အပိုင်း (၆)

2.8K 247 15
                                    

ဘတိုးတို့ အိမ်ရောက်တော့ ခြံရှေ့ပေါက်ဝမှာတင် အိမ်ထဲက ဆူဆူညံညံ အသံကို ကြားရသည်။ သူ အနည်းငယ် လန့်ကာ ခြေလှမ်းတုံ့သွားတာကို သတိထားမိသွားသည့် နေဥက္ကာမင်းက ရရဲ့လားဟု ခပ်တိုးတိုးမေးလာသည်။ ခေါင်းငြိမ့်ပြလိုက်တော့ သူက ရှေ့ကနေ အရင် သွားနှင့်သည်။

"ဘတိုး ဒီမှာ ရန်ကုန်က ဆရာဝန်လေး လိုက်လာပြီ ဘတိုး ဆေးလာမကုလို့တဲ့"

ကိုဖိုးလုံးက အိမ်ထဲကို ဝင်ကာ ပြောတော့ ဘတိုး သမီးဖြစ်ဟန်တူသည့် အမျိုးသမီးတစ်ယောက်က မျှော်လင့်တကြီးဖြင့် အိမ်ပေါက်ဝကနေ လှမ်းကြည့်သည်။

"ဘတိုး မင်္ဂလာပါခင်ဗျ ကျွန်တော်က ‌ဒေါက်တာနေဥက္ကာမင်းပါ လွှမ်းမေတ္တာအဖွဲ့နဲ့ အတူတူ ရန်ကုန်ကနေ ကျန်းမာရေး လာစစ်ဆေးပေးတာပါဗျ"

"အားနာလိုက်တာ ဆရာလေးရယ် ကိုယ်တိုင်လာခေါ်ရတာကို ကျွန်မတို့လည်း အဖေ့ကို နားချလို့မရလို့ပါ"

"အောင်မာ ငါက ဘာဖြစ်နေလို့တုန်း"

ဘတိုးက ၆၀ကျော်သာဆိုသည် သန်သန်မာမာရှိသည့် ခန္ဓာကိုယ်အချိုးအစားရှိသည်။ တောသူတောင်သားဆိုတော့လည်း ငယ်ငယ်က ကိုယ်ကာယကို အသုံးပြုရသည့် အလုပ်ကို များများစားစား လုပ်ခဲ့ရမှာ မလွဲဧကန်ဖြစ်သည်။

ဘတိုးက သူ့သမီးတွေနှင့် ကိုဖိုးလုံးကိုတော့ မျက်စောင်းတခဲခဲနှင့် မျက်မှောင်ကြီး ကျုံ့ကာ ကြည့်သော်လည်း သူတို့နှစ်ယောက်ဘက်ကိုတော့ဖြင့် တစ်ချက်လေးတောင် ငဲ့မကြည့်။ ရှိန်နေသည့်ဟန် တူသည်။

"ဘတိုး ကျွန်တော်တို့က တစ်ရွာလုံးကို ကျန်းမာရေး လာစစ်ဆေးပေးတာဗျ ကလေးကစပြီး သက်ကြီးဘိုးဘွားတွေအထိ ကြိုက်တဲ့သူ လာစစ်လို့ရတယ် အထူးသဖြင့် သက်ကြီးဘိုးဘွားတွေကို ကျွန်တော်တို့က ဦးစားပေးပြီး စစ်ပေးတယ် ဒါပေမဲ့ ဘတိုးက မလာချင်ဘူးဆိုတော့ မလာချင်ရတဲ့ အကြောင်းအရင်းလေး ကျွန်တော်က သိချင်လို့ လာမေးတာပါဗျာ"

နေဥက္ကာမင်း အမေးကို ကြားတာတောင် မကြားချင်ယောင်ဆောင်ကာ ရှေ့က ရေနွေးကြမ်းမတ်ခွက်ကိုသာ ကောက်မော့နေသည့် ဘတိုးကို သူ့သမီးတွေက အဖေ့ ဟုဆိုကာ ပြန်ဖြေဖို့ လက်ဟန်ခြေဟန် ပြနေကြသည်။ ဘတိုး ကြည့်ရတာ သူသာ တုံဏှိဘာဝေ လုပ်နေရင် သူတို့တွေ လက်လျှော့ပြီး ပြန်သွားမလားဆိုတဲ့ ပုံစံမျိုးဖြင့် တိတ်ဆိတ်နေဟန်တူသည်။

Golden HourDonde viven las historias. Descúbrelo ahora