အစီအစဉ်အပြီးသတ်လုဆဲဆဲအချိန်တွင် ဤဒေသ၌ မိုးအဆက်မပြတ်ရွာတော့သည်။
လေးရက်ဆက်တိုက်ရွာပြီးသည်တောင် မိုးကမစဲသေးပေ။ ကောင်းကင်တစ်ခွင်လုံး၌လည်း တိမ်ညိုတိမ်မဲများက ကြီးစိုးထားကြပေ၏။ အလင်းတစ်ပြောက်မှ တိုးထွက်မလာနိုင်တော့ပေ။
ဆေးရုံတွင် ကြည့်ရမည့်လူနာများနှင့် ခွဲရမည့်ခွဲစိတ်မှုများလည်း အကုန်နီးပါး ပြီးလုပြီးခင်ပင်။ ထို့ကြောင့်ပင်လျှင်လည်း ဆရာဝန်များ၏ တာဝန်သည် အတော်အသင့် ပေါ့ပါးသွားလေသည်။ သို့သော် ဤသည်က ကနဦးရက်များနှင့် နှိုင်းယှဉ်ပြောလျှင်သာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ခွဲစိတ်ပြီးသည့် လူနာအများစုကို နေ့စဉ်ပြုစုခြင်းနှင့် စစ်ဆေးပေးခြင်းသည်လည်း လုံလုံလောက်လောက်အလုပ်များရသောကြောင့်ပင်။
ထောင်ရှောင်တုန်းသည် ထပ်သွားဦးမည့်နေရာ နှစ်နေရာကျန်သေးရာ မူလက စောစောပြန်ဖို့စီစဉ်ထားခြင်းဖြစ်သည်။ ဤမျှထိနေဖြစ်ဖို့ရာ မရည်ရွယ်ထားပေ။ ဤအကြိမ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လေယာဉ်ခရီးစဉ်များလည်းရပ်ဆိုင်းထားရရာ ထောင်ရှောင်တုန်းသည်လည်း ခရီးစဉ်ကိုပြောင်းလဲလိုက်ရပြီး ဆရာဝန်များနှင့်အတူပြန်ရန် စောင့်ဆိုင်းနေလိုက်တော့သည်။
သည်ရက်အတောအတွင်းတွင် ထန်ဆော်ယန်သည် အနီးအနားမြို့များသို့သွားရောက်ကာ ပို့ချမှုများစွာပြုလုပ်ပေးနေရသည်။ သူ့တွင် အားလပ်သည့်အချိန်ဟူ၍ စိုးစဉ်းမျှပင်မရှိတော့ရာ ထောင်ရှောင်တုန်းလည်းသူနှင့်မတွေ့ဖြစ်တော့ပေ။
မိုးစဲသွားပြီး လေယာဉ်ခရီးစဉ်များ ပြန်လည်ပြေးဆွဲသည်နှင့်တစ်ပြိုင်နက် လူတိုင်းသည် အပြန်ခရီးအတွက် ထုပ်ပိုးကြတော့သည်။
အပြန်ခရီးစဉ်တွင် သူတို့နှစ်ယောက် အတူတူထိုင်ကြရပြန်သည်။
ထန်ဆော်ယန်က ပြတင်းပေါက်ဘေးခုံတွင်ထိုင်သည်။ ထောင်ရှောင်တုန်းက သူ့ဘေးတွင်ထိုင်ပြီး အခြားတစ်ဖက်တွင်မူ အခြားဆရာဝန်တစ်ယောက်ထိုင်သည်။ ထောင်ရှောင်တုန်းသည် အလယ်တွင်ထိုင်သည်ဖြစ်ရာ လက်နှစ်ဖက်လုံးသည် လက်ရန်းပေါ်တင်၍အဆင်မပြေဖြစ်နေရှာသည်။ ထိုင်နေရင်း သူ၏လက်မောင်ကို နေရာရွှေ့လိုက်သည်။ ခေတ္တမျှကြာသောအခါတွင် ထပ်မံရွှေ့လိုက်ပြန်သည်။
YOU ARE READING
燎原 (Myanmar Translation)
Romansထောင်ရှောင်တုန်းတွင် မျက်မမြင်ညီလေးတစ်ယောက်ရှိသည်။ ထန်ဆော်ယန်သည်ကား သူ့ညီလေးအနှစ်သက်ဆုံးသော ဆရာ၀န်ဖြစ်သည်။ ထောင်ရှောင်တုန်းအတွက်မူ လူတစ်ယောက်ကိုနှစ်သက်လျှင် ၎င်း၏အိမ်ခေါင်မိုးပေါ်ရှိကျီးကိုပါ ချစ်ရတော့သည့်ပမာပင်။ ခပ်လွယ်လွယ်ဖြင့် ရရှိလာသည့် မည်သည့်အ...