Chapter 29

88 12 0
                                    

ထောင်ရှောင်တုန်း၏ "ကျွန်တော်သူ့အစားသောက်မယ်" ဟူသော အနှီစကားတစ်ခွန်းသည် စားပွဲဝိုင်းရှိလူတိုင်းအား စိတ်လှုပ်ရှားသွားစေ၏။ ထန်ဆော်ယန်သည် အရက်သောက်ခဲပြီး အရက်ကို လက်ဖျားနှင့်ပင် ထိလေ့မရှိ။ ရံဖန်ရံခါ မလွှဲမရှောင်သာ၍ သောက်ရမည်ဆိုလျှင်လည်း တစ်ငုံတစ်လေလောက်သာ။ အရက်က သူ၏ဆင်ခြင်နိုင်စွမ်းအား လွှမ်းမိုးသွားသည်ကို မနှစ်ခြိုက်။

ချန်လင်က သူ၏အသံကိုမြှင့်၍ "အမယ်လေးလေး" ဟု အော်လိုက်သည်။

"အဲ့လို ထူးထူးဆန်းဆန်းအသံကြီးတွေ မလုပ်စမ်းပါနဲ့ကွာ။" ထန်ဆော်ယန်က မျက်လွှာပင့်လျက် သူ့ကိုစိုက်ကြည့်နေသည်။ "ဘယ်သူမှ မင်းအပေါ် အကြွေးမတင်ဘူး။"

"ငါတို့ကျောင်းတက်တုန်းက တင်ထားတာတွေရော ထည့်မတွက်တော့ဘူးလား။ ဟမ့် တစ်ရက်နှစ်ရက်လည်း မဟုတ်ခဲ့တာကို။" ချန်လင်က စိတ်မဆိုးပေ။ ဤစားပွဲရှိလူများအနက် ထန်ဆော်ယန်နှင့် အရင်းနှီးဆုံးက သူပင်။

ထောင်ရှောင်တုန်းက ထန်ဆော်ယန်အစား အရက်သောက်ပေးခဲ့သည်။ ထန်ဆော်ယန်ကလည်း တားမြစ်ခြင်းမပြုဘဲ ခပ်ပြုံးပြုံးသာ ကြည့်နေခဲ့၏။ ယင်းက စားပွဲရှိလူများကို ဗြောင်းဆန်ခတ်သွားစေတော့သည်။ ၎င်းတို့က အဘယ်ကြောင့် သူ့အစား သောက်ခွင့်ပေးလိုက်သနည်းဟု ‌မေးမြန်းကြတော့၏။

‌ထန်ဆော်ယန်က ပြုံးတုံးတုံးသာလုပ်နေပြီး ဘာမျှဝင်မပြောပေ။ ထောင်ရှောင်တုန်းကတော့ အလိုက်သင့်ဝင်ပြောလိုက်သည်။ "အဲ့တာကျွန်တော့ လုပ်သင့်တာပဲကို။"

အနှီ 'လုပ်သင့်တာ' ဟူသော စကားတစ်ခွန်း။ သင့်အနေဖြင့် မည်သို့ပင်စဉ်းစားစဉ်းစား၊ ယင်းစကားလုံးသုံးလုံးကား တစ်မူထူးသော အငွေ့အသက်ကို သယ်ဆောင်လျက်။ ချန်လင်၏ အကြည့်တို့သည် ၎င်းတို့နှစ်ဦးအကြားတွင် ခေါက်တုံ့ခေါက်ပြန်ကူးလူးနေခဲ့သည်။ သို့သော် မည်သည်ကိုမျှထုတ်မပြောဘဲ ပြုံးစိစိသာလုပ်နေ၏။

"ကဲ လာ လာ မွေးနေ့ရှင်လည်း တစ်ခွက်လောက်သောက်။ မင်း‌မွေးနေ့ဆိုမှတော့ သောက်ကိုသောက်ရမယ်။" ချန်လင်က ထန်ဆော်ယန်၏ခွက်တွင်းသို့ ဝိုင်ငှဲ့ပေးလိုက်သည်။ ‌ထောင်ရှောင်တုန်းက ဝင်ပြောမလို့လုပ်ရုံရှိသေး၊ ချန်လင်က ကုလားထိုင်နောက်ကျောပေါ် လက်တင်ပြီး "ဟိတ် ဟိုတစ်ယောက် တိတ်တိတ်နေ။ ခုနကတစ်ခွက်ကို သူ့အစား မင်းကိုသောက်ခိုင်းလိုက်တာက မင်းတို့နှစ်ယောက်က လျှို့ဝှက်ချက်တွေဘာတွေလုပ်နေကြလို့လေ။ အဲ့တော့ မင်းက ဘလိန်းကြီးဝင်သောက်လိုက်ရတဲ့သဘောမဟုတ်တော့ဘူး။ ဒီတစ်ခွက်အတွက်ကတော့ နိုး နိုး နိုး ။ ဒီဟာက သေချာပေါက် သူ့အတွက်ပဲ။ သူ့အသက်ကြီးလာတဲ့အထိမ်းအမှတ်အနေနဲ့ တစ်ခွက်လောက်တော့ သောက်ရမှာပေါ့ ဟုတ်လား။"

燎原 (Myanmar Translation)Where stories live. Discover now