အပိုင်း (၁၂)

3.2K 238 32
                                    

"တင်တင်ရေ အနွေးထည်လေး မီးပူတိုက်တဲ့ စားပွဲပေါ်မှာ ထားခဲ့မိတာ ယူပေးပါဦး ဆောင်းဝင်လာပြီထင်တယ် ဆောင်းလေတွေ တိုက်နေပြီ"

"ရန်ကုန်ဆောင်းကလည်း မနက်ပိုင်း တစ်ဖြတ်ပဲ အေးတာပါကွာ ဆယ်နာရီကျော်ရင် ပြန်ပူပြီ အဲ့ဒါကြောင့် အေးတဲ့အချိန်လေး ကိုယ်လက်လှုပ်ရှား အားကစားလေး လုပ်ပါဆိုတာကို"

"အပြောကောင်းတယ် ဘယ်သူကတော့ မလုပ်ချင်လို့ မလုပ်တာဖြစ်မလဲ ထိုင်ရထရတာတွေ မကောင်းလို့ မလုပ်တာကို"

"အောက်ပိုင်း မလှုပ်ရတဲ့ လေ့ကျင့်ခန်းတွေ ရှိပါတယ်ကွာ မင်းသား ဝယ်ပေးထားတဲ့ ခါးလှည့်တဲ့ဟာပဲ လုပ်စမ်းပါဦး ချွေး မထွက်မရှိဘူး"

အိမ်အောက်ထပ်မှ ဖေဖေနှင့် မေမေ၏ စကားဝိုင်းကို အတိုင်းသား ကြားနေရသည်။ ဖေဖေ ပြောသလို မနက်ခင်း တစ်ဖြတ်သာ အေးသည့် ရန်ကုန်ဆောင်းက အအေးပေါ့သော်လည်း အလှကတော့ မပေါ့။

ကြည်လင်ပြာလဲ့နေတဲ့ ကောင်းကင်မှ နေရောင်ခြည်နွေးနွေးလေး ဖြာကျနေပုံက အနွေးနတ်သမီးလေး မြေပြင်ပေါ်သို့ ဆင်းသက်လာသလို။ သစ်ရွက်စိမ်းစိမ်းတို့ကို ဖြတ်သန်းတိုက်ခတ်လို့လာသည့် ဆောင်းလေအေးအေးက နားရွက်ဖျားတို့ကို အေးစက်သွားစေသည်။ ဆောင်းလေကြောင့် အေး၍ နေခြည်ကြောင့် နွေးသော ထိုနံနက်ခင်းကို ကဗျာဆန်ဆန် မဖြတ်သန်းနိုင်သူ တစ်ယောက်ကို လက်ညိုးထိုးပြပါဆိုလျှင် မှန်ထဲမှာ မြင်နေရသည့် ဒီအကောင်ကိုသာ ဆယ်ခါပြန်ပြီး ထိုးပြလိုက်တော့မည်။

သုရာမေရာရကံ အကျိုးပေးကောင်းပုံက မမူးပဲ ရီဝေသည့်အဆင့်‌နှင့်ပင် အတော်လေး သောက်ကျိုးနည်းသွားသည်။ ငါ့နှယ် ဘာတွေ လုပ်ခဲ့မိပါလိမ့်။

သူများမွေးနေ့မှာ နှစ်ယောက်ထဲကမ္ဘာ လုပ်ခဲ့မိတာကို အသာထားဦး။ နှုတ်ခမ်းကို နမ်းမယ်ထင်လို့ မျက်လုံးတွေတောင် အဆင်သင့် မှိတ်ထားပေးလိုက်သေးသည်တဲ့။ တစ်ယောက်ထဲ ပြောပြောနေတဲ့ အချစ်ဦးပေးတဲ့ ရင်ထဲက ဒဏ်ရာဆိုတာမျိုးက ဒီအချိန်ကျတော့ မနာတော့ဘူးလားမသိ။

ကံဆိုးစွာနဲ့ပင် လင်းဝဿန်တစ်ယောက် မနေ့က အဖြစ်တွေကို အားလုံးမှတ်မိနေခဲ့ပါသည်။ မမှတ်မိရလောက်အောင်ထိ အယ်လ်ကိုဟောလ်ဓာတ်က လူကို လွှမ်းမိုးခဲ့တာမျိုးတော့ မဟုတ်ပေမဲ့ ပုံမှန်အသိစိတ်နှင့် မလုပ်နိုင်လောက်သည့် အပြုအမူမျိုးကို လွယ်လင့်တကူ လုပ်ခဲ့မိတာတော့ သူ ဝန်ခံရမည်။

Golden HourWhere stories live. Discover now