကနေသူ့လက်ထဲကဖုန်းကိုငုံ့ကြည့်လိုက်မိသည်။ဂျက်စတင်ဆက်တာပဲ။သုရှင်ဝသုန့်ကိုကြည့်လိုက်ပြီးဝရန်တာကနေထွက်သွားလေသည်။
ဝသုန်ကိုကို့ကျောပြင်ကိုကြည့်နေရာကနေအကြည့်တွေကိုလွှဲလိုက်ပြီးပန်းလေးတွေဆီသို့ပြန်ရောက်သွား၏။
"ဆောရီးပါကိုကို ---- အမှန်တရားတစ်ခုအတွက်ကျွန်တော့်နှလုံးသားကိုစတေးတယ်လို့ပဲမှတ်လိုက်ပါတော့မယ် --- ဘယ်သူ့ကိုမှအပြစ်မတင်ပါဘူး ---"
ဝသုန်ဝရန်တာရဲ့ထောင့်မှာထိုင်လိုက်ကာကောင်းကင်ကြီးကိုမော့ကြည့်လိုက်မိ၏။အဲ့ဒီ့အချိန်မှာအိမ်ရှေ့ကနေဆိုင်ကယ်နဲ့ဖြတ်သွားကြတဲ့ကောင်လေးတစ်သိုက်ရဲ့ပါးစပ်ကနေဆိုသွားကြတဲ့သီချင်းတစ်ပုဒ်။
--- ရောင်စုံတိမ်တွေကိုငါငေးကြည့်နေစဉ် --- ကြင်နာသူမင်းလေးကိုယ့်အနားမရှိခဲ့ပါ ---- အိမ်မက်ဆိုးများနဲ့ကိုယ့်ဘဝကိုညီမလေးနားလည်ပါ ----
သီချင်းကလေထဲမှာပဲပျံ့လွင့်ရင်းပျောက်ဆုံးသွားခဲ့သည်။အဲ့ဒီ့အနောက်ကနေဝသုန်ဆက်ပြီးလိုက်ဆိုလိုက်မိသည်။
--- ကိုယ်ရင်တွေခုန်နေတယ်ညီမလေးသိရဲ့လား --- အိမ်ပြန်ချိန်မင်းအကြည့်နဲ့ဆုံမိတဲ့အခိုက်မှာ -- ဖွင့်မပြောရဲတဲ့ကိုယ့်အဖြစ်ဟာညီမလေးအတွက်ပါကွာ ---
--- ရင်မှာရှိတဲ့ဆန္ဒတွေကိုကိုယ့်ရင်ထဲမှာခဏသိမ်းထားခဲ့တာ --- ညီမလေးမုန်းသွားမှာစိုးလို့သာဖွင့်မပြောခဲ့တာပါနားလည်ပေးပါ ----
ဒီသီချင်းလေးကသူနဲ့တိုက်ဆိုင်မှုရှိတယ်လို့ဝသုန်ခံစားလိုက်မိသည်။ဟုတ်တယ် --- သူပန်းလေးကိုဖွင့်မပြောဘဲနေခဲ့တာဟာပန်းလေးအတွက်တွေးနေခဲ့မိလို့ပါ။ဒါပေမယ့်ပန်းလေးသူ့ကိုမမုန်းပါစေနဲ့လို့သူဆုတောင်းနေမိတယ်။ပြောသာပြောတာပါ --- သူချစ်နေတာကိုတောင်မှပန်းလေးကသိရဲ့လားမသိဘူး။မသိတာပဲကောင်းပါတယ်။သိသွားလည်းသူပန်းလေးနဲ့ပေါင်းဖက်ဖို့အတွက်ကလုံးဝ ----
"တီ -- တီ ----"
ဖုန်းသံကြောင့်အတွေးတွေလွင့်ပျယ်သွားရပြန်သည်။ဖုန်းနံပါတ်ကိုကြည့်လိုက်တော့နာမည်မှတ်မထား။ဒါပေမယ့်သူသိနေသည်။မကိုင်ချင်ပေမယ့်မဖြစ်မနေကိုင်ရမယ့်အကြောင်းကရှိနေခဲ့ပြီ။
"ဟယ်လို ---"
"ခုနကနွေဦးဖုန်းဆက်တာကိုဘာလို့မကိုင်တာလဲ ---"
"ထမင်းစားနေလို့ ----"
"သြော် --- ဟုတ်လား --- ဆောရီးနော် ---"
"ဘာပြောမလို့လဲ ---"
"မနက်ဖြန်အပြင်မှာတွေ့ရအောင် ---"
"ဘာလုပ်ဖို့လဲ ---"
ဝသုန်မျက်မှောင်တွေကုတ်ကာမေးလိုက်မိ၏။
"ဟင်ဘာလုပ်ရမှာလဲ -- စကားတွေပြောဖို့လေ --- ပြီးရင်နွေဦးသူငယ်ချင်းတစ်ယောက်ရဲ့ဆိုင်မှာဖိတ်စာတွေလည်းသွားကြည့်မယ် ----"
"ကျွတ် --- အဲ့ဒါတွေက ---"
"ဟာ -- ဝသုန်မရဘူးနော် -- လူကြီးတွေကလည်းအမြန်ဆုံးမင်္ဂလာဆောင်စေချင်ကြတာ --- နောက်ပြီး ---"
နွေဦးကဆက်မပြောဘဲရပ်သွား၏။သူဘာဆက်ပြောမလဲဆိုတာကိုဝသုန်မမေးမိ။သူ့ပါးစပ်ကဘာပဲပြောပြောဝသုန်စိတ်မဝင်စားဘူး။အဲ့ဒါအမှန်ပဲ။
"နွေဦးကိုယ်တိုင်ကလည်းရှင်နဲ့အေးအေးဆေးဆေးတွေ့ချင်ပြီးစကားတွေပြောချင်လို့ပါ ---"
နွေဦးချစ်တယ်ဆိုတဲ့အကြောင်းသူ့ကိုနွေဦးပြောမထွက်ခဲ့။နွေဦးပြောသမျှစကားတွေအားလုံးကသူ့နားထဲကိုသံရည်ပူလောင်းနေတယ်လို့သူကတော့ထင်နေမှာပဲ။သူနွေဦးကိုအဲ့လောက်အထိတောင်မုန်းနေခဲ့တာ။ဒါပေမယ့်နွေဦးကတော့သူ့ကိုချစ်တယ်။
သူကလည်းပန်းလေးနဲ့ပတ်သက်ပြီးနွေဦးသူ့ကိုမုန်းနေတယ်လို့ထင်မှာပဲ။သူပန်းလေးအပေါ်မှာကောင်းတာကိုနွေဦးကမနာလိုဖြစ်ပြီးသူ့ကိုမုန်းနေတယ်လို့သူထင်နေမှာသေချာပါတယ်။ဒါပေမယ့်လေ --- နွေဦးသူ့ကိုမုန်းခဲ့မယ်ဆိုရင်တောင်မှအဲ့ဒါတွေဟာဟန်ဆောင်အမုန်းတွေဆိုတာရှင့်ကိုသိစေချင်လိုက်တာဝသုန်ရယ်။
"အင်း --- ကောင်းပြီလေ --- မနက်ဖြန်ကျရင်တွေ့တာပေါ့ --- မင်းဖုန်းဆက်လိုက်ပါ ---"
"ဝသုန် --- ကျေးဇူးပါ ---"
"မလိုပါဘူး --- ဘာပြောစရာရှိသေးလဲ ---"
"ဟင့်အင်း ---"
"ဒါဆိုလည်းဖုန်းချလိုက်တော့မယ် ---"
ပြောလည်းပြောဖုန်းကလည်းချသွားပြီဖြစ်သည်။နွေဦးရဲ့စိတ်ထဲမှာတော့မတင်မကျဖြစ်ကာကျန်နေခဲ့တော့သည်။သူမရင်တွေလည်းခုန်နေသည်ထင်ပါရဲ့။သူမသူမချစ်ရတဲ့သူ --- ဝသုန်မြေနဲ့နီးစပ်ရတော့မှာလေ။သူမပျော်တာပေါ့။သူမအခုလိုပျော်နေတဲ့အကြောင်းတစ်ယောက်ယောက်ကိုလည်းသိစေချင်သေးတယ်။အဲ့ဒါကဘယ်သူလဲဆိုတော့ပန်းလေးကိုပေါ့။အဲ့ဒါကိုသာသိရင်ပန်းလေးဘယ်လိုနေသွားမလဲ။နွေဦးသိချင်စိတ်တို့ပိုပြီးပြင်းပြလာလေသည်။မဆိုင်းမတွပင်ဖုန်းကိုကိုင်လိုက်ကာဖုန်းနံပါတ်ကိုရှာလိုက်လေသည်။ခိုင်ဦးဆီကနေသူပန်းလေးရဲ့ဖုန်းနံပါတ်ကိုမရရအောင်တောင်းထားခဲ့၏။
× × × × × × ×
ပန်းလေးအိပ်နေတဲ့မေမေ့ကိုစောင်ခြံုပေးပြီးကန်တော့လိုက်သည်။အခုပန်းလေးစိတ်ထဲမှာအေးချမ်းနေတယ်လို့ထင်နေမိ၏။
"တီ --- တီ --- တီ ----"
ပန်းလေးဖုန်းကိုလိုက်ရှာလိုက်မိသည်။ဖုန်းကမေမေ့ကုတင်ဘေးကစားပွဲပေါ်မှာ။ပန်းလေးရင်တုန်စွာဖြင့်အမြန်ကောက်ယူလိုက်သည်။ဂျာကြီးဆက်တာများလား။သူမရင်တွေခုန်နေသလိုလိုတုန်နေသလိုလို။ဒါပေမယ့်ဖုန်းနံပါတ်ကိုကြည့်လိုက်တော့ပန်းလေးသိတဲ့နံပါတ်မဟုတ်။ဂျာကြီးမှာတစ်ခြားဖုန်းရှိသေးလို့လား။သူမတွေးမိကာဖုန်းကိုကိုင်လိုက်သည်။
"ဟယ်လို ---"
"ဟယ်လိုပန်းလေး ---"
"ဟင် --- မမနွေဦး ---"
ပန်းလေးအံ့သြပြီးဖုန်းကိုလက်နဲ့အသာလေးအုပ်လိုက်ကာမေမေ့အခန်းထဲကနေအမြန်ထွက်လာလိုက်သည်။ထို့နောက်သူမအခန်းထဲသို့ဝင်လိုက်ကာတံခါးကိုအသာလေးစေ့လိုက်မိ၏။
"အင်းဟုတ်တယ် ---"
"ပန်းလေးဖုန်းကိုဘယ်လိုလုပ်ပြီး ---"
"နင့်ဖုန်းနံပါတ်သိဖို့ငါဘာများကြိုးစားရမှာလဲ --- "
ပန်းလေးရင်ထဲမှာနည်းနည်းတော့အောင့်သွားမိ၏။စကားလုံးတွေကရင့်သီးလိုက်တာ။
"ဟိုပန်းလေးကိုဘာပြောမလို့လဲဟင် ---"
"နင့်ကိုသိစေချင်တာတစ်ခုရှိလို့ ---"
"ဘာများလဲမမနွေဦး ---"
"ငါဝသုန်မြေနဲ့လက်ထပ်တော့မယ် --- အဲ့ဒါနင်သိလား ---"
"ရှင် ---"
ပန်းလေးလက်ထဲကဖုန်းတောင်မှပြုတ်ကျသွားမလိုဖြစ်သွားကာဆွံ့အသွားလေသည်။အံ့သြတာထက်ပိုဆိုးတဲ့ခံစားချက်။ပန်းလေးဝမ်းနည်းသွားတာလား။
"ဟုတ်တယ် --- အဲ့ဒါကြောင့်နင်ဝသုန်နဲ့ဝေးဝေးမှာနေပါ --- မကြာခင်မှာငါကဝသုန်မြေရဲ့ဇနီးဖြစ်တော့မှာ ---"
မမနွေဦးကဂုဏ်ယူဝ့ံကြွားစွာပြောနေလေသည်။ပန်းလေးကတော့ကြားရတဲ့စကားတွေကိုမယုံနိုင်စွာဖြင့်ဆွံ့အနေမိ၏။
"ဟယ်လို --- ရင်ဝှက်ပန်း --- ကြားလား ---"
"ရှင် --- ဟုတ်မမနွေဦး ---"
"နင်သိပြီဆိုရင်လည်းပြီးတာပဲ --- ဒါပဲဖုန်းချလိုက်ပြီ ---"
မမနွေဦးဖုန်းချသွားပေမယ့်ပန်းလေးကတော့ဖုန်းကိုကိုင်ထားရင်းကနေနံရံကိုမှီကာကျောက်ရုပ်တစ်ရုပ်လိုငြိမ်နေလေသည်။
မမနွေဦးပြောနေတာတွေကတစ်ကယ်ပဲလား။ဂျာကြီးကမမနွေဦးနဲ့လက်ထပ်တော့မှာပေါ့။ဂျာကြီးပြောတော့မမနွေဦးကိုမုန်းတယ်ဆိုဘယ်လိုလုပ်ပြီးလက်ထပ်တော့မှာလဲ။ဟင့်အင်းမဖြစ်နိုင်ဘူး။ပန်းလေးဂျာကြီးကိုဖုန်းဆက်မယ်။
ပန်းလေးတွေးလည်းတွေးဖုန်းထဲကဂျာကြီးနာမည်ကိုလည်းရိုက်ရှာလိုက်မိသည်။ပန်းလေးချက်ချင်းခေါ်လိုက်၏။ဒါပေမယ့်--- ဖုန်းကဝင်သွားသည်။ဂျာကြီးကတော့မကိုင်ခဲ့။ပန်းလေးမျက်ရည်တွေကျလာခဲ့၏။အဲ့ဒါကြောင့်ဂျာကြီးပန်းလေးကိုရှောင်နေခဲ့တာလား။မမနွေဦးနဲ့လက်ထပ်တော့မှာမို့လို့မမနွေဦးကပန်းလေးနဲ့မပတ်သက်ရဘူးလို့ပြောထားလို့ပန်းလေးကိုမခေါ်တော့တာလား။
ရက်စက်လိုက်တာဂျာကြီးရယ်။ပန်းလေးလေ --- ပန်းလေးဘယ်လိုခံစားရမှာလဲ။ပန်းလေးကိုဒီလိုပုံစံမျိုးနဲ့တော့မရက်စက်ပါနဲ့။ပန်းလေးတောင်းပန်ပါတယ်နော်။မမနွေဦးကိုပန်းလေးအစားလက်စားချေပေးပါ့မယ်လို့ဂျာကြီးပြောထားတယ်မဟုတ်လား။အခုတော့ဒီလိုမျိုးနဲ့လက်စားချေပေးတာပေါ့။ဟင့်အင်း --- ပန်းလေးအဲ့လိုမျိုးအဖြစ်မခံနိုင်ဘူးဂျာကြီး။
ပန်းလေးမျက်ရည်တွေပိုပြီးကျလာတော့၏။ဂျာကြီးရယ် --- ပန်းလေးဂျာကြီးအပေါ်မှာသံယောဇဉ်ဖြစ်နေမိပြီ။
အဂ္ဂတံခါးလေးကိုအသာလေးစေ့လိုက်ပြီးခေါင်းရမ်းလိုက်၏။မမဘာလို့မျက်ရည်ကျရတာလဲ။ဖုန်းဆက်တာကတော့မမနွေဦးပဲ။မမနွေဦးဘာပြောလိုက်လို့မမကငိုရတာလဲ။ကိုကြီးကြောင့်လား။သူမမမျက်ရည်ကျတာကိုမကြည့်နိုင်ဘူး။ကိုကြီးကိုပြောရမလား။

#####
အိပ်မက်ကြယ်(ခ)ကြယ်လေး

ဟန်​ဆောင်အမုန်း (Completed)Donde viven las historias. Descúbrelo ahora