အခန်း(၁၇)

276 5 0
                                    

💜 ဟန်ဆောင်အမုန်း 💜
💜 အခန်း(၁၇) 💜

"ဘယ်လို --- ဝသုန်မင်းဘာပြောလိုက်တယ် ----"
ဝသုန်ကစကားတစ်ခွန်းကိုနှစ်ခါမပြောတတ်သူပီပီသူ့ကိုပြန်မပြောဘဲခေါင်းငြိမ့်နေ၏။သူကပဲမနေနိုင်စွာပြန်မေးလိုက်မိသည်။
“နွေဦးမေကိုမင်းကလက်ထပ်ရမယ်လို့ဦးသုကမ္ဘာကပြောတာလား ----”
“ငါ့ကိုနွေဦးမေနဲ့လက်ထပ်စေချင်တာပါ --- အမိန့်ပေးတဲ့သဘောတော့မဟုတ်ဘူး ---”
“ကျွတ် --- အဓိပ္ပာယ်မရှိလိုက်တာဝသုန်ရာ ---”
ခိုင်ဦးဝသုန့်ကိုကြည့်ကာအားမလိုအားမရပြောလိုက်မိ၏။ဝသုန်ကတော့တုန့်ပြန်မှုမရှိတည်ငြိမ်နေသည်။ဝသုန့်စိတ်ကိုနားလည်သူပီပီခိုင်ဦးထပ်မပြောတော့ဘဲဝသုန့်ဘေးမှာစိတ်ပျက်လက်ပျက်ထိုင်ချလိုက်၏။
ဒါမဖြစ်သင့်ဘူး --- မဖြစ်သင့်ဘူးဆိုတာထက်လုံးဝကိုမဖြစ်နိုင်ခဲ့တာ။ကိုသုကနွေဦးမေကိုလက်မထပ်နိုင်တာနဲ့ပဲဝသုန်နဲ့သဘောတူရအောင်ဝသုန်ကသူတို့ကြားမှာအလဲအလှယ်လုပ်တဲ့ပစ္စည်းမို့လို့လား။နွေဦးမေကိုယ်တိုင်ကဝသုန့်ကိုလိုချင်လို့လား။ပိုပြီးတောင်မှမဖြစ်နိုင်သေး။သူလည်းဝသုန့်ကိုမုန်းနေခဲ့တာပဲ။
“ခိုင်ဦး ----”
ခိုင်ဦးဝသုန့်ကိုမော့ကြည့်လိုက်လေသည်။ဝသုန့်မျက်နှာမှာဆွေးမြေ့စွာခံစားနေရသည့်ပုံ။
“ငါပန်းလေးကိုချစ်တယ် ----”
ဝသုန်အဲ့ဒီ့စကားတစ်ခွန်းပဲပြောပြီးပြန်ငြိမ်သွားပြန်သည်။
“ငါသိတာပေါ့ဝသုန်ရယ် --- မင်းပန်းလေးကိုဘယ်လောက်ချစ်တယ်ဆိုတာကိုငါသိတယ် --- ”
ဝသုန်ခိုင်ဦးကိုလှည့်ကြည့်လိုက်ပြီး
“ငါဘယ်လိုလုပ်ရမလဲ ---”
ဝသုန့်စကားကိုကြားပြီးခိုင်ဦးစိတ်မကောင်းဖြစ်သွားမိလေသည်။ဝသုန်ပန်းလေးကိုဖွင့်ပြောဖို့အတွက်ကြိုးစားနေတဲ့အချိန်မှပဲအခုလိုမျိုးအဖြစ်အပျက်တွေကမမျှော်လင့်စွာဖြစ်ပေါ်လာခဲ့တော့သည်။သူဝသုန့်အတွက်စိတ်မကောင်းဘူးဆိုတာထက်ခံပြင်းလွန်းလှသည်။
"မင်းလက်မခံနဲ့ဝသုန် --- နွေဦးမေကိုလက်မထပ်နိုင်ဘူးလို့ငြင်းလိုက် ---"
ဝသုန့်မျက်နှာကညှိုးနွမ်းသွားပြန်၏။
"ငါဘယ်လိုလုပ်ပြီးငြင်းရက်မှာလဲခိုင်ဦးရယ် --- ငါ --- ငါဦးလေးစကားကိုဘယ်လိုများပယ်ရှားရမှာလဲ --- ဟင့်အင်း --- ငါ့အပေါ်မှာဦးလေးတို့ကျေးဇူးတွေအများကြီးရှိတယ် --- ငါဘယ်လိုများဆပ်ရမှာလဲ --- ငါတစ်ခါမှမစဉ်းစားခဲ့ဖူးဘူး --- ဒါဟာဦးလေးတို့ကျေးဇူးကိုပြန်ဆပ်ဖို့ငါ့အတွက်အခွင့်အရေးပဲ ---- ဒါပေမယ့်ငါ့ဘဝ --- ငါ့နှလုံးသား --- ငါ့အသက်ဖြစ်နေခဲ့တယ်ခိုင်ဦး --- ငါ --- ငါ----"
ဝသုန်ပြောရင်းနဲ့ဆို့နင့်သွားကာအသံတိမ်ဝင်သွားတော့သည်။
"ငါသေချင်တယ်ကွာ ---"
ခိုင်ဦးဝသုန့်ပခုံးကိုဆုပ်ကိုင်လိုက်ပြီး
"မင်းရဲ့ခံစားချက်တွေကိုငါနားလည်တယ်ဝသုန် --- အဲ့ဒါကြောင့်မင်းပန်းလေးကိုခိုးပြေးကွာ ----"
"ဟင် ----"
ဝသုန်ခေါင်းမော့လာကာခိုင်ဦးကိုကြည့်လိုက်လေသည်။ဝသုန့်မျက်လုံးတွေဟာအရောင်တောက်လာတယ်လို့ခိုင်ဦးထင်လိုက်မိသည်။ဒါပေမယ့်ချက်ချင်းပဲပြန်လည်ညှိုးကျသွားပြန်၏။
ဝသုန်ခိုင်ဦးကိုခေါင်းရမ်းပြလိုက်ကာ
"ဘယ်လိုလုပ်ပြီးဖြစ်မှာလဲကွာ --- အဲ့လိုလုပ်လိုက်ရင်ဦးလေးတို့အပေါ် ---"
"ဝသုန်--- အေးမင်းအဲ့လိုတွေးနေ --- ပန်းလေးကိုမင်းပိုင်ဆိုင်ရမှာမဟုတ်ဘူး --- ကျေးဇူးဆိုတာဆပ်ရမယ့်အရာမှန်းငါလည်းသိပါတယ်ကွာ --- ဒါပေမယ့်တန်ရာတန်ရာပဲဝသုန် --- မင်းဘဝတစ်ခုလုံးပေးဆပ်ရလောက်အောင်အထိအဲ့ဒီ့ကျေးဇူးကကြီးမားလို့လား --- ဟင့်အင်း -- ငါတော့အဲ့လိုမထင်ဘူး --- ဦးသုကမ္ဘာကမင်းဦးလေးဆိုပေမယ့်မင်းတို့မိသားစုကလည်းမချမ်းသာတာမှမဟုတ်တာ --- မင်းမှာမိဘမရှိတော့တဲ့အတွက်သူတို့ကမွေးစားမိဘတွေဖြစ်ခဲ့တာတစ်ခုထဲနဲ့တော့ကျေးဇူးတွေပဲစွတ်တင်မနေစမ်းပါနဲ့ကွာ ----တန်ရာတန်ရာပဲကျေးဇူးဆပ်ပေါ့ --- ကိုသုကနွေဦးမေကိုမလိုချင်တာနဲ့ပဲမင်းကယူရမယ်တဲ့လားအဓိပ္ပာယ်မရှိတာ ----"
ခိုင်ဦးစကားကြောင့်ဝသုန်တွေဝေသွားတော့သည်။ခိုင်ဦးပြောသလိုဝသုန်တို့မိသားစုကလည်းမချမ်းသာတာမဟုတ်ပါဘူး။အားလုံးပြည့်ပြည့်စုံစုံရှိပြီးသားပါဘဲ။ဒါပေမယ့်သူလူငယ်ဘဝနဲ့လမ်းမှားမရောက်အောင်ဦးလေးတို့ကပဲပဲ့ပြင်ဆုံးမခဲ့တာလေ။အဲ့ဒါကြောင့်သူအခုလိုမျိုးဖြစ်နေတာပေါ့။
"ဝသုန် --- ငါပြောတာကြားလား ---"
"အင်း --- ငါကြားတယ်ခိုင်ဦး ----"
"မင်းပန်းလေးကိုခိုးပြေးကွာ --- ငါကူညီပေးမယ် ---"
"ငါအဲ့လိုမလုပ်ချင်ဘူးခိုင်ဦး --- ငါပန်းလေးကိုဖွင့်တောင်မပြောရသေးဘူး --- ခိုးပြေးဖို့ကျတော့ ---"
"ဘာဖြစ်တယ် --- ဝသုန်မင်းတွေဝေနေရမယ့်အချိန်မဟုတ်ဘူးနော် ---"
"ပန်းလေးတို့မိသားစုအတွက်အမှန်တရားကိုဖော်ထုတ်ပြီးမှပဲငါပန်းလေးကိုဖွင့်ပြောဖို့ကိုငါဆုံးဖြတ်ပြီးသားခိုင်ဦး ---  "
"ဝသုန် --- မင်းသိတယ်မို့လား --- မင်းအကိုကိုသုရှင်မင်းကလည်းပန်းလေးကိုသဘောကျနေတယ်ဆိုတာ ---"
ဝသုန်ခိုင်ဦးကိုတည်ငြိမ်စွာနဲ့ခေါင်းငြိမ့်ပြလိုက်၏။
"အဲ့ဒါကိုဘာလို့များဒီလောက်အထိတည်ငြိမ်နေရတာလဲဝသုန်ရယ် --- ငါသိတယ် --- မင်းဝသုန့်ကိုချစ်တဲ့အချစ်တွေကိုငါသိနေတယ်ဝသုန် --- မင်းနောက်မှနောင်တရမှာကိုငါအကြောက်ဆုံးပဲ ---  ပန်းလေးကမင်းဘဝထဲမှာပဲပျော်နေမယ်ဆိုတာကိုငါယုံကြည်တယ်ဝသုန် ---"
ခိုင်ဦးရဲ့ခံစားချက်တွေကိုလည်းဝသုန်နားလည်ပါတယ်။ခိုင်ဦးလည်းဝသုန်နဲ့ပန်းလေးကိုသဘောတူတာပဲ။အဲ့ဒါကြောင့်လည်းဝသုန်ကပန်းလေးကိုပျော်ရွှင်အောင်ထားမယ်ဆိုတာကိုခိုင်ဦးယုံကြည်တာပေါ့။
"ဟုတ်တယ်ခိုင်ဦး --- င့ါဘဝမှာပန်းလေးရှိမှာပြည်စုံမှာဖြစ်သလိုပန်းလေးဘဝမှာလည်းငါရှိမှပျော်ရွှင်နိုင်မယ်လို့ငါထင်တယ် --- တဖြည်းဖြည်းနဲ့ငါပန်းလေးကိုမစွန့်လွှတ်နိုင်လောက်အောင်ချစ်နေမိပြီ-- ပန်းလေးကိုသာစွန့်လွှတ်ရမယ်ဆိုရင်ငါမသေရင်တောင်မှရူးသွားမယ်ထင်တယ်ခိုင်ဦး ----"
ပြောနေရင်းကနေဝသုန်မျက်ရည်တွေဝဲလာခဲ့သည်ထင်၏။တစ်ခါတစ်လေကျရင်လည်းရင်ဘတ်ထဲမှာစူးစူးနစ်နစ်အောင့်တက်သွားလေသည်။သူသူ့ရင်ဘတ်သူလက်နဲ့ဖိထားလိုက်မိ၏။
ခိုင်ဦးဝသုန့်ကိုကြည့်ကာစိတ်မကောင်းဖြစ်လွန်းလို့သူသည်လည်းပဲမျက်ရည်တွေဝဲလာခဲ့သည်။
"ဝသုန်ရယ် ----"
မခံချိမခံသာဖြစ်စွာဖြင့်ခိုင်ဦးလက်သီးတွေကိုဆုပ်ထားလိုက်မိတော့သည်။နွေဦးမေဟာဂြိုလ်မပဲ။ဝသုန့်ကိုဒုက္ခပေးတာ။ဝသုန်အခုလိုခံစားရတာကိုခိုင်ဦးတစ်ခါမှမမြင်ဖူးခဲ့။
"ငါသွားတော့မယ်ကွာ ----"
"ဟင်ဘယ်ကိုလဲ ---"
"မင်းပြောတဲ့ရှေ့နေကိုငါသွားတွေ့ရဦးမယ်လေ ----"
"ဝသုန် --- ဒီနေ့မသွားပါနဲ့လား --- မင်းကိုကြည့်ရတာအခြေအနေမဟန်ဘူး --- နောက်နေ့မှငါနဲ့အတူတူသွားရအောင် "
ဝသုန်လက်ကာပြလိုက်ပြီး
"ရပါတယ်ကွာ ---"
ဝသုန်ခိုင်ဦးကိုကျောခိုင်းကာထွက်သွားတော့သည်။ခိုင်ဦးဝသုန့်ကျောပြင်ကိုကြည့်လိုက်ကာ
"ဝသုန်ရယ်မင်းဒီလောက်အထိလုပ်ပေးနေတာတောင်မှ --- ကံကြမ္မာကြီးကရက်စက်လိုက်တာနော် ---ငါလည်းမင်းကိုပန်းလေးနဲ့ပဲသဘောတူတယ်ဝသုန် -- နွေဦးမေကိုမင်းလက်မခံရဘူး --- မင်းလုံးဝလက်မခံရဘူး ---"
ပဲ့တင်ထပ်သံကဲ့သို့သူ့ရင်ထဲမှာမြည်ဟီးသွားတော့သည်။ခိုင်ဦးဝသုန့်အတွက်ဘာလုပ်ပေးရင်ကောင်းမလဲစဉ်းစားလိုက်မိသည်။အကောင်းဆုံးကတော့ဝသုန်ပန်းလေးကိုခိုးပြေးသွားမှပဲကောင်းမှာ။ဝသုန်ပန်းလေးကိုခိုးပြေးသွားအောင်လို့သူကိုယ်တိုင်ပဲလုပ်ပေးရမယ်။ဟုတ်တယ် --- ဝသုန်ကခေါင်းမာတယ်။
"တီ --- တီ --- တီ ----"
ဖုန်းသံကြောင့်ခိုင်ဦးလန့်သွား၏။ဖုန်းနံပါတ်ကိုကြည့်လိုက်တော့ပန်းလေးရဲ့ဖုန်း။ခိုင်ဦးဖုန်းကိုမရဲတရဲကိုင်လိုက်ကာ
"ဟယ်လို -- ပန်းလေး ---"
"ကိုခိုင်ဦး --- ဂျာကြီးရောဟင် --- ဒီနေ့မေမေဆေးရုံဆင်းတော့မှာမို့ဂျာကြီးကလာခေါ်မယ်ပြောထားလို့ပါ --- "
"ဟုတ်လား --- ဝသုန့်ကိုပန်းလေးဖုန်းဆက်လိုက်ပါလား --- အကိုလည်းအခုကုမ္ပဏီမှာမို့လို့ ---"
" အခုပန်းလေးဖုန်းဆက်တာကိုမကိုင်လို့ ----"
"သြော် --- အဲ့ဒါဆိုရင်အကိုခေါ်လိုက်မယ်လေ --- ဆေးရုံကဘယ်အချိန်ဆင်းမှာလဲ ---"
"နောက်တစ်နာရီလောက်နေရင်ဆင်းတော့မှာ -- ဟိုဟာဖြစ်ရင်လည်းရပါတယ်ပန်းလေးကိုယ့်ဟာကိုယ်ပဲပြန်လိုက်တော့မယ် ---"
“ဟင်နေဦးလေ --- ဆေးရုံစရိတ်တွေလည်းရှင်းရဦးမှာလေ ---- အကိုဝသုန့်ကိုဖုန်းဆက်ကြည့်လိုက်ပါဦးမယ် --- ပြီးရင်ပန်းလေးကိုပြန်ဆက်မယ်နော် ---”
ပန်းလေးဘက်ကခနတော့ငြိမ်သွားသည်။
“ဆေးရုံစရိတ်တွေကရှင်းပြီးသွားပါပြီ----”
“ဟင်ဘယ်သူရှင်းတာလဲ ----”
“ကိုဂျက်စတင်လို့ပြောတာပဲ ----”
ပန်းလေးစကားကြောင့်ခိုင်ဦးအံ့သြသွားမိလေသည်။ဂျက်စတင်ကဘယ်လိုလုပ်ပြီးဆေးရုံစရိတ်တွေကိုရှင်းပေးတာလဲ။သူနဲ့ဘာဆိုင်လို့လဲ။
“သြော်အင်းအင်းအကိုဝသုန့်ကိုဖုန်းဆက်လိုက်ဦးမယ် ---”
“ဟုတ် ---”
ခိုင်ဦးဖုန်းချလိုက်ပြီးဝသုန့်ကိုလှမ်းဆက်လိုက်၏။
“တီ --- တီ --- တီ ---”
ဖုန်းကချက်ချင်းဝင်သွားတာပဲဝသုန်ဘာလို့ပန်းလေးဖုန်းကိုမကိုင်တာလဲမသိဘူး။
“ဟယ်လို --- ”
“ဝသုန်ပန်းလေးရဲ့အမေဆေးရုံကဆင်းတော့မှာတဲ့အဲ့ဒါမင်းမသွားဘူးလား ---”
“ငါမသွားချင်ဘူးခိုင်ဦး --- မင်းပဲသွားပေးပါလား ---”
“ဟင်ဘယ်လိုဖြစ်တာလဲဝသုန် --- ”
“မသိဘူးကွာ --- ငါ့စိတ်ထဲမှာတစ်မျိုးကြီးခံစားနေရတယ် --- ပန်းလေးကိုလည်းရင်မဆိုင်ရဲသလိုပဲ ---”
“အင်း -- ငါနားလည်ပြီ --- ဒါဆိုလည်းငါသွားလိုက်မယ်လေ ---”
“ကျေးဇူးပါကွာ ---”
ဝသုန်ကကျေးဇူးတင်စကားပြောပြီးဖုန်းကိုချက်ချင်းချသွား၏။သြော် --- အဲ့ဒါကြောင့်ပန်းလေးဖုန်းဆက်တာကိုသူမကိုင်တာပေါ့။ခိုင်ဦးချက်ချင်းပဲပန်းလေးဆီသွားဖို့ပြင်လိုက်လေသည်။× 
  ×      ×      ×     ×     ×     ×
"မင်းရူးနေတာလားနွေဦးမေ ---"
နွေဦးရယ်လိုက်လေသည်။
"ဒီမယ်ကိုသုဒါတွေအားလုံးကကိုသုကြောင့်ပဲဆိုတာမမေ့နဲ့နော် ---"
"ဘာ ---"
သုရှင်စိတ်တိုသွားလေသည်။ချက်ချင်းဆိုသလိုအကြည့်တွေကလည်းနွေဦးဆီသို့ရောက်လာခဲ့၏။
"နွေဦးမေ --- မင်းဘာတွေကြံစည်နေတာလဲ ---"
နွေဦးမျက်နှာကပြံုးကာခေါင်းရမ်းလိုက်လေသည်။
"ဟင့်အင်းနွေဦးမှာဘာအကြံအစည်မှမရှိပါဘူး --- ကိုသုကဘယ်လိုထင်နေလို့လဲ ---"
သုရှင်စိတ်ထဲမှာနွေဦးကိုခါးခါးသီးသီးမုန်းနေမိနေ၏။ဘာလို့ဒီမိန်းမကအခုလိုမျိုးမကောင်းတဲ့အကျင့်ရှိရတာလဲ။
"ငါတစ်ခါမှမထင်ထားခဲ့ဘူး --- မင်းကရုပ်ရည်နဲ့မလိုက်လိုက်အောင်ကိုအကျင့်ကဆိုးသွမ်းလိုက်တာ ---"
"ကိုသုဘာတွေလာပြောနေတာလဲ --- နွေဦးဘာတွေများလုပ်နေလို့လဲ ---"
သုရှင်ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်မိသည်။အအေးဆိုင်လေးတစ်ဆိုင်မှာသူတို့နှစ်ယောက်အတူတူရှိနေကြခြင်းဖြစ်သည်။ဝသုန်နဲ့ပတ်သက်ပြီးသူစကားပြောချင်လို့နွေဦးမေကိုဖုန်းဆက်ခေါ်ခဲ့ခြင်းဖြစ်သည်။သူမကလည်းချက်ချင်းရောက်လာခဲ့၏။
စားပွဲပေါ်ကအအေးပန်းကန်တွေတောင်မှရေခဲတွေအရည်ပျော်နေကြပြီ။သူတို့နှစ်ယောက်ကတော့ထိတောင်မထိမိသေး။
"မင်းလုပ်တာမင်းသိမှာပေါ့ --- မင်းဘာအကြံအစည်နဲ့ဝသုန့်ကိုလက်ထပ်ချင်တာလဲ ---"
"မလိမ်ပဲဝန်ခံရမယ်ဆိုရင်နွေဦးဝသုန်မြေကိုချစ်တယ်ကိုသု --- အဲ့ဒါကြောင့်လက်ထပ်ချင်တာ ---"
"ဘာ --- ဟား --- ဟား --- ဟား ---"
သုရှင်နွေဦးစကားကြောင့်အားရပါးရရယ်လိုက်လေသည်။
"ဖြစ်နိုင်တာကိုပဲပြောနွေဦးမေ --- ဝသုန်ကမင်းအပေါ်မှာခါးခါးသီးသီးမုန်းနေတယ်ဆိုတာမင်းမသိဘူးလား ---"
"အဲ့ဒါသူ့ဘက်ကလေ --- နွေဦးမှမဟုတ်တာ --- နွေဦးကတော့သူ့ကိုစတွေ့တဲ့အချိန်ကတည်းကသဘောကျခဲ့တာ ---"
နွေဦးစားသောက်ဆိုင်မှာပထမဆုံးဝသုန်နဲ့တွေ့ခဲ့တာကိုပြန်ပြီးသတိရသွားမိ၏။အဲ့ဒီ့အချိန်ကတည်းကဝသုန်ကသူမအပေါ်မှာကြည်လင်ခဲ့တာမဟုတ်။သူမအပေါ်ဝသုန်ဘာလို့အဲ့လိုဆက်ဆံတယ်ဆိုတာကိုသူမတွေးလို့မရခဲ့တဖြည်းဖြည်းနဲ့ပိုဆိုးသွားခဲ့တာကသူမကိုသုနဲ့စေ့စပ်ပြီးတဲ့နောက်မှာပဲဖြစ်သည်။
"မင်းဝသုန့်ကိုဒုက္ခမပေးပါနဲ့လားနွေဦးမေရယ် ---"
"နွေဦးဘယ်မှာဒုက္ခပေးနေလို့လဲ ---"
"မင်းဝသုန့်ကိုလိုချင်တာဟာဝသုန့်ကိုဒုက္ခပေးတာနဲ့အတူတူပဲဆိုတာမင်းမသိဘူးလား ---- မင်းကသူ့ကိုဘယ်လောက်ပဲချစ်နေပါစေ --- သူကဒီလောက်ထိခါးခါးသီးသီးဖြစ်နေတာကိုမင်းသူ့ကိုလိုချင်သေးတယ်နော် ---"
"နွေဦးကြိုးစားမှာပါ --- သူနဲ့လက်ထပ်ပြီးရင်သူသဘောကျအောင်နေမယ် ---"
သုရှင်ခေါင်းရမ်းလိုက်ကာ
"ဟင့်အင်းဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး --- သူ့နှလုံးသားကိုတစ်ခြားတစ်ယောက်ကိုပေးခဲ့ပြီးသားမို့ပဲ ---"
"ဘာ ---"
သုရှင်စကားကြောင့်နွေဦးအ့ံသြစွာအော်လိုက်မိသည်။
"ကိုသုဘာပြောလိုက်တာလဲ ---"
"ဟုတ်တယ်သူ့မှာချစ်ရမယ့်သူရှိပြီးသား --- တကယ်လို့မင်းကိုလက်ထပ်ခဲ့မယ်ဆိုရင်တောင်မှအဲ့ဒါဟာဖေဖေ့ကိုအားနာလို့မင်းကိုလက်ထပ်မှာပဲ ---  သူမင်းကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူးနွေဦးမေ --- မင်းလည်းသူနဲ့ပတ်သက်ပြီးပျော်နိုင်မယ်ထင်လို့လား --- ဟင့်အင်းမထင်နဲ့မင်းသူ့ဘဝကိုပိုင်ရင်တောင်မှသူ့နှလုံးသားသူ့ရဲ့အချစ်ကိုမင်းဘယ်တော့မှရမှာမဟုတ်ဘူး ---"
သူ့စကားကြောင့်နွေဦးဒေါသတွေထွက်နေလေသည်။
"အဲ့ဒီ့မိန်းမကဘယ်သူလဲကိုသု ---"
သုရှင်မဖြေပဲငြိမ်နေမိသည်။ပန်းလေးလို့သာပြောလိုက်ရင်ပန်းလေးသူ့ကြောင့်ဒုက္ခရောက်သွားမှာပေ့ါ ---
"ရင်ဝှက်ပန်းလား ---"
သုရှင်မအ့ံသြပေမယ့်နည်းနည်းတွန့်သွားမိသည်။ဒါပေမယ့်ပန်းလေးကိုဆက်ဆံတဲ့ဝသုန့်အမူအရာတွေကိုကြည့်ပြီးသူမလည်းရိပ်မိနေမှာပေါ့။
"အဲ့ဒါတော့ဝသုန့်ကိုသွားမေးပါလား --- ငါလည်းမသိဘူး ---"
"နွေဦးသိတယ်သူပန်းလေးကိုကြိုက်နေတယ်ဆိုတာ --- အဲ့ဒါကြောင့်လည်းနွေဦးဝသုန့်ကိုမစွန့်လွှတ်နိုင်လို့အခုလိုလုပ်တာပဲကိုသု ---"
သုရှင်မျက်နှာကသိသိသာသာပျက်ယွင်းသွားလေသည်။နွေဦးသူ့ကိုကြည့်ကာပြံုးလိုက်မိသည်။ကိုသုကသူ့ကိုမကြည့်ဘဲအအေးပန်းကန်ကိုကြည့်ကာခေါင်းရမ်းလိုက်ပြီး
"မင်းအတွက်မင်းစဉ်စားပြီးလုပ်တယ်ဆိုရင်တောင်မှမင်းပျော်ရွှင်ရမှာမဟုတ်ဘူးနွေဦးမေ --- အဲ့ဒီ့လိုပဲဝသုန်လည်းပျော်နိုင်မှာမဟုတ်ဘူး --- နောက်ဆုံးအနေနဲ့မင်းကိုတစ်ခုပဲပြောချင်တယ် --- ဝသုန့်ကိုလက်ထပ်ချင်တဲ့မင်းရဲ့စိတ်ကူးတွေကိုဖျက်ပစ်လိုက်ပါ ---"
နွေဦးခေါင်းရမ်းလိုက်ကာ
"ဟင့်အင်းနွေဦးကတော့ဘယ်အခြေအနေမျိုးပဲရောက်ရောက်ဝသုန့်ကိုလက်ထပ်မှာကိုသု ----"
သုရှင်မတ်တပ်ရပ်လိုက်ပြီးသူမကိုကြည့်လိုက်ကာ
"နှစ်ဦးနှစ်ဖက်မပျော်ရွှင်မယ့်အလုပ်ကိုမင်းဘာလို့လုပ်ချင်ရတာလဲနွေဦးမေ --- မင်းတဖြည်းဖြည်းနဲ့ပိုပြီးဆိုးသွမ်းလာတယ်ဆိုတာရောသိရဲ့လား --- မင်းမိဘတွေကရောမင်းကိုဘာမှမပြောကြဘူးလား ---"
"နွေဦးမိဘတွေကနွေဦးကိုဘာမှမပြောဘူးချစ်လို့အလိုလိုက်ထားကြတာ ---"
"ဟုတ်မှာပါအဲ့ဒါကြောင့်မင်းဒီလိုဖြစ်နေတာပေါ့ --- ဒါပေမယ့်မင်းအခုလိုလုပ်လိုက်ရင်အားလုံးကိုထိခိုက်နိုင်တယ် --- အထူးသဖြင့်မင်းပဲအထိခိုက်ဆုံးဖြစ်မှာအဲ့ဒါလည်းမင်းနားလည်ပါတယ် --- ဘာလို့လဲဆိုတော့မင်းကဝသုန့်ကိုချစ်သလောက်ဝသုန်ကမင်းကိုခါးခါးသီးသီးမုန်းနေလို့ပဲ ---"
"ရတယ် --- ဝသုန်နွေဦးကိုချစ်လာအောင်နွေဦးကြိုးစားမှာကိုသု ---"
သုရှင်ခေါင်းတယမ်းယမ်းဖြင့်သူ့ကိုကျောခိုင်းကာဆိုင်ထဲကနေထွက်သွားတော့သည်။
နွေဦးခေါင်းမာမာဖြင့်ကိုသုကိုပြောသာပြောလိုက်တာအသံတွေကတုန်ရီနေခဲ့သည်။နွေဦးသိပါတယ်ကိုသုပြောသလိုပဲဝသုန်နွေဦးကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး။ဒါပေမယ့်နွေဦးဝသုန့်ကိုချစ်တယ်။
ဝသုန်ပန်းလေးကိုချစ်နေတယ်ဆိုတာကိုလည်းနွေဦးသိတယ်။အဲ့ဒါကြောင့်လည်းနွေဦးဝသုန့်ကိုပိုင်ဆိုင်ချင်ခဲ့တာ။နွေဦးပန်းလေးကိုမရှုံးချင်ဘူး။
နွေဦးပန်းလေးကိုအမြဲတမ်းယှဉ်ပြိုင်ခဲ့တာ။ဘယ်တုန်းကမှမရှုံးခဲ့ဘူး။အခုကိစ္စမှာလည်းအရှုံးမပေးနိုင်ဘူး။နွေဦးပန်းလေးကိုအမြဲတမ်းအနိုင်ရချင်တယ်။အမြဲတမ်း ---အမြဲတမ်းအတွက်ပေါ့။ဟုတ်တယ် --- အဲ့ဒါကြောင့်ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်နွေဦးဝသုန့်ကိုရအောင်ယူမယ်ကိုသု ---

####
အိမ်မက်ကြယ်(ခ)ကြယ်လေး

ဟန်​ဆောင်အမုန်း (Completed)Donde viven las historias. Descúbrelo ahora