Chapter 15

117 11 0
                                    

ထန်နင်နေသည့်နေရာက ဤနေရာနှင့် အတန်ငယ်ဝေးသည်။ ကားမောင်းသွားပါက မိနစ်လေးဆယ်ခန့် မောင်းရသည်။ လမ်းတစ်လျှောက်တွင် မည်သူကမှ စကား‌မပြောကြရာ ကားပေါ်တွင် တိတ်ဆိတ်လျက်ရှိသည်။ နေရာသို့ရောက်၍ ထောင်ရှောင်တုန်းက ထန်နင်ကို သေတ္တာချကူပေးသောအခါ ထန်နင်ကပြောသည်။ "ကျွန်တော့ကို လိုက်ပို့တာ ကျေးဇူးပါပဲဗျာ။ ဒီလောက်အဝေးကြီးကို ကျွန်တော့ကိုလိုက်ပို့ဖို့ တကွေ့တပတ်ကြီးလာလိုက်ရပြီ။"

"အားမနာပါနဲ့ ဒေါက်တာထန်။ ခင်ဗျားလည်း ကားမောင်းလို့ အဆင်မပြေတာကို။" ထောင်ရှောင်တုန်းက ပြောသည်။ "ခင်ဗျား ဟိုဘက်ပြန်ဦးမှာလား။ ကျွန်တော် စောင့်နေပေးမယ်လေ။"

"ရတယ်ရတယ် မလိုတော့ဘူး။" ထန်နင်က ခေါင်းခါသည်။ "ကျွန်တော် မပြန်တော့ဘူး။"

သို့ဖြစ်ရာ ထောင်ရှောင်တုန်းလည်း ခေါင်းငြိမ့်ပြလိုက်သည်။ "အဲ့တာဆို ကျွန်တော်သွားပြီ။"

"အိမ်ကလည်း ရှုပ်ပွနေတော့ ဝင်ထိုင်ဖို့မခေါ်တော့ဘူးနော်။ နောက်ကြုံရင်တော့ ရေနွေးကြမ်းသောက်ဝင်ခဲ့ပါ။" ထန်နင်က ရယ်လိုက်ပြီး ကျေးဇူးတင်ကြောင်းနောက်တစ်ကြိမ်ထပ်ပြောသည်။

ထောင်ရှောင်တုန်းလည်း လက်ပြပြီး ကားပေါ်တက်လိုက်သည်။

အိမ်ပြန်ရောက်သည့်အချိန်တွင် အိမ်ကကလေးနှစ်ယောက်သည် ထမင်းစားနှင့်ပြီးဖြစ်လေသည်။ သူတံခါးဖွင့်ဝင်လာသည့်အခါတွင် ထောင်ကျွမ်နန်သည် ဆိုဖာပေါ်တွင် ဒူးပိုက်ထိုင်လျက်ရှိပြီး တီဗီကြည့်နေသည်။ ချီချန်က အခန်းထဲတွင် စာအုပ်ဖတ်နေသည်။

ထောင်ကျွမ်နန်က "ကော" ဟုခေါ်ပြီး မေးသည်။ "ဒေါက်တာထန်နဲ့ ထမင်းစားလို့ပြီးသွားပြီပေါ့။"

"အင်း သားတို့ရော စားပြီးသွားပြီလား။"

"ဟုတ်။ စားပြီးသွားပြီ။" ထောင်ကျွမ်နန်က ခေါင်းငြိမ့်ပြသည်။ "ခူကောက ခေါက်ဆွဲချက်ကျွေးတာ။"

"မွှေးလိုက်တာ ခေါက်ဆွဲနံ့လေး။" ထောင်ရှောင်တုန်းကပြောလိုက်သည်။

ထောင်ရှောင်တုန်းက အင်္ကျီလဲပြီးနောက် ပြန်ထွက်လာကာ သူ့ညီလေးကို အဖော်ပြုလျက် တီဗီကြည့်ပေးနေလိုက်သည်။ ထောင်‌ကျွမ်နန်သည် သူ့အစ်ကိုကို ထိကိုင်ထားပြီး ခေတ္တကြာသောအခါ ထောင်ရှောင်တုန်း၏ခြေထောက်ကို ခေါင်းအုံးလျက် လဲလျောင်းလိုက်သည်။

燎原 (Myanmar Translation)Where stories live. Discover now