အပိုင်း (၁၇)

2.1K 200 20
                                    

တီတီတီတီ။

ဖုန်းမျက်နှာပြင်ပေါ်က alarm ခလုတ်ကို ပိတ်လိုက်မိတော့ အချိန်က မနက်၁၀နာရီ။ တနင်္လာနေ့ မနက်ဆယ်နာရီအထိ မထပဲ ဘာလို့အိပ်နေတာလဲဆိုရင် သူ ရုံးမသွားပဲ ခွင့်ယူထားလို့ဖြစ်သည်။

လင်းဝဿန် ဖျားနေပါသည်။ ပြောရရင်တော့ လူ ဖျားတာက နည်းနည်း နှလုံးသား ဖျားတာက များများပေါ့လေ။

စနေနေ့က အိမ်ပြန်လာသည့်အချိန် ခေါင်းလျှော်ရေချိုးပြီး ခေါင်းကို သေချာမသုတ်လိုက်မိသည့်အပြင် ပြတင်းပေါက်တံခါးတွေပါ ဖွင့်အိပ်လိုက်မိသည်က အအေးလှိုင်းဖြတ်နေသည့် ရန်ကုန်မြို့၏ ရာသီဥတုကို လစ်လျူရှုလိုက်သလို ဖြစ်သွားဟန်တူသည်။ နောက်တစ်နေ့ကျ နှာစေးချောင်းဆိုးပြီး အပူတွေပါ တက်လာတော့သည်။

နှစ်ရက်လောက် ဆေးထိုးဆေးသောက်လိုက်ပြီးရင် ပျောက်သွားမှာဆိုသော်လည်း သူကတော့ စိတ်ပျောက်လက်ပျောက် ဖြစ်လိုဖြစ်ငြား တစ်ပတ်လုံးကို လစာမဲ့ခွင့်ယူပလိုက်သည်။ အကြောင်းပြချက်ကတော့ တုပ်ကွေး အပြင်းဖျားသည်ပေါ့။

မျက်နှာသစ်ပြီး အောက်ထပ်ကို ဆင်းလာသည့်အခါ အမေ့ညီမဝမ်းကွဲ ကြီးတင်က အိမ်ကို ဆွမ်းခံကြွသည့် ကိုယ်တော်ကို ဆွမ်းလောင်းနေသည်။ သူ မီးဖိုချောင်ထဲ ဝင်ပြီး ကော်ဖီဖျော်တော့ နောက်ကနေ လိုက်လာကာ သူ့နဖူးကို လာစမ်းသည်။

"အဖျားကူးမယ် ကြီးတင်ရဲ့"

"ကူးပါစေ မနေ့ကထက်တော့ အဖျားကျသွားသလိုပါပဲ ကြီးတင် သာမိုမီတာလေး သွားယူလိုက်ဦးမယ် တိုင်းကြည့်လိုက်ဦး ငါ့သားရယ် မင်းကလေ ကျန်းမာရေးကို ဂရုမစိုက်လိုက်တာဆိုတာ အအေးလှိုင်းဖြတ်နေပါတယ်ဆိုမှ ညနေဘက်ကြီး ခေါင်းလျှော်ရေချိုးတဲ့အပြင် ပြတင်းပေါက်တောင် ဖွင့်အိပ်လိုက်သေးတယ်"

လူကြီးပီပီ အအေးကြောက်သူ ကြီးတင်က မနက်ဆယ်နာရီကျော်သည့်အထိ ခေါင်းစွပ်ဦးထုပ်ကို မချွတ်သေးပဲ သူ့ကို အရင်ဆူသည်။ မေမေကတော့ ဂရုဏာစကားလေးတစ်ခွန်းသာ ပြောပါသည်။ လေဖြတ်မသေတာ ကံကောင်းတဲ့။

"သားမေမေက ဝက်နံရိုးခေါက်ဆွဲလေး ပြုတ်ခဲ့တာ နွှေးပြီး သောက်လိုက် ကြီးတင် နွှေးထားမလို့ကို သား ဘယ်အချိန် နိုးမယ်မှန်း မသိလို့"

Golden HourDonde viven las historias. Descúbrelo ahora