အခန်း(၁၂)

323 5 0
                                    

💜 ဟန်ဆောင်အမုန်း 💜
💜 အခန်း(၁၂) 💜

ပန်းလေးစာရေးနေတဲ့သူနာပြုမလေးကိုကြည့်ကာရင်တထိတ်ထိတ်ဖြင့်။
"ရပါပြီဒီဆေးလေးတွေသွားဝယ်ပေးပါနော် ----"
သူနာပြုမလေးလှမ်းပေးတဲ့စာရွက်လေးကိုတုန်တုန်ရီရီဖြင့်ယူလိုက်မိသည်။ထို့နောက်သူနာပြုမလေးကိုကြည့်လိုက်ပြီး
"ဒီဆေးတွေဝယ်ရင်ဘယ်လောက်လောက်ကုန်မလဲဟင် ---"
သူနာပြုမလေးကတစ်ချက်စဉ်းစားလိုက်ပြီးမှ
"ကျွန်မအထင်တော့ခြောက်သောင်း၊ခုနှစ်သောင်းလောက်ကုန်မယ်ထင်တယ် ---"
"ရှင် ---"
ပန်းလေးလက်ထဲကဆေးနာမည်တွေရေးထားတဲ့စာရွက်လေးကိုအလန့်တကြားကြည့်လိုက်မိပြန်သည်။ထို့နောက်ပိုက်ဆံအိတ်နွမ်းနွမ်းလေးကိုကြည့်လိုက်ပြီးသက်ပြင်းလည်းချလိုက်မိ၏။
"မြန်မြန်သွားဝယ်လိုက်ပါနော် --- ဒီနေ့လူနာကိုဆေးသွင်းရမှာမို့လို့ --- အဲ့ဒီ့ဆေးသာသွင်းပြီးသွားရင်သက်သက်လာတော့မှာပါ ---"
ပန်းလေးသူနာပြုမလေးကိုခေါင်းငြိမ့်ပြလိုက်ကာ
"ဟုတ်ကဲ့ ---"
ထို့နောက်ဆေးစာရွက်လေးကိုယူကာဆေးရုံထဲကနေထွက်လာခဲ့လိုက်တော့သည်။ခြောက်သောင်း --- ခုနှစ်သောင်းကုန်မယ်တဲ့။ပန်းလေးလက်ထဲမှာအခုလောလောဆယ်ရှိတာကသုံးသောင်းတောင်မပြည့်။ဘယ်လိုလုပ်ရမလဲလည်းမသိ။ဂျာကြီးပေးထားတဲ့ဖုန်းကိုကျစ်ကျစ်ကိုင်ထားလိုက်ကာ
"ဂျာကြီးကိုဖုန်းဆက်လိုက်ရင်ကောင်းမလား ---"
ဂျာကြီးကဘာကိစ္စပဲရှိရှိသူ့ကိုဖုန်းဆက်လို့ပြောထားတာ။ပန်းလေးတွေဝေသွားမိလေသည်။အို --- မဖြစ်သေးပါဘူး။အရာရာမှာသူများကိုပဲအားကိုးလို့ဖြစ်ပါ့မလား။ကိုယ့်အပေါ်ကောင်းတာသူတစ်ယောက်ထဲရှိတယ်ဆိုတိုင်းသူ့ကိုပဲအားကိုးနေလို့မဖြစ်ဘူးလေ။ဒါပေမယ့်ပန်းလေးမှာလည်းပိုက်ဆံမှမရှိတာ။ဆေးကအခုဝယ်ရမှာ။ဒီဆေးသာသွင်းပြီးသွားပြီဆိုရင်မေမေလည်းသက်သာလာမှာပဲ။
ဟင် -- ဘယ်လိုလုပ်ရမှာလဲ။ပန်းလေးမျက်လုံးကဆေးရုံထဲကထွက်လာကတည်းကပတ်ဝန်းကျင်ကိုကြည့်နေခဲ့မိသည်။လမ်းရဲ့မျက်နှာချင်းဆိုင်မှာရွှေဆိုင်လေးတစ်ဆိုင်ကိုတွေ့တော့ပန်းလေးမျက်လုံးတွေဝင်းလဲ့တောက်ပလာခဲ့၏။ထို့နောက်သူမနားလေးကိုကိုင်လိုက်မိသည်။
သူမမှာပစ္စည်းဆိုလို့ဒီနားကပ်လေးတစ်ရံသာရှိ၏။အဲ့ဒါလည်းဖေဖေရှိစဉ်ကတည်းကဖြစ်သည်။စိန်သေးသေးလေးတစ်လုံးကိုရွှေနဲ့ကွပ်ထားတဲ့နားကပ်လေးတစ်ခု။ဖေဖေရှိတုန်းကဆိုရင်ပန်းလေးကိုဖေဖေကတစ်ဆင်စာလုပ်ထားပေးခဲ့တာ။ဖေဖေလည်းမရှိတော့ရောဟိုဟာဖြုတ်ရောင်းဒီဟာဖြုတ်ရောင်းနဲ့နောက်ဆုံးဒီနားကပ်တစ်ရံသာကျန်တော့၏။ဘယ်လောက်တန်မှန်းတော့ပန်းလေးလည်းမသိ။တစ်သိန်းလောက်ရရင်ပဲမေမေ့ဆေးဝယ်ဖို့အတွက်အဆင်ပြေပါပြီ။
ဖေဖေပေးခဲ့တာတွေထဲမှာနောက်ဆုံးအမွေလည်းဖြစ်တော့ပန်းလေးနှမြောသွားမိသည်။ဒါပေမယ့်လည်းမေမေကပိုအရေးကြီးတာပဲ။နောက်ပိုက်ဆံစုမိရင်ဒါမျိုးပြန်လုပ်နိုင်မှာပါလေ။ပန်းလေးတွေးကာကားလမ်းကိုကူးလိုက်လေသည်။
ရွှေဆိုင်ကိုရောက်တော့ရွှေဆိုင်ကဦးလေးကြီးကပန်းလေးကိုသေချာကြည့်နေလေသည်။
"ကလေးမဘာကိစ္စလဲ ---- လုပ်မှာလားရောင်းမှာလား ---"
"ဟို --- ပန်းလေးရောင်းချင်တာပါ ----"
"ပစ္စည်းကဘယ်မှာလဲ ----"
သူကပန်းလေးလက်ထဲမှာပစ္စည်းပါလာတယ်လို့ပဲထင်ကာပန်းလေးလက်ကိုလှမ်းကြည့်နေလေသည်။ပန်းလေးလက်ထဲမှာကဆေးစာရွက်ရယ်၊ဂျာကြီးပေးထားတဲ့ဖုန်းရယ်၊ပိုက်ဆံအိတ်လေးတစ်ခုရယ်ပဲပါတာဖြစ်သည်။ပန်းလေးသူမနားကနားတောင်းလေးကိုကိုင်လိုက်ကာ
"ဒီပစ္စည်းလေးပါ ---"
ပန်းလေးပြောလိုက်တော့မှသူ့မျက်လုံးတွေကပန်းလေးနားကိုလှမ်းကြည့်လိုက်လေသည်။စိန်ကိုလည်းတွေ့ရောသူ့မျက်လုံးတွေတောက်ပလာသည်ဟုပန်းလေးထင်မိ၏။
"အင်း --- ချွတ်လိုက်လေ ---"
"ဟုတ် ---"
ပန်းလေးနားတောင်းကိုချွတ်ဖို့အတွက်လက်ကနားဆီသို့ရောက်သွားတော့၏။ဘာလို့မှန်းမသိစိတ်ထဲကနေအလိုလိုဝမ်းနည်းလာကာမျက်ရည်တွေဝဲလာမိသည်။အို --- နောက်လည်းပြန်လုပ်လို့ရတာပဲလို့တွေးပြီးနားတောင်းကိုမြန်မြန်ချွတ်လိုက်၏။ပန်းလေးနားကပ်လေးတွေကိုမှန်ဘောင်ပေါ်ချလိုက်ကာ
"ဒီမှာပါ ---"
ထိုလူကြီးကပန်းလေးနားကပ်ကိုကောက်ပြီးကြည့်လိုက်ကာ
"မင်းပစ္စည်းကသိပ်မကောင်းဘူးနော် --- ခြောက်သောင်းပေးမယ်ဘယ်လိုလဲ ---"
"ရှင် ---"
ပန်းလေးမထင်ထားမိခဲ့။ပန်းလေးပစ္စည်းကခြောက်သောင်းပဲတန်တာလား။ဖေဖေလုပ်ပေးတဲ့အချိန်တုန်းကဖေဖေ့မှာပိုက်ဆံမရှိ၍လုပ်ပေးခဲ့တာမှမဟုတ်တာ။မန္တလေးကဆိုင်အကြီးကြီးမှာသွားလုပ်ပေးခဲ့တာ။စျေးကိုပန်းလေးမမှတ်မိတော့ပေမယ့်ဒီလောက်တော့မဟုတ်ပါဘူး။ခြောက်သောင်းနဲ့တော့မဖြစ်ဘူး။မေမေ့ဆေးကခြောက်သောင်းခုနှစ်သောင်းလောက်ရှိတာ။
"ဘယ်လိုလဲရောင်းမှာလားကလေးမ ---"
"ဟိုလေရှစ်သောင်းလောက်တော့ပေးပါလားဟင် --- အဲ့ဒါဘယ်လောက်တန်မှန်းပန်းလေးမသိပါဘူး --- ဒါပေမယ့်အခုလောလောဆယ်ပန်းလေးမေမေ့အတွက်ဆေးဝယ်ရမှာကအဲ့လောက်နဲ့မရလို့ပါ ---"
"ဘာ --- ရှစ်သောင်းဟုတ်လား --- "
ဦးလေးကြီးကအလန့်တကြားအော်လိုက်တော့ပန်းလေးမျက်လုံးပြူးသွားမိ၏။ထို့နောက်ခေါင်းကိုမရဲတရဲငြိမ့်လိုက်လေသည်။
"ဟုတ်ပါတယ် --- ပန်းလေးလည်းအရေးကြီးလို့ပါ ---"
"မရဘူး --- မင်းပစ္စည်းကခြောက်သောင်းတောင်မှတန်တာမဟုတ်ဘူး --- မင်းကိုအားနာလို့ရောင်းရမှာ ---"
ပန်းလေးဘယ်လိုပြောရမှန်းမသိတော့။ကိုယ့်ပစ္စည်းကအဲ့ထက်မကတန်တာကိုသိပါတယ်။တမင်သက်သက်စျေးကိုချကာရောင်းနေတယ်လို့လည်းထင်သွားမိ၏။ဒါပေမယ့်ပန်းလေးမှသေချာမသိတာ။ဘယ်လိုလုပ်ရမလဲ။ဂျာကြီးကိုသတိရသွားမိသည်။ခြောက်သောင်းဆိုတော့မေမေ့ဆေးဝယ်ဖို့နည်းနည်းလိုသေးတာပဲ။ဟင် --- ပန်းလေးမှာသုံးသောင်းလောက်ရှိတာပဲဟုတ်တယ် --- မေ့နေတာ။ပန်းလေးဝမ်းသာသွားမိသည်။နှစ်ခုပေါင်းရင်တော့မေမေ့ဆေးဝယ်ဖို့လောက်ငမှာပါ။ပန်းလေးခေါင်းငြိမ့်လိုက်မိသည်။
"ဘယ်လိုလဲရောင်းမှာလား ---"
"ဟုတ် --- ပန်းလေးရောင်းပါ့မယ် ---"
ထိုလူကြီးကပန်းလေးရဲ့နားကပ်နှစ်ခုကိုကောက်ယူလိုက်တော့အဲ့ဒီ့လူရဲ့လက်ပေါ်ကိုလက်တစ်ဖက်ကကျရောက်လာလေသည်။အပြာရောင်ကျောက်တစ်ပွင့်ပါတဲ့လက်စွပ်ကိုလှပသေသပ်စွာလက်ခလယ်မှာဝတ်ထားတဲ့လက်တစ်ဖက်။အဲ့ဒီ့လက်စွပ်ပေါ်မှာသူ့ရဲ့မွေးညှင်းလေးတွေကဖုံးလွှမ်းနေမိ၏။
"မရောင်းဘူး ---"
ပန်းလေးအဲ့ဒီ့လူကိုမော့ကြည့်လိုက်မိသည်။
"ဟင် MD ---"
ပန်းလေးအံ့သြလည်းအံ့သြစိတ်ထဲမှာဘယ်လိုဖြစ်သွားမှန်းလည်းမသိခဲ့။ MD ကသူ့ကိုမကြည့်ဘဲရွှေဆိုင်ပိုင်ရှင်ဦးလေးကြီးကိုကြည့်ကာပြောလိုက်ခြင်းဖြစ်သည်။မထင်မှတ်ဘဲတွေ့လိုက်ရတဲ့အတွက်လည်းပန်းလေးအံ့သြသွားမိတာဖြစ်သည်။
"ဆောရီးပါ ---- ဒီပစ္စည်းကိုမရောင်းတော့ဘူး --- "
ဆိုင်ရှင်ကလည်း MD ကိုကြည့်ကာကြောင်နေတော့သည်။ထို့နောက်နားကပ်ကိုယူနေတဲ့သူ့လက်ကိုဖြန့်လိုက်ကာနားကပ်လေးတွေကိုပြန်ချပေးလိုက်လေသည်။
"မဟုတ်ဘူး MD --- ပန်းလေးရောင်းမှဖြစ်မှာ --- မေမေ့အတွက်ဆေးဝယ်ရဦးမှာ ---"
သုရှင်ပန်းလေးကိုလှည့်ကြည့်လိုက်လေသည်။
"ဘယ်သူဝယ်ခိုင်းတာလဲ ---"
"သူနာပြုဆရာမတစ်ယောက်ပါ ---"
သုရှင်ဒေါသထွက်သွားမိ၏။ဆေးရုံကိစ္စအဝဝကိုသူတာဝန်ယူမယ်လို့ပြောပြီးသား။အဲ့ဒါတောင်မှဆေးကိုဝယ်ခိုင်းသေးတယ်။ဟွန့် ---
"မင်းနားကပ်တွေကိုပြန်ယူပြီးဝတ်ထားလိုက် ---"
"MD ---"
"ငါပြောတာကိုနားထောင်ပါ ---- ဆေးရုံကိစ္စအဝဝကမင်းနဲ့မဆိုင်ဘူး ---"
"ရှင် ----"
ပန်းလေးကသုရှင်ရဲ့စကားကိုနားမလည်ဘဲသုရှင်ကိုကြည့်နေလေသည်။
"ဟုတ်တယ်လာသွားမယ် ---"
ပန်းလေးဘာမှပြန်မပြောတော့ဘဲနားကပ်လေးကိုပြန်ယူလိုက်ကာမြန်မြန်ဝတ်လိုက်လေသည်။ထို့နောက်သူကအရှေ့ထွက်သွားတော့ပန်းလေးလည်းအနောက်ကနေမြန်မြန်လိုက်သွားရတော့၏။
"MD --- မေမေနဲ့ပတ်သက်တဲ့ဆေးရုံကိစ္စအဝဝကပန်းလေးအပေါ်မှာပဲတာဝန်ရှိတာပါ -- ဘယ်သူနဲ့မှမဆိုင်ပါဘူး ---"
သူကဘာမှပြန်မပြောဘဲရှေ့ကနေဆက်သွားနေတော့သည်။
ကျွတ် --- သူအမြန်ရောက်လာခဲ့လို့သာပဲ။နည်းနည်းသာနောက်ကျသွားခဲ့ကြည့်တန်ဖိုးကြီးတဲ့ပစ္စည်းကိုမတန်မဆအနှိပ်ခံပြီးရောင်းပစ်မှာပဲ။ဒီကောင်မလေးနဲ့တော့ခက်နေပြီ။ဘာကိုမှလည်းမသိ။ဘာကိုမှလည်းနားမလည်။ဒါဘယ်လောက်တန်တယ်ဆိုတာကိုသူမသိဘူးလား။သုံးလေးသိန်းလောက်တန်တဲ့ပစ္စည်းကိုခြောက်သောင်းခုနှစ်သောင်းလောက်နဲ့ရောင်းရမှာကိုတန်တယ်များထင်နေခဲ့တာလား။
"MD ---"
သုရှင်ပန်းလေးကိုလှည့်ကြည့်လိုက်ကာလက်ညှိုးထိုးလိုက်ပြီး
"မင်း --- "
ပြောချင်တာကမင်းဘာလို့ဒီလောက်ထိအရတာလဲလို့ပြောမလို့။ဒါပေမယ့်သူမမျက်နှာကိုကြည့်ကာအလိုလိုပြောမထွက်တော့ပေ။
"ကျွတ် --- ဘာမှမဟုတ်ဘူးမြန်မြန်လာခဲ့ပြောပြမယ် ---"
သူကကားလမ်းကူးပြီးသွားတော့ပန်းလေးလည်းသူ့အနောက်ကနေမြန်မြန်လိုက်သွားမိ၏။ဟိုဘက်လမ်းပြန်ရောက်တော့မှသူကပန်းလေးကိုလှည့်ကြည့်လိုက်ကာ
"မင်းပစ္စည်းဘယ်လောက်တန်တယ်ဆိုတာမင်းမသိဘူးလားရင်ဝှက်ပန်း ---"
ပန်းလေးခေါင်းကိုခါယမ်းလိုက်ကာ
"ဟင့်အင်း --- မသိဘူး --- ဒါဖေဖေမဆုံးခင်ကတည်းကလုပ်ပေးခဲ့တာ --- အဲ့ဒီ့အချိန်တုန်းကပန်းလေးငယ်ငယ်လေးပဲရှိသေးတာ --- "
သုရှင်ဘာဆက်ပြောရမှန်းတောင်မသိတော့။သူ့အဖေဆုံးတာလည်းနှစ်ပေါင်းကြာနေခဲ့ပြီ။သူ့အနေနဲ့တော့ဘယ်လိုမှမမှတ်မိနိုင်တော့ဘူးဆိုတာကိုနားလည်သွားမိလေသည်။
"တော်ပြီထားလိုက်တော့ --- ဒီဆေးတွေကိုကိုယ်ဝယ်ပေးမယ် --- မင်းဘယ်တော့မှအဲ့ဒီ့ပစ္စည်းကိုမရောင်းနဲ့ --- အဲ့ဒီ့ပစ္စည်းကမင်းမပိုင်တော့ဘူးကိုယ်ပိုင်သွားပြီ --- တကယ်လို့နောက်တစ်ခါထပ်ရောင်းမယ်ဆိုရင်မင်းကိုယ့်ကိုပြန်လျော်ပေးရမှာ ---"
ပန်းလေးကသူပြောတာတွေကိုနားမလည်စွာနဲ့သူ့ကိုငေးကြည့်နေလေသည်။
"ပြောတာနားလည်လား --- ပုံစံကအူကြောင်ကြောင်အတတနဲ့တကယ်ပဲ ---"
သူ့စကားကြောင့်ပန်းလေးစိတ်ဆိုးသွားကာမျက်နှာကညိုသွားလေသည်။ထို့နောက်သူ့နားကပ်ကိုချွတ်ဖို့အတွက်လက်လှမ်းလိုက်တော့သုရှင်တားရပြန်သည်။
"အဲ့ဒါဘာလုပ်တာလဲ --- သွားရောင်းဦးမှာလား ---"
"ပန်းလေးပစ္စည်းမှမဟုတ်တော့တာ --- အခုကစပြီး MD ပစ္စည်းဖြစ်သွားပြီလေ --- ပန်းလေးကဘယ်လိုလုပ်ပြီးယူထားလို့ရတော့မှာလဲ ---"
"ဟာ --- မဟုတ်ဘူး ---"
သုရှင်သူမလက်ကိုအတင်းပြန်ဆွဲထားရပြန်သည်။သူမကနားတောင်းကိုချွတ်နေရင်းကနေသုရှင်ကိုပြန်ကြည့်လိုက်၏။
"ရတယ် --- အဲ့ဒီ့ပစ္စည်းကိုကိုယ်ကဘာလုပ်ရမှာလဲ --- မင်းပဲဝတ်ထားလိုက် --- နောက်ကျမှမင်းရဲ့လစာထဲကပြန်ဖြတ်မယ် ---"
"ပန်းလေး --- ကုမ္ပဏီမှာမလုပ်တော့ဘူးအလုုပ်ထွက်တော့မှာပါ --"
"ဘာ --- ဒါကဘယ်လိုဖြစ်ရတာလဲ ---"
သုရှင်အံ့သြကာသူမကိုကြည့်လိုက်လေသည်။သူမကနားကပ်တွေကိုဆက်ပြီးချွတ်နေ၏။
"ဟုတ်တယ် --- ပန်းလေးအလုပ်ထွက်တော့မှာ ---"
"အင်းလေးဘာဖြစ်လို့လဲလို့မေးနေတာ ---"
"ကိုယ့်အကြောင်းနဲ့ကိုယ်ပါ --- အကုန်လုံး MD ကိုပြောရဦးမှာလား ---"
သူမကသုရှင်ကိုစိတ်ဆိုးသွားပုံဖြင့်ပြောလိုက်လေသည်။သြော် --- အခုလိုကျတော့လည်းပြန်ပြောတတ်သားပဲလို့သုရှင်တွေးမိလိုက်၏။သုရှင်စိတ်ထဲကနေသာပြံုးလိုက်မိတာအပြင်မှာတော့အဲ့လိုမဟုတ်ခဲ့။
"ကုမ္ပဏီကမင်းဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်ရအောင် --- ဇရပ်မဟုတ်ဘူး --- ကုမ္ပဏီမှာစည်းကမ်းချက်တွေရှိတယ်ဆိုတာရောမင်းသိရဲ့လား ----"
သူ့စကားကြောင့်ပန်းလေးနားကပ်တွေကိုချွတ်နေရာကနေတန့်သွားကာသူ့ကိုမော့ကြည့်လိုက်လေသည်။
"ဟင် --- စည်းကမ်းချက်တွေဟုတ်လား ---"
"ဟုတ်တယ် --- စည်းကမ်းချက်တွေရှိတယ် ---- မင်းဝင်လာတုန်းကလွယ်ခဲ့တာဘာလို့လဲသိလား --- အဲ့ဒါဝသုန်ကမင်းကိုကူညီခဲ့လို့ ---"
MD ပြောတာကိုပန်းလေးစဉ်းစားမိသွားကာငြိမ်သွားတော့သည်။သူပြောတာလည်းဟုတ်တာပဲ။ပန်းလေးအလုပ်ဝင်ခဲ့တာကဂျာကြီးကြောင့်ပဲ။ဂျာကြီးကူညီခဲ့လို့ပန်းလေးအဲဒီ့ကုမ္ပဏီမှာအလုပ်ရခဲ့တာ။ပန်းလေးကိုယ်တိုင်သာဆိုရင်ရဖို့ကမလွယ်။
"အလုပ်ထွက်မယ်ဆိုရင် --- သုံးလစာပေးပြီးမှထွက်လို့ရမှာ ---"
"ဘယ်လို ---"
သူမအလန့်တကြားအော်လိုက်တော့သုရှင်လည်းလန့်သွားမိလေသည်။
"ဟုတ်တယ် -- မင်းမှာသုံးလစာပေးဖို့ပိုက်ဆံရှိရင်ထွက်လေရတယ်အချိန်မရွေးပဲ ---"
သုံးလစာ --- သုံးလစာမပြောနဲ့တစ်လစာတောင်မရှိတာ။ဘယ်လိုထွက်ရမှာလဲ။ပန်းလေးစိတ်ညစ်သွားမိ၏။
"ဘယ်လိုလဲထွက်မှာလား ---"
ပန်းလေးကဘာမှပြန်မပြောတော့သုရှင်ပြံုးလိုက်၏။ဒီလိုသာဆိုရင်ဒီကောင်မလေးကအလုပ်ထွက်မှာမဟုတ်တော့။
"ဒါဆိုဝန်ထမ်းကိုယ်တိုင်မထွက်ဘဲ --- အလုပ်ရှင်ကထုတ်မယ်ဆိုရင်ရော ---"
"အလုပ်ရှင်ကထုတ်မယ်ဆိုရင်လည်းသုံးလစာပေးပြီးထုတ်ပစ်လိုက်တာပဲ ---"
"ဟင် --- တကယ်လား ---"
ပန်းလေးမျက်နှာကပြန်ပြီးပြံုးသွားပြန်သည်။သုရှင်ပန်းလေးမျက်နှာကိုကြည့်လိုက်ပြီးတော့မှနားလည်သွား၏။ဒီကောင်မလေးကသူကိုယ်တိုင်မထွက်ဘဲသူလည်းပိုက်ဆံရအောင်အလုပ်ရှင်ထုတ်အောင်လုပ်မလို့လား။သုရှင်ထင်သလိုပင်ပန်းလေးတွေးနေခြင်းဖြစ်လေသည်။
"ဘာလဲမင်းဘာတွေတွေးနေတာလဲ ----"
ပန်းလေးရယ်ပြီးခေါင်းရမ်းပြလိုက်၏။
"မင်းအလုပ်ရှင်ကဘယ်သူလဲဆိုတာရောသိရဲ့လား --- မြေဝသုန်မဟုတ်ဘူးနော် ----"
"ဟုတ်ပန်းလေးသိပါတယ် MD ---"
ဘာပဲဖြစ်ဖြစ် MD ကလည်းပန်းလေးကိုအမြင်ကပ်နေတဲ့သူပဲ။ပန်းလေးသာသူမကြိုက်တာတစ်ခုခုလုပ်ကြည့်ပန်းလေးကိုချက်ချင်းတောင်မှအလုပ်ထုတ်ပစ်လိမ့်မယ်။
"ဒါနဲ့ MD ဘယ်လိုလုပ်ပြီးရောက်လာတာလဲ ---"
"ငါလား ---"
သုရှင်ဘယ်လိုဖြေရမှန်းမသိ။တမင်သက်သက်သူ့ဆီကိုလာခဲ့တာပဲ။သူအလုပ်မလာလို့သူ့ကိုလာကြည့်တာဖြစ်သည်။အဲ့လိုအမှန်အတိုင်းပြောလိုက်လို့မှမဖြစ်တာ။
"အင်းဟုတ်တယ် ---"
"သူငယ်ချင်းတစ်ယောက်နဲ့ချိန်းထားလို့လာတာ --- လမ်းပေါ်ကနေမင်းကိုလှမ်းတွေ့လိုက်လို့မင်းဆီကိုရောက်လာခဲ့တာပဲ -- လာ ---- သွားမယ်ဆေးကဝယ်ရဦးမှာမို့လား ---"
"ဟုတ် --- ဒါနဲ့မေမေ့ရဲ့ဆေးရုံကိစ္စကိုဘယ်သူတာဝန်ယူပေးတာလဲ --- MD တော့မဟုတ်ဘူးမို့လား ---"
သူမစကားကြောင့်သုရှင်ဒေါကသထွက်သွားမိ၏။သြော် --- ကိုယ်ဘာပဲလုပ်ပေးနေပါစေသူကကိုယ့်ကိုအကောင်းမြင်တဲ့သူမှမဟုတ်တာအဲ့လိုထင်မှာပေါ့။သူအကောင်းထင်တဲ့သူကဝသုန်တစ်ယောက်ပဲရှိတာနေမှာ။
"ဟုတ်တယ် --- မင်းကိုကူညီတာငါမဟုတ်ဘူး --- ဂျက်စတင် ---"
သူမကမထင်မှတ်ထား၍အံ့သြသွားသည့်ပုံပင်။
"ကိုဂျက်စတင်ကလား --- "
"ဟုတ်တယ် --- ဒီနေ့တောင်မှသူကမင်းဆီလာမယ်ပြောနေတယ် ---"
"ဟုတ်လား --- သူလာရင်ပန်းလေးသူ့ကိုကျေးဇူးတင်စကားပြောရဦးမယ် ---"
"တော်ပြီသွားရအောင် -- မင်းအမေအတွက်ဆေးဝယ်ပေးရဦးမှာ ---"
"ဟုတ် --- မေမေ့ဆီအရင်သွားလိုက်ဦးမယ် --- မေမေနိုးပြီထင်တယ် ---"
သူမကပြောပြီးအထဲဝင်သွားတော့ဘာရယ်မဟုတ်ဘဲသူလည်းလိုက်ဝင်သွားလိုက်လေသည်။
"အန်တီသက်သာရဲ့လား ---"
ဒေါ်သီရိမြိုင်သူ့ကိုစကားလာပြောနေတဲ့ကောင်လေးကိုကြည့်ကာအသာခေါင်းငြိမ့်ပြလိုက်လေသည်။
"သားကသမီးနဲ့သူငယ်ချင်းတွေလား ---"
ဂျက်စတင်ခေါင်းငြိမ့်ပြလိုက်ကာ
"ဟို --- ဘယ်လိုပြောရမလဲဆိုတော့ --- ဟုတ်ပါတယ်အခုတော့သူငယ်ချင်းတွေပါ ---"
ပန်းလေးအမေကသူ့ကိုနားမလည်စွာနဲ့ကြည့်နေလေသည်။
အခုတော့သူငယ်ချင်းတွေပါဆိုတော့နောက်ဆိုရင်တော့ပြောလို့မရဘူး။ဂျက်စတင်တစ်ယောက်ထဲတွေးကာပြံုးလိုက်မိ၏။
"ကျွီ ---"
တံခါးဖွင့်သံကြောင့်ဂျက်စတင်လှည့်ကြည့်လိုက်လေသည်။
"ဟင် --- ဂျက်စတင် ---"
"ဟာသုရှင် --- မင်းဘယ်လိုလုပ်ရောက်လာတာလဲ ---"
သြော် --- သူကပဲပြောရတယ်ရှိသေး။ဘယ်အချိန်ကတည်းကရောက်နေပြီးပန်းလေးအမေနဲ့စကားတွေပြောနေကြတာလဲမသိဘူး။တော်တော်ကိုသွက်နေတယ်။
"ဒီနားလေးသွားရင်းနဲ့ဝင်လာတာ ---"
"သြော် --- "
"ကိုဂျက်စတင်ကိုပန်းလေးကျေးဇူးတင်ပါတယ် ---"
ဂျက်စတင်ပန်းလေးစကားကိုနားမလည်ပေ။
"ဟင် --- ဘာလို့လဲ ---"
"မေမေ့ရဲ့ဆေးရုံကိစ္စတွေကိုတာဝန်ယူပေးလို့ပါ ---"
"ဟင်  ----"
ဂျက်စတင်ချက်ချင်းနားမလည်သေး။
"ဟုတ်တယ်လေကွာ --- မင်းပဲတာဝန်ယူမယ်ဆို ---"
သုရှင်ကဂျက်စတင့်ပခုံးကိုပုတ်ကာဝင်ပြောလိုက်တော့ဂျက်စတင်သုရှင်ကိုကြည့်လိုက်ကာအူတူတူအတတဖြစ်သွားပြီးခေါင်းငြိမ့်လိုက်ကာ
"သြော် --- အင်းဟုတ်သားပဲ --- ရပါတယ်ပန်းလေးရဲ့ --- ကျွန်တော်တို့ကမိတ်ဆွေတွေပဲ ---"
"သားတို့ကိုအန်တီကျေးဇူးတင်ပါတယ်ကွယ် ---"
ပန်းလေးရဲ့အမေကအားနာစွာပြောလိုက်တော့ဂျက်စတင်ကဒေါ်သီရိမြိုင်ရဲ့လက်ကိုဆွဲကိုင်လိုက်ပြီး
"ရပါတယ်အန်တီရယ် --- အန်တီပြန်ပြီးကျန်းမာလာဖို့ကအဓိကပါပဲ ---"
"သားလေးကစကားပြောတာလည်းအရမ်းကောင်း --- ဖော်ရွေမှုလည်းရှိတယ် ---"
မေမေကဂျက်စတင့်ကိုကြည့်ကာပြောလိုက်တော့မှပန်းလေးမေမေ့မျက်နှာကိုအကဲခတ်မိတော့၏။မေမေ့မျက်နှာကအရင်နေ့တွေကထက်ရွှင်လန်းနေလေသည်။
"ဟုတ်ရပါတယ်အန်တီရယ် ---"
သုရှင်ဂျက်စတင့်ကိုကြည့်လိုက်ပန်းလေးနဲ့ပန်းလေးအမေကိုကြည့်လိုက်စိတ်ထဲမှာအလိုမကျဖြစ်နေမိသည်။ဟုတ်ပါတယ်သူသာဂျက်စတင့်လိုမျိုးဖော်ဖော်ရွေရွေရှိမယ်ဆိုရင်ပန်းလေးရဲ့အမေကဂျက်စတင့်လိုမျိုးသူ့ကိုလည်းသဘောကျမှာပဲ။ခက်တာကသူကလည်းအဲ့လိုမျိုးမှမနေတတ်ခဲ့တာကို။သုရှင်သူတို့ကိုတစ်ချက်ကြည့်ကာအခန်းထဲကနေထွက်သွားလိုက်သည်။
"MD ဘယ်သွားမလို့လဲ ---"
"ဆေးသွားဝယ်မလို့ ---"
သုရှင်နောက်ကိုလှည့်မကြည့်ဘဲပြောလိုက်လေသည်။
"ပန်းလေးလိုက်ခဲ့မယ်လေ ---"
သူဘာမှပြန်မပြော။
"မေမေသမီးလိုက်သွားလိုက်ဦးမယ်နော် --- ဆေးဝယ်ရမှာဆိုတော့တစ်ယောက်ထဲမဖြစ်ဘူးထင်တယ် ---"
"အင်းသမီး ---"
"ကိုဂျက်စတင်ပန်းလေးသွားလိုက်ဦးမယ် ---"
"အင်းပန်းလေး --- မြန်မြန်ပြန်လာခဲ့နော်စောင့်နေမယ် ---"
"ဟုတ် ---"
ပန်းလေးသူ့နောက်ကိုလိုက်ဖို့အခန်းထဲကနေအမြန်ထွက်လာခဲ့လိုက်လေသည်။သူကတော်တော်ကိုရောက်နေပြီဖြစ်သည်။ပန်းလေးသူ့ကိုမှီအောင်အနောက်ကနေအပြေးလေးလိုက်သွားမိ၏။
"MD ခနစောင့်ပါဦး ---"
သုရှင်ပြန်လှည့်မကြည့်ဘဲမတ်တပ်ရပ်နေလိုက်သည်။
"ဆေးသွားဝယ်တာတစ်ယောက်ထဲနဲ့မဖြစ်ဘူးလေ --- အဲ့ဒါကြောင့်ပန်းလေးလိုက်ခဲ့တာ -- MD သဘောမကျရင်လည်းသည်းခံပေးပါနော် ---"
"အပိုတွေ ---"
သုရှင်အဲ့ဒီ့တစ်ခွန်းထဲပြောပြီးရှေ့ဆက်သွားလိုက်၏။ပန်းလေးနဲ့သူနဲ့ပခုံးချင်းယှဉ်ကာဘေးကနေလိုက်နေမိသည်။ပန်းလေး MD ကိုအကဲခတ်လိုက်မိ၏။
MD ကချောတော့ချောသားပဲ။ဒါပေမယ့်စကားအပြောအဆိုမတတ်တာတော့ခက်တယ်။သူကဘာမှလည်းမဟုတ်ဘဲနဲ့ပန်းလေးကိုအလကားနေရင်းအမြင်ကပ်နေတဲ့သူ။တစ်ခါတစ်လေကျတော့လည်းခင်ဖို့ကောင်းနေပြန်ရော။
"တီ --- တီ ---"
ဖုန်းသံကြောင့်ပန်းလေးဖုန်းကိုငုံ့ကြည့်လိုက်မိသည်။သူမဆီကမဟုတ်။ဒါဆို MD ဆီကပေါ့။ MD ကဖုန်းကိုထုတ်ကာဖုန်းပြောနေပြီဖြစ်သည်။
"ဟယ်လို ---"
"ကိုသုနွေဦးပါ ---"
"ဘာကိစ္စလဲ ----"
"စကားပြောချင်လို့ --- အပြင်မှာခဏလောက်တွေ့ရအောင်လေ ---"
"ဆောရီးကုမ္ပဏီမှာအလုပ်ရှုပ်နေလို့မအားသေးဘူး ---"
"အခုကုမ္ပဏီမှာရောဟုတ်လို့လား ---"
"မင်း --- တော်တော်စပ်စုတဲ့မိန်းကလေးပဲနော် ---"
ပန်းလေးသူ့ကိုမော့ကြည့်လိုက်သည်။ဘယ်သူမို့လို့လဲ --- မိန်းကလေးဆိုတော့မမနွေဦးလား။
"နွေဦးရှင်နဲ့စကားအေးအေးဆေးဆေးပြောချင်တယ် ---"
"အခုမအားသေးဘူး --- ဒါပဲ ---"
သုရှင်ဖုန်းကိုချပစ်လိုက်သည်။တမင်လာရစ်နေတာသိသားပဲ။
"တောက် --- အဓိပ္ပာယ်မရှိတာ ---"
နွေဦးသုရှင်နဲ့ပန်းလေးကိုလှမ်းကြည့်ကာပြောလိုက်လေသည်။
"နွေဦး --- သူ့ကြည့်ရတာပန်းလေးအပေါ်မှာများ ---"
"တော် --- နီနီ --- အဓိပ္ပာယ်မရှိဘူး --- သူ့လိုလူမျိုးကပန်းလေးလိုမိန်းမမျိုးကိုစိတ်နဲ့တောင်မှပစ်မှားမယ့်လူမျိုးမဟုတ်ဘူး --- တူလို့တန်လို့လားပြောပါဦး ---"
နွေဦးစကားကြောင့်နီနီဆက်ပြောရမှာတောင်တွန့်သွားလေသည်။ပန်းလေးကိုသူမမသိတာလည်းမဟုတ်။ပန်းလေးကအရမ်းချောနေတဲ့သူတစ်ယောက်မဟုတ်ပေမယ့်သနပ်ခါးနဲ့တောင်မှအလိုလိုချစ်စဖွယ်ကောင်းနေတတ်တဲ့မျက်နှာကိုပိုင်ဆိုင်ထားသူတစ်ယောက်။မိတ်ကပ်မလိုသနပ်ခါးနဲ့တင်သူမအလှတွေကပေါ်လွင်ထင်ရှားနေခဲ့တာဟိုးငယ်စဉ်ကလေးဘဝကတည်းက။
နွေဦးမေဆိုတာကလည်းအဲ့ဒီ့အချိန်ကတည်းကမာနထောင်လွှားနေခဲ့သူ။ညီအစ်မဝမ်းကွဲတွေဆိုပေမယ့်စိတ်ဓာတ်ချင်းကတစ်ခြားစီ။မိုးနဲ့မြေလိုကွာဝေးကြတာ။ပန်းလေးကစိတ်ထားနူးည့ံပြီးလူတိုင်းအပေါ်မှာသည်းခံတတ်သလောက်နွေဦးကတော့ဆတ်ဆတ်ထိမခံ။သူ့အပေါ်လုံးကြီးတင်ရင်အဆံပါခတ်တတ်တဲ့လူစားမျိုး။
"ဟွန့် --- သူဘယ်လမ်းကိုလျှောက်နေတယ်ဆိုတာကိုသေချာမသိသေးဘူး --- ငါပြောပြရမှာပေါ့ ---"
သူတို့တွေဆေးရုံရဲ့တစ်ဖက်ကားလမ်းပေါ်ကနေကားတံခါးဖွင့်ကာသုရှင်တို့ကိုလှမ်းပြီးကြည့်နေခြင်းဖြစ်သည်။နှစ်ယောက်သားတွဲပြီးမြင်လိုက်ရ၍နွေဦးစိတ်တိုနေခြင်းဖြစ်သည်။နီနီနွေဦးစိတ်ကိုနားလည်ပေမယ့်လည်းဘယ်လိုမှမပြောရဲ။နွေဦးကစိတ်နုတဲ့သူဆိုပေမယ့်သုရှင်နဲ့ပတ်သက်ပြီးသဝန်တိုနေခြင်းတော့မဟုတ်။သူကသုရှင်ကိုတကယ်ချစ်တဲ့သူမှမဟုတ်တာ။ပန်းလေးနဲ့ပတ်သက်နေ၍သာအခုလိုဖြစ်နေခြင်းမျိုးဖြစ်သည်။ပန်းလေးဘယ်သူနဲ့ပဲပတ်သက်ပတ်သက်သူတို့သားအမိကသဘောမကျ။
"နွေဦး -- သွားရအောင်လေ ---"
"နေဦး --- သူကဘာလို့ရင်ဝှက်ပန်းကိုကူညီရတာလဲငါသိချင်တယ် --- အခုပဲသွားမေးမယ် ---"
နွေဦးကကားပေးကဆင်းဖို့ပြင်လိုက်ရာနီနီနွေဦးရဲ့လက်ကိုဆွဲထားလိုက်လေသည်။
"ဟာနွေဦးမလုပ်နဲ့လေ ---- သိသွားရင်ပြဿနာတက်လိမ့်မယ် ---"
"ငါဂရုမစိုက်ဘူး ---"
"နွေဦး --- နင်ဘာလို့ပန်းလေးအပေါ်မှာဒီလောက်အထိဆက်ဆံရတာလဲဟင် --- နင်ကိုသုရှင်မင်းကိုလည်းတကယ်ချစ်တာမဟုတ်ဘဲနဲ့ -- သူပန်းလေးကိုသဘောကျတယ်ဆိုလည်းလွှတ်ထားလိုက်ပါလားဟာ ---"
"ဘာ ---"
နွေဦးရဲ့ဒေါသအကြည့်တွေကနီနီဆီသို့ရောက်လာလေသည်။
"ဟင့်အင်း --- ငါသဘောကျကျမကျကျသူကငါနဲ့သဘောတူထားတဲ့သူ --- ပန်းလေးနဲ့ပတ်သက်စရာအကြောင်းမရှိဘူး --- ငါလုံးဝမကျေနပ်ဘူးနီနီ ---"
"နွေဦး ---"
"သူကသုရှင်မင်းနဲ့တန်လို့လား --- ပြောပါဦး --- သူ့အဆင့်အတန်းနဲ့များ ---"
"သူလည်းတစ်ချိန်တုန်းကမြေမထိမိုးမခစံအိမ်ရဲ့ ---"
"တော်နီနီ --- ပြီးခဲ့တာတွေပြန်ပြောမနေနဲ့ --- အခုချိန်မှာမြေမထိမိုးမခစံအိမ်ရဲ့အရှင်သခင်ဆိုတာဘယ်သူလဲ ---"
နီနီဘာမှပြန်မပြောဘဲနွေဦးကိုသာအံ့သြတကြီးငေးကြည့်နေတော့သည်။နွေဦးကတော်တော်မာနကြီးတာပဲ။အဲ့ဒီ့အကြောင်းတွေကိုသူသေချာမသိသေးပေမယ့်သူသိထားတဲ့အကြောင်းတစ်ခုကတော့ ---
"အဲ့ဒါနင်မသိဘူးလားနီနီ --- မြေမထိမိုးမခစံအိမ်ရဲ့အရှင်သခင်အစစ်ကဘယ်သူလဲဆိုတာပြောစရာတောင်မလိုဘူးအဲ့ဒါငါပဲ ---"
နီနီနွေဦးကိုကြည့်ကာခေါင်းရမ်းနေမိတော့သည်။သူမအနေနဲ့ဘယ်လိုပြောရမှန်းတောင်မသိတော့။နွေဦးပန်းလေးအပေါ်မှာဘာလို့ဒီလောက်ထိခါးသီးနေတယ်ဆိုတာကိုသူမနားမလည်။
နွေဦးကားပေါ်တက်သွားတဲ့သုရှင်နဲ့ပန်းလေးကိုကြည့်ကာတောက်ခေါက်လိုက်မိသည်။
"တောက် --- သူကမှန်းရဲတယ် ---"
သုရှင်ကရောပန်းလေးအပေါ်မှာသဘောကျနေတာလား။နွေဦးသူ့ကိုယ်သူပြန်မေးနေမိသည်။ဒါပေမယ့်အဖြေကမရေရာမသေချာခဲ့။သုရှင်အနေနဲ့သူမကိုသဘောကျစရာအကြောင်းမရှိပေ။ဒါဆိုပန်းလေးကပဲအတင်းလိုက်ကပ်နေခဲ့တာလား။ဟင့်အင်း --- ပန်းလေးကအဲ့လိုလူမျိုးလည်းမဟုတ်ဘူး။
နွေဦးခေါင်းယမ်းနေတာကိုနီနီကြည့်နေမိသည်။သုရှင်တို့ကားကတော့ထွက်သွားပြီဖြစ်သည်။မကျေမချမ်းဖြစ်ပြီးကျနေခဲ့တာကသူမတစ်ယောက်သာ။သူမဘယ်လိုဆက်လုပ်ရမှာလဲ။သုရှင်နဲ့အမြန်ဆုံးလက်ထပ်ဖို့လူကြီးတွေကိုပြောရတော့မှာလား။အဲ့လိုလုပ်ရအောင်ရောသူမသုရှင်ကိုချစ်လို့လား။
မေးခွန်းပေါင်းများစွာကသူမကိုခြောက်လန့်နေခဲ့လေသည်။ပန်းလေးကိုသုရှင်နဲ့သဘောမတူတာတစ်ခုထဲနဲ့သူမသုရှင်ကိုမချစ်ဘဲလက်ထပ်ရမှာလား။ဟင့်အင်း --- မဖြစ်သင့်ပါဘူး။ဒါပေမယ့်သူမပန်းလေးကိုမရှုံးချင်ဘူး။သုရှင်နဲ့ပတ်သက်ပြီးပန်းလေးနဲ့သူမပြိုင်ပွဲတစ်ခုကိုယှဉ်ပြိုင်နေတယ်လို့သူမတွေးနေခဲ့ခြင်းဖြစ်သည်။အဲ့ဒီ့အတွက်အနိုင်အရှုံးကိုသူမကိုယ်တိုင်ပဲဆုံးဖြတ်သတ်မှတ်နေခဲ့၏။
ပန်းလေးကတော့အဲ့လိုမျိုးတွေးမယ့်ပုံတောင်မပေါ်။ဒါဆိုသူတို့နဲ့ပတ်သက်ပြီးသူမတစ်ယောက်ထဲခံစားနေတာလား။ဟင့်အင်း --- အရှုံးကိုတော့မလိုချင်ဘူး။မနိုင်ရင်တောင်မှသရေဆိုတာမျိုးကိုလိုချင်ခဲ့တာ။သူမမပိုင်ဆိုင်တဲ့အရာကိုပန်းလေးလည်းမပိုင်ဆိုင်စေရဘူး။
သူမသေရင်သေသွားပါစေအဲ့လိုအဖြစ်မျိုးကိုတော့အဖြစ်မခံနိုင်ပေ။ဝသုန့်ကိုပဲဖြစ်ဖြစ်သုရှင်ကိုပဲဖြစ်ဖြစ်ပန်းလေးကိုမပိုင်ဆိုင်စေချင်ပေ။အဲ့လိုမျိုးဖြစ်အောင်သူမလုပ်ရမယ်။အဲ့ဒါဘာလို့လဲဆိုတော့နွေဦးပန်းလေးကိုမုန်းလို့။ဟုတ်တယ် --- နွေဦးမုန်းတယ် --- နွေဦးပန်းလေးကိုဟိုးအရင်ကတည်းကမုန်းခဲ့တာ။ဘာအပြစ်မှမရှိတာကိုပဲနွေဦးမုန်းနေခဲ့တာ --- မုန်းတယ် --- မုန်းတယ် --- ။

#####
အိမ်မက်ကြယ်(ခ)ကြယ်လေး

ဟန်​ဆောင်အမုန်း (Completed)Where stories live. Discover now