အပြာရောင်ပန်းပွင့်ပန်းခက်များဖြင့် အလှဆင်ထားသည့် မင်္ဂလာခန်းမဆောင်ဝင်ပေါက်မှာ သူ အကြာကြီး ရပ်ကြည့်နေမိသည်။
"လင်း မဝင်ဘူးလား"
ကားပါကင်ထိုးပြီး ပြန်လာတဲ့ ကိုကိုက သူ့ကို ကြည့်ပြီး မေးလာသည်။
မျက်နှာပြောင်ကြီးဖြင့် လင်းကို လာခေါ်သူကို အတင်းဆွဲခေါ်ပြီး နေလောင်ကာခရင်မ်နှင့် ပေါင်ဒါ အနည်းငယ် ပုတ်ပေးထားတာကြောင့် ကိုကို့မျက်နှာ မဖြူမညိုက ဝင်းမွှတ်လို့နေသည်။
စတစ်ကော်လာလက်ရှည်နှင့် ပုဆိုးဝတ်ထားသည့် လင်းနှင့် ကွဲပြားစွာ ကိုကိုက ကော်ဖီရောင်စပို့ရှပ်ကို စတိုင်ဘောင်းဘီ အနက်ရောင်ဖြင့် တွဲဖက်ဝတ်ဆင်ထားသည်။ ဆံနွယ်ညိုများကို ဂျယ်ဖြင့် သေသေသပ်သပ် ပုံသွင်းလာတဲ့ ကိုကိုက Casio Edifice နာရီကို ဘယ်ဘက်လက်မှာ ဝတ်ဆင်ထားပြီး လင်း အတင်း တပ်ခိုင်းခဲ့သည့် သူ့မူပိုင် ရွှေကိုင်းမျက်မှန်ကိုပါ တပ်လို့ထားသည်။
သန့်ပြန့်ပြီး စတိုင်ကျနေသည့် ကိုကို့ကို လင်း အကြည့်တွေ မလွှဲနိုင်ဖြစ်သွားသည်။ ဒီရုပ်ဒီရည်ကို မင်းပြည့် ဘယ်လိုမှ ကျော်မတက်နိုင်။ သူများမင်္ဂလာဆောင်မှာ သတို့သားထက် ပိုချောနေလို့ အဆင်ပြေပါ့မလားလေ။
"ဟိတ် ဘာတွေတွေးနေလဲ အထဲမဝင်ဘူးလားလို့"
"ဓာတ်ပုံရိုက်ဦးမယ်လေ ခဏနေ ဧည့်သည်တွေ များလာရင် လုရိုက်နေရမှာ ဟဲ့ ပန်းနု ငါတို့ကို လာရိုက်ပေးဦး"
သတို့သမီး မိတ်ကပ်ခန်းထဲက ထွက်လာတဲ့ ပန်းနုကို လှမ်းခေါ်ပြီး ဓာတ်ပုံရိုက်ခိုင်းတော့ ပန်းနုက ပို့စ်အမျိုးမျိုးပြောင်းခိုင်းကာ ရိုက်ပေးလေသည်။ တော်ပြီပြောလည်းမရ။ အတင်းကို ရိုက်ပေးနေတော့တာမို့ သူ့ကို ရိုက်ခိုင်းတာ မှားပြီလားတောင် ထင်ရသည်။ ကိုကိုကတော့ မငြိုငြင်သည့်အပြင် တပြုံးပြုံးနှင့် ပါးပေါ်က ပါးချိုင့်တွေက ပျောက်မသွားတော့။
Wedding planning service အပ်ထားတာမို့ သူတို့ဘက်က ဘာမှလိုက်လုပ်စရာမလိုပဲ အေဂျင်စီကသာ အသေးစိတ် လိုက်လုပ်ပေးတာမို့ အတော်လေး လူသက်သာသည်ပြောရမည်။
أنت تقرأ
Golden Hour
عاطفيةGolden Hour - The period of time just after sunrise or just before sunset when the light is infused with red and gold tones 🌅 တမင်တကာ မေ့ဖျောက်ထားခဲ့တဲ့ အချစ်ဦးရယ် နေဝင်ဆည်းဆာနဲ့အတူ ပျောက်ကွယ်သွားပြီလို့ ထင်ခဲ့တဲ့ အချစ်တွေရယ်က အရုဏ်ရဲ့ အလင်းရောင်နဲ...
