အပိုင်း (၂၈)

2.3K 196 4
                                    

ဝရံတာဘက်ကို ထွက်သည့် မှန်တံခါးမှာ ကာထားသည့် လိုက်ကာကို သူ ဆွဲဖွင့်လိုက်တော့ နေရောင်ခြည်က အလုံးအရင်းလိုက် အခန်းထဲကို တရှိန်ထိုး ဝင်ရောက်လို့လာသည်။

တနင်္ဂနွေနေ့၏ မနက်ခင်းမှာ သူ စောစောမနိုးတတ်တာ ပုံမှန်ပဲဖြစ်၍ သူ နိုးလာသည့်အချိန်က နေမွန်းတည့်ချိန်ဖြစ်နေလေပြီ။ မနက်စာ တစ်ဖြစ်လဲ နေ့လယ်စာအဖြစ် ကိုကို့ကြောင်အိမ်ထဲက ခနောဆန်ပြုတ်ကိုသာ ပြုတ်သောက်ရန် တွေးလိုက်သည်။ မနက်ပိုင်းမှာ မရှိမဖြစ် လိုအပ်သည့် ကော်ဖီတစ်ခွက်ကိုလည်း ဖျော်ရသေးသည်။

အားလုံးပြင်ဆင်ပြီးသည့်အချိန်တွင်တော့ ပန်းကန်တွေကို ဧည့်ခန်းထဲကို ယူလာလိုက်ပြီး တီဗီဖွင့်လိုက်သည်။ ကေဘယ်လိုင်းတွေက လာနေသည့် ရုပ်သံအစီအစဥ်တွေကို မကြည့်ချင်တာမို့ Youtubeကိုသာ ဖွင့်ပြီး ဗီဒီယိုတစ်ခုခုကို ကျပန်းသဘောမျိုး ဖွင့်ထားလိုက်သည်။ တကယ်တမ်း သူ့စိတ်တွေက စားနေသည့် မနက်စာမှာလည်း ရှိမနေသလို ဖွင့်ထားသည့် တီဗီမှာလည်း ရှိမနေခဲ့ပါ။

မနေ့က သူ့ဆီကို မင်းပြည့် ဖုန်းဆက်သည်။ ဖေဖေက သူ့ဆိုင်ကို လာပြီး ကိုကို့အကြောင်းတွေ မေးသွားခဲ့သည်တဲ့။ ကိုကို အလုပ်လုပ်တဲ့ ဆေးရုံကိုပါ မေးသွားတာမလို့ သေချာပေါက် ကိုကို့ဆီကို သွားတွေ့မည်ဆိုတာ သူ ခန့်မှန်းလို့ရသည်။ ကိုကို့ကို ဖုန်းဆက်မေးချင်ပေမဲ့ မနေ့က သူ အလုပ်အရမ်းရှုပ်သည့်အပြင် OTပါ ဆင်းရသေးတာမို့ ဖုန်းဆက်ဖို့ကို ဘယ်လိုမှ အချိန်မရ။ သူ ပြန်ရောက်သည့် ညကိုးနာရီကျော်မှာ ကိုကိုက နိုက်ဂျူတီဆင်းဖို့ ဆေးရုံကို ရောက်နေပြီမို့ လူချင်းလည်း မတွေ့လိုက်ရ။

ကိုကို့ကို သွားတွေ့သည့်သူက မေမေသာဆိုလျှင် နက်ဂတစ်ဘက်သွားသည့် အသုံးအနှုန်းများဖြင့် ကိုကို အတိုက်ခိုက်ခံရမှာ အသေအချာပင်။ သို့သော် ဖေဖေဖြစ်လို့နေသည်။ ဖေဖေ့ကို သူ မခန့်မှန်းတတ်။ ငယ်ငယ်ထဲက မေမေ့ထက်စာရင် ယောကျ်ားလေးချင်းဖြစ်သည့် ဖေဖေနှင့် သူ ပိုနီးစပ်ခဲ့တာ မှန်သော်လည်း ဖေဖေ့စိတ်ကို သူ မြင်အောင် မကြည့်တတ်ပါ။ Coming out လုပ်ခဲ့သည့်နေ့ကလည်း ဖေဖေ့တုန့်ပြန်မှုကို သူ မဖတ်တတ်။ မေမေ့လို ငြင်းဆန်တာလည်း မဟုတ် လက်ခံတာလည်း မဟုတ်သည့် အနေအထားက သူ့ကို ပိုလို့ပင် စိတ်ပူစေမိသည်။

Golden HourDonde viven las historias. Descúbrelo ahora