အခန်း(၇)

675 12 0
                                        

💜 ဟန်ဆောင်အမုန်း 💜
💜 အခန်း(၇) 💜

"တီ --- တီ ---"
ကားဟွန်းသံကြားလိုက်ရ၍ဒေါ်မာလာမြိုင်ဦးမင်းဦးကိုကြည့်လိုက်လေသည်။
"ဟောဧည့်သည်တွေတောင်ရောက်လာပြီ --- ကိုဦးရေ ---"
ဒေါ်မာလာမြိုင်ဝမ်းသာအားရဖြင့်ပြောလိုက်လေတော့ဦးမင်းဦးသတင်းစာဖတ်နေရင်းကနေမတ်တပ်ရပ်လိုက်ကာ
"မင်းရဲ့သမီးကိုသွားခေါ်လိုက်ဦး --- ငါဧည့်သည်တွေကိုသွားကြိုလိုက်ဦးမယ် ---"
ဒေါ်မာလာမြိုင်ခေါင်းငြိမ့်လိုက်ကာ
"အင်း --- မာလာသွားခေါ်လိုက်မယ်နော် ---"
ဦးမင်းဦးအိမ်ရှေ့ထွက်သွားတော့ဒေါ်မာလာမြိုင်မီးဖိုထဲအရင်သွားလိုက်ကာမီးဖိုထဲမှာပြင်ဆင်နေတဲ့ဒေါ်ထားထားကိုကြည့်လိုက်ပြီး
"ဒေါ်ထားရေအားလုံးအဆင်သင့်ဖြစ်ပြီလား --- ဧည့်သည်တွေကရောက်လာပြီ ---"
ထမင်းပန်းကန်တွေပြင်ဆင်နေတဲ့ဒေါ်ထားကဒေါ်မာလာမြိုင်ကိုပြန်မကြည့်အားဘဲ
"ပြီးပြီမာလာရေ --- ထမင်းပွဲတွေပြင်နေလို့ ---"
"အင်း --- ဒါဆိုမာလာဧည့်သည်တွေနဲ့စကားပြောလိုက်ဦးမယ် --"
"ကောင်းပြီလေ --- ဒေါ်ထားလည်းပြီးပါပြီ ---"
ဒေါ်မာလာမြိုင်ဒေါ်ထားကိုပြန်မပြောတော့ဘဲမီးဖိုထဲကထွက်သွားကာအိမ်ပေါ်သို့တက်သွားလေသည်။
မှန်ထဲမှာမြင်ရတဲ့သူမရဲ့ပုံစံကချစ်စဖွယ်ကောင်းနေတယ်လို့ထင်မိသည်။
နွေဦးသူမကိုယ်သူမကြည့်ကာသဘောကျစွာပြံုးလိုက်မိ၏။သုရှင်မင်းဆိုတာဘယ်လိုပုံစံဘယ်လိုရုပ်မှန်းသူမမသိပါ။ဒါပေမယ့်ဖေဖေမေမေတို့ကသဘောတူထားတဲ့သူဆိုတော့သာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတာကိုတော့သူမခန့်မှန်းမိပါသည်။
"ဒေါက် ---ဒေါက် --- "
"သမီးရေ --- နွေဦး ---"
တံခါးခေါက်သံကြောင့်နွေဦးအတွေးတွေလွင့်သွားမိသည်။
"မေမေဝင်လာမယ်နော်သမီး ---"
နွေဦးဘာမှပြန်မပြောရသေးခင်မေမေကတံခါးဖွင့်ကာဝင်လာပြီဖြစ်သည်။နွေဦးမေမေ့ကိုလှည့်ကြည့်လိုက်တော့
"ဟယ် --- ဒါမေမေ့သမီးနွေဦးမေမှဟုတ်ရဲ့လား ---"
မေမေကနွေဦးကိုကြည့်ကာအ့ံသြတကြီးပြောနေတော့နွေဦးကျေနပ်စွာပြံုးလိုက်မိတော့သည်။
"သမီးလေးကဟဒီလောက်လှနေမှတော့သုရှင်မင်းမြင်ရင်သမီးအလှမှာနစ်မျောသွားမှာသေချာတယ် ---"
"မေမေကလည်း ---"
နွေဦးကရှက်ရွံ့စွာပြောလိုက်တော့မေမေကရယ်နေလေသည်။
"ကဲသမီးသူတို့လည်းရောက်လာကြပြီ --- လာသွားရအောင် ---"
နွေဦးမေမေ့ကိုခေါင်းငြိမ့်ပြလိုက်သည်။ကားသံကြားလိုက်ကတည်းကသူတို့ရောက်လာပြီဆိုတာသူမသိပါတယ် ---
နွေဦးမေမေနဲ့အတူတူအောက်ထပ်ကိုဆင်းလာခဲ့သည်။ဧည့်ခန်းထဲရောက်တော့ဧည့်ခန်းထဲမှာဖေဖေ့စကားသံကိုနွေဦးအရင်ဆုံးကြားလိုက်ရသည်။
"ကျွန်တော်တို့ကလည်းကလေးတွေကိုတစ်ခါမှပေးမတွေ့ဖူးကြဘူးလေ --- ကလေးတွေအနေနဲ့တော့စိမ်းနေကြမှာအမှန်ပဲ ---"
"ဟုတ်တယ်ကိုမင်းဦးရေ --- ကျွန်တော့်အနေနဲ့လည်းပေးတွေ့ဖို့အချိန်မရခဲ့ဘူး --- သားကလည်းနိုင်ငံခြားသွားပြီးပညာသင်နေရတာဆိုတော့လေ ---"
"ကျွန်တော်နားလည်ပါတယ်ကိုသုကမ္ဘာရယ် --- ဘာပဲဖြစ်ဖြစ်အခုတော့ကလေးတွေကိုပေးတွေ့နိုင်ပြီပဲ---"
"ဟုတ်တာပေါ့ ---"
"ကိုမင်းဦးနဲ့မာလာတို့ရဲ့သမီးကအချောလေးပဲ ---"
လှေကားပေါ်ကဆင်းလာတဲ့နွေဦးကိုကြည့်ကာဒေါ်မေရှင်ပြောလိုက်တော့နွေဦးရယ်ပြလိုက်လေသည်။
သူတို့ရဲ့သားသုရှင်မင်းကတော့လှည့်မကြည့်ပေ။နွေဦးစိတ်ထဲမှာအလိုမကျတော့ဖြစ်မိသွားသည်။
နွေဦးနဲ့မေမေဖေဖေ့နားမှာထိုင်လိုက်ကြသည်။
"သား --- ဒါကသားနဲ့မေမေတို့လူကြီးချင်းသဘောတူထားတဲ့သမီးလေးနွေဦးမေတဲ့နှုတ်ဆက်လိုက်ဦးလေ --- "
သုရှင်သူမကိုတစ်ချက်ကြည့်လိုက်ကာခေါင်းပဲငြိမ့်ပြလိုက်၏။
"သမီးလေးဒါကအန်တီတို့ရဲ့သားသုရှင်မင်း ---"
"ဟုတ်ကဲ့အန်တီ ---"
နွေဦးကတော့သူ့လိုကျောက်ရုပ်ကြီးလိုမနေနိုင်၍စကားတော့ပြောလိုက်မိသည်။သူ့ပုံစံကနွေဦးကိုသဘောကျသည့်ပုံမပေါ်။ဒီနေရာကိုရောက်လာတာတောင်မှသူ့မိဘတွေကဇွတ်အတင်းခေါ်ခဲ့ပုံပေါ်သည်။မျက်နှာကသုန်မှုန်နေ၏။နွေဦးသူ့ကိုအကဲခတ်လိုက်မိသည်။သူလည်းခန့်ညားတဲ့လူတစ်ယောက်ပါပဲ။
မြန်မာဆန်ဆန်ဝတ်ထားပေမယ့်ကြည့်လို့တော့သိပ်မကောင်း။သူ့ကြည့်ရတာလည်းဒီလိုဝတ်ရတာသိပ်ပြီးအဆင်ပြေပုံမပေါ်ပေ။ဒါပေမယ့်ဝသုန်မြေနဲ့ယှဉ်လိုက်တော့လည်းမဆိုးပါဘူးလို့နွေဦးတွေးလိုက်မိသည်။
"မေတို့သားလေးကလည်းအချောလေးပဲနော် --- ယောကျာ်းပီသတဲ့ပုံပဲ ---"
"ဒါဆိုမာလာတို့သမီးလေးနဲ့လိုက်ဖက်တာပေါ့နော် ---"
"ဟုတ်ပ --- ဟုတ်ပမေရယ် ---"
လူကြီးတွေကသူတို့ကိုကြည့်ကာပြောနေပေမယ့်သူတို့နှစ်ယောက်စလုံးကတော့တိတ်ဆိတ်စွာဖြင့်ဘာအသံမှမထွက်ပေ။
အိမ်ရှေ့ကတခါမှမမြင်ဖူးတဲ့ကားကိုတွေ့လိုက်ရ၍ပန်းလေးခြေလှမ်းတွေတန့်သွားမိသည်။ထို့နောက်လက်ထဲကဇွန်ပန်းလေးတွေကိုကြည့်လိုက်ကာ
"မမနွေဦးပြောတာတော့ဒီနေ့ဧည့်သည်တွေရောက်မယ်တဲ့ --- အဲ့ဒီ့ဧည့်သည်တွေကအရေးကြီးဧည့်သည်တွေလို့ပြောသည်။မမနွေဦးနဲ့သဘောတူထားတဲ့လူတဲ့။အခုချိန်အိမ်ထဲဝင်သွားလို့ရပါ့မလား ---"
ပန်းလေးဝင်သွားရင်ကောင်းမလားမဝင်သွားတာကောင်းမလားစဉ်းစားနေမိသည်။
"မဖြစ်သေးပါဘူး --- မမနွေဦးကဇွန်ပန်းတွေကိုအခုပန်မှာလားမှမသိတာ --- တော်ကြာမပေးလို့ငါ့ကိုလုပ်နေဦးမယ် --- သွားပေးလိုက်တာကောင်းပါတယ် ---"
ပန်းလေးဆုံးဖြတ်ပြီးတော့အိမ်ထဲကိုဝင်လိုက်လေသည်။
"ဒါဆိုဒီတွေ့ဆုံပွဲကိုကလေးတွေရဲ့စေ့စပ်ပွဲလို့သတ်မှတ်လိုက်ကြမလား ---"
မေမေ့စကားကြောင့်သုရှင်ခေါင်းမော့လာကာမေမေ့ကိုကြည့်လိုက်မိသည်။မေမေကတော့လူကြီးတွေကိုကြည့်ကာပြောနေ၏။
သူတို့စိတ်ကိုတော့အလေးမထားကာသူတို့လူကြီးတွေသာဆုံးဖြတ်ချက်ချနေကြလေသည်။
"အင်းကောင်းသားပဲ ---"
သုရှင်နွေဦးမေကိုကြည့်လိုက်တော့လည်းသူမကဘာမှမပြောပဲပြံုးပဲပြံုးနေလေသည်။ဘာလို့လဲသူကသဘောတူလက်ခံလို့ဘာမှမပြောတာလား။သုရှင်ကတော့သဘောမတူပါ။
"မမနွေဦး ---"
ခေါ်သံကြောင့်သူတို့တွေလှည့်ကြည့်လိုက်သည်။
"ပန်းလေး --- ဘာကိစ္စလဲ ---"
ပန်းလေးအန်တီမာလာကိုကြည့်လိုက်ကာဇွန်ပန်းအိတ်လေးကိုမြှောက်ပြလိုက်ပြီး
"မမနွေဦးကဇွန်ပန်းဝယ်ခိုင်းလို့ပါအန်တီမာလာ ---"
သုရှင်ဒီအသံကိုကြားဖူးနေလေသည်။ရင်းရင်းနှီးနှီးလည်းသိနေ၏။ပန်းလေးလို့ခေါ်သံကြားလိုက်ရမှသုရှင်မှတ်မိသွားကာနောက်ကိုလှည့်ကြည့်လိုက်မိ၏။
"ဟင် --- ရင်ဝှက်ပန်း ---"
ပန်းလေးသူ့ကိုခေါ်လိုက်တဲ့သူကိုကြည့်လိုက်ကာအ့ံသြသွားပြီးလက်ထဲကပန်းထုပ်တောင်လွတ်ကျသွားတော့မလိုဖြစ်သွား၏။
"MD --- ဘယ်လိုလုပ် ---"
သုရှင်နဲ့ပန်းလေးကိုကြည့်ကာနွေဦးစိတ်ထဲမှာတစ်မျိုးဖြစ်သွားမိ၏။
ဒေါ်မာလာလည်းသူတို့ကိုကြည့်ကာအ့ံသြနေ၏။
"မင်းကဒီမှာနေတာလား ---"
ပန်းလေး MD သုရှင်မင်းကိုခေါင်းရမ်းပြလိုက်ကာ
"မဟုတ်ဘူး MD ---"
"ဒါဆို ---"
သုရှင်ဆက်မမေးပဲသူဘာပြောမလဲဆိုတာကိုနားထောင်နေမိသည်။ဒါပေမယ့်သူမကတော့ဆက်မပြော။ပြောလိုက်တာကဒေါ်မာလာမြိုင်
"သူကအိမ်မှာတောက်တိုမယ်ရခိုင်းတာလေ ---"
သုရှင်ဒေါ်မာလာမြိုင့်စကားကြောင့်ပန်းလေးကိုမယုံနိုင်စွာအ့ံသြတကြီးကြည့်လိုက်မိသည်။မဖြစ်နိုင်တာ --- သုရှင်စိတ်ထဲမှာဘယ်လိုမှမယုံနိုင်ခဲ့။ကုမ္ပဏီမှာသူအလုပ်လုပ်နေတာမို့လား။သူ့ကိုကြည့်လိုက်တော့လည်းခေါင်းကိုသာငုံ့ထားလေသည်။သုရှင်လည်းဘာဆက်ပြောရမှန်းမသိဖြစ်သွားမိသည်။
တောက် --- သုရှင်မင်းနဲ့ကရောဘယ်လိုလုပ်ပြီးသိနေရတာလဲ --- ဝသုန်မြေနဲ့တင်မလုံလောက်သေးလို့သုရှင်မင်းကိုပါသူကချိန်နေတာလား။နွေဦးစိတ်ထဲမှာတော်တော်ကိုဒေါသထွက်သွားမိသည်။ကိုယ်ကချိန်လိုက်သူ့နောက်ကိုပါသွားလိုက်နဲ့ဒီကောင်မတော်တော်ကိုဟုတ်နေတာတောက် ---။
နွေဦးစိတ်တိုသွားကာပန်းလေးလက်ထဲကဇွန်ပန်းအိတ်ကိုဆွဲလုလိုက်လေသည်။
"ရပြီသွားတော့ ---"
"ရှင် --- ဟုတ် ---"
ပန်းလေးမမနွေဦးကိုခေါင်းငြိမ့်ပြလိုက်ပြီး MD ကိုတစ်ချက်ကြည့်လိုက်ကာအိမ်ထဲကနေအမြန်ထွက်လာလိုက်လေသည်။
ဒါဆို --- မမနွေဦးနဲ့သဘောတူထားတဲ့သူက MD သုရှင်မင်းပေါ့။ပန်းလေးမယုံကြည်နိုင်စွာခေါင်းရမ်းလိုက်မိသည်။မဖြစ်နိုင်တာ --- ကံကြမ္မာကဆန်းကြယ်ခွန်းတယ်နော်။သူမနဲ့ပတ်သက်ပြီး  MD ကိုဘာမှမသိစေချင်ခဲ့တာအခုတော့ --
သုရှင်မြန်မြန်လေးပြန်ထွက်သွားတဲ့ပန်းလေးရဲ့ကျောပြင်ကိုငေးကြည့်နေမိသည်။
"မောင်သုရှင်မင်းကရင်ဝှက်ပန်းကိုသိနေတာလား ---"
သုရှင်ဒေါ်မာလာမြိုင်မေးနေတာကိုမကြားမိ။သူ့စိတ်ထဲမှာရင်ဝှက်ပန်းနဲ့ပတ်သက်တာကိုပဲစဉ်းစားနေမိသည်။သူမကုမ္ပဏီကိုဘယ်လိုလုပ်ပြီးရောက်လာတာလဲ။နောက်ပြီးဒီမြေမထိမိုးမခစံအိမ်နဲ့ကရောဘယ်လိုပတ်သက်တာလဲ။သူ့ကိုဒီမိသားစုဆက်ဆံတဲ့ပုံစံကတစ်မျိုးပဲ --- ဒေါ်မာလာမြိုင်ပြောသလိုတောက်တိုမယ်ရခိုင်းဖို့အတွက်လား ---
"သားပြန်ထိုင်လေဘာဖြစ်လို့လဲ ---"
သုရှင်ဖေဖေ့ကိုခေါင်းရမ်းပြလိုက်ကာစားပွဲမှာပြန်ထိုင်လိုက်၏။
"ဘာမှမဖြစ်ဘူးဖေဖေ ---"
နွေဦးသုရှင်ကိုကြည့်ကာပန်းလေးနဲ့ပတ်သက်မှုကိုနားလည်သလိုလိုရှိလာ၏။ပန်းလေးက MD လို့ခေါ်ခဲ့တာဆိုတော့မဟုတ်မှလွဲရောပန်းလေးကကမ္ဘာကျော်ကုမ္ပဏီမှာအလုပ်လုပ်နေတာလား --- ဟင် -- နွေဦးအ့ံသြသွားကာမစဉ်းစားတော့ပဲသုရှင်ကိုမေးလိုက်တော့သည်။
"ပန်းလေးကကမ္ဘာကျော်ကုမ္ပဏီမှာလုပ်နေတာလားဟင် ---"
သုရှင်ရဲ့အကြည့်တွေကနွေဦးဆီသို့ရောက်လာလေသည်။ဒေါ်မာလာမြိုင်ရဲ့အကြည့်ကလည်းနွေဦးဆီရောက်လာပြီး
"ဘယ်လို --- သမီးဘာပြောလိုက်တယ် ---"
သုရှင်ခေါင်းငြိမ့်ပြလိုက်ပြီး
"ဟုတ်ပါတယ် --- ရင်ဝှက်ပန်းကကျွန်တော်တို့ကုမ္ပဏီရဲ့ဝန်ထမ်းပါ ---"
သုရှင်ပါးစပါကပြောလိုက်တော့ဒေါ်မာလာမြိုင်မယုံကြည်စွာခေါင်းယမ်းလိုက်မိသည်။မဖြစ်နိုင်တာ --- ကမ္ဘာကျော်ကုမ္ပဏီကအလုပ်ခန့်ရင်အနိမ့်ဆုံးအဆင့်တောင်မှဘွဲ့ရဖြစ်ရမည်လို့သတ်မှတ်ခဲ့တာကိုပန်းလေးကဆယ်တန်းအောင်ပဲရှိသေးတာလေ။ဘယ်လိုလုပ်ပြီး ---
နွေဦးလည်းမယုံနိုင်ခဲ့။ပန်းလေး MD ခေါ်လို့သာသိခဲ့တာ။ MD ဆိုတာကကုမ္ပဏီရဲ့အမြင့်ဆုံးရာထူး Managing Director (အုပ်ချုပ်မှုဒါရိုက်တာ)အဆင့်။
"ကဲပါ --- သူများအကြောင်းပြောမနေပါနဲ့တော့ --- ကလေးတွေအကြောင်းပဲပြောရအောင်လေ ---"
သူတို့အားလုံးစားပွဲမှာပြန်ထိုင်လိုက်ကြလေသည်။
"ဒါဆိုဒီစေ့စပ်ပွဲကိုသားနဲ့သမီးလည်းလက်ခံတယ်မို့လား ---"
"မေမေ ---"
"ဟုတ်ကဲ့သမီးလက်ခံပါတယ်အန်တီ ---"
နွေဦးပြောလိုက်တော့တားမြစ်မယ့်သုရှင်ဘာဆက်ပြောရမှန်းမသိ။
နွေဦးကတော့ပန်းလေးအပေါ်ဒေါသထွက်နေခြင်းကြောင့်သုရှင်မင်းကိုလက်ခံလိုက်ခြင်းဖြစ်သည်။ချစ်မချစ်လည်းမသိ။စဉ်းလည်းမစဉ်းစားချင်။ပန်းလေးအပေါ်မကျေနပ်ချက်ကစိုးမိုးနေခဲ့၏။
"ကောင်းလိုက်တာ --- ဒါဆိုစေ့စပ်ပွဲကအောင်အောင်မြင်မြင်နဲ့ပြီးသွားပြီပေါ့နော် ---"
သုရှင်မှလွဲ၍အားလုံးရဲ့မျက်နှာမှာအပြံုးတွေဝေနေကြလေသည်။နွေဦးသုရှင်ကိုကြည့်လိုက်တော့သူ့မျက်နှာကအလိုမကျမှုတို့ကြောင့်မှုန်ဝေနေ၏။
"တီ --- တီ --="
သုရှင်ဖုန်းကိုကြည့်ကာချက်ချင်းကိုင်လိုက်သည်။
"ဟယ်လိုဂျက်စတင် ---"
"သုရှင် --- အခုချက်ချင်းငါ့ဆီလာခဲ့ပါဦး --- ဒီမှာလေဒီမှာ ---"
"ဂျက်စတင်ဘာဖြစ်တာလဲ ---"
"ဒီမှာပြဿနာတက်နေလို့ ---"
"ဟင် --- ဘာဖြစ်တာလဲ ---"
"မြန်မြန်လာပါကွာဒီမှာငါ့ကားနဲ့တိုက်မိလို့ --- "
"ဘာ ---"
"ရဲစခန်းရောက်နေတာမြန်မြန်လာနော်ဒါပဲ---"
"အင်းအင်း ---"
သုရှင်ဖုန်းကိုမြန်မြန်ချလိုက်ကာ
"ဖေဖေသားပြန်တော့မယ် --- ဟိုမှာဂျက်စတင်ရဲစခန်းရောက်နေလို့တဲ့ ---"
"ဟင် --- ဘယ်လိုဖြစ်တာလဲ ---"
"သူ့ကားနဲ့တိုက်မိတာတဲ့ --- ဘယ်လိုဖြစ်တာလဲမသိဘူး ---"
"အေးအေးသွားသား ---"
သုရှင်သူမရဲ့မိဘတွေကိုကြည့်လိုက်ကာ
"ကျွန်တော်အားနာပါတယ် ---"
"ရပါတယ်ကွယ် --- "
သုရှင်အဲ့ဒီ့အိမ်ထဲကနေအမြန်ထွက်လာလိုက်မိသည်။ခေါင်းထဲမှာလည်းရင်ဝှက်ပန်းအကြောင်းတွေကစိုးမိုးနေ၏။
ဒီစံအိမ်နဲ့ဘယ်လိုပက်သတ်တာလဲ။ဒေါ်မာလာမြိုင်ပြောသလိုတောက်တိုမယ်ရခိုင်းဖို့ကတော့လုံးဝမဖြစ်နိုင်ဘူး။
ဒါဆိုကုမ္ပဏီကိုရောဘယ်လိုနည်းနဲ့ရောက်လာခဲ့တာလဲ။သုရှင်စဉ်းစားမရဖြစ်သွား၏။ဖြစ်နိုင်တာကတစ်ခုပဲရှိသည်။ဒါတွေအားလုံးကဝသုန်နဲ့ပဲပတ်သက်နိုင်သည်။သေသေချာချာသိနိုင်ဖို့ကလည်းတစ်ခုပဲရှိတယ်။ကုမ္ပဏီကဝန်ထမ်းတွေအားလုံးရဲ့ကိုယ်ရေးအချက်အလက်အားလုံးကိုသူပြန်စစ်ဆေးခြင်းသာဖြစ်သည်။

#####
အိပ်မက်ကြယ်(ခ)ကြယ်လေး

ဟန်​ဆောင်အမုန်း (Completed)Onde histórias criam vida. Descubra agora