Chapter 2

120 13 0
                                    

ထန်ဆော်ယန်သည် နာရီလေးဆယ်ခန့် အနားမယူရဘဲ ဆက်တိုက် အလုပ်လုပ်ထားရသည်။

‌နွေဦးပွဲတော်ဟူသည် စည်ကားသက်၀င်လှသည့်၊ မိသားစု၀င်များ ပြန်လည်စုစည်းတွေ့ဆုံကြသည့် နှစ်သက်ပျော်ရွှင်ဖွယ် ပွဲတော်တစ်ခုဖြစ်လေသည်။ သို့သော် ထိုအရာတွေက သာမာန်လူများအတွက်သာ မှန်ပေလိမ့်မည်။ မျက်စိအထူးကုဆရာ၀န်များအတွက်ပြောရလျှင် နွေဦးပွဲတော် ဟူသည်ကား ခက်ခက်ခဲခဲတိုက်ခိုက်နေရသည့် တိုက်ပွဲတစ်ခုပင်။ နှစ်တိုင်း ဒီလိုအချိန်ရောက်လာလျှင် ဗျောက်အိုးဖောက်နေစဉ် မျက်လုံးထိခိုက်မိ၍ နေရာစုံမှပို့‌လာသည် လူနာအများအပြားရှိလေသည်။ ချက်ချင်းပင် အရေးပေါ်ခွဲစိတ်မှုတွေစီစဉ်ပြီး အချိန်နှင့်အမျှ တတ်နိုင်သလောက် မျက်လုံးအမြင်အာရုံကို ကုသပေးရန် ကြိုးစားနေကြရလေသည်။

ထန်ဆော်ယန် ဆေးရုံတွင် အလုပ်စဆင်းသည့်နှစ်မှစပြီး ယခုနှစ်ထိတိုင် အိမ်ပြန်၍ နွေဦးပွဲတော် ဖြတ်သန်းရသည့်နှစ်ဟူ၍ တစ်နှစ်မျှ မရှိသေးပေ။

ခွဲစိတ်မှုတစ်ခုက အခုလေးတင်ပြီးသွား၍ ကိရိယာတွေကိုင်တွယ်သည့် သူနာပြုက ခွဲခန်းကိရိယာများ‌ကိုစစ်ဆေးနေပြီး အခြားသူနာပြုက ခွဲခန်းကုတင်ကို သိမ်းဆည်းသန့်ရှင်းနေသည်။ ထန်ဆော်ယန် အရင်ထွက်မသွားသေးဘဲ ခွဲခန်းထဲရှိ ထိုင်ခုံပေါ် ခဏလောက် ထိုင်လိုက်သည်။

တာ၀န်ကျသည့် ဆရာ၀န်က ၀င်လာပြီး အသံခပ်အုပ်အုပ်ဖြင့်ပြောလာသည်။ "‌ခေါင်းဆောင်ထန် ခဏလောက် နားလိုက်ပါဦးလား? ကျွန်တော် ခုနလေးတင်မှ အရေးပေါ်ဌာနဘက်ကို မေးလိုက်တာ အခုလောလောဆယ်တော့ ခွဲစိတ်မှု လုပ်စရာ ဘာမှမရှိသေးဘူးတဲ့"

ထိုသူက ပြောပြီးသွားတော့ သူ့ဘာသူ အပြုံးတစ်ခု ဖျစ်ညှစ်ပြုံးလာသည်။ "အချိန် တစ်ခဏလောက်တော့ နားလို့ရတယ် အင်း... ဒီလိုအချိန်လေးက တစ်ခဏတာ ယာယီလေး မဖြစ်ရင်တော့ ကောင်းမှာပဲ"

ထန်ဆော်ယန်လည်း ခေါင်းငြိမ့်ပြီး ဆိုလိုက်သည်။ "မျှော်လင့်ရတာပါ့"

ထန်ဆော်ယန်၏ရုံးခန်းမျက်နှာချင်းဆိုင်နေရာက အတွင်းလူနာဆောင်ဖြစ်သည်။ ဆေးရုံသည်ကား ပွဲတော် အငွေ့အသက်တို့ ဖျော့တော့‌နည်းပါးရာ နေရာဖြစ်သည်။ ဒီလိုရက်မျိုးဆိုလျှင် အိမ်ပြန်နိုင်သမျှလူ အကုန်လုံး အိမ်ပြန်သွားကြလေပြီ။ ဆေးရုံတွင် ပင်ကိုအားဖြင့်တော့ နွေဦးပွဲတော်ကို ဖြတ်သန်းရန် စိတ်ခံစားမှုကောင်းတွေ ရှိမနေပါ‌ချေ။ သို့သော်လည်း အချို့သော လူနာမိသားစု၀င်တွေက အနီ‌ရောင် မီးပလုံးသေးသေးလေးတွေကို ကိုယ်တိုင်ပြင်ဆင်ထားကြလေရာ ပြတင်းပေါက်မှတစ်ဆင့် အနီရောင် မီးရောင်လေးတွေကို မြင်နိုင်လေသည်။

燎原 (Myanmar Translation)Where stories live. Discover now