💜 ဟန်ဆောင်အမုန်း 💜
💜 အခန်း(၈) 💜
ခိုင်ဦးကဝန်ထမ်းအားလုံး၏ကိုယ်ရေးအချက်အလက်ဖိုင်အားလုံးကိုစားပွဲပေါ်တင်ကာတွန့်ဆုတ်တွန့်ဆုတ်နဲ့ သုရှင်အခန်းထဲကနေထွက်သွားလေသည်။ သုရှင်ခိုင်ဦးရဲ့ပုံစံကိုကြည့်ကာမျက်မှောင်ကုတ်သွား၏။
"ခိုင်ဦး --- မင်းဘာဖြစ်တာလဲ ---"
ခိုင်ဦးသုရှင်ကိုလှည့်ကြည့်လိုက်ပြီး
"ဗျာ --- ဘာမှမဖြစ်ပါဘူးကိုသု ----"
ခိုင်ဦးကအခန်းထဲကနေအမြန်ထွက်သွားတော့သုရှင်ဘာမှမပြောတော့ဘဲဖိုင်တွေကိုကြည့်လိုက်သည်။ အားလုံးထဲမှာမှရင်ဝှက်ပန်းရဲ့ကိုယ်ရေးအချက်အလက်ကိုအရင်ဆုံးရှာကြည့်လိုက်၏။
သူမလိုင်စင်ဓာတ်ပုံနဲ့ အလုပ်လျှောက်လွှာတစ်ခု။ သုရှင်သူမအချက်အလက်တွေကိုဖတ်နေရင်းကနေ အဲ့ဒီ့နေ့က မြေမထိမိုးမခစံအိမ်မှာတွေ့ခဲ့တဲ့ပုံစံကို သတိရသွားမိ၏။ သူတို့ပြောသလိုရင်ဝှက်ပန်းကအဲ့ဒီ့အိမ်က တောက်တိုမယ်ရ ခိုင်းဖို့အတွက်အဲ့ဒီ့မှာနေရတာလား။ မဖြစ်နိုင်တာ ----
သုရှင်ခေါင်းရမ်းပြီးဆက်ဖတ်နေလိုက်သည်။
"ပညာအရည်အချင်းကဆယ်တန်းအောင် ---- "
သုရှင်မျက်ခုံးတွေမြင့်တက်သွားပြန်သည်။ ဆယ်တန်းအောင်ရုံနဲ့ဒီကုမ္ပဏီကိုဘယ်လိုလုပ်ပြီးဝင်လာတာလဲ။ အဖေမရှိတော့ဘူး။ နာမကျန်းဖြစ်နေတဲ့အမေနဲ့မောင်လေးပဲရှိတော့တာတဲ့လား။ သုရှင်သနားသလိုတော့ ဖြစ်သွားမိ၏။
ဒါပေမယ့်ဒီကုမ္ပဏီကိုဝင်လာတဲ့ပုံစံကိုသိချင်မိသည်။ အဲ့ဒါလည်းဝသုန်နဲ့ပဲပတ်သက်နေလိမ့်မယ်။ ဒါမှမဟုတ်ရင် သူကိုယ်တိုင်သူမကိုမေးကြည့်ရမှာလား။ သုရှင်ခေါင်းငြိမ့်လိုက်ကာ --- ဟုတ်တယ် --- အဲ့ဒါဆိုရင်တော့ အကြောင်းရင်းကိုသေချာသိနိုင်တယ်။ဒီကုမ္ပဏီမှာအနိမ့်ဆုံးအဆင့်ကဘွဲ့ရလို့သူသတ်မှတ်ခဲ့တာကို ဝသုန်ကဘာအတွက်များမှတ်နေတာလဲ။
ကုမ္ပဏီအလုပ်ကိုဟာသမှတ််နေတာလား။ သူလုပ်သမျှကိုခြေနဲ့လိုက်ဖျက်နေတာလား။ဟင့်အင်း --- အလုပ်ကို တော့အထိခိုက်မခံနိုင်ပါဘူး။သိချင်တာကိုချက်ချင်းသိအောင်လုပ်ရမယ်။အားလုံးရဲ့ရှေ့မှာသိသိသာသာဖြစ် အောင်ကိုမေးရမယ်။ ဒီကုမ္ပဏီအကြောင်းကိုသူမမသိခဲ့ဘူးလား။ဒါမှမဟုတ်သိရဲ့သားနဲ့များ ---ဒီကုမ္ပဏီမှာ လုပ်ခဲ့တာလား။
ဒါဆိုရင်မြေမထိမိုးမခစံအိမ်နဲ့ကရောဘယ်လိုပတ်သက်နေတာလဲ။သုရှင်ပန်းလေးအကြောင်းကိုစိတ်ဝင်စားသလိုလိုဖြစ်လာခဲ့သည်။သူမပုံစံကအဲ့ဒီ့မိသားစုကိုအသေအလဲကြောက်နေပုံပင်။သူတို့ဆက်ဆံတဲ့ပုံစံကလည်းအထက်ကပုံစံမျိုးဖြစ်၏။ဘာပဲဖြစ်ဖြစ်အလုပ်နဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်းသိအောင်တော့မေးရမယ်။ ဟုတ်တယ် --- အခုပဲအစည်းအဝေးလုပ်ရမယ်။အစည်းအဝေးမှာသူသိချင်တာတွေကိုရင်ဝှက်ပန်းကိုမေးမယ်။
သုရှင်ခေါင်းတစ်ချက်ငြိမ့်လိုက်ကာသူမရဲ့ကိုယ်ရေးအချက်အလက်တွေပါတဲ့ဖိုင်ကိုပိတ်လိုက်လေသည်။
X x x x x x x
"ဘာ --- ခိုင်ဦးဘာပြောလိုက်တယ် ---"
ခိုင်ဦးဖုန်းကိုအသာလေးလက်နဲ့အုပ်လိုက်ကာ
"ဟုတ်တယ်ဝသုန် --- ကိုသုကဝန်ထမ်းအားလုံးရဲ့Bio Data တွေကိုကြည့်နေတယ် --- အဲ့ဒါပန်းလေး အကြောင်းကိုသိသွားရင် ----"
"ကျွတ် --- ကိုကိုကဘာတွေလျှောက်လုပ်နေတာလဲ ----"
"အဲ့ဒါကြောင့်မင်းအခုကုမ္ပဏီကိုလာမှဖြစ်မယ်ထင်တယ် ---"
"ငါကလည်းဒီမှာ --- ကုမ္ပဏီနဲ့ပတ်သက်တဲ့ဧည့်သည့်တစ်ယောက်နဲ့အပြင်မှာတွေ့နေတာဘယ်လိုလုပ်ရမှာလဲ --- တကယ်စိတ်ညစ်တယ်ကွာ ---"
ဝသုန်သူ့ရှေ့ကဧည့်သည်ကိုကြည့်ကာပြောလိုက်လေသည်။
"တကယ်လို့သာ --- ပန်းလေးအကြောင်းကိုသိသွားပြီး ပန်းလေးကိုအလုပ်ထုတ်လိုက်ရင် ပန်းလေးဒုက္ခရောက် လိမ့်မယ်ဝသုန် ---"
ဝသုန်စိတ်ရှုပ်သွားဟန်ဖြင့်ခေါင်းကုတ်လိုက်မိသည်။
"ပန်းလေးအခု --- ကုမ္ပဏီမှာပဲလား ---"
ခိုင်ဦးစာရင်းတွေလုပ်နေတဲ့ပန်းလေးကိုလှည့်ကြည့်လိုက်သည်။ ပန်းလေးကသူ့ဘေးကအဖော်နဲ့စကားတွေ ပြောရင်းစာရင်းတွေလုပ်နေ၏။
"အင်းဟုတ်တယ်စာရင်းတွေလုပ်နေတယ် ----"
"ကောင်းပြီလေ -- ငါအခုလာခဲ့မယ်နော် --- ဧည့်သည်ကိုတော့တောင်းပန်ရမှာပေါ့ --"
"အင်း -- မြန်မြန်လာတာကောင်းမယ်နော် --- ကိုသုကပန်းလေးအကြောင်းသိချင်လို့အခုလို လုပ်တာလား မသိဘူး ---"
"အင်း -- အင်းအခုလာခဲ့မယ် ---"
"ကိုခိုင်ဦး MD ခေါ်နေတယ် ----"
"ဟင် ---"
ဝန်ထမ်းတစ်ယောက်ကခေါ်လိုက်၍ခိုင်ဦးဖုန်းပြောရင်းကနေလန့်သွားမိသည်။
"သြော် -- လာပြီနော်ညီလေး ---"
"ဝသုန် --- ကိုသုကငါ့ကိုခေါ်နေပြီဘာတွေပြောမို့လဲမသိဘူး --- ငါလည်းကိုသုကိုတော့ကြောက်တယ်ကွ --- မင်းမြန်မြန်လာနော် ---"
ခိုင်ဦးသူ့ကိုခေါ်တဲ့ဝန်ထမ်းကိုကြည့်လိုက်ဝသုန့်ကိုဖုန်းပြောလိုက်နဲ့စိတ်ကညစ်လာတော့သည်။
"အင်း --- ငါအခုထွက်လာနေပြီ ---"
ခိုင်ဦးဖုန်းချလိုက်ပြီးပန်းလေးကိုတစ်ချက်လှည့်ကြည့်လိုက်ကာသုရှင်ရဲ့အခန်းထဲကိုမြန်မြန်ဝင်သွားလိုက်မိသည်။
"အားနာလိုက်တာဗျာ --- ကုမ္ပဏီမှာအရေးကြီးတဲ့ကိစ္စလေးတစ်ခုပေါ်လာလို့ --- ကျွန်တော်သွားရတော့မယ် ---"
ဝသုန်ဖုန်းချလိုက်ပြီးဧည့်သည်ကိုပြောလိုက်တော့ ဧည့်သည်ကဘာမှပြန်မပြောပေမယ့် အလိုမကျဖြစ်သွားတဲ့ မျက်နှာဖြင့်
"ရပါတယ် --- ကုမ္ပဏီကအလုပ်ကိစ္စပဲဟာ ---"
"ကျေးဇူးပါဗျာ --- ဒါဆိုနောက်နေ့အန်ကယ်လ်အားတဲ့အချိန်ကျရင်ကျွန်တော့်ကိုဖုန်းဆက်လိုက်ပါ --- ကျွန်တော်ချက်ချင်းလာခဲ့ပါ့မယ် ---"
"ကောင်းပါပြီ ---"
ဝသုန်နှုတ်ဆက်လိုက်ပြီးမြန်မြန်ထွက်လာခဲ့တော့သည်။ဆိုင်ကယ်မောင်းတာတောင်မှအရှိန်ကိုသာမန်ထက်မြန်လိုက်၏။
ကိုကိုပန်းလေးအကြောင်းကိုရိပ်မိသွားလို့လား။ဘာလို့အခုလိုမျိုးချက်ချင်းကြီးလုပ်ရတာလဲ။ဝသုန်လည်းစဉ်းစားမရဖြစ်သွား၏။ကိုကိုဘာကိုသိသွားတာလဲ။ပန်းလေးကိုစိတ်ဝင်စားသွားလို့လား။ဟင့်အင်း --- မဖြစ်နိုင်တာ။ကိုကိုကပန်းလေးကိုစိတ်ဝင်စားမှာမဟုတ်ဘူး။
"တီ --- တီ --- တီ ---"
ဆိုင်ကယ်မောင်းရင်းကနေအရှိန်လျှော့လိုက်ပြီးဝသုန်ဖုန်းကိုထုတ်ကြည့်လိုက်သည်။ခိုင်ဦးလို့မှတ်ထားတာတွေ့လိုက်၍ဆိုင်ကယ်ကိုလမ်းဘေးမှာချရပ်လိုက်ကာဖုန်းကိုင်လိုက်၏။
"ဟယ်လိုခိုင်ဦးငါလာနေပြီ ---"
"ဝသုန်ကိုသုကဝန်ထမ်းအားလုံးကိုအစည်းအဝေးခေါ်လိုက်တယ် --- ဘာလုပ်မှာလဲမသိဘူး --- ငါတော့ရင်တွေပူနေတာပဲသိတယ် ---"
"ဘာ --- ဝန်ထမ်းအားလုံးဟုတ်လား ---"
"အင်း --- လုံခြံုရေးနဲ့သန့်ရှင်းရေးကလွဲရင်အားလုံးအစည်းအဝေးတက်ရမယ်တဲ့ ---"
"အင်း --- ဒါဆိုငါကိုကို့ကိုဖုန်းပဲဆက်လိုက်တော့မယ် --- ဒါပဲမင်းလည်းသိပ်ပြီးစိတ်မပူနဲ့တော့ ---- ငါလုပ်လိုက်မယ်သိလား ---"
"မင်းလုပ်မယ်ဆိုရင်တော့ငါယုံပါတယ်ကွာ --- အခုတော့မင်းကိုကိုကဘာတွေတွေးပြီးလုပ်နေလဲမသိဘူး ---"
"အင်း --- အင်း --- ဒါဆိုငါကိုကို့ကိုဖုန်းဆက်လိုက်မယ် ---"
"အင်း ---"
ဝသုန်ခိုင်ဦးဖုန်းကိုချလိုက်ကာကိုကို့ကိုဖုန်းဆက်လိုက်လေသည်။သူဖုန်းသာဆက်ရမှာကိုကိုကဒါလုပ်မယ်ဆိုရင်ဖြစ်အောင်လုပ်တတ်တဲ့သူ။သူနဲ့လည်းစိတ်ဓာတ်ချင်းကတူတော့ရပါ့မလား။ခိုင်ဦးကလည်းသူ့ကိုယုံနေသည်တဲ့။ဝသုန်ပြံုးလိုက်မိသည်။
ကိုကိုကဖုန်းကိုချက်ချင်းမကိုင်သေး။ဘာတွေလုပ်နေလို့လဲ၊အစည်းအဝေးလုပ်နေပြီလား။ဝသုန်စိတ်ပူသွားမိသည်။ပန်းလေးအပေါ်မှာကိုကို့စိတ်သဘောထားကိုသူဘယ်လိုမှအကဲခတ်လို့မရ။ပန်းလေးကုမ္ပဏီမှာလုပ်တာတစ်လတော့မပြည့်သေး။အားလုံးနဲ့တော့ရင်းနှီးနေပြီဖြစ်သည်။ကိုကိုနဲ့တောင်စကားသိပ်ပြောဖူးမှာမဟုတ်။ကုမ္ပဏီတစ်ခုလုံးမှာပန်းလေးအရင်းနှီးဆုံးလူဆိုလို့ခိုင်ဦးနဲ့သူသာရှိသည်။
ပန်းလေးကိုဝသုန်အလုပ်မထွက်စေချင်ပါ။အခုလိုအလုပ်လုပ်နေရတာပန်းလေးအနေနဲ့အဆင်ပြေချောမွေ့နေ၏။တကယ်လို့အလုပ်သာပြုတ်ခဲ့မယ်ဆိုရင်ပန်းလေးကိုအဲ့ဒီ့မိသားစုကဘယ်လိုမျိုးပြောဆိုစေခိုင်းဦးမလဲမသိ။သူတို့လုပ်သမျှပြောသမျှကိုခေါင်းငုံ့မခံဖို့သူပြောခဲ့ပေမယ့်ပန်းလေးကကတိသာပေးခဲ့တာအခုချိန်ထိဘယ်လိုအသံကိုမှမကြားရသေး။
"ဟယ်လို ---"
ဖုန်းပြန်ထူးသံကြားမှဝသုန်အသိပြန်ဝင်လာမိသည်။
"သြော် -- ကိုကို --- ဘာလုပ်နေတာလဲ ----"
"အစည်းအဝေးလုပ်မလို့ ---"
"ကိုကို --- အဲ့ဒီ့အစည်းအဝေးမလုပ်ပါနဲ့လား ---"
"အခုလုပ်မယ့်အစည်းအဝေးကိုမင်းသိနေတာလားဝသုန် ---"
"ကိုကိုပန်းလေးအကြောင်းသိချင်ရင်ကျွန်တော်အကုန်ပြောပြပါ့မယ် --- လူကြားထဲမှာတော့ပန်းလေးအကြောင်းကိုမမေးလိုက်ပါနဲ့နော် --- ပန်းလေးရှက်သွားလိမ့်မယ် --- နောက်ပြီး --- ဒီအလုပ်ကနေလည်းပန်းလေးပြုတ်သွားလို့မဖြစ်လို့ပါ --"
"မင်းကသူ့အတွက်စိတ်ပူနေတာလား ---- "
"သူ့ကိုစိတ်ပူတယ်ဆိုတာထက်သူ့ဘဝကိုသနားလို့ပါ ---"
"သြော် -- မင်းနဲ့သူကချစ်သူတွေမို့လို့လားဝသုန် ---"
"မဟုတ်ဘူးကိုကို --- ကျွန်တော်နဲ့ပန်းလေးကချစ်သူတွေမဟုတ်ပါဘူး ---"
"ဒါဆိုဘာကိုစိတ်ပူနေတာလဲ --- မင်းနဲ့မဆိုင်ဘူးမို့လား --- ဒါပဲဖုန်းချလိုက်မယ် --- ငါကတော့သိချင်တာကိုသိရမှာဖြစ်မယ် ---"
"မဟုတ်ဘူးကိုကို --- ဟယ်လိုကိုကို --- "
ကိုကိုကဖုန်းချသွားပြီဖြစ်သည်။ဝသုန်ဖုန်းကိုထပ်ခေါ်လိုက်၏။ဒါပေမယ့်ကိုကိုကမကိုင်တော့။
"ကျွတ် --- "
ဝသုန်ဘာဆက်လုပ်ရမှန်းမသိဖြစ်သွားလေသည်။ဒီအချိန်ကုမ္ပဏီကိုသွားရင်လည်းအစည်းအဝေးကိုဘယ်လိုမှမှီမှာမဟုတ်ဘူး။မှီတယ်ပဲထားတော့ကိုကိုကဒါလုပ်မယ်ဆိုရင်ဒါပဲ။တစ်ခါတစ်လေကျတော့လည်းပြတ်သားလွန်းတဲ့စိတ်ကြောင့်လူတွေဟာအခက်တွေ့နိုင်တာပဲ။
ဝသုန်ဘာလုပ်ရမလဲစဉ်းစားလိုက်၏။သူ့ခေါင်းထဲမှာလူတစ်ယောက်ကိုသတိရသွားမိသည်။ဂျက်စတင် --- ဟုတ်တယ်သူဆီကအကူအညီတောင်းရမယ်။သူကတော့ပန်းလေးကိုသဘောကျနေတဲ့သူဆိုတော့ကူညီမှာပါ။
ဝသုန်ဖုန်းကိုချက်ချင်းဆက်လိုက်သည်။
"ဟယ်လို --- "
"ဟယ်လိုဂျက်စတင် --- ကျွန်တော်ဝသုန်မြေပါ ---"
"အို --- ဝသုန်ဘာကိစ္စများလဲ ---"
"အကူအညီတစ်ခုလောက်တောင်းချင်လို့ပါ ---"
"အကူအညီ ---"
"အင်း --- ခင်ဗျား --- ပန်းလေးကိုသဘောကျနေတာမို့လား ---"
"အင်းလေးမင်းလည်းသိရဲ့သားနဲ့ --- ဘာလဲမင်းကကြားထဲကမြားနတ်မောင်လုပ်ပေးမလို့လား ---"
ဝသုန်ပြံုးလိုက်မိသည်။ဒီအရူးနဲ့လည်းတမှောင့်လို့တွေးလိုက်မိ၏။ပါးစပ်ကတော့ပြောမထွက်ပါ။ပြောလိုက်ရင်ဘယ်လိုလုပ်ပြီးကူညီတော့မလဲ။
"ခင်ဗျားပန်းလေးကိုချစ်ရင်ပန်းလေးဒုက္ခရောက်မှာကိုတော့မမြင်ချင်ဘူးမို့လား ---"
"အင်းပေါ့ --- ဘယ်သူမဆိုကိုယ်ချစ်တဲ့သူကိုဒုက္ခရောက်စေချင်မှာလဲ ---"
"ကောင်းပြီလေဒါဆိုအခုပန်းလေးအခုကုမ္ပဏီကအလုပ်ထွက်ရမယ့်ကိစ္စနဲ့ကြံုနေရတယ် --- အဲ့ဒါခင်ဗျားကူညီမှဖြစ်လိမ့်မယ် ---"
"ဘယ်လို --- ပန်းလေးကဘာကိစ္စအလုပ်ထွက်ရမှာလဲ --- ဘယ်သူကထုတ်မှာလဲ ---"
"ဘယ်သူရှိရမလဲ -- ခင်ဗျားသူငယ်ချင်းပေါ့ ---"
"ဘာသုရှင်မင်းကလား ---"
"အင်း --- အဲ့ဒါကြောင့်ခင်ဗျားကူညီမှဖြစ်မယ် ---"
"အင်း --- ကျွန်တော်သိပြီ --- အခုပဲသုရှင်ကိုဖုန်းဆက်လိုက်မယ် ---"
"ဖြစ်စေချင်တာကတော့ --- အခုကုမ္ပဏီမှာအစည်းအဝေးလုပ်လိမ့်မယ် --- အဲ့ဒီ့အစည်းအဝေးမှာပန်းလေးရဲ့လျှို့ဝှက်ချက်အားလုံးကိုကိုကိုကဖော်ထုတ်မှာ --- တကယ်တော့ပန်းလေးကဆယ်တန်းပဲအောင်သေးတာ --- အဲ့ဒါကြောင့်ကုမ္ပဏီရဲ့စည်းကမ်းအရဆိုရင်အလုပ်လုပ်လို့မရဘူး --- ဒါပေမယ့်ပန်းလေးကိုသနားလို့ကျွန်တော်အလုပ်ပေးခဲ့တာ --- အခုကိုကိုကပန်းလေးကိုအလုပ်ထုတ်တော့မယ်ထင်တယ် ---"
"သြော် --- အင်းအင်းကျွန်တော်နားလည်ပြီ --- အခုပဲသူ့ကိုဖုန်းဆက်ပြောလိုက်မယ်နော် --- ပြီးရင်တော့ကျွန်တော့်ကိုပန်းလေးနဲ့ပတ်သက်တဲ့အကြောင်းတွေအားလုံးကိုပြောပြရမယ် ---"
"အင်း --- ကျွန်တော်ပြောပြမှာပါ --- ခင်ဗျားကိုရောကိုကို့ကိုရော -- အဓိကကတော့ဒီအစည်းအဝေးမဖြစ်သွားရင်ပြီးတာပဲ ---"
"သြော် -- ဘာပဲပြောပြောအဓိကကတော့ဒီအစည်းအဝေးပွဲပျက်သွားရင်ပြီးရောပေါ့နော် ---"
"အင်းဟုတ်တယ် --- "
"ကျွန်တော်ဘယ်လိုပဲပြောပြောနော် ---"
"အဓိကကပန်းလေးအလုပ်မပြုတ်ရင်ပြီးတာပဲဗျာ ---"
"ကောင်းပြီလေ --- စိတ်ချပန်းလေးအလုပ်မပြုတ်စေရဘူး ---"
ဂျက်စတင်ကရယ်ပြီးပြောနေသဖြင့်ဝသုန့်စိတ်ထဲမှာတစ်မျိုးတော့ဖြစ်သွားသည်။ဒါပေမယ့်အဓိကကတော့ပန်းလေးအလုပ်မပြုတ်ဖို့ကအဓိကပဲလေ။ဝသုန်ဖုန်းချလိုက်ကာဆိုင်ကယ်ကိုဆက်မောင်းလိုက်၏။သူဘာလို့ပန်းလေးအပေါ်ဒီလောက်ထိလိုက်လုပ်ပေးနေရတာလဲ။တကယ်ဆိုရင်သူ့ဟာသူအလုပ်ပြုတ်ပြုတ်ပေါ့ဒီအလုပ်မရှိရင်တောင်မှတခြားအလုပ်ရှာလို့ရတာပဲ။အဲ့ဒါကိုသူဘာလို့စိတ်ပူနေရတာလဲ။ဝသုန်စဉ်းစားလို့မရခဲ့။ဟိုမိသားစုလက်ထဲကနေသူမကိုလွတ်မြောက်စေချင်တဲ့ဆန္ဒတော့ဝသုန့်မှာရှိသည်။နောက်ပြီးပန်းလေးကိုလည်းသနားသည်။အဲ့ဒါတွေကြောင့်ပဲနေမှာပါလေ။
X x x x x x x
အစည်းအဝေးခန်းထဲမှာလူတွေအားလုံးစုံနေပြီဖြစ်သည်။သုရှင်ပန်းလေးကိုကြည့်လိုက်ပြီး
"အခုအစည်းအဝေးလုပ်ရတဲ့အကြောင်းအရင်းကတော့ --- ကျွန်တော်လူတစ်ယောက်နဲ့ပတ်သက်ပြီးသေသေချာချာရှင်းရှင်းလင်းလင်းသိချင်လို့ပါဘဲ ---"
ဝသုန်ကဖုန်းမဆက်သေးဘူးလား။သူဘာလို့ဒီအစည်းအဝေးကိုလုပ်ရတာလဲ။ခိုင်ဦးကတော့သုရှင်ကိုကြည့်ကာရင်တထိတ်ထိတ်ဖြင့်။
"တီ --- တီ --- တီ ---"
ဖုန်းသံကြောင့်သုရှင်အစည်းအဝေးလုပ်ရင်းကနေဖုန်းနံပါတ်ကိုငုံ့ကြည့်လိုက်မိသည်။ဂျက်စတင် --- ဟင်ဒီကောင်ဘာပြဿနာတွေရှာနေပြန်ပြီလဲမသိဘူး။သုရှင်ဖုန်းကိုချက်ချင်းကောက်ကိုင်လိုက်၏။
"ဟယ်လိုဂျက်စတင် ---"
"သုရှင်- -- မင်းဒီအစည်းအဝေးကိုမလုပ်နဲ့တော့---"
"ဘာ ---"
သုရှင်အံ့သြသွား၏။အစည်းအဝေးလုပ်မယ့်အကြောင်းသူကဘယ်လိုလုပ်ပြီးသိတာလဲ။ဝသုန်ကသူပြောလို့မရလို့ဂျက်စတင့်ကိုပြောခိုင်းတာလား။
"ဟုတ်တယ်သုရှင် --- ဒီအစည်းအဝေးကိုသာဆက်လုပ်နေမယ်ဆိုရင်ငါမင်းကိုမခေါ်တော့ဘူး --- မင်းနဲ့ငါသူငယ်ချင်းအဖြစ်ကနေသေခန်းပြတ်ပဲ ---"
"ဂျက်စတင်မင်းဘာတွေပြောနေတာလဲ --- ဒီအစည်းအဝေးကမင်းနဲ့ဘာဆိုင်လို့လဲ ---"
"ဟုတ်တယ်ငါနဲ့ဆိုင်တယ် ----"
"ဘာ -- ဘယ်လိုဆိုင်တာလဲပြောပါဦး ---"
"မင်းကြောင့်ငါ့ကောင်မလေးသာအလုပ်ပြုတ်သွားခဲ့ရင် --- ငါမင်းကိုတကယ်မခေါ်တော့ဘူးနော် ---"
"ဂျက်စတင်တော်ရုံတန်ရုံပဲရူး -- မင်းကောင်မလေးဟုတ်လား ---"
သုရှင်ကဖုန်းကိုသူများတွေကြားမှာစိုး၍တိုးတိုးသာသာပြောနေလေသည်။အားလုံးကတော့သုရှင်ကိုမကြည့်ပဲသူတို့ရှေ့ကဖိုင်တွေကိုလှန်ကြည့်နေကြသည်။ထို့နောက်တစ်ယောက်နဲ့တစ်ယောက်လည်းစကားတွေပြောနေကြ၏။
"ဟုတ်တယ် --- ရင်ဝှက်ပန်းနဲ့ငါချစ်သူတွေဖြစ်နေပြီ ---"
"ဘယ်လို ---"
သုရှင်ပန်းလေးကိုလှမ်းကြည့်လိုက်ကာအံ့သြနေလေသည်။ပန်းလေးကလည်းသူ့ကိုမော့အကြည့်အကြည့်ချင်းဆုံသွားကြ၏။ပန်းလေးအကြည့်ကိုအမြန်လွှဲလိုက်မိသည်။
"ဟုတ်ယ်သုရှင် --- ငါတောင်းပန်ပါတယ်ကွာ --- သူ့ကိုအလုပ်မထုတ်လိုက်ပါနဲ့ -- ငါသူ့ကိုသိပ်သနားတယ် ---"
ဂျက်စတင်ပြောနေတာတွေကိုသုရှင်နားမလည်နိုင်တော့။ဘယ်တုန်းကများချစ်သူတွေဖြစ်သွားကြတာလဲ။ကျွတ် -- တကယ်ပဲ -- လောကကြီးဘာတွေဖြစ်သွားတာလဲ။ဂျက်စတင်ကသွက်သွက်လက်လက်ရှိတော့ရင်ဝှက်ပန်းနဲ့အချိန်ခဏလေးအတွင်းမှာရင်းနှီးသွားပေမယ့်။အခုလိုမျိုးချစ်သူတွေဖြစ်သွားလောက်အောင်အထိတော့ရင်းနှီးနိုင်လို့လား။သုရှင်ခေါင်းရမ်းလိုက်မိသည်။
"သုရှင် -- ငါတောင်းပန်ပါတယ်နော် -- ဆက်ပြီးမလုပ်ပါနဲ့တော့ ---"
သုရှင်ပြတင်းပေါက်နားမှာမတ်တပ်သွားရပ်လိုက်လေသည်။ဝန်ထမ်းအားလုံးနဲ့အနည်းငယ်တော့ဝေးသွား၏။
"ဒီမှာဂျက်စတင်ကုမ္ပဏီအလုပ်ကိုအပျင်းပြေလုပ်နေတာမဟုတ်ဘူး -- အစည်းအဝေးခေါ်ထားပြီးဘာမှမပြောရင်ငါ့ကိုဘာပြောကြမလဲ --- ငါတစ်ခါမှအခုလိုမဖြစ်ဖူးဘူး ---"
"ဒီလိုလုပ်လေကွာ --- ဝန်ထမ်းတွေကိုဘာပွဲညာပွဲလုပ်ပေးမယ်ဆိုပြီးပြောလိုက်ပေါ့ --- မင်းကလည်း --- ပန်းလေးကိုတော့အလုပ်မထုတ်လိုက်နဲ့နော် --- ငါအခုကုမ္ပဏီကိုလာနေပြီ ---"
"ကျွတ် ---"
သုရှင်စိတ်ညစ်စွာကျွတ်စုပ်လိုက်မိသည်။ဆံပင်တွေကိုလည်းလက်နဲ့သပ်တင်လိုက်မိ၏။
"ပြီးရောကွာ --- ဒါပဲ ---"
သုရှင်းဖုန်းကိုချလိုက်ကာသူ့နေရာသူပြန်သွားလိုက်ပြီးဝန်ထမ်းအားလုံးကိုကြည့်လိုက်၏။
"အားလုံးကိုပြောချင်တာကတော့ --- ဒီတစ်ပတ်ထဲမှာကုမ္ပမှာဝန်ထမ်းသီးသန့်မိတ်ဆုံစားပွဲတစ်ခုလုပ်ပေးမလို့ပါ --- အဲ့ဒါကြောင့်ဒီပွဲကိုတက်ဖို့အတွက်အားလုံးကိုဖိတ်ခေါ်ပါတယ် ----"
"ဟင် ---"
"ဟေး ---"
အားလုံးအံ့သြနေကြ၏။တစ်ခါမှမလုပ်ဖူးတဲ့ပွဲမို့လို့လည်းပျော်သွားမိကြလေသည်။
"တကယ် --- ဒါမှဒို့ MD ကွ --- ဒို့ MD ကနိုင်ငံခြားကပြန်လာမှပိုပြီးခန့်လာတယ်နော် ---"
ဝန်းထမ်းတစ်ယောက်ကပြောလိုက်တော့သုရှင်ရယ်လိုက်မိလေသည်။
" ဟုတ်တယ် -- ဟုတ်တယ် MD ကြီးကချောလာလိုက်တာကြည့်ပါဦး --- "
"အားလုံးကိုကျေးဇူးတင်ပါတယ် --- ဒီပွဲမှာအားလုံးလွတ်လွတ်လပ်လပ်နဲ့ပျော်နိုင်ပါတယ် --- ဒါဆိုအစည်းအဝေးကိုဒီမှာပဲသိမ်းလိုက်ပြီ --"
ခိုင်ဦးကတော့အံ့သြပြီးရင်းအံ့သြနေမိသည်။ဘယ်လိုဖြစ်သွားတာလဲ။ဖုန်းပြောတဲ့အသံကိုကြားလိုက်ရတာတော့ဝသုန့်ဆီကမဟုတ်။ဂျက်စတင်ဆိုတဲ့သူ့သူငယ်ချင်းဆီကပါ။ဘယ်လိုဖြစ်လို့ချက်ချင်းကြီးဖြစ်သွားရတာလဲ။အို --- ဘာပဲဖြစ်ဖြစ်ပန်းလေးအလုပ်မပြုတ်တာကိုပဲသူဝမ်းသာမိပါသည်။
သုရှင်အစည်းအဝေးကိုမြန်မြန်သိမ်းပြီးတော့ရုံးခန်းထဲကိုဝင်သွားလေသည်။သူ့ရင်ထဲမှာတနုံ့နုံ့ခံစားနေမိသည်။ဘာကိုအလိုမကျမှန်းလည်းမသိ။ဂျက်စတင်နဲ့ရင်ဝှက်ပန်းချစ်သူတွေဖြစ်သွားပြီဆိုတဲ့စကားကြောင့်များလား။သုရှင်ခေါင်းရမ်းလိုက်မိသည်။
"အို -- ငါနဲ့ဘာဆိုင်တာမှတ်လို့ --- သူတို့တွေရည်းစားတွေပဲဖြစ်ဖြစ် --- ငါနဲ့မဆိုင်ပါဘူး ---"
ပြောသာပြောနေတာသုရှင်စိတ်ထဲကအလိုမကျမှုကတော့ပျောက်ကွယ်မသွားခဲ့။သူမဆိုရင်ဘာလို့ဒီလောက်ထိကာကွယ်ပေးနေတဲ့သူတွေများနေရတာလဲ။သူမကဘယ်သူမို့လို့လဲ။သူမကိုဂျက်စတင်သဘောကျနေတယ်ဆိုတာကိုတော့သုရှင်သိပါတယ်။ချစ်သူတွေဖြစ်သွားတယ်ဆိုရင်လည်းသူ့အနေနဲ့ဘာမှပြောစရာမရှိ။ဘာမှလည်းပြောစရာမှမလို။ဒါပေမယ့် --- ဝသုန်ကသဘောကျနေတယ်ဆိုရင်တော့ --- သုရှင်ခေါင်းရမ်းလိုက်လေသည်။
"သုရှင် ---"
"ကိုကို ---"
သုရှင်အခန်းထဲသို့ဝသုန်နဲ့ဂျက်စတင်အတူတူဝင်လာကြလေသည်။အတူတူလာတာမဟုတ်တာတော့သေချာနေ၏။ဝသုန်ကကားမှမစီးတာ။သူတို့တွေလမ်းမှာတွေ့လာာကြလို့နေမှာပေါ့။
"Thank You ---"
ဂျက်စတင်သုရှင်ရဲ့ဘေးမှာမတ်တပ်ရပ်လိုက်ပြီးပြောလိုက်သည်။ဝသုန်ကတော့သူတို့နောက်ကပြတင်းပေါက်နားမှာမတ်တပ်ရပ်နေ၏။
ဝသုန်စိတ်ထဲကနေပဲသက်ပြင်းချလိုက်မိသည်။တော်သေးတာပေါ့ --- ပန်းလေးအလုပ်မပြုတ်လို့။အပြင်မှာပန်းလေးကိုတွေ့ခဲ့တာတော့ပျော်ပျော်ရွှင်ရွှင်ပါပဲ။ဒါပေမယ့်ဂျက်စတင်ကဘာပြောလိုက်လို့ကိုကိုကပန်းလေးကိုဘာမှမပြောတာလဲ။
" ကျေးဇူးတင်မနေပါနဲ့ --- ပြောပါဦးမင်းနဲ့ရင်ဝှက်ပန်းဘယ်တုန်းကချစ်သူတွေဖြစ်သွားကြတာလဲ ---"
"ဟင် ---"
ဝသုန်သူတို့နှစ်ယောက်ကိုအလန့်တကြားလှည့်ကြည့်လိုက်မိသည်။
"ဘယ်လို --- ရင်ဝှက်ပန်းကဘယ်သူနဲ့ချစ်သူတွေဖြစ်နေတာလဲ ---"
ကိုကိုကသူ့ကိုတစ်ချက်လှည့်ကြည့်လိုက်ကာ
"ဂျက်စတင်နဲ့လေ ---"
"ဘာ ---"
ဝသုန်ဂျက်စတင့်ကိုလှည့်ကြည့်လိုက်တော့ဂျက်စတင်ကရယ်နေလေသည်။ထို့နောက်သူ့ကိုမျက်လုံးတစ်ဖက်မှိတ်ပြနေ၏။သြော် --- အဲ့ဒါကြောင့်ကိုကိုကပန်းလေးကိုအလုပ်မထုတ်တာပေါ့။
ဂျက်စတင်ကပန်းလေးကသူ့ချစ်သူလို့ကိုကို့ကိုပြောခဲ့တာပဲ။ဝသုန့်စိတ်ထဲမှာအလိုမကျဖြစ်သွားပေမယ့်ဂျက်စတင်သာအဲ့လိုမပြောရင်ကိုကိုကလက်ခံမှာမဟုတ်ဆိုတာကိုသူနားလည်သည်။အဲ့ဒါကြောင့်ဂျက်စတင့်ကိုဘာမှဆက်မပြောတော့။
"ဝသုန် --- ပြောလေပန်းလေးအကြောင်းပြောပြမယ်ဆို ---"
"ပန်းလေးကအဲ့ဒီ့မြေမထိမိုးမခစံအိမ်မှာနေတဲ့မိသားစုရဲ့သြဇာကိုမလွန်ဆန်ရဲဘူး -- အဲ့ဒါကြောင့်ပန်းလေးဟာသနားစရာကောင်းတယ် -- နောက်ပြီးတော့ ---"
"နေဦးဝသုန် --- မြေမထိမိုးမခံစံအိမ်ဆိုတာမနေ့ကသုရှင်သွားခဲ့တဲ့အိမ်မို့လား ---"
"ဘယ်လိုကိုကိုသွားခဲ့တဲ့အိမ်ဟုတ်လား ---"
ဝသုန်ကိုကို့ကိုကြည့်ကာမေးလိုက်တော့ကိုကိုကတော့မအံ့သြသည့်ပုံစံဖြင့်ခေါင်းငြိမ့်လိုက်လေသည်။
"ဟုတ်တယ်အဲ့ဒီ့စံအိမ်ပဲ --- အဲ့ဒီ့မှာရင်ဝှက်ပန်းကိုတွေ့ခဲ့တာ ---"
သြော် -- အဲ့ဒါကြောင့်ကိုကိုကပန်းလေးအကြောင်းကိုစိတ်ဝင်စားသွားတာပေါ့။အဲ့ဒါကြောင့်လည်းအခုလိုမျိုးလုပ်နေခဲ့တာပဲလား။
"ကိုကိုပန်းလေးကိုအဲ့ဒီ့အိမ်မှာတွေ့ခဲ့လို့ပန်းလေးအကြောင်းကိုစိတ်ဝင်စားသွားတာလား ----"
"စိတ်ဝင်စားတာမဟုတ်ပါဘူး --- အဲ့လိုစံအိမ်မျိုးမှာနေတဲ့လူတစ်ယောက်ကငါတို့ကုမ္ပဏီမှာဝန်ထမ်းလုပ်နေတယ်ဆိုတော့အံ့သြသွားလို့သူ့အကြောင်းစုံစမ်းတယ်ဆိုရုံပဲ ---"
"သုရှင် --- မနေ့ကအဲ့ဒီ့အိမ်မှာမင်းအဲ့ဒီ့ကကောင်မလေးနဲ့စေ့စပ်ခဲ့တယ်ဆိုတာတကယ်လား ---"
သုရှင်ဂျက်စတင်မေးလိုက်တဲ့စကားကြောင့်စိတ်ညစ်သွားသည့်ပုံဖြင့်မျက်နှာကိုရှုံ့မဲ့လိုက်လေသည်။
"တော်ပါကွာ -- ငါဖြင့်ဘာမှမပြောရသေးဘူး --- သူကလက်ခံလိုက်တာ -- အဲ့ဒါကိုငါကလူကြီးတွေကိုဘယ်လိုပြန်ပြောရမှာလဲ ---"
"ကိုကိုကဘယ်သူနဲ့စေ့စပ်ခဲ့တာလဲ ---"
"နွေဦးမေတဲ့ ---"
ကိုကိုကဖြေခြင်းမဟုတ်။ဂျက်စတင်ကပြောလိုက်ခြင်းဖြစ်သည်။
"နွေဦးမေ --- "
"ဘာပဲဖြစ်ဖြစ်မင်းအဲ့လိုစေ့စပ်လိုက်တာကောင်းတာပေါ့သုရှင်ရဲ့ ----"
"ဘာကောင်းတာလဲ -- ငါစိတ်မဝင်စားပါဘူး ---"
"မင်းနဲ့အဲ့ဒီ့အိမ်ကပတ်သက်မှုရှိတော့ငါလည်းပန်းလေးကိုတွေ့ချင်ရင်မင်းကိုခေါ်ပြီးအချိန်မရွေးသွားလို့ရတာပဲလေ --- မဟုတ်ဘူးလား ---"
သြော် --- သူတို့တွေကတော့အဆင်ပြေနေလိုက်တာ။ပန်းလေးကိုများတွေ့ချင်တိုင်းတွေ့လို့ရတယ်များထင်နေလားမသိဘူး။ဝသုန်စိတ်ထဲကနေပြောလိုက်မိသည်။သူတောင်မှပန်းလေးကိုတစ်ခါပဲတွေ့ဖူးခဲ့သည်။အဲ့ဒီ့နောက်ပိုင်းသူလာရင်ဘယ်သူကမှအတွေ့မခံကြတော့။သူလည်းသွားပြီးမတွေ့တော့ပါဘူး။သူအဲ့လိုသွားတာပန်းလေးကိုဒုက္ခပေးရာရောက်မှာတော့ကြောက်မိသည်။
"မင်းကလည်းတစ်မျိုး ---- အခုမင်းကသူနဲ့ချစ်သူတွေဖြစ်နေပြီဆိုတော့အချိန်မရွေးသွားနိုင်တယ်မို့လား ---"
"မင်းကလည်းဝသုန်ပြောတာကိုပဲကြည့်လေ --- ပန်းလေးကအဲ့ဒီ့မိသားစုရဲ့သြဇာကိုမလွန်ဆန်ရဲတဲ့သူပါတဲ့ဆို -- ငါကသွားတွေ့ရင်ရောသူကတွေ့ချင်ရင်တောင်မှအဲ့ဒီ့မိသားစုကလက်ခံပါ့မလား ---"
အဲ့ဒီ့မေးခွန်းကိုသေချာနားမလည်တဲ့အတွက်သုရှင်ဝသုန့်ကိုမေးဖို့ကြည့်လိုက်တော့ဝသုန်ကတစ်ခုခုကိုစဉ်းစားနေသလိုငြိမ်နေလေသည်။
"ဝသုန် --- မင်းဘာတွေတွေးနေတာလဲ ---"
"ဗျာ --- ဘာမှမတွေးပါဘူး ----"
ဝသုန်ကိုကို့ကိုကြည့်ကာပြောလိုက်၏။သူကိုကို့ကိုလိမ်လို့ရပေမယ့်သူ့စိတ်ကိုတော့လိမ်လို့မရပါဘူး။သူပန်းလေးအကြောင်းတွေးနေတာပါ။
"ရင်ဝှက်ပန်းကအဲ့ဒီ့အိမ်နဲ့ဘယ်လိုတော်စပ်တာလဲ ---"
"အမှန်အတိုင်းပြောရရင်အဲ့ဒီ့စံအိမ်ကပန်းလေးတို့မိသားစုပိုင်ဆိုင်တာပဲကိုကို --- အဲ့ဒါအမှန်တရားပဲ ---"
"ဘာ ---"
ဝသုန်ပြောလိုက်တဲ့စကားကြောင့်ကိုကိုကနားမလည်ဖြစ်သွားသလို။အံ့လည်းအံ့သြသွား၏။
"ဟုတ်တယ် --- သူတို့တွေအကောက်ကြံပြီးလုယူထားကြတာ --- အဲ့ဒါကြောင့်အဲ့ဒီ့အမှန်တရားကိုဖော်ထုတ်ဖို့ကျွန်တော်ကြိုးစားနေတာကိုကို ---"
အမှန်တရားကိုဖော်ထုတ်မယ်ဟုတ်လား --- ဝသုန်ကဘာအတွက်အမှန်တရားကိုဖော်ထုတ်မှာလဲ။သူ့အတွက်ဘာအကျိုးရှိလို့လဲ။ဒီကောင်မလေးအတွက်လား။ဝသုန်လည်းရင်ဝှက်ပန်းကိုစိတ်ဝင်စားနေတာလား။
"မင်းအခုလိုလုပ်နေတာဘယ်သူ့အတွက်လဲဝသုန်မြေ ---"
ဝသုန်ဂျက်စတင့်ကိုကြည့်လိုက်ကာ
"ပန်းလေးအတွက်လေ --- ပန်းလေးကအမှန်တရားကိုမဖော်ပြရဲလို့ကျွန်တော်ကအမှန်တရားကိုဖော်ထုတ်ပေးမှာ ---"
"မင်းရောပန်းလေးကိုသဘောကျနေတာလား ---"
ဂျက်စတင်ကမေးလိုက်တော့ဝသုန်ဘယ်လိုပြန်ဖြေရမှန်းမသိ။သူလည်းသူ့ကိုယ်သူခနခနမေးနေတဲ့မေးခွန်းတစ်ခု။
"မဟုတ်ပါဘူး -- "
"ဒါဆိုဘာလို့အခုလိုလုပ်ရတာလဲ ---"
"ကျွန်တော်သူ့ကိုသနားလို့ --- သူ့ဘဝလေးကိုသနားလို့ ---"
"ဟုတ်ရဲ့လားဝသုန်ရယ် --- မင်းပုံစံကသူ့အပေါ်မှာအရမ်းကိုမေတ္တာတွေထားနေသလိုပဲနော် --- သူ့ဘဝကိုများမင်းကအပိုင်လိုချင်နေတာလားမသိ ---"
ဂျက်စတင့်ရဲ့ခနဲ့တဲ့တဲ့မေးခွန်းကြောင့်ဝသုန်စိတ်တိုသွားမိသည်။သုရှင်ကတော့ဘေးကနေပဲထိုင်ကြည့်နေ၏။သူလည်းဝသုန့်ကိုအဲ့ဒီ့မေးခွန်းမေးချင်ခဲ့တာ။အခုဂျက်စတင်ကမေးလိုက်တော့အဆင်ပြေသွားတယ်လို့ပြောရမယ်။
"ကျွန်တော်သူ့ဘဝကိုအပိုင်လိုချင်နေတာမဟုတ်ဘူး --- သူ့ဘဝကိုသူကိုယ်တိုင်ပိုင်ဆိုင်စေချင်တာ --- ကျွန်တော်အခုသူ့ဘဝထဲဝင်နေပြီဆိုတာကျွန်တော်သိတယ် --- သူ့ဘဝထဲကျွန်တော်ဝင်သွားခဲ့တာဘာနှောင်ကြိုးမှမပါဘူး --- သူ့ကိုသူ့ရဲ့အမှောင်ကမ္ဘာထဲကနေဆွဲထုတ်ချင်ခဲ့ရုံသက်သက်ပဲ ---"
ဝသုန့်အဖြေကသဘောကျစရာကောင်းပါတယ်။သုရှင်ပြံုးလိုက်မိသည်။
"အခုဆိုရင်မင်းတို့နှစ်ယောက်ကရင်ဝှက်ပန်းကိုသဘောကျနေကြတဲ့ပြိုင်ဘက်နှစ်ယောက်ဖြစ်နေတာပေါ့ --- ငါကတော့ပွဲဲကြည့်ပရိသတ်အဖြစ်နဲ့ပဲနေပါ့မယ် --- မင်းတို့ကိုလည်းမတားဘူး --- ရင်ဝှက်ပန်းကိုလည်းမနှောင့်ယှက်ဘူး --- ကဲဘယ်လိုလဲ ---"
"မင်းအဲ့လိုနေတာကောင်းတယ်သုရှင် --- တော်ကြာမင်းနဲ့ငါပါရန်များနေရဦးမယ် --- "
"ရန်များစရာမလိုပါဘူးကွာ --- ငါကတော့ရင်ဝှက်ပန်းကိုနည်းနည်းလေးမှစိတ်မဝင်စားဘူး --- စိတ်မဝင်စားတဲ့အပြင်သူ့ကိုမင်းတို့ကဒီလောက်ထိကြိတ်ကြွေနေကြတော့ငါသူ့ကိုနည်းနည်းတောင်မှအမြင်ကပ်နေသလိုပဲ ---"
"မင်းကအမြင်ကပ်တယ်ဟုတ်လား --- ယောကျာ်းတန်မဲ့ကွာ ---"
ဂျက်စတင်ကလှောင်သလိုပြောလိုက်တော့သုရှင်ဒေါသထွက်သွားကာမျက်နှာကြီးနီရဲလာ၏။
"အချစ်ကအစအမုန်းကလို့ငါတော့ကြားဖူးတာပဲ ---"
"ဂျက်စတင်မင်းနော် ---"
သုရှင်မျက်နှာကြီးသုန်မှုန်သွားကာအခန်းထဲကနေထွက်သွားတော့၏။ဂျက်စတင့်ကတော့သုရှင်ထွက်သွားတာကိုကြည့်ပြီးတဟားဟားရယ်နေတော့သည်။
"ဟား --- ဟား --- ဟားကြည့်ပါဦးဝသုန်ရယ်မင်းအကိုကဘယ်လိုဖြစ်ရတာလဲ --- ငါဖြင့်ဘာမှမပြောရသေးဘဲဒေါသတွေထွက်နေလိုက်တာ ---"
ဝသုန်ပြံုးပဲပြံုးလိုက်သည်။
"ပန်းလေးကခင်ဗျားချစ်သူလို့ဘာလို့ပြောလိုက်ရတာလဲ --- "
"သြော် --- မင်းကလည်းငါလည်းဘယ်လိုလုပ်ပြီးပြောထွက်သွားမှန်းမသိလိုက်ဘူး --- ဘာပဲဖြစ်ဖြစ်ပန်းလေးအလုပ်မပြုတ်ရင်ပြီးရောလို့မင်းပြောတယ်မဟုတ်လား --- ငါဘာပဲပြောပြောပေါ့ ---"
"ခင်ဗျားအထာနဲ့ပြောမှန်းကျွန်တော်မသိလို့ပေါ့ဗျာ --- တော်ပြီဗျာ --- ဒါပဲသွားတော့မယ် --- "
ဝသုန်ကပြောပြီးထွက်သွားတော့ဂျက်စတင်ဝသုန့်ကိုကြည့်ကာရယ်နေရင်းနဲ့ကျန်ခဲ့တော့သည်။ညီအစ်ကိုလို့မပြောရဘူးနှစ်ယောက်သားတစ်စိတ်ဓာတ်ထဲပဲစိတ်ဆိုး၊စိတ်ကောက်လွယ်လိုက်တာ။နှစ်ယောက်စလုံးကတစ်ကယ်ခင်ဖို့တော့ကောင်းပါတယ်။ဒါပေမယ့်သူစိတ်ဝင်စားတာကပန်းလေးကိုဘယ်သူပိုင်ဆိုင်ခွင့်ရမလဲဆိုတာကိုပေါ့။ပန်းလေးကိုဘယ်သူကမှလည်းချစ်တယ်ဆိုတာဖွင့်ပြောရသေးတာမဟုတ်။ပြောသာပြောရတာအဲ့ဒါကလည်းပန်းလေးရဲ့ရွေးချယ်မှုပါပဲ။
#####
အိပ်မက်ကြယ်(ခ)ကြယ်လေး
ВЫ ЧИТАЕТЕ
ဟန်ဆောင်အမုန်း (Completed)
Любовные романыအနှိမ်ခံဘ၀လေးမှာ အားကိုးစရာဆိုလို့ အမေနဲ့မောင်လေးပဲရှိတဲ့ သူမဘ၀ထဲကို '၀သုန်မြေ'ဆိုတဲ့ သူမပျော်ရွှင်ဖို့အတွက်ဆို သူ့ဘ၀နဲ့တောင်လဲပြီး ဂရုစိုက်ပေးတဲ့သူတစ်ယောက် ဝင်လာတဲ့အခါမှာတော့ သူမဘ၀ဟာ အခက်အခဲအညှိုးအတေးနဲ့ မနာလိုမှုတွေကြားထဲကနေ သူ့အချစ...
