Chapter 21

35 9 0
                                    

"အစ်ကိုတုန်း ကျွန်တော်တို့တကယ်မသွားတော့ဘူးလား။" ဟွမ်းကဲက ခွေးခြေခုံပုလေးတစ်ခုဖြင့် ထောင်ရှောင်တုန်းရှေ့တွင် လာထိုင်ကာ သူ့ကိုမော့ကြည့်နေသည်။

ထောင်ရှောင်တုန်းက ပုံကြမ်းများကိုငုံကြည့်နေရင်း ပြန်ဖြေ၏။ "မသွားဘူး။"

"ဒါမဲ့ ကောင်းပါ့မလားနော်။" ဟွမ်းကဲက မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း အသံ‌တိုးတိုးလေးဖြင့် မဝံ့မရဲမေးသည်။

"ဘာမှမဖြစ်ဘူး။"

"အိုး" ဟွမ်းကဲက ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်ပြီ။"

ဟွမ်းကဲက အနားသို့ ခေါင်းတိုးသွားကာ ထောင်ရှောင်တုန်းလက်ထဲက ပုံကြမ်းကိုကြည့်ပြီးမေးလိုက်သည်။ "ဘယ်သူ့ဟာတုန်း။"

"အန်းတုန်းရဲ့ လက်ရာ။"

ဟွမ်းကဲက ချီးကျူးလိုက်သည်။ "လက်ရာက တော်တော်မိုက်တာပဲ။"

သူက တက်တူးလောကအတွင်းသို့ ခြေမချရသေးသဖြင့် ပုံများနှင့်ပတ်သက်၍သိပ်တော့နားမလည်ပေ။ သို့သော် ပုံမှန်အားဖြင့်တော့ သူကဆိုင်ရှိလက်ရာမှန်သမျှသည် အလွန်အံ့ဩ‌ဖွယ်ကောင်းသည်ဟုသာ ယူဆသည်။ ထောင်ရှောင်တုန်းက သူ့ကိုကြည့်ရင်း ရယ်လိုက်သည်။ "ကောင်းကောင်းသင်ထား။"

"ဟုတ် ကောင်းကောင်းသင်နေပါတယ်။" သူက နာခံစွာပြန်ဖြေလိုက်သည်။

သူတို့ ခုနကပြောနေကြသည့်အရာသည်ကား တက်တူးပြပွဲအတွက်ဖြစ်သည်။ သူတို့မြို့တွင် နောက်လ၌ အကြီးစားတက်တူးပြပွဲတစ်ခု ကျင်းပမည်ဖြစ်၏။ ပွဲရှင်ကား ပေကျင်းက တက်တူးဆရာတစ်ယောက်ဖြစ်ပြီး အသိုင်းအဝိုင်းကလည်းမသေးလှပေ။ ဤမြို့သည်ကား ထောင်ရှောင်တုန်း၏ ပိုင်နက်ဖြစ်ပြီး ၎င်းက ဤမြို့တွင် ပွဲကျင်းပလိုသည်ဖြစ်ရာ ထောင်ရှောင်တုန်းဘက်ကို မလွဲမသွေဆက်သွယ်ရပေမည်။ အမှန်တကယ်လည်း ဆက်သွယ်လာခဲ့ပါ၏။ အတူတကွ ပူးပေါင်းလိုကြောင်း အစောကတည်းက ဖိတ်မန္တကပြုလာခဲ့၏။

ထောင်ရှောင်တုန်းဘက်က လက်မခံလိုက်ပေ။ ယခုလတ်တလော သူအလုပ်များနေကြောင်း၊ မည်သို့မျှ အချိန်ပိုမရှိသဖြင့် ၎င်းတို့ဘက်ကိုလည်း မနှောင့်နှေးစေလိုကြောင်းသာ အကြောင်းပြန်လိုက်သည်။

燎原 (Myanmar Translation)Where stories live. Discover now