ပရဟိတသမားမဟုတ်သည့် ထောင်ရှောင်တုန်းတစ်ယောက် နောက်တစ်နေ့တွင် အထုပ်ဆွဲလျက် ခရီးထွက်သွားတော့သည်။ အင်္ကျီသုံးလေးစုံခန့်၊ တက်တူးစက်တစ်လုံး၊ ဆေးရောင်ဘူးအနည်းငယ် နှင့် တိုလီမိုလီပစ္စည်းအနည်းငယ်တို့ကိုယူလျက် ဆိုင်ရှိကိစ္စမှန်သမျှ လှည့်မကြည့်တော့ပေ။ အကုန်လုံးကို ဟွမ်ရိတာလက်သို့သာ ထိုးအပ်သွားတော့သည်။
ပထမဦးစွာ မိတ်ဆွေဟောင်းတစ်ဦးဖြစ်သည့် အီတလီတက်တူးဆရာတစ်ယောက်၏ ဆိုင်တွင် ဆယ်ရက်ခန့် စခန်းချလေသည်။ ဆယ်ရက်ဆယ်ညခန့် နေ့မအားညမအား အလုပ်ကို ဇောက်ချလုပ်လေသည်။ ထိုဆိုင်ပိုင်ရှင်သည် တက်တူးလောကတွင် ဩဇာတိတ္ကမ ကြီးမားသည့် ကမ္ဘာ့အဆင့်မီ ဆရာကြီးတစ်ဦးဖြစ်သည်။ ထောင်ရှောင်တုန်း ငယ်ရွယ်စဉ်က ထိုဒေသဘက်တွင် တစ်နှစ်ကျော်ခန့် နေခဲ့ဖူးသည်။ ဤပုဂ္ဂိုလ်မှာလည်း ထိုအချိန်က သိကျွမ်းခဲ့ပြီး အသက်အရွယ်ကွာခြားသော်လည်း ရင်းနှီးလှသည့် မိတ်ဆွေပင် ဖြစ်သည်။ သူဆိုင်ကို စတင်တည်ထောင်စဉ်က တစ်ဖက်လူသည် လူလွှတ်လျက် မကြာခဏ ကြည့်ရှုပေးခဲ့သည်။ ဤခင်မင်မှုကို ထောင်ရှောင်တုန်း မည်သည့်အခါကမှ မမေ့ပျောက်ခဲ့ပေ။ ယခုအခါတွင် ထောင်ရှောင်တုန်းသည်လည်း နာမည်ရှိလာကာ ကမ္ဘာ့အဆင့်မီတက်တူးဆရာတစ်ယောက် ဖြစ်လာပြီးဖြစ်၏။ သို့သော် နှစ်တိုင်းတွင် ရက်အနည်းငယ်ခန့် အချိန်ယူ၍ အီတလီသို့သွားကာ မိတ်ဟောင်းဆွေဟောင်းအား သွားရောက်တွေ့ဆုံ ပြောဆိုပျော်ပါးပေသည်။
သူနှင့် ဆေးရုံမှ အဖွဲ့တို့ ဆုံကြသည်မှာ လာဆာ(တိဘက်မြို့တော် Lhasa)မှ အခြားမြို့များသို့ သွားသည့် အဝေးပြေးလမ်းမထက်တွင် ဖြစ်သည်။
ဆေးရုံဘက်မှအဖွဲ့နှင့် ထောင်ရှောင်တုန်း လမ်းခုလတ်တွင် ချိတ်ဆက်မိသွားကြသည်။ သူတို့သွားကြမည့် ခရီးမှာ တစ်ကြောတည်းဖြစ်ကြောင်းသိလိုက်ရသည့်အတွက် ထောင်ရှောင်တုန်းသည်လည်း လာပို့သည့်လူကို ချီရွှေ (曲水) တွင် ချခိုင်းထားလိုက်တော့သည်။ သူ ထိုတွင် တစ်နာရီကျော်ခန့် စောင့်ဆိုင်းပြီးသွားသည့်နောက်တွင် ဆေးရုံအဖွဲ့မှ ကားများရောက်လာခဲ့ကြသည်။
YOU ARE READING
燎原 (Myanmar Translation)
Romanceထောင်ရှောင်တုန်းတွင် မျက်မမြင်ညီလေးတစ်ယောက်ရှိသည်။ ထန်ဆော်ယန်သည်ကား သူ့ညီလေးအနှစ်သက်ဆုံးသော ဆရာ၀န်ဖြစ်သည်။ ထောင်ရှောင်တုန်းအတွက်မူ လူတစ်ယောက်ကိုနှစ်သက်လျှင် ၎င်း၏အိမ်ခေါင်မိုးပေါ်ရှိကျီးကိုပါ ချစ်ရတော့သည့်ပမာပင်။ ခပ်လွယ်လွယ်ဖြင့် ရရှိလာသည့် မည်သည့်အ...