တစ်ဖက်လူက မည်သို့ပင် မိတ်ဆွေကောင်း ဖြစ်နေစေကာမူ ထန်ဆော်ယန်က ဒီလိုကိစ္စကို သူများတွေရှေ့မှာ အစကတည်းက ပြောလေ့မရှိပေ။ ထန်နင်က တစ်ခါတလေတွင် သိပ်မရင့်ကျက်ပဲ လူအများရှေ့မှာ ထန်ဆော်ယန်ကို အနေရခက်အောင် အကြိမ်အနည်းငယ်လောက် လုပ်ဖူးသည်။ ချန်လင်က ထိုကိစ္စများအတွက် အစာမကြေချင်ပေ။ သူ့တွင် အရိုးစွဲနေသည့်၊ ရှေးရိုးဆန်သည့် အမျိုးသားအစွဲတစ်မျိုးရှိသည်။ အိမ်ပြန်ရောက်၍ ဘယ်လိုပြောပြော အကုန်ရသည်။ သို့သော် အပြင်မှာ မျက်နှာပျက်ရအောင် လုပ်တာကိုတော့ လက်မခံနိုင်ပေ။
ထန်ဆော်ယန်က ထန်နင်အကြောင်းကို သူ့နောက်ကွယ်တွင် ပြောဖို့ရည်ရွယ်ချက်မရှိပေ။ အရင်ကလည်းမလုပ်သကဲ့သို့ နောင်တွင်လည်းလုပ်မည် မဟုတ်ပေ။ ထို့ကြောင့် "ဒီအကြောင်းမပြောလို့ မရဘူးလား။ ငါ့အထင်တော့ မင်းရဲ့ ဒီပါးစပ်က မချုပ်ထားရင် စကားပြောတာ ရပ်လို့ရမှာ မဟုတ်ဘူးထင်တယ်။" ဟုသာ ပြန်ပြောလိုက်သည်။
ချန်လင်သည်လည်း သင့်လျော်သည့်အချိန်တွင် ရပ်တန့်ရမည်ဖြစ်ကြောင်း နားလည်သည့်အတွက် ထိုအကြောင်းကို ဆက်မပြောတော့ပဲ တကယ့်ကိစ္စကိုသာ ပြောလာတော့သည်။
သူက သူ့ဆေးရုံတွင် ထန်ဆော်ယန် နာမည်ဘုတ်လေး ချိတ်ချင်တာဖြစ်ပြီး အပတ်တိုင်း တစ်ရက်လောက် အချိန်ရအောင်ဆွဲထုတ်ကာ ဆေးခန်းထိုင်စေချင်တာ ဖြစ်သည်။
သူ ဒီကိစ္စကို တစ်ကြိမ်မက ပြောဖူးပေသည်။ ထန်ဆော်ယန်က သူ့ကို ကြည့်နေသည်။ "မင်းကြည့်လေ။ ငါ့မှာ အချိန်ရှိတဲ့ပုံ ပေါ်နေလို့လား"
"မင်းမှာ ရှိပါတယ်ကွာ။ မင်း စနေနဲ့ တနင်္ဂနွေနေ့ဆို ဂျူတီမရှိဘူးဆိုတာ ငါမသိဘူးထင်နေတာလား" ချန်လင်က ထန်ဆော်ယန်၏ အချိန်ဇယားကိုတောင် သေချာသိနေလေပြီ။
"ဂျူတီမရှိဘူး??" ထန်ဆော်ယန်က တစ်ချက် ရယ်လိုက်သည်။ "ငါ ဒီစနေနေ့မှာ ခွဲစိတ်မှုနှစ်ခု လုပ်ခဲ့ရတယ်။ တနင်္ဂနွေမှာ လေးခုရှိသေးတယ်။ အချိန်ဇယား ရှိတယ် မရှိဘူးဆိုတာက အကြောင်းပြချက် သပ်သပ်ပဲ။ မင်းက ဒီနေ့မှဆရာ၀န်လုပ်တာလားဟမ်။ ငါ မင်းကို ဒါတွေ ပြောပြဖို့ လိုသေးတာလား"
YOU ARE READING
燎原 (Myanmar Translation)
Romanceထောင်ရှောင်တုန်းတွင် မျက်မမြင်ညီလေးတစ်ယောက်ရှိသည်။ ထန်ဆော်ယန်သည်ကား သူ့ညီလေးအနှစ်သက်ဆုံးသော ဆရာ၀န်ဖြစ်သည်။ ထောင်ရှောင်တုန်းအတွက်မူ လူတစ်ယောက်ကိုနှစ်သက်လျှင် ၎င်း၏အိမ်ခေါင်မိုးပေါ်ရှိကျီးကိုပါ ချစ်ရတော့သည့်ပမာပင်။ ခပ်လွယ်လွယ်ဖြင့် ရရှိလာသည့် မည်သည့်အ...