ဤနေရာက မျက်စိရောဂါပြလူနာများသည် သူတို့ တိဘက်မှာတုန်းကလောက် မများပြားပေ။ ဤနေရာ၏ပထဝီဝင်အနေအထားအရ ဒေသခံများသည် မျက်စိရောဂါအဖြစ်နည်းကြခြင်းပင်။ ထိုမျှသာမက တိဘက်မျိုးနွယ်စုများသည်မူ ရှေးရိုးယဉ်ကျေးမှုအရသာမက ပြင်ပကမ္ဘာကြီးနှင့်ပါ ထိတွေ့ဆက်ဆံမှုနည်းပါးခြင်းတို့ကြောင့်လည်း ပါဝင်သည်။ တိဘက်မျိုးနွယ်စုများသည် နည်းပညာအသစ်အဆန်းများကို ယုံကြည်ခြင်းမရှိသကဲ့သို့ ဆရာဝန်များနှင့်လည်းဆေးကုသလေ့မရှိခဲ့ကြပေ။ သို့ဖြစ်လေရာ ယခင်တစ်ခေါက်နှင့်နှိုင်းစာလျှင် ယခုအခေါက်က ဖိအားပိုနည်းသဖြင့် ဆရာဝန်များလည်း အသက်ဝဝရှူနိုင်ကြသည်။ လူနာအများအပြားရှိဆဲဖြစ်သော်လည်း ယခင်အခေါက် ထမင်းစားဖို့ပင်အချိန်မရသည့် အဖြစ်မျိုးကဲ့သို့မူ အဖြစ်မဆိုးသေးပေ။
ထောင်ရှောင်တုန်းသည် ထောင်ဟွိုင်နန်တစ်ယောက် စိတ်ရှုပ်မည်ကိုသာမက သူထိခိုက်မိမည်ကိုပါ စိုးရိမ်သဖြင့် သူ့ကိုလူများသောနေရာများကို ခေါ်သွားလေ့မရှိခဲ့ပေ။ ဤအခေါက်တွင်မူ ထောင်ရှောင်တုန်းသည် ထောင်ဟွိုင်နန်၏လက်ကို တင်းတင်းဆုပ်ကိုင်ထားရင်း သူမည်သည့်နေရာကိုသွားသွား ထပ်ကြပ်မကွာခေါ်ဆောင်သွားလေသည်။ သူ့လက် အသုံးပြုရန်လိုလာသည်ဆိုပါက ထောင်ဟွိုင်နန်က ထောင်ရှောင်တုန်း၏ အင်္ကျီစကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိမ့်မည်ဖြစ်၏။ ဤနည်းအားဖြင့် ထောင်ဟွိုင်နန်သည် သူ့ဘေး သို့မဟုတ် သူ့နောက်နားလေးတွင် အမြဲရှိကြောင်း ထောင်ရှောင်တုန်း သိနိုင်သည်။ မဟုတ်ပါက ထောင်ဟွိုင်နန်အတွက် စိုးရိမ်ပူပန်ပြီး အာရုံထွေပြားနေရပေလိမ့်မည်။
ထောင်ရှောင်တုန်းသည် ပထမနေ့မှလွဲ၍ အခြားနေ့များတွင် အမှန်တကယ်ပင် ရှပ်အင်္ကျီဝတ်ဆင်ခြင်းမရှိတော့ပေ။ အကြောင်းမူကား ရှပ်အင်္ကျီများသည် ဆုပ်ကိုင်နိုင်ရန်ခက်ပြီး အင်္ကျီအစွန်းကိုလည်း ဘောင်းဘီထဲထည့်ထားရမည်ဖြစ်ရာ ထောင်ကျွမ်နန်ဆုပ်ကိုင်နိုင်ရန် အစွန်းစထုတ်ထားပေးနိုင်သော တီရှပ်များကဲ့သို့ အဆင်မပြေလှပေ။ နံနက်မိုးလင်းမှသည် ညမိုးချုပ်တိုင် တစ်နေ့လုံး အင်္ကျီအစွန်းစကို ဆုပ်ကိုင်ထားသည်ဖြစ်ရာ ထောင်ရှောင်တုန်း၏အင်္ကျီများသည် အနားစများ ပုံပျက်လာလေသည်။
YOU ARE READING
燎原 (Myanmar Translation)
Romanceထောင်ရှောင်တုန်းတွင် မျက်မမြင်ညီလေးတစ်ယောက်ရှိသည်။ ထန်ဆော်ယန်သည်ကား သူ့ညီလေးအနှစ်သက်ဆုံးသော ဆရာ၀န်ဖြစ်သည်။ ထောင်ရှောင်တုန်းအတွက်မူ လူတစ်ယောက်ကိုနှစ်သက်လျှင် ၎င်း၏အိမ်ခေါင်မိုးပေါ်ရှိကျီးကိုပါ ချစ်ရတော့သည့်ပမာပင်။ ခပ်လွယ်လွယ်ဖြင့် ရရှိလာသည့် မည်သည့်အ...