ဒီနှစ်ယောက်က တကယ့်ကို လိုက်ဖက်သည်။
တစ်ယောက်က မျက်စိဌာနရဲ့ အကြီးအကဲဆရာ၀န်တစ်ဦးဖြစ်ပြီး တစ်ယောက်ကတော့ နှလုံးဌာနရဲ့ ပါရမီရှင်ဆရာ၀န်ဖြစ်သည်။ နှစ်ယောက်လုံးက အရမ်းတော်ကြသည့် လူတွေပင်။ ဘယ်ဘက်ကနေပဲကြည့်ကြည့် ပြောစရာကတော့ တစ်ခွန်းပဲရှိသည်။ "လိုက်ဖက်သည်။"
ထောင်ရှောင်တုန်းက ထန်ဆော်ယန်ကို ထျန်းရိကတစ်ဆင့် သိခြင်းဖြစ်သည်။ တစ်ဖက်လူက ထျန်းရိတစ်ချိန်လုံး လေးစားနှစ်သက်ခဲ့ရသည့် စီနီယာအစ်ကိုဖြစ်သည်။ ထန်ဆော်ယန်က ပြည်တွင်းကို ပြန်ရောက်လို့ သိပ်မကြာခင်မှာပဲ ထျန်းရိက ထောင်ကျွမ်နန်ကို ခေါ်သွားပြီး "စီနီယာ ဒါကျွန်တော့ ညီလေးပါ" လို့ ကိုယ်တိုင်မိတ်ဆက်ပေးပြီး သူ့ရုံးခန်းထဲ အရောက် လိုက်ပို့ပေးခဲ့တာဖြစ်သည်။
ထန်ဆော်ယန် ပြည်ပမှာရှိစဥ်ကက သုတေသနပြု လေ့လာခဲ့သည့် နယ်ပယ်တစ်ခုက 'မျက်လွှာအတွင်းမှာ ရှိတဲ့ ရောင်ခြယ်ပစ္စည်းတွေရဲ့ ပြောင်းလဲမှု'(视网膜色素变性) ဖြစ်သည်။ ပြည်တွင်းတွင်ရော ပြည်ပတွင်ရော ဤကမ္ဘာ့အခက်အခဲ ပြသနာကြီးကို တိုက်ထုတ်နိုင်ဖို့ကြိုးစားနေခဲ့ကြသည်။ မျိုးရိုးဗီဇတွင်ကတည်းက ချို့ယွင်းချက်ပါလာတာမျိုးပင်။ ယနေ့အချိန်ထိတိုင်အောင် ကုသရန် ထိရောက်သည့် နည်းလမ်းရှာမတွေ့သေးပေ။
ထောင်ကျွမ်နန်က ထိုအချိန်တုန်းက (၁၁) နှစ်၊ (၁၂)နှစ်လောက်သာ ရှိသေးသည်။ ထျန်းရိခေါ်လာတာကြောင့် ထန်ဆော်ယန် ရှေ့ရောက်လာခြင်းဖြစ်သည်။ ဆေးရုံများတွင် အထူးတလည်ရှိတတ်သည့် လူကို စိတ်မငြိမ်မသက်ဖြစ်အောင် လုပ်သည့် အနံ့အသက်များ၊ ပြီးတော့ ရှေ့ကလူ၏ ကိုယ်ပေါ်ကရသည့် လန်းဆန်းစေသော ပူစီနံအနံ့လေးက နှာခေါင်းထဲ တိုး၀င်နေသည်။
ထောင်ရှောင်တုန်းနဲ့ ချီချန် လည်း ဘေးနားမှာ မရှိပေ။ ထောင်ကျွမ်နန်တစ်ယောက်တည်း စိမ်းသက်သက်ပတ်၀န်းကျင်တွင် စိတ်လုံခြုံမှု သိပ်မရှိပေ။ ထို့ကြောင့် ထျန်းရိဘက်ကို တိမ်း၍မှီထားလိုက်သည်။
သို့တိုင်အောင်လည်း သူ့ရှေ့က ဆရာ၀န်ထန်က လက်ကိုမြှောက်လို့ သူ့ခေါင်းလေးကို ပွတ်သပ်ပေးလာခဲ့သည်။ လက်ဖဝါးက အရမ်းကို နွေးနေပြီး သူ့ဦးခေါင်းထိပ်လေးမှာ တစ်ခဏတာလောက် ရပ်တန့်နေခဲ့သည်။ ထျန်းရိအား အကျိုးအကြောင်းမေးနေသည့် အချိန်မှာတောင် လက်ကို အောက်မချသွားခဲ့ချေ။
YOU ARE READING
燎原 (Myanmar Translation)
Romanceထောင်ရှောင်တုန်းတွင် မျက်မမြင်ညီလေးတစ်ယောက်ရှိသည်။ ထန်ဆော်ယန်သည်ကား သူ့ညီလေးအနှစ်သက်ဆုံးသော ဆရာ၀န်ဖြစ်သည်။ ထောင်ရှောင်တုန်းအတွက်မူ လူတစ်ယောက်ကိုနှစ်သက်လျှင် ၎င်း၏အိမ်ခေါင်မိုးပေါ်ရှိကျီးကိုပါ ချစ်ရတော့သည့်ပမာပင်။ ခပ်လွယ်လွယ်ဖြင့် ရရှိလာသည့် မည်သည့်အ...